သူ့ရင်ဘတ်ပေါ်မှ နင့်ကနဲ့ ခံစားမှုနှင့်အတူ ပါးကို တဖတ်ဖတ်နှင့် လာရိုက်နေသော အထိအတွေ့ကြောင့် အိပ်နေရာကနေ နိုးလာခဲ့ရသည်။မျက်လုံးတွေကိုဖွင့်ကြည့်လိုက်လျှင် ရင်ဘတ်ပေါ်မှာ မှောက်လျက်သားရှိနေကာ သူ့ကို မျက်လုံးပြူးလေးနှင့် စိုက်ကြည့်နေသည့် နိုရာ။
"သမီးလေး....."
သူနိုးလာသည်ကိုတွေ့မှ ရွှေခေတ်က ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်ရင်း
"အိပ်ပုတ်ကြီးတဲ့ နိုရာတောင်ထနေပြီ...။ဖေဖေက မထသေးဘူးလားလို့.."
ထိုအခါ သူက အသာရယ်မောမိရင်းမှ နိုရာကို သူ့မျက်နှာနားရောက်သည်အထိ ဆွဲပွေ့ကာ ပါးဖောင်းဖောင်းလေးအား အိကနဲ့ နစ်ဝင်သွားအောင် အားရပါးရ မွှေးကြူလိုက်သည်။
"ဖေဖေ့အိပ်ပုတ်လေးက ဘယ်အချိန်ကတည်းက နိုးနေတာလဲ...ဟွန်.....။နို့ရော သောက်ပြီးပြီလား ပြောပါဦး..."
သူ့ဘက်က စကားစပြောလိုက်သည်နှင့် ချက်ချင်းမြူးတူးသွားလေသော နိုရာသည် ရင်ဘတ်ပေါ်မှာ ကိုးရိုးကားရားလုပ်ကာ ဝူးဝူးဝါးဝါးအသံတွေပါ ထွက်လာသည်။
"နို့သောက်ရုံတင် ဘယ်ဟုတ်မလဲ...။ရွှေဖရုံသီးနို့စွပ်ပြုတ်တွေတောင် တနင့်တပိုး စားပြီးသွားပြီ...။မမက သူကြိုက်တဲ့ဟာ လုပ်ပေးနေတယ်ဆိုတာ အာရုံရနေလို့လားမသိဘူး...။နေသန်နဲ့အတူတူ အစောကြီးနိုးနေလို့ ပြိုင်တူကျွေးထားရတယ်..."
"ကိုယ့်ရဲ့သားကရော..."
"စားပြီးတော့ မနန်းမိုခေါ်သွားတယ်လေ..."
"ဘယ်ခေါ်သွားတာလဲ..."
"ဘယ်ခေါ်သွားစရာရှိလို့လဲ.....။ဟိုတယ်ဘက်ကိုပေါ့.."
"ကိုယ်တောင်မတွေ့ရသေးတာကို သူက ဘာလို့ခေါ်သွားရတာလဲ...။အဲ့အပျိုကြီးကလဲ ခက်ပါတယ်...။ကလေးချစ်တတ်ရင်လဲ ကိုယ့်ဘာသာမွေးတာမဟုတ်ဘဲနဲ့ သူများသားသမီးတွေ ဇွတ်လိုက်ခေါ်နေတယ် ဒုက္ခပဲ..."
စကားအဆုံးမှာ သူမက စောစောစီးစီးဆိုပေမဲ့ သူ့လက်မောင်းကို ဖြန်းကနဲ့ ရိုက်ပစ်လိုက်ရင်း
"သူများက စေတနာနဲ့ခေါ်သွားပေးတာကို အဓိပ္ပါယ်မရှိတာတွေ ပြောပြန်ပြီ...။အဲ့လိုတွေ မနန်းမိုရှေ့မှာ သွားပြောမနေနဲ့ဦး..ဟိုက စိတ်ဆိုးသွားလိမ့်မယ်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...