မြင်နေရသည့်မြင်ကွင်းက လှပလွန်းသည်။
တောင်တွေအထပ်ထပ်ကာရံကာ ကြည့်လေရာတွင် စိမ်းစိုအေးချမ်းလင်းဖြာနေသော ပတ်ဝန်းကျင်က သူ တစ်ခါမှမရောက်ဖူးသည့် အရပ်ဒေသမျိုး...။
ရှုရှိုက်နေရသည့် လတ်ဆတ်လှသော လေအေးတွေသည် အောက်ဆီဂျင်ပြည့်ဝလွန်း၍ တစ်ခါရှုလိုက်ရတိုင်းမှာ ဦးနှောက်နှင့်ခန္ဓာနှစ်ခုလုံးကို တစ်မုဟုတ်ချင်း လန်းဆန်းကြည်လင်သွားရရုံသာမက ရင်ထဲအထိရောက်အောင်ပင် အေးမြသွားစေလေသည်။
ထို့အပြင် နှာဖျားမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်းသို့ တောက်လျှောက်ဝင်သွားသည့် ဤလေထုထဲ၌ သူရင်းနှီးနေရသော နှစ်လိုဖွယ်အနံ့တစ်ခုက လွှမ်းခြုံပါဝင်လာနေသေးသည်။
အောက်ခြေရှိ သူနင်းထားရသောမြေပြင်မှာ နေရာလပ်မကျန်အောင် စိမ်းလန်းလှသည့် အဆုံးမရှိကျယ်ပြန့်လေသော မြက်ခင်းပြင်ကျယ်ကြီး။
ထို့နောက် ရှေ့ဆက်ကာသွားလိုက်လျှင် မမျှော်လင့်ဘဲ တွေ့လိုက်ရသည်က ဆိတ်ငြိမ်သာယာလှသော စိမ်းမြမြ ထင်းရှူးတောတန်းကြီးသာပင်။
ဒါ သူတို့ရဲ့ ထင်းရှူးတောမို့လား...။
ထိုအခါမှသာလျှင် လေထုထဲကနေ သူရနေသောအနံ့ဟာ ထင်းရှူးရနံ့တို့ဖြစ်နေသည်ကို သူက အခုမှပင် ပြတ်ပြတ်ထင်ထင် သတိပြုမိလိုက်ရသည်။
'ကို အတူတူသွားမယ်လေ...'
ထိုစဉ် ပြောရင်းဆိုရင်းနှင့် သူ့လက်ကိုလာဆွဲကာ ဆုပ်ကိုင်လိုက်သည်က သူသိပ်ချစ်ရပါသော သူ့ရဲ့အမျိုးသမီးလေး။
ဒီနေရာ ဒီလိုအနေအထားမျိုးမှာ ဒီလက်လေးကို ဆုပ်ကိုင်ထားရ၍ သူ့ရင်ထဲတွင် အတိုင်းအဆမရှိ ကျေနပ်ချမ်းမြေ့သွားရရင်း ဘေးနားကနေ ပြုံးရွှင်စွာဖြင့် မော့ကြည့်နေသည့် မျက်နှာလေးအား ငုံ့ကြည့်လိုက်ကာ
"အွန်း..အတူတူ သွားကြမယ်နော် အသဲ..."
"ဟုတ်ကဲ့.."
သွားလေးတွေပေါ်အောင် အားရပါးရပြုံးပြရင်းမှ ခေါင်းလေးညိတ်ပြလိုက်သည်ကိုကြည့်ပြီး သူက ကျေနပ်စွာပင် သူမ၏ပခုံးကိုသိုင်းဖက်ကာ ထင်းရှူးတောထဲသို့ ဝင်ခဲ့လိုက်ကြသည်။
YOU ARE READING
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...