"ကို..."
"အွန်.."
စောင်ကိုလုံနေအောင်ခြုံပြီး ထွေးပွေ့ထားသော သူ့လက်တွေကြားမှာ သူမတစ်ကိုယ်လုံးမြုပ်ဝင်နေသည်။မျက်နှာအနှံ့ကိုရောက်နေသော သူ့နှုတ်ခမ်းတွေ၏ခပ်နွေးနွေးအထိအတွေ့က ရင်ထဲအထိရောက်အောင် နွေးထွေးစေသည်မို့ တားမြစ်ဖို့ကိုစိတ်ကူးမရှိတော့။သို့နှင့် အသာငြိမ်နေလိုက်လျှင် သူက ခေါ်ပြီးဆက်မပြောတော့သည့်သူမကြောင့် မျက်နှာတစ်ခုလုံးကိုခပ်ဖွဖွနမ်းနေရာမှ နှုတ်ခမ်းထောင့်လေးမှာခဏရပ်လိုက်ရင်း
"ပြောလေ သဲလေးရဲ့ ဘာလို့လဲ..."
"ဟင့်အင်း..ဘာမှမဟုတ်တော့ဘူး..."
"အဟွန်း..ကိုယ် စိတ်မထိန်းနိုင်မှာကြောက်လို့လား...။မကြောက်နဲ့နော် ဒီနေရာမှာ ကိုယ် ဘာမှမလုပ်ဘူး...။တစ်နေကုန်ပင်ပန်းထားတာဆိုတော့ အိပ်ရေးလဲဝစေချင်တယ်...။ဒါပေမဲ့ ဝအောင်တော့ နမ်းပါရစေဦး...။ကိုယ့်မှာ မိန်းမနားမကပ်ရတာ တော်တော်ကြာနေပြီ..."
စကားဆုံးသည်နှင့် နှုတ်ခမ်းထက်သို့ရောက်လာသောအနမ်းတွေက သိမ်မွေ့နက်ရှိုင်းကာ တမ်းတမှုတို့အပြည့်ဖြစ်နေသည်ကြောင့် သူမက သူ့ကိုသိုင်းဖက်ကာ ပူးကပ်နေအောင် တိုးဝင်မိလေသည်။ထိုအခါတွင် သူကပါ သူ့ဆီသို့တိုးဝှေ့လာသောကိုယ်လုံးလေးအား ပိုမိုတင်းကျပ်နေအောင် ပြန်လည်ထွေးဖက်ထားမိလျှင် နှစ်ယောက်ကြားထဲမှာ ကြားလေတောင်သွေးလို့မရတော့ပြီ။သူ့ခြေထောက်တွေကြားထဲသို့ တိုးဝင်ထိုးထည့်လာသော ခြေထောက်လေးတွေကို ဆွဲညှပ်ထားလိုက်ကာ အဝတ်လွတ်နေသောခြေဖဝါးလေးတွေအား ထိကပ်ထားလိုက်ရင်းမှ သူမတစ်ကိုယ်လုံးကို သူနှင့်ထိတွေ့ထားပြီး နေရာလပ်မရှိနွေးထွေးစေသည်။ထိုသို့ဖြင့် ခုံမင်မက်မောမှုအပြည့်ဖြစ်နေသောအနမ်းတွေကြားမှာ အချိန်အတန်ကြာအောင်ကုန်ဆုံးကာ နှစ်ယောက်လုံး၏ အသက်ရှုသံတွေ ပို၍မပြင်းထန်ခင်အချိန်တွင် သူကလွှတ်လိုက်ပြီး
"အိပ်ကြစို့ မနက်ကျ လမ်းတွေပြန်လျှောက်ရဦးမှာနဲ့ ဒီညကို အိပ်ရေးဝပြီးတော့ အားပြည့်နေမှဖြစ်မှာ...။အိပ်တော့နော်...ကိုယ့်ရဲ့အသဲလေးကို အရမ်းချစ်တယ် Good night..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...