အလုပ်အတွက်နှင့် စိတ်စောနေသည်ကြောင့် နံနက်ပိုင်းကို စောစောနိုးလာသောရွှေခေတ်သည် နာရီကိုကြည့်လိုက်လျှင် ငါးနာရီသာရှိသေးသော်လည်း ပြန်အိပ်ရန်စိတ်မကူးတော့ဘဲ ထဖို့ပြင်လိုက်တော့သည်။သူ့ကိုမော့ကြည့်လိုက်တော့ အိပ်ပျော်နေဆဲပင်ဖြစ်ကာ မနှိုးချင်သေး၍ အသာလေးထလိုက်သော်လည်း ဖက်ထားသည့်သူ့လက်တွေက သူမကိုလွှတ်မပေးပေ။ထို့နောက် မျက်လုံးတွေပွင့်လာကာ သူမခေါင်းအားဖွဖွပွတ်သပ်လာရင်းမှ နဖူးပေါ်ကိုရောက်လာသော အနမ်းတစ်ပွင့်နှင့်အတူ သူ့အသံတိုးဖွဖွကလည်း ညင်သာစွာထွက်ပေါ်လာသည်။
"စောသေးတယ်လေ...ဒီနေ့လဲ တစ်နေကုန်အလုပ်ရှုပ်ဦးမှာကို ရသလောက်အိပ်ပါဦးလား..."
သူမက သူ့မေးရိုးကို ခပ်ဖွဖွမော့နမ်းလိုက်ရင်း
"တော်ပြီ..မအိပ်တော့ဘူး ထတော့မယ်...။ပြန်အိပ်လိုက်ရင် ထိုင်းမှိုင်းသွားမှာစိုးလို့.."
မျက်နှာပေါ်မှဆံနွယ်တွေကို အသာအယာသပ်တင်ပေးလာပြီး နှုတ်ခမ်းလေးအားတစ်ချက်နမ်းရင်းမှ သူက ပြန်ပြောလာသည်။
"ဒါဆို အလုပ်ရှုပ်မဲ့နေ့အတွက်ကို အားအပြည့်နဲ့ Productive Day ဖြစ်အောင် ကိုယ်တို့ လမ်းလျှောက်ထွက်ကြမလား...။အပြန်ကျရင် ဈေးထဲဝင်ပြီးတော့ သဲစားချင်တာလေးတွေ တစ်ခါတည်းဝယ်ခဲ့ရအောင်လေ..."
သူမအကြိုက်ကိုသိလှစွာပဲ ပြောလာသောသူ့စကားကြောင့် သူမက ချက်ချင်းပဲထထိုင်လိုက်ရင်း သူ့ကိုပါဆွဲထူကာ
"အာ့ဆို သွားမယ်လေ ကိုရဲ့။လုပ်တော့ ထတော့ အခုပဲသွားကြမယ်..."
သူက အသာပြုံး၍ထလိုက်ရင်း သူမ ဆွဲခေါ်ရာနောက်လိုက်ကာ သွားဖို့အတွက်ကို အတူတူပြင်ဆင်လိုက်တော့လေသည်။
သူတို့နေသောနေရာက ဈေးနှင့်ဆို အနည်းငယ်ဝေးသည်ကြောင့် ကားနှင့်ပဲထွက်လာလိုက်ကြပြီး လမ်းလျှောက်မည့်နေရာရောက်မှပင် ကားကိုထားကာ ဆင်းလျှောက်ခဲ့ကြသည်။နံနက်ခင်းဝေလီဝေလင်းမှာ သူမ၏လက်လေးကိုဆုပ်ကိုင်ရင်း ကလောမြို့၏ ထင်းရှူးနံ့သင်းပျံ့သော အေးစိမ့်စိမ့်လေအေးများအား အပြည့်အဝရှုရှိုက်ရင်းဖြင့် ကြည်နူးချမ်းမြေ့ဖွယ် နံနက်ခင်း၏ဖြစ်တည်မှုကို ကောင်းကောင်းခံစားသည်။ထို့နောက် ပန်းခြံနားအရောက်တွင် သူက ခုံတန်းလေးမှာခဏထိုင်ကာ နားဖို့ဆုံးဖြတ်လိုက်ရင်း နားနေဆောင်ပုံစံလုပ်ထားသောနေရာလေးဆီသို့ သူမကိုခေါ်လာလိုက်သည်။
YOU ARE READING
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...