သူသည် နှုတ်ခမ်းထက်မှ ညင်သာစွာထိတွေ့နေသောအထိအတွေ့လေးကြောင့် အိပ်နေရာမှနိုးလာခဲ့ရသည်။သို့သော် မထဖြစ်သေးဘဲ မျက်လုံးတွေကိုဆက်မှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေလိုက်ရင်း အာရုံတစ်ခုလုံးအား နှုတ်ခမ်းထက်ကအထိအတွေ့လေးတွေဆီမှာ အပြည့်ပို့ထားလိုက်သည်။သူ့ပါးနှစ်ဖက်ကိုဖွဖွထိကိုင်ကာ အသာအယာနမ်းရှိုက်နေသည့် နူးညံ့နွေးထွေးသောနှုတ်ခမ်းလေးတွေက အိပ်ရာနိုးကာစသူ့ရဲ့စိတ်ကို ချက်ချင်းပဲနိုးကြားစေကာ နမ်းနေသည့်ပုံစံလေးက သူ့အပေါ်မှာ ချစ်ခင်ကြင်နာမှုအပြည့်နှင့် တွယ်တာနေသောစိတ်လေးကို ပေါ်လွင်နေစေသောကြောင့် သူက ဘဝင်ခိုက်နေရရင်း သာယာကျေနပ်မှုအဟုန်တို့သည်လည်း တရိပ်ရိပ်မြင့်တက်နေရသည်။အတန်ကြာအောင်နမ်းပြီး ဖယ်သွားတော့မည့်ဟန်ပြင်လျှင် သူက သူမ၏နှုတ်ခမ်းလေးတွေကို သူ့ဆီမှခွာမသွားခင် အမိအရပြန်လည်ဖမ်းယူလိုက်သည်။
"အင့်"
ထင်မှတ်မထားသောကြောင့် သူမက လန့်သွားရသော်လည်း စွဲမက်ဖွယ်ရာသူ့အနမ်းတွေဆီမှာ ပြန်လည်မျောပါသွားရပြန်ကာ သူဦးဆောင်ရာသို့ ထပ်တူကျစွာလိုက်ပါမိလေသည်။ခဏလောက်ကြာသည်အထိနမ်းပြီးလျှင် သူကလွှတ်ပေးလိုက်ကာ
"ဘယ်အချိန်ကတည်းကနိုးနေတာလဲ...။စောသေးတယ်လေ ထပ်အိပ်ပါဦးလား..."
"ဟင့်အင်း မအိပ်ချင်တော့ဘူး ထတော့မယ်..."
သူက ခေါင်းလေးကိုဖွဖွပွတ်သပ်ပေးနေရင်း
"ဘာစားချင်လဲ..."
သူ့အမေးကို သူမက အသာအယာခေါင်းယမ်း၍
"ဟိုတယ်ကိုပဲသွားစားမယ်...။မနေ့ကလဲ အပင်ပန်းခံချက်ကျွေးထားတာကို ဒီနေ့မချက်နဲ့တော့"
"မပင်ပန်းပါဘူး သဲရယ်...။သဲကို ဒီလိုချက်ကျွေးရလို့ ပင်ပန်းတယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး...။ဘယ်တော့မှလဲ ရှိလာမှာမဟုတ်ဘူး..."
သူ့စကားကြောင့် ပီတိဖြစ်သွားရသောသူမက ကျေနပ်စွာပြုံးလိုက်မိရင်း သူ့အနားကိုပို၍တိုးကပ်ကာ
"ကို ပြင်ဦးလွင်သွားချင်တယ်...။ဝင့်ဝါလဲ ကလေးလေးရှိနေပြီဆိုတော့လေ တွေ့ချင်တယ်...။ပြီးတော့ အမေ့ကိုလဲလွမ်းတယ်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...