"ရှေ့နားလေးဆိုရောက်ပြီကော""အင်း"
မြက်ရိုင်းတောကြီးအလယ်မှာဖောက်ထားတဲ့
လူသွားလမ်းလေးကကျဉ်းမြောင်းမြောင်း။တစ်ချက်တစ်ချက်
အတော်လေးရှည်နေပြီဖြစ်တဲ့မြက်ရိုးတွေက
ဖြတ်သွားတဲ့လူတွေကိုလက်လှမ်းနှုတ်ဆက်
နေသယောင်။
မြက်ကိုင်းလေးတွေပေါ်မှာ နှုတ်သီးရှည်
ငှက်သေးသေးလေးတို့ ပုခတ်စီးနေသလို
ယိမ်းနွဲ့နေကြတဲ့မြင်ကွင်းကအလွန်တရာ
ကြည့်ကောင်းတယ်။နေ့လည်ခင်းဖြစ်သည့်တိုင် နေသိပ်မပြင်း။
လေအေးလေးတွေဖြတ်တိုက်နေတဲ့အပြင်
နုနုလေးသာရနေတဲ့နေရောင်ကြောင့်
အတော်အသင့်လျှောက်လာရတဲ့ခရီးလမ်းက
မောပန်းခြင်းကင်းလို့။ဟိုးဘက်ခပ်လှမ်းလှမ်းမှာတော့အဝါရောင်
ဂျုံခင်းကြီးတွေကိုမြင်နေရတယ်။
စာအုပ်ထဲမှာပဲမြင်ဖူးတဲ့ထိုဂျုံခင်းတွေဆီ
အချိန်ရတာနဲ့သွားကြည့်ဖို့ကိုလဲ
စိတ်ထဲတွေးမိလိုက်ပါရဲ့။"ရလားကော..မောနေပြီလား"
"ဟင့်အင်း..လုံးဝမမောဘူး"
အပြုံးချိုချိုတစ်ခုနဲ့အတူခေါင်းတစ်ခါခါ
ဖြေမိတော့ အရှေ့ကဦးဆောင်သွားနေတဲ့
ကလေးမက မဆိုင်းမကွပဲခရီးကိုဆက်တယ်။ငါးမိနစ်လောက်ထပ်လျှောက်ပြီးတဲ့
နောက်မှာတော့ ခပ်ဟောင်းဟောင်း
ဘုရားကျောင်းကြီးကမျက်စိရှေ့မှာဆီးကြိုလို့။ဒါပါပဲ..သူ့ရဲ့ဦးတည်ရာပန်းတိုင်က
ဒီနယ်မှာရှားပါးလှတဲ့ခရစ်ဘုရားကျောင်းပင်။
ကတ်သလစ်တိုင်ကြီးတစ်ခုကို
အလယ်မှာထောင်ထားတဲ့ဒီဘုရားကျောင်းက
နှစ်တွေအတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကိုတော့
အရောင်ပြယ်လုလုအဖြူရောင်သုတ်ဆေးတွေက
သက်သေပြနေသယောင်ရှိတယ်။အဝင်လမ်းတစ်လျှောက် အမှိုက်သရိုက်
ကင်းစင်လို့ မျက်စိအမြင်အေးစေတဲ့
မြက်ခင်းစိမ်းစိမ်းတွေက
နေရာအနှံ့အပြားမှာခင်းကျင်းထားသည့်နှယ်။ဟောခန်းကြီးထဲလျှောက်ဝင်သွားလိုက်ပြီး
သစ်သားမျက်နှာကျက်တွေကို
စိတ်ဝင်တစ်စားမော့ကြည့်လို့ မျက်စိမလွှဲနိုင်။
အနုပညာဆန်စွာစီရီထားတဲ့အနက်ရောင်
သစ်ပြားလေးတွေကိုမျက်နှာကျက်အဖြစ်
သုံးထားကြောင်း ဘေးကလျှောက်နေတဲ့
ကလေးမက ရှင်းပြလာတာမို့
ကျေးဇူးတင်စွာခေါင်းကိုညိမ့်ပြလိုက်တယ် ။
