နဖူးပေါ်ကနီရဲရဲအကွက်လေးကို
ဖွဖွပွတ်သပ်နေမိတယ်။
မှန်ထဲကတစ်ဆင့်မြင်ရတဲ့သူ့မျက်နှာက
ပြုံးဖြီးလို့။"ဒီတစ်ခါလဲ..ထပ်ပြီးတော့မှတ်ထားအုံး"
ဘာကိုအထပ်ထပ်မှတ်ထားခိုင်းနေလဲမသိ။
အဲဒီလိုပြောပြီးနဖူးကိုတစ်ချက်တောက်လို့
မျက်ခုံးပင့်ပြပြီးထွက်သွားတဲ့လူ။
သူကတော့နေရာမှာငိုင်ငိုင်ကြီးရပ်ကျန်ခဲ့တာ
ဘယ်လိုကဘယ်လိုအိမ်ပြန်ရောက်လာမှန်း
မမှတ်မိတော့ဘူး။သဝန်တိုတာလား..အဲဒီလူဆိုးကို
တစ်ခြားမိန်းကလေးနဲ့တွဲမြင်လို့
သူကသဝန်တိုတယ်တဲ့လား။
ဟိုလူ့စွပ်စွဲချက်ကိုငြင်းဆန်ဖို့ သူ့မှာ
အကြောင်းပြချက်သေးသေးလေးတောင်
ရှာလို့မတွေ့ခဲ့။ မနက်ကမြင်ကွင်းက
ရင်ဘတ်တစ်ခုလုံးပူလောင်စေတာအမှန်ပဲ။သဝန်တိုခြင်းဟာဘယ်ကစီးဆင်းလာတဲ့
မြစ်လက်တက်လဲဆိုတာမသိတဲ့အထိ
သူကရိုးအ မနေဘူး။
ကျောင်းကသူ့သူငယ်ချင်းစုံတွဲတွေကြားမှာ
သဝန်တိုတယ်ဆိုတဲ့စကားလုံးကို
မကြားချင်မှအဆုံးကြားဖူးခဲ့ပြီးသား။"အားယား"
မွေ့ယာပေါ်လှဲချလိုက်ပြီးစောင်ကို
စောင်မြီးခြုံကာပူကျစ်နေတဲ့မျက်နှာကို
လက်ဝါးနဲ့ထပ်အုပ်ထားမိသေးတယ်။
ဘယ်သူမှရှိမနေပေမဲ့ဘာကိုရှက်လို့
ရှက်နေမှန်းမသိ။
စောင်အောက်ကခြေထောက်တွေ
လေထဲလှုပ်ရမ်းပြီးဦးတည်ရာမဲ့ကန်နေမိတယ်။ဝရုန်းသုန်းကားခုန်ပေါက်နေတဲ့ရင်ဘတ်ပေါ်
လက်တင်လိုက်တော့သူကိုယ်တိုင်တောင်
ပြန်ကြားရတဲ့အထိနှလုံးသားဆိုတဲ့အကောင်က
လှမ်းအော်ပြောနေသလားမှတ်ရပါတယ်။ဒုက္ခပါပဲမားရေ။
ကျောင်းကအချောအလှလေးတွေကို
မျက်နှာလွှဲနိုင်ခဲ့တဲ့မားရဲ့သားလေးက
အခု လူဆိုးကောင်ဆီမှာကျရှုံးသွားပြီ။
ဘယ်လိုလုပ်မလဲ..မြို့ပြန်ပြေးသင့်လား။နိုး နိုး ..။
သူများလက်ထဲတော့အရောက်မခံနိုင်ပါဘူး။
အတွေးနဲ့တင်ရူးချင်ချင်ဖြစ်နေတာ။
သူသွေးနည်းပြီးလက်လွှတ်ခံလိုက်မိရင်
တစ်သက်လုံးနောင်တရနေမှာ။
ယောကျာ်းလေးပဲ သိပ်ပြီးရှည်ရှည်ဝေးဝေး
မစဉ်းစားသင့်ဘူး။ လိုချင်ရင်တော့
ရှေ့ဆက်တိုးရမှာပဲ။
