Unicode
အပိုင်း - ၉ : စိတ်ကူးပေါက်ရင် နမ်းကြတဲ့ ဆက်ဆံရေးမျိုး
ဝေဟင်သော်က သူ့ဖခင်၏ မွေးနေ့တွင် အိမ်ပြန်လာဖို့အတွက် ပြောခဲ့ခြင်းက စဝ်မုဒြာကို တစ်နေ့လုံးစိတ်မကြည်စေခဲ့။ သို့သော်လည်းဖခင်၏ မွေးနေ့တွင် အိမ်ပြန်မလာဘူးဆိုလျှင် အဖွားက သူ့ကိုပြောပေဦးမည်။ စဝ်မုဒြာသည် ဖခင်ကို သဘောမကျသော်လည်း ဖခင်၏ အမေ ဖြစ်သော အဖွားဖြစ်သူကိုတော့ ချစ်ခင်သည်မို့ အဖွားဖြစ်သူရောက်နေမည့် ဖခင်မွေးနေ့ပွဲကို တော့ သူကျိန်းသေပေါက်သွားရပေလိမ့်မည်။
"လက်ဆောင်တစ်ခုခုငါဝယ်ပေးရမလား..."
အတူရှိသည့် အချိန်ကြာလာသည့်အချိန်တွင် မင်းမြတ်နွယ်နှင့်သူသည် တဖြည်းဖြည်း သူငယ်ချင်းပေါင်းလိုဖြစ်လာတော့သည်။ ဘယ်အချိန်ကစပြီး သူတို့က ဒီလောက်ရင်းနှီးသွားကြ လို့ မင်းမြတ်နွယ်က သူ့ကို 'မင်းငါ'ဟူသည့် အခေါ်အဝေါ်ပြောင်း သွားသလဲဟု စဝ်မုဒြာ တခဏတွေးဖြစ်၏။ ထို့နောက် မင်းမြတ်နွယ်၏ စကားကို စဝ်မုဒြာ ပြန်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ အိမ်ပြန်တာလည်းကြာလှနေပြီမို့ ပြန်သည့်အချိန်တွင် လက်ဗလာနှင့် ပြန်သည်က မကောင်းတော့မကောင်းပေ။ ထို့အပြင် လူကြီးတစ်ဦး၏ မွေးနေ့လည်း ဖြစ်နေသေး သည် မဟုတ်လား။ ထိုသို့ဖြင့် မင်းမြတ်နွယ်သည် စဝ်မုဒြာ၏ ဖခင်အတွက် လက်ဆောင်ဝယ်ဖို့ တာဝန်ကိုယူလိုက်ရတော့၏။ ညပိုင်းမွေးနေ့ညစာစားပွဲအမီတွင် စဝ်မုဒြာအတွက် လက်ဆောင် တစ်ခုဝယ်လာပေးရမည်။
"မင်းမြတ် အားနေတာလား..."
မင်းမြတ်နွယ် အခန်းအပြင်ရောက်ရောက်ချင်း PR Department မှ မန်နေဂျာဖြစ်သူနှင့် ပက်ပင်းတိုးလေတော့သည်။ ထိုအချိန်တွင် ဝေဟင်သော်သည်လည်း PR Department နှင့် စကားပြောဆိုပြီးပြန်လာသည်ဖြစ်ရာ သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ဖြစ်သွားတော့သည်။ ဝေဟင်သော်၏ မျက်နှာကသူ့ကိုတွေ့သည်နှင့်ခပ်တင်းတင်း။ မင်းမြတ်နွယ်သည် အလှလေး၏ တည်တင်းနေသော မျက်နှာကို တစ်ချက်ကြည့်၏။ ထို့နောက် သူ့ကို မဆိုင်သည့် အလုပ်များ အကြောင်း လုပ်ပေးဖို့အတွက် ပြောလာသည့် ဌာနအကြီးပြောသည်ကို နားထောင်နေလိုက် သည်။ အတင်းအကြပ်ချောဆွဲခံနေရသည်ကို စိတ်ရှုပ်ရှုပ်ဖြင့် မင်းမြတ်နွယ် နားထောင်နေရ၏။ ငြင်းဖို့အတွက် သူ စဉ်းစားနေချိန်တွင် တစ်ချိန်လုံး ခပ်တည်တည်ဖြင့် ရှိနေသည့် ဝေဟင်သော် သည် ဖြတ်ပြောလာ၏။

YOU ARE READING
Muse [Own Creation]
RomanceI've come to you but you don't know why I come. Dear Muse, you are the only one in my heart.