(၁၁)

2.2K 403 19
                                    

Unicode

အပိုင်း - ၁၁ ။ ဟန်ဆောင်လက်ထပ်ရန်တွေးတော

"ကျွန်တော် သူနဲ့လက်ထပ်မလို့"

လာကြိုဖို့ပဲ ပြောထားသော်လည်း အိမ်ထဲသို့ ဝင်ဖို့အခေါ်ခံလိုက်ရပြီးနောက် သားအဖ နှစ်ယောက် ရန်ဖြစ်ကြသည်ကို လီယို ကြည့်နေရရှာသည်။

"မင်းကိုယ်မင်း ဘာပြောနေလဲဆိုတာကိုရော သိရဲ့လား စဝ်မုဒြာ!"

စဝ်ခွန်းနောင်၏ တုံ့ပြန်မှုသည် ကြောက်မက်ဖွယ်။ ကြီးမြတ်သည့်မျိုးရိုးက ဆင်းသက် လာသူဖြစ်သည့် စဝ်ခွန်းနောင်သည် ဟိတ်ဟန်ကောင်းသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ဒေါသထွက်နေသည့် ဖခင်ဖြစ်သူကို စဝ်မုဒြာသည် မထုံတက်တေးသာ ကြည့်၏။ သားအဖ နှစ်ဦး၏ ကြားထဲသို့ ဆွဲသွင်းခံလိုက်ရသည့် လီယိုသည် ထိုအခြေအနေကို ခပ်အေးအေးသာ ကြည့်နေခဲ့သည်။ သူ့ပုံစံက တိုက်ပွဲကြားရနေသည့် လူတစ်ယောက်နှင့်မတူဘဲ ဘေးအပြင်က အေးအေးဆေးဆေး ရပ်ကြည့်နေရသည့် လူတစ်ဦးလို။ ပေါက်ပေါက်ဆုတ်နှင့် ကိုလာသာ ပါလျှင် လီယိုသည် ရုပ်ရှင်ကြည့်နေသူတစ်ဦးနှင့်ပင် တူနေလိမ့်ဦးမည်။

"ကျွန်တော်တို့ လက်ထပ်ဖို့ အထိ ရည်ရွယ်ထားတာ"

"စဝ်မုဒြာ မင်းကိုငါလွှတ်ပေးထားတာက ဒီအထိ လွန်လာဖို့ မဟုတ်ဘူး လက်ထပ်တယ် ဆိုတာက ကလေးကစားစရာ မဟုတ်သလို ငါ့သားက ယောကျာ်းတစ်ယောက်ကို လက်မထပ် ရဘူး မင်းကြောင့် ငါတို့တွေ ဘယ်လောက်များ သိက္ခာကျလာလိုက်မလဲ"

"အဖေကရော အဖေလက်ထပ်မဲ့ ကိစ္စကို ကျွန်တော့်ကို တိုင်ပင်လို့လား"

ဘာကြောင့် စဝ်မုဒြာက ကလေးတအားဆန်သလဲဆိုပြီး လီယိုအချိန်တော်တော်များများ တွေးခဲ့ဖူးသည်။ ယခုမှပင် သူ အဖြေရှာတွေ့သွားတော့၏။ စဝ်မုဒြာ၏ ကလေးဆန်ခြင်းက စဝ်ခွန်းနောင်နှင့် တူနေ၍ပဲ။ သားအဖနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ချစ်သား နှင့် သည်းမခံနိုင်အောင် ရန်စနေကြသည်။

"မင်းက ငါ့သားပဲ..."

"ငါ့သား... ငါ့သား ဆိုတာနဲ့ပဲ အိမ်မှာ အဖေကြိုက်တာ လုပ်လို့ရတယ် ထင်နေလို့လား တော်ပြီ ကျွန်တော်တို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာမရှိတော့ဘူး ကျွန်တော် လက်ထပ်မဲ့ လူက ယောကျာ်းတစ်ယောက်ဖြစ်ပြီး လီယိုဆိုတာကို အဖေသိထားဖို့ပဲ လိုတယ် ကျွန်တော်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး တစ်နှစ်အတွင်း လက်ထပ်မယ်"

Muse [Own Creation]Tempat cerita menjadi hidup. Temukan sekarang