Unicode
အပိုင်း - ၄ ။ စိတ်ကောက်ရမဲ့ဇာတ်ညွှန်း
"ဒါကအဆင်မပြေဘူး... ဒီကြော်ငြာကတော့မဆိုးဘူး..."
အထင်မလွဲလိုက်ပါနှင့် တစ်ခုချင်းကြည့်ပြီးရေရွတ်နေသည်က အကူမန်နေဂျာကလေး မင်းမြတ်နွယ်မဟုတ် စဝ်မုဒြာသာဖြစ်၏။ ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းထားသမျှကို ကြည့် လိုက်၊ ပစ်ချလိုက်၊ ချေးများလိုက်လုပ်နေသည့် စဝ်မုဒြာကိုမင်းမြတ်နွယ်သည် ငြိမ်ငြိမ်လေး ထိုင်ကာသာ ကြည့်နေရှာသည်။
စဝ်မုဒြာလေးက အရမ်းကိုအလုပ်ကြိုးစားတာပဲ။
မင်းမြတ်နွယ်က စဝ်မုဒြာနှင့်အသက်အတူတူဖြစ်သည်မို့ ဝေဟင်သော်နှင့် လီယိုထက် လေးနှစ်ငယ်သည်။ သူနှင့် ဝေဟင်သော်က တစ်ချိန်တည်း ကုမ္ပဏီထဲ ဝင်လာကြသူများ ဖြစ်သည်။ ကြိုးစားသည့်ဝေဟင်သော်က တောက်ပလာချိန်တွင် တစ်ချိန်က ဝေဟင်သော်၏ မန်နေဂျာ ဖြစ်ဖူးသည့် သူကတော့ ဝေဟင်သော်၏ အကူမန်နေဂျာလေးဖြစ်သွားပြီး ယခု စဝ်မုဒြာကို တာဝန်ယူနေရသည်။ အခြေအနေက အကောင်းဘက် မတိုးသွားဘဲ ကျဆုံးသလိုပင် ဖြစ်နေသော်လည်း အလုပ်လုပ်ခဲ့သည်က နှစ်ကြာနေပြီမို့ မင်းမြတ်နွယ်သည်လည်း သူတို့ ကျင်လည်ရသည့် နယ်ပယ်ထဲတွင် အဆက်အသွယ်ကောင်းများရှိသလို အနုပညာ အသိုင်း အဝိုင်းရှိ လူအတော်များများနှင့် ရင်းနှီးသည့် သူတစ်ယောက်ဖြစ်၏။
သူက အလုပ်မကြိုးစားဘဲ ခပ်တုံးတုံးမန်နေဂျာလေး ဖြစ်နေရမယ်။ ဖြစ်ကို ဖြစ်နေ ရမယ်။ ဒါမှလည်း သူ့အကြံအစည်က အောင်မြင်နိုင်မှာ။
မင်းမြတ်နွယ်သည် သူ့ကိုယ်သူ တွေး၏။
"ငါတို့ဒါကိုလက်ခံလိုက်ကြမယ်လေ..."
နောက်ဆုံးတွင်တော့ စဝ်မုဒြာသည် စိတ်ကြိုက်ရွေးထားသည့် ကြော်ငြာကို လက်ခံလိုက် တော့၏။ မင်းမြတ်နွယ်သည် ပြုံး၍သာခေါင်းညိတ်ပြလိုက်သည်။ စဝ်မုဒြာသည် ဖုန်းဆက်ကာ ပြန်လည်ဆက်သွယ်ကာ လိုအပ်သည်များကို ညှိနှိုင်းနေသည့် မင်းမြတ်နွယ်ကို ခပ်အေးအေးသာ ကြည့်နေလိုက်သည်။
ကံတရားကပဲ သူနှင့်ဝေဟင်သော်ကို ထိပ်တိုက်တွေ့စေချင်၍လားတော့ မသိ။ အနုပညာ လောကထဲသို့ သူ ဝင်ရောက်လာချိန်တွင် ဝေဟင်သော်နှင့် မန်နေဂျာတစ်ယောက်တည်း လက်အောက်တွင် ကျရောက်ခဲ့သည်။ ဝေဟင်သော်လို အောင်မြင်နေသည့် မင်းသားတစ်လက် ၏ မန်နေဂျာကောင်းနှင့် တွေ့ဆုံရသော်လည်း ထိုမန်နေဂျာမိန်းကလေး၏ စိတ်သဘောသည် မဖြောင့်မှန်ခဲ့။ ထိုမိန်းကလေးက သူတို့နှစ်ဦးကို ခွဲခြားဆက်ဆံလွန်းသည်။ နောက်တော့ သူသည် မင်းမြတ်နွယ်နှင့် ဆုံတွေ့ခဲ့ရ၏။
YOU ARE READING
Muse [Own Creation]
RomanceI've come to you but you don't know why I come. Dear Muse, you are the only one in my heart.