-၁၁-

562 45 2
                                    

အခန်း(၁၁):ချိုအီနေတဲ့ မားမားရဲ့ ဂုဏ်ဆောင်သားလေး

ဟော့ပေါ့အဝစားထား၍ ဗိုက်မှာ အင်မတန်တောင့်တင်းနေပြီဖြစ်သည်။ ထိုဆိုင်နှင့် သူ့တိုက်ခန်းမှာ သုံးမှတ်တိုင်သာ ဝေးတာကြောင့် လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

"ကိုကို ဒီဘက်လာ"

"အာ...အွန်း"

ထိုကောင်လေးက လမ်းဘက်ကလျှောက်ပြီး သူကတော့ အတွင်းဘက်က လျှောက်လိုက်ရသည်။ လမ်းသွားလမ်းလာတွေလည်း ပျားပန်းခတ်နေပြီးတော့ ကားတွေကလည်း ဥဒဟိုသွားလာနေကြသည်။

"ရေခဲမုန့်...."

"ဟင်?"

"ရေခဲမုန့်စားကြမလား"

သူမေးတော့ ထိုကောင်လေးက ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်လေသည်။ ထို့ကြောင့် ရေခဲမုန့်ဆိုင်ထဲသို့ဝင်ပြီး ချောကလက်ရေခဲမုန့်နှစ်ခုမှာလိုက်သည်။ တစ်ယောက်တစ်ခုခွဲယူပြီးနောက် အနီးရှိ ပန်းခြံထဲသို့ဝင်ကာ မြက်ခင်းပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်း စားနေလိုက်ကြသည်။

"ဟင်!"

ဘေးနားမှ အကြည်ဓာတ်၏အသံကြောင့် သူအသံပြန်ပြုမိလိုက်သည်။

"ဟင်?ဘာလဲ?"

"ဟင့်အင်း ဘာမှမဟုတ်ဘူး...ကိုကို....ကျွန်တော်တို့ပြန်ရအောင်"

အကြည်ဓာတ်က သူ့ကို ထိုင်ရာမှ ဆွဲထူ၍ ထစေလိုက်ပြီး ပန်းခြံအပြင်ဘက်သို့ ဆွဲခေါ်ထုတ်သွားပြီးနောက် ဘတ်စ်ကားပေါ်သို့ ဆွဲခေါ်သွားလေသည်။ စားလက်စ ရေခဲမုန့်သည်ပင် ပန်းခြံအထွက်က အမှိုက်ပုံးအတွင်းသို့ ရောက်သွားချေသည်။ ဒီမြို့ကိုရောက်မှ အကြည်ဓာတ်တစ်ယောက် သူ့ကို ယခုလိုအလောတကြီးဆွဲခေါ်တာ နှစ်ကြိမ်ရှိပြီဖြစ်သည်။

တိုက်ခန်းကိုပြန်ရောက်တော့ ဆက်တီပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ နာရီကြည့်တော့ (၇:၃၀)ချေပြီဖြစ်သည်။ရေလည်းမချိုးချင်တော့တာကြောင့် အခန်းအတွင်းသို့ဝင်ကာ Laptopဖွင့်ပြီး ဇာတ်ကားကြည့်ရန် ဇာတ်ကားရွေးနေခဲ့လိုက်သည်။

မြတ်နိုးသာတစ်ယောက် ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား ပြောင်းကြည့်နေသော်လည်း စိတ်ဝင်စားစရာမတွေ့ပေ။ အရမ်းပျင်းလာ၍ အကြည်ဓာတ်ဆီမှ ဇာတ်ကားကူးကြည့်ရန် ကြံစည်ပြီး အကြည်ဓာတ်အခန်းဆီကို ကူးလာခဲ့သည်။

HIS [COMPLETE]Where stories live. Discover now