အခန်း(၂၆):အတိတ်တွေဆီကို အလည်တစ်ခေါက်ပြန်သွားခြင်း
အိပ်မက်အတွင်း မျောနေရာက လှုပ်နှိုးလာသည့် လက်နွေးနွေးနှင့် ဩရှရှအသံတို့ကြောင့် သူ မျက်လုံးတွေ ဖွင့်ကြည့်မိသည်။
မပီဝိုးတဝါးမြင်ကွင်းကြားမှ ချစ်ရသူကို မြင်ရပြန်သည်။ ဝဲတက်နေနှင့်ပြီးသား မျက်ရည်တို့က မျက်လုံးတွေကို မှေးမှိတ်ပစ်လိုက်ချိန်၌ နားသယ်စပ်မှတဆင့် ဆံနွယ်တွေကြား တိုးဝှေ့သွားလေသည်။ သူ ငုတ်တုတ်ထိုင်မိသည်။ သူ မျက်စိရှေ့မှ ချစ်ရသူအား ဖက်တွယ်ထားချင်မိသည်။ ညစဉ်မက်သည့် ခြောက်အိပ်မက်တွေလို အခိုးအငွေ့တွေဆိုလျှင်တောင် ဖက်တွယ်ထားချင်မိပြန်သည်။
"မင်း....တကယ်ပဲ ပြန်လာတယ်....ကျေးဇူးပြုပြီး.....ငါ့ကို....ထပ်မထားခဲ့ပါနဲ့တော့"
သူဖက်တွယ်တော့ သူ၏ကောင်လေးမှာ မလှုပ်မယှက်ဖြင့် ငြိမ်နေခဲ့သည်။အချိန်အနည်းငယ်ကြာတော့ ထိုကောင်လေးက မိမိပခုံးမှဆုပ်ကိုင်ပြီးနောက် ခန္ဓာကိုယ်ချင်း ခွာစေလိုက်ပြီး မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လေသည်။ မျက်တောင်ဖျား၌ စိုစွတ်နေသည့် မျက်ရည်တို့အား လက်မနှစ်ဖက်ဖြင့် ဖိ၍ သုတ်ပေးချေသည်။
"မငိုပါနဲ့တော့......"
သူ ခေါင်းငြိမ့်ပြမိသည်။ သူ့ အသိစိတ်တို့ ပြန်ဝင်လာပြီဖြစ်၏။ မျက်စိရှေ့မှကောင်လေးဟာ သူ့ကိုမေ့နေခဲ့သည့် ကောင်ငယ်လေးဖြစ်သည်။ သူ ဖက်တွယ်မိခဲ့တာကို မတော်တဆပါလို့တော့ ဗြောင်မငြင်းချင်တာကြောင့် ခပ်ဆိတ်ဆိတ်ပင် နေမိလိုက်သည်။
"ရေသောက်မလား?"
သူ ခေါင်းရမ်းမိသည်။ တဖက်ကောင်လေးထံမှ သက်ပြင်းချသံ သဲ့သဲ့ကို သူကြားရသည်။ သူ မိမိကို မှတ်မိလာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ တကယ်မသိတော့ပါချေ။
"ပြန်အိပ်တော့မလား?"
သူ မည်သည့်တုံ့ပြန်မှုကိုမှ မပြုမိ။ အိပ်ယာထက်မှ ဆင်းပြီးနောက် ခပ်ပါးပါးလက်ရှည်တစ်ထည်ကို ဝတ်၍ သူ၏ချစ်ရသူအား ချန်ထားခဲ့ကာ အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]