Extra-2

495 26 0
                                    

~~Happy Anniversary~~

တောင်ကုန်းထိပ်က စိန်ပန်းပြာပင်တွေအောက်၌ မြတ်နိုးသာတစ်ယောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေဖြစ်သည်။

အကြည်ဓာတ်နှင့်သူ ပြန်ပြေလည်တာ မကြာသေးပေ။ အလွန်ဆုံး တစ်လလောက်သာရှိနေသေး၏။ ယခုတစ်လအတွင်း အကြည်ဓာတ်နှင့်သူသည် စကားပင် သိပ်မပြောဖြစ်ကြ။ အကြောင်းမှာ စကားနည်းရန်စဲဆိုတဲ့အတိုင်း စကားမများချင်၍သာဖြစ်၏။

သို့သော် ယခုတော့ မ‌တူတော့ပေ။ အကြည်ဓာတ်တစ်ယောက် သူမသိအောင် တစ်ခုခုလုပ်နေပြီဆိုတာ သူရိပ်မိနေပါ၏။ ဆေးရုံရှိ နားနေခန်းအတွင်းတွင် မသီရိနှင့် စကားတွေ တိုးတိုးတိတ်တိတ်ပြောနေတတ်သလို သူလာလျှင် စကားဖြတ်ကာ လမ်းကြောင်းလွှဲသွားတတ်၏။

မသီရိနှင့်သာမဟုတ်။ ဒီမြို့လေးမှ နယ်ခံဖြစ်သည့် လက်ထောက်ဆရာဝန်ကောင်လေးနှင့်လည်း ထို့အတူသာပင်။ တခါတရံဆိုလျှင် ထိုကောင်လေးနှင့်အတူ မြို့ပေါ်သို့ လိုက်သွားတတ်ပါ၏။

ယခင်တစ်ခါ ရန်ဖြစ်ပြီး တစ်ပတ်လောက်အကြာကတည်းက အကြည်ဓာတ်သည် သူနှင့် အခန်းခွဲ၍ အိပ်သည်။ မနက်ပိုင်း အလုပ်မသွားမီ ထမင်းအတူစားတာကအစ အလုပ်ကပြန်လာပြီး ညစာစားပြီးသည်အထိ စကားပြောသည့်အကြိမ်ရေမှာ ဆယ့်ငါးခွန်းပင်မပြည့်လောက်သေးပေ။

ယခင်တစ်ခါ ရန်ဖြစ်တုန်း သူ့ဘက်ကနေ ကွာရှင်းဖို့ပြောမိထားတာမို့ ဒီအတောအတွင်း ဆင်ခြင်ပြီး နေပေးခဲ့တာဖြစ်သည်။ အကြည်ဓာတ်သည် ငယ်ဘဝတုန်းက သူငယ်ချင်းမရှိတာမို့ social သိပ်မကောင်းသလိုဖြစ်နေတတ်ပေမယ့် အကြည်ဓာတ်၏ စိတ်နေစိတ်ထားကို သူက အသိဆုံးဖြစ်နေတာကြောင့် သူ့ဘက်ကပဲ အများကြီး ဆင်ခြင်ပေးနေခဲ့တာ။ အကြည်ဓာတ်နှင့်သူက အချိန်အကြာကြီး ခွဲဖူးတာကြောင့် ထပ်ပြီး မခွဲချင်တော့ပါ။ လွမ်းရတဲ့ ဒဏ်ကို သူမခံစားနိုင်ပါပေ။

"ကိုကို..."

အကြည်ဓာတ်၏ခေါ်သံကြောင့် သူ့ခန္ဓာကိုယ်သည် ဆတ်ခနဲပင် တောင့်မတ်သွားရ၏။ ဆိုင်ကယ်စီးထားတာမို့ ခပ်ပျော့ပျော့ဆံပင်တို့က ပွယောင်းလျက်ရှိနေသော်လည်း သူ့အမျိုးသားလေးက ချောမောနေဆဲပင်။ အင်ကျီကြယ်သီးကို သုံးလုံးလောက်ဖြုတ်ထားပြီး အင်ကျီအောက်အစွန်းစတွေကိုလည်း ဘောင်းဘီထဲ ထည့်မဝတ်ထားတာမို့ ကပိုကရိုဖြစ်နေပြီး ပင်ပန်းသည့်အသွင်အပြင် ပေါ်နေပါ၏။

HIS [COMPLETE]Where stories live. Discover now