"ကိုကို...ထတော့လေ"
မြတ်နိုးရသည့် ဩရှရှအသံကြောင့် မြတ်နိုးသာမှာ အိပ်နေရင်းမှ လူးရင်းလွန့်ရင်းဖြင့် နိုးလာရတော့သည်။
သူတို့နှစ်ဦးသား ဂျပန်ကိုရောက်နေတာ ရက်ပိုင်းမျှရှိပြီ။ အကြောင်းမှာ မြတ်နိုးသာ၏ ဆာကူရာတွေကို ကြည့်ချင်သည်ဟု ဆိုလာ၍ပါပဲ။
ယခုအခါ ဂျပန်နိုင်ငံမှာ နွေဦးရာသီဥတုပေမို့ ဆာကူရာတွေဟာ ပင်လုံးကျွတ်ပွင့်နေပြီဖြစ်ကာ လေထုထဲတွင်လည်း ဆာကူရာပန်းရနံ့လေးတွေ သင်းသင်းပျံ့ပျံ့လေး လွှမ်းထုံနေတတ်သေးသည်။
အကြည်ဓာတ်တို့နှစ်ဦးဟာ ဆာကူရာပင်တွေပတ်လည်ဝိုင်းနေသည့် ခြံတစ်ခုအလယ်မှာရှိသည့် ရှေးခေတ်ပုံစံ အိမ်ငယ်လေးတစ်လုံးကို တစ်လစာ ငှားရမ်းယူထားသည်မို့ မည်သည့်လူရိပ်လူယောင်သော်မျှရှိမနေပါဘဲ တိတ်ဆိတ်အေးချမ်းလို့နေပါလေသည်။
"ကိုကို..."
အကြည်ဓာတ်မှ ထပ်မံ၍ခေါ်လာလျှင် မြတ်နိုးသာဟာ အိပ်ယာပေါ်မှာ တင်ပလ္လင်ခွေထိုင်နေသည့် အကြည်ဓာတ်၏ပေါင်ပေါ်သို့ ခေါင်းကိုပြောင်းအုံးသည်။ ထို့နောက် အကြည်ဓာတ်၏ ဗိုက်သားဆီမှာ မျက်နှာကို အပ်လိုက်ရင်း ခါးကိုလည်း ဖက်လိုက်သေး၏။
"ပြောတော့ ဆာကူရာတွေကြည့်ချင်လို့ဆို၊ အခု အိပ်ပဲအိပ်နေတော့မှာလား"
အကြည်ဓာတ်သည်တော့ အပြစ်တင်သံမမည်သည့် ဩရှရှအသံတစ်ခုကိုပြု၍ အပြာဖျော့ဖျော့အရောင်ကိုမှ ကြိုက်လှပါပြီဟုဆိုကာ ပြောင်းလဲထားသော ဆံပင်ပျော့ပျော့လေးတွေကို ထိုးဖွလိုက်၏။ ယခုအခါ မြတ်နိုးသာ၏ဆံပင်ပျော့ပျော့လေးတွေမှာ wolf hair cutဟုခေါ်သော ဒီဇိုင်းလေးညှပ်ထားသည်မို့ နူးနူးညံ့ညံ့ပုံစံလေးဖြင့် ခပ်မိုက်မိုက်ကလေးဖြစ်လို့နေသည်။
"မောင်...၊ ငါတို့ ဂျပန်မှာ အခြေချရအောင်လေ"
"ဘာလို့လဲ"
"အိပ်လို့ကောင်းတယ်"
ထို့နောက် ပက်လက်ပြန်လှန်ကာ အကြည်ဓာတ်ကို မော့ကြည့်၏။ အကြည်ဓာတ်သည်တော့ ခန္ဓာကိုယ်ကို နောက်ဘက်သို့ယိမ်း၍ လက်တစ်ဖက်ကို နောက်ပြန်ထောက်ထားပြီး ကျန်တစ်ဖက်ကတော့ နဖူးထက်ရှိ အပြာဖျော့ရောင်ဆံပင်ပျော့ပျော့လေးတွေကို လက်ချောင်းရှည်တို့ဖြင့် တို့ထိဖယ်ရှားပေးလိုက်လေသည်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]