Part 34

481 41 11
                                    

ရင်ခွင်ထဲ မျက်နှာအပ်ကာ ဖြေလာသည့်အဖြေက ကျွန်တော့်ကို ခဏမျှတော့ ငြိမ်သက်သွားစေသည် ။
ထို့နောက်မှာတော့ ကြည်နူးပျော်ရွှင်ခြင်းက ကျွန်တော့်ရင်ဘတ်ထဲသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးဝင်၍လာသည် ။

စော  ။
ကျွန်တော့်ကို စက္ကန့်အပိုင်းအခြားလေးမှာတောင် ခံစားချက်မျိုးစုံ ပေးစွမ်းနိုင်သည့် တစ်ဦးတည်းသော လူသား ။

စော ဖြေလိုက်သည့် အဖြေစကားကြောင့် ရင်တစ်ခုလုံး ငြိမ်းချမ်း၍ သွားသလိုပင် ။
ကျွန်တော့် ခံစားချက်တွေကို ဖော်ပြဖို့ရာအတွက် ပိုတိုး၍ ဖက်ကာသာ တုံ့ပြန်လိုက်နိုင်သည် ။

" စော စိတ်ထဲက အပြည့်အဝ လက်ခံရဲ့လား "

ဒီလူပေါ် နှောင်ဖွဲ့မိသည့်ကြိုးက ခိုင်မြဲလွန်း၍ ဖြေ၍ရနိုင်မည် မဟုတ်တော့ပေ ။
ကျွန်တော့်အားထားရာ ၊ ကျွန်တော့်နှလုံးသားရဲ့ ကိုးကွယ်ရာဖြစ်သည့် ကျွန်တော့်ရဲ့ အရှင်သခင် ။
ကျွန်တော် မြတ်နိုးရသူက ကျွန်တော့်ကိုလည်း ထပ်တူ မြတ်နိုးသည်ကို ကျွန်တော် ခံစား၍ ရသည် ။
သို့ပေမယ့် စောရဲ့ခံစားချက်တွေကို အတင်းအကျပ်တောင်းခံမိသလို ဖြစ်မည်စိုးရိမ်သည် ။ 
ထို့ကြောင့်ပင် မဝံမရဲ အမေးထုတ်မိခြင်း ဖြစ်သည် ။
ကျွန်တော့် အမေးကို စောက ပြန်မဖြေခဲ့ ။
ပြန်ဖြေမည့်အစား ကျွန်တော့်လက်ကို ဆွဲလိုက်ကာ ဘယ်ဘက် ရင်အုံပေါ် တင်ပေးသည် ။
ထို့နောက်တွင်မှ ရင်ဘတ်နားတွင် ခပ်တိုးတိုး အသံလေးက ထွက်ပေါ်လာလေသည် ။

" အတူတူပဲ "

ပုံမှန်နှလုံးခုန်နှုန်းထက် ဆတက်တိုးစွာ ခုန်လှုပ်နေကြသော နှလုံးသားတစ်စုံ ။

" စော! "

အေးစက်နေသော စောလက်တွေကို ပြန်ဆုတ်ကိုင်လိုက်ကာ ပိုပိုတိုး၍သာ ဖက်မိတော့သည် ။
ဒီလူကို ထပ်ခါထပ်ခါ ပြုစားနေသည်က ရူးသွားစေချင်၍လား မသိတော့ပေ ။
ကာယကံရှင်လေးကတော့ ရင်ခွင်ထဲမှာ အပုန်းကောင်းစွာဖြင့် ခေါင်းမဖော်လာသေး ။
ဒီကောင်ကတော့ နေမြင့်လေ အရူးရင့်လေ ဖြစ်၍နေပေပြီ ။

အတိတ်ကို ပြန်တွေးကြည့်မှ ကျွန်တော်ကသာ အစဥ်အမြဲ စောရင်ခွင်ထဲ ပြေးဝင်ခဲ့ဖူးသူ ဖြစ်ခဲ့သည် ။
ယခုလိုမျိုး စောက ကျွန်တော့် ရင်ခွင်ထဲ နားခိုသည့် အချိန်က လက်ချိုးရေတွက်၍ လက်ငါးချောင်းမပြည့် ။
နောက်ဆိုရင် စောရင်ခွင်ထဲ ပြေးဝင်မည့်အစား စောကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းကာ နွေးထွေးမှုပေးမည် ။
ဒီရင်ခွင်ဟာ စော လိုအပ်သည့် အချိန်တိုင်း နားခိုခွင့်ရနိုင်ကြောင်းကို တစ်နေ့နေ့တော့ စော နားလည်လာ နိုင်အောင် ကြိုးစားရမည် ။

Eternal ( ခေတ္တရပ်နား )Where stories live. Discover now