Part 27 Unicode

318 47 8
                                    

အသက်ရှုသံ ဖြေးဖြေးမှန်မှန်ကို နားစွင့်နေရင်းမှ လုပ်နေဆဲ အလုပ်တွေကို လက်စသပ်လိုက်သည် ။
ထက်ကို အိပ်နေသော ကုတင်ဘေးဆီ ရောက်သွားတော့ မျက်ခုံးတန်းတွေ ထိစပ်လုနီးပါး ကြုံထားသော ထက်ကို,ကို မြင်လိုက်ရသည် ။
ထက်ကိုဘေးနား ဝင်လှဲလိုက်တော့ မျက်ခုံးတန်းတွေက တဖြည်းဖြည်း ပြေလျော့သွားကာ ကျွန်တော် ရှိရာဆီသို့ တိုးကပ်လာခဲ့သည် ။
မျက်လုံးတစ်စုံက ဖြတ်ခနဲပွင့်လာပြီး ချက်ချင်း ပြန်စင်းကျသွားသည် ။

" စောလား... မအိပ်သေးဘူးလား "

" စော အိပ်တော့မှာ "

အိပ်ချင်နေသည်ကို မသိစိတ်ကြောင့် ကောင်းကောင်း အိပ်ပျော်ပုံမရ ။

" အိပ်တော့ "

" အင်း... "

သံရှည်ဆွဲကာ လက်မောင်းကြားထဲ ဝင်လာသူကို တွန်းမထုတ်ရက်သည်မို့
ငြိမ်၍သာ နေလိုက်ရသည် ။

လက်တစ်ဖက်က လည်ပင်းပေါ်ကို ယှက်တင်ကာ သိုင်းဖက်လာသည် ။
ညီးညူသံတိုးတိုးလေးက နားထဲသို့ ဝင်ရောက်လာသည် ။

" စော! "

" အင်း "

အသံပြုပေးမှ စိတ်သက်သာရာရသွားပုံရပြီး အသက်ရှူသံက တဖြည်းဖြည်းငြိမ်လာသည် ။
အသက်ရှုသံမှန်မှန်လေးကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှန်း သိလိုက်သည် ။
ကျွန်တော်သည်လည်း မနက်ဖြန် အလုပ်စောစော သွားရမည်မို့ မျက်လုံးတွေ မှိတ်လိုက်တော့သည် ။

မျက်လုံးတွေ မှိတ်လိုက်ပေမယ့် အိပ်၍မပျော် ။
အချိန်အားဖြင့် ၁၁နာရီ ထိုးတော့မည်ဖြစ်ပေမယ့် အိပ်မပျော် ဖြစ်ကာ အတွေးတွေက တောင်စဥ်ရေမရ လျှောက်သွား၍ နေသည် ။

အသက် ၃၀နားနီးမှ ရင်ခုန်သံကို ခံစားရသည် ။
ထိုမရင်းနှီးသည့် ခံစားချက်က အရင်းနှီးဆုံးလူသားလေးကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည် ။
ရင်ခုန်ခြင်းက ချစ်ခြင်းရဲ့ အစဟု
နေလင်းက ပြောဖူးသည် ။

ထို့ကြောင့်ပင် ကျွန်တော် အမှန်တရားကို ရင်ဆိုင်ဖို့ရာ ကျွန်တော်ကြောက်သည် ။
ကျွန်တော် အမှန်တကယ် ကြောက်နေမိသည်က မဖြစ်သင့် ဆိုသည့် အကြောင်းပြချက်ထက် ကျွန်တော့်ရဲ့ အမည်မယ်မယ်ရရ မတပ်ရသေးသော ခံစားချက်တွေက ထိုကလေးကို ချစ်နေမိခြင်း ဖြစ်နေမည်ကို ကြောက်ခြင်း ဖြစ်သည် ။
မဟုတ်သေး ၊ တကယ့် တကယ်တမ်းတော့ ချစ်ရသည်ကို ကြောက်ခြင်း မဟုတ်ပဲ နှစ်ဦးနှစ်ဖက် ခံစားချက်တွေ ဖလှယ်ပြီးမှ နောင်တစ်ချိန် စစ်မှန်သူတွေ့ခဲ့ကြရင်ဆိုသော အတွေးကို ကြောက်ခြင်းဖြစ်သည် ။

Eternal ( ခေတ္တရပ်နား )Onde histórias criam vida. Descubra agora