Part 4 Zawgyi

447 28 3
                                    

နွဦေးရဲ့ အငွေ့အသက်အနည်းငယ်ကိုခံစားနေရပြီ ။ ရွက်ဝါတွေက လေအဝှေ့မှာ မြေသို့ တဖြည်းဖြည်း ခကြွေလျက်ရှိနေသည် ။
ကော်ရေတာကနေ လေမှာဝဲလွင့်နေတဲ့ ရွက်ကြွေတွေကိုငေးရင်း မြတ်နိုးမိတဲ့ လူသားတစ်ယောက်ကိုတွေးမိတဲ့အခါမှာတော့ ကျွန်တော့်ကို အရူးရင့်စေသည် ။

စောနှင့်ကျွန်တော့်ရဲ့ အနာဂတ်နေ့ရက်တွေက မသေချာမရေရာလှ ။ ဆယ့်နှစ်နှစ်ကျော်လုံး ဆွေမျိုးရင်းချာရယ်လို့ မရှိသည့် စောက မွေးစားအစ်မရဲ့ သားလေးဖြစ်သည့် တစ်ဦးတည်းသော တူလေးဖြစ်သူ ကျွန်တော်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြတ်သန်းလာခဲ့ပြီး ကျွန်တော့်ဆီမှာလည်း စောရဲ့ကျေးဇူးတရားတွေများပြားလွန်းလှသည် ။ ထိုကျေးဇူးတရားတွေကို ပြန်ဆပ်ဖို့တောင် အခွင့်အရေးမရသေးခင် ကျွန်တော်က စောအပေါ် မရှိသင့်သည့်စိတ်ခံစားချက်တွေရှိနေခဲ့ပြီ ။

ကျွန်တော့်မှာ အသိတရားတွေ မရှိတော့တာ မဟုတ်ပေမယ့် ထိုအသိတရားတွေကအစ ကျွန်တော့်ကို မထိန်းချုပ်နိုင်ခဲ့တော့တာ ။ အသိတရားနှင့်ယှဉ်ရင် ကျွန်တော့်လုပ်ရပ်တွေက မှားကောင်းမှားလိမ့်မည်ဖြစ်ပေမယ့် နှလုံးသားနဲ့ ယှဉ်သည့်အခါ ကျွန်တော့်ဆုံးဖြတ်ချက်တွေက မှန်ပါလိမ့်မည် ။
ငယ်ရွယ်စဉ်လူငယ်ဘဝမှာ တစ်ခါလောက်တော့ နှလုံးသားကို အလိုလိုက်ခွင့်ရတယ်မလား ။

ကျွန်တော်ဆုံးဖြတ်ပြီးသည့်အခါ စောကို လာကြိုပေးဖို့ ဖုန်းဆက်လိုက်သည်။
စောဆီဖုန်းဆက်ပြီးသည့်အခါမှာတော့ ကျွန်တော်ကျေနပ်နေသလိုခံစားရသည် ။ စောရဲ့ နွေးထွေးပြီး အလိုလိုက်တဲ့ အသံလေးတွေက ကမ္ဘာမြေဆွဲအားလိုပဲ ဆွဲအားကောင်းလွန်းလှပြီး လူကို မလွတ်မြောက်စေတော့အောင် ဖမ်းစားထားလိုက်ကာ စိတ်အစုံကိုကြည်နူးစေလေသည်။

စောနဲ့ အဆင်ပြန်ပြေသွားတာ သိပ်ကောင်းတာပဲ ။
အစကတော့ ကျွန်တော့်ရဲ့ပြောင်းလဲနေတဲ့ခံစားချက်တွေကို လစ်လျူရှုဖို့ ကြိုးစားချင်ခဲ့သည်။
အကြောင်းပြချက်ကတော့ ရှင်းပါသည် ၊ စောက ကျွန်တော့်ရဲ့ ဦးလေးတစ်ယောက်မို့ဖြစ်သည်။ ဦးလေးအရင်း မဟုတ်မှန်း သိထားခဲ့ပေမယ့် ၊ စောက ကျွန်တော့်ကို တူလေးတစ်ယောက်လိုပဲ သဘောထားတာလည်းသိသည့်အတွက်ကြောင့် ရှေ့ဆက်မတိုးချင်ခဲ့တာ ဖြစ်သည် ။ ရူးကြောင်ကြောင်အလုပ်တွေလုပ်ခဲ့ပြီးနောက်မှာ ကျွန်တော်သိလိုက်ရသည် ။ တကယ်၍များ ရှေ့ဆက်မတိုးပဲနေရင် ကျွန်တော် တစ်သက်လုံးပျော်နိုင်မှာ မဟုတ်တော့ဘူး ။

Eternal ( ခတ်ေတရပျနား )Donde viven las historias. Descúbrelo ahora