ထမုံတို့၏အိမ်ရောက်တော့ ဦးလေးကြီးတွေ ခြံရှေ့မှာ sound boxတွေဖွင့်ပြီး ကနေကြတာတွေ့သည်။
"အဲဒါ ငါ့အဖေ"
ထမုံညွှန်ပြသည့် နေရာကြည့်လိုက်လျှင် ဦးလေးကြီးတစ်ယောက် ယိုင်ထိုးယိုင်ထိုးဖြင့် သီချင်းဆိုပြီး ကနေတာတွေ့ရသည်။ထမုံနှင့်တော့ ရုပ်ချင်းခပ်ဆင်ဆင်ပါ။ကြည့်ရသလောက် လူပျော်ကြီးဖြစ်ဖို့များသည်။မိမိတို့နှစ်ယောက် သူ့ရှေ့မှဖြတ်သွားတာလည်း သူ့အာရုံနှင့်သူ သတိမထားမိဘူး။
"လာ အိမ်ထဲဝင်ရအောင်"
အခုထိ မိမိလက်ကို လွတ်မပေးဘဲ ဆုပ်ကိုင်ထားသည်။တော်တော် အားကိုးရသည့် ငါ့သူငယ်ချင်း။အိပ်စရာမရှိလို့ အိမ်ခေါ်လာပေးသည်။ကျေးဇူးပါ ထမုံရာ။
အိမ်ကတော့ တစ်ထပ်အိမ်လေးပါပဲ။အိမ်ထက်စာလျှင် ခြံဝန်းကြီးက ပိုကျယ်သည်။ခြံထဲလည်း မန်းကျည်းပင်တွေ သရက်ပင်တွေအများကြီးပဲ။ငိုလာသည့် မျက်ရည်တွေတောင် ဘယ်အချိန် ခြောက်သွားလဲမသိ။
အိမ်ထဲကို သေချာကြည့်မှ ရှေ့အဖီလေးချပြီး ဈေးဆိုင်သေးသေးလေး ရှိတာတွေ့သည်။
"အမေ...အမေ"
"ဟဲ့ ..ဘာတုန်း ဇွတ်မအော်နဲ့ ဒီမယ် နင့်ပထွေးစားဖို့ ငါကြက်သားကြော်နေလို့"
မီးဖိုခန်းဘက်မှ အမေလှမ်းအော်နေသံကြားသည်။
"နယုန် ဒီမှာ ခဏထိုင်ဦး ငါ့အမေနဲ့ မိတ်ဆက်ပေးမယ် အားမနာနဲ့ ဒီနားခဏနေဦးကွာ"
လမ်းတလျှောက်လုံးလည်း အားမနာနဲ့ဆိုသည့်စကားချည်း ထပ်ချည်းတလဲလဲရွတ်လာသည်။ခုလည်း ပြောနေပြန်ပြီ။
"အေးပါ သွား...သွား"
အိမ်လေးထဲ ဝေ့ဝဲကြည့်လိုက်တော့ အိမ်ခန်းထဲမှ ကောင်မလေး နှစ်ယောက်ထွက်လာသည်။
"ဟယ်...ကိုကြီး အိမ်လိုက်လာတယ် ကိုမုံရော...
ကိုကြီးကိုထားပြီး ဘယ်သွားနေတာလဲ"နေ့လည်က ထမုံ့ညီမလေးက ဘေးနားလာထိုင်ပြီးမေးသည်။နောက်ဖေးလက်ညွှန်ပြရင်း ကျန်သည့်တစ်ယောက်ကို စပ်စပ်စုစုကြည့်မိသည်။သူကလည်း ကိုယ့်ကို ကြည့်နေသည်။ပုံစံက စူးစူးရဲရဲနှင့် ထက်ပုံရသည်။
YOU ARE READING
တို့အတူ(တို႔အတူ) Completed