Unicode
၀မ်ရိပေါ် လေ့ကျင့်ရေးစခန်းကို ရောက်နေသည်မှာ တစ်ပတ်ပင်ရှိလေပြီ ။စခန်းသည် ရှန်းယန်မြို့၏ အရှေ့တောင်ဘက်ရှိ လီရှန့်တောင်ခြေတွင်တည်ရှိပြီး တပ်သားထောင်ကျော်ရှိသည် ။ နယ်မြေဧရိယာလည်း အလွန်ကျယ်ပြန့်သည့်အပြင် တပ်သားများနေဖို့ အဆောင်ခန်းပေါင်းရာကျော်ရှိလေသည် ။
တစ်ခန်းတွင် တပ်သားဆယ်ယောက်စီ စုနေကြရသည် ။ သတ်မှတ်ချိန်အတိုင်း အိပ်ကြရပြီး အပြင်ထွက်ခွင့်မရှိ ။ ဝေလီဝေလင်းတည်းက အိပ်ရာထရကာ လေ့ကျင့်ရေးစရသည် ။ တစ်နေကုန် ဓားရေး လှံရေးလေ့ကျင့်ရကာ ထမင်းစားနားချိန်မှလွဲ နားခွင့်မရှိပေ ။ စည်းကမ်းတင်းကျပ်သဖြင့် တပ်သားတိုင်းလိုလို အိမ်ပြန်ချင်သည်ဟု ညည်းညူကြသည် ။ သို့သော် စခန်းသို့ရောက်လာသော တပ်သားတိုင်း မိမိသဘောနှင့် မိမိပြန်ခွင့်မရှိကြသောကြောင့် ကြိတ်မှတ်သည်းခံကြရသည် ။
ယခင်နှစ်က ၀မ်ရိပေါ်နဲ့ ဘ၀တူလယ်သမားတွေစု၍ တောခိုကာ တစ်နှစ်နီးပါးလေ့ကျင့်ခဲ့ရသည် ။ အသက်ငယ်သော်လည်း ထက်မြက်အရည်ချင်းရှိသူမို့ သူဟာ ပုန်ကန်သူတို့ရဲ့ခေါင်းဆောင်ဖြစ်လာရင်း လော့ယန်မြို့စားနဲ့တိုက်ပွဲဖြစ်၏ ။ သူတိုလူအင်အားက တစ်ထောင်ကျော်လေးသာ။ လက်နက်အင်အားပါမယှဉ်နိုင်တဲ့အဆုံး သူတို့အကုန် မြို့စားထံအဖမ်းခံခဲ့ရသည် ။ သေကံမရောက်သည်ဟုဆိုရမလိုပင် အိမ်ရှေ့စံက သူ့ကိုအပြစ်ဒဏ်မှလျှော့ပေးသည်မို့ နန်းမြို့တော်သို့ ၀မ်ရိပေါ်ရောက်လာခဲ့ရသည် ။ထို့ကြောင့် ၀မ်ရိပေါ်သည် အလေ့ကျင့်ရှိပြီးသားမို့ တခြားသူတွေလောက်မပင်ပန်း။
" လူချောလေး မင်းကျတော့လည်း သက်သက်သာသာပါပဲလား၊ တို့များတော့ ကိုယ်လက်တွေ ကိုက်ခဲလိုက်တာ လွန်ပါလေရော ၊ လှုပ်တောင်မလှုပ်နိုင်တော့ဘူး "
အသံစာစာနဲ့အတူ ၀မ်ရိပေါ်ထိုင်နေသည့်ဘေး ၀င်ထိုင်သူကား သူနဲ့တစ်ခန်းတည်းက ဖုန်ကျန်းပင်။ သဲအိတ်တွေ အခေါက်ခေါက်အခါခါထမ်းပြီးနောက် လေ့ကျင့်ကွင်းထဲ ခေတ္တအမောဖြေနေတုန်း ရောက်လာခြင်းဖြစ်သည်။
အမြဲခပ်တည်တည် စကားနည်းတဲ့ ၀မ်ရိပေါ်ကို ဤတပ်စခန်းမှာ ခင်မင်သူမရှိ ။ဖုန်ကျန်းတစ်ယောက်သာ သူ့ကိုရင်နှီးဟန်ရှိသည် ။သူ့ဘက်က ခပ်စိမ်းစိမ်းနေရင်တောင်မှ ဖုန်ကျန်းက လာရောတတ်သည် ။ ၀မ်ရိပေါ်ရောက်ခါစကဆို ဖုန်ကျန်းက သူ့ကိုစေ့စေ့ကြည့်ကာ ဤသို့စကားဆိုသည်။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )