Unicode
" မင်းကြီးနဲ့ ဧကရီနဲ့ကြွလာပါပြီ "
ကုန်းကုန်းရဲ့ အောင်မြင်ထည်ဝါတဲ့ အသံအဆုံး အစောင့်ရဲမက်နှစ်ယောက်က တံခါးချပ်ကြီးကို ဆွဲဖွင့်လိုက်ကြသည် ။အလျားရှည်ပြီး သာမာန်နန်းဆောင်တွေထက် သုံးဆမျှကျယ်၀န်းသော ခန်းမဆောင်ထဲတွင် မှူးမတ်သေနာပတိများ တစ်ဖက်တစ်ချက်စီ နေရာယူထား၏။ ၎င်းတို့ရှေ့ရှိ ကျွန်းစားပွဲရှည်တွင် စားဖွယ်စုံအလျှံပယ်ခင်းကျင်းထားသေးသည် ။
အလယ်လမ်းမကျယ်တွင် အရှင်နှစ်ပါးကြွလာသည်နှင့် မှူးမတ်တို့အကုန် မတ်တပ်ရပ်ကာ အရိုအသေပေးကြရသည် ။ တစ်ယောက်က မဟူရာရောင်ဧကရာဇ်တို့၏ နဂါး၀တ်ရုံနှင့် မြင်သူရှိန်ရလောက်အောင် အရှိန်အဝါထွက်နေသလို ကျန်တစ်ယောက်ကလည်း ရွှေပိုးချည်အနားကွပ် ဆင်စွယ်ရောင်သားမွေး၀တ်စုံကြောင့် တင့်တယ်လွန်းနေပေး၏ ။ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားနှစ်ယောက်ဖြစ်သော်ငြား နှစ်ယောက်လုံး၏အရှိန်အဝါကား တစ်ကွဲတစ်ပြားစီဖြစ်မနေ ၊ နေနှင့်လသဖွယ် အတွဲညီလွန်းသည်မို့ လျှောက်လမ်းအဆုံးတွင် အရှင်နှစ်ပါးက ရာဇပလ္လင်ထက်ယှဉ်တွဲထိုင်လိုက်သည်အထိ မှူးမတ်များမှာ တမေ့တမော့ငေးနေကြသည် ။
ဧကရာဇ်၀မ်က လက်အမူအရာဖြင့် အမိန့်ပေးသော်မှ အားလုံးမှာသတိ၀င်ရကာ နေရာတွင်ပြိုင်တူထိုင်လိုက်ကြသည် ။
" ကဲ ကဲ ဧကရာဇ်လည်း ရောက်ပြီဆိုတော့ အခမ်းအနားစကြစို့လား "
၀မ်ရိပေါ်ထက်တစ်ဆင့်နိမ့်သော ခုံမြင့်တွင် ထိုင်နေသည့် လီကျွယ်ကစကားစလိုက်ခြင်း ။ ၀မ်ရိပေါ်က ခေါင်းငြိမ့်လိုက်ကာ
" စကြတာပေါ့ "
၀မ်ရိပေါ်အမိန့်ပေးလိုက်သည်နှင့် မှူးမတ်များမှာ သေရည်ခွက်ကိုယ်စီမြှောက်၍သောက်လိုက်ကြသည်။ ခဏအကြာတွင် ကချေသည်မိန်းမပျိုအချို့ ၀င်လာသည်ဖြစ်ရာ အတီးအမှုတ်၊အကအခုန်တွေနှင့် စားသောက်ပွဲက ပိုမြိုင်ဆိုင်သွားသည် ။ ပျော်ရွှင်ရယ်မောသံတွေ တသောသောညံစီလျက် ။
ရှောင်းကျန့်တစ်ယောက်သာ စားဖွယ်တွေကို မတို့မထိပဲ ငြိမ်သက်လို့နေသည် ။
၀မ်ရိပေါ်၏ဝဲဘက်တွင် ရှောင်းကျန့်ထိုင်လိုက်သည့်အချိန်က လီကျွယ့်မျက်နှာတွင် မကြည်ဖြူ ၊မနှစ်မြို့သည့်အရိပ်အယောင်တွေဖြတ်ပြေးသွားတာ ရှောင်းကျန်မြင်ဖြစ်အောင် မြင်လိုက်သည် ။ ဦးရီးတော်တဖြစ်လဲ ဘုရင့်အကြံပေးဖြစ်သည့် လီကျွယ်က သည်နိုင်ငံတွင် ဧကရာဇ်ပြီးရင် အာဏာအရှိဆုံးဟုဆိုရမည်ပင် ။လက်ထပ်ပွဲမှာတည်းက မိမိကို သူ မကြည်ဖြူတာ ရှောင်းကျန့်ရိပ်မိသည် ။မိမိနှင့်လီကျွယ်ဆိုတာ စစ်မြေပြင်မှာကတည်းက မပြယ်သောအငြိုးတွေရှိနေသည်မဟုတ်လား ။ ရှောင်းကျန့်လို ယောက်ျားတစ်ယောက်နဲ့ သေချာပေါက် သူ့တူတော်မောင်ကို ဘယ်ကြည်ဖြူနိုင်ပါ့မလဲ ။ သို့သော် ၀မ်ရိပေါ်ကို မလွန်ဆန်နိုင်၍သာ ရှောင်းကျန့်ကို လက်ခံပေးထားရတဲ့သဘောမျိုး ။ ရှောင်းကျန့်က မဲ့ပြုံးတစ်ချက်သာ ပြုံးလိုက်မိသည် ။
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )