[November လတွင်ပို့သောစာ]
ဆောင်းလေရူးသည် မြောက်မှတောင်သို့ ခပ်သော့သော့လေးတိုက်ခတ်နေသည် ။
လှုပ်ခပ်သွားသော သစ်ကိုင်း ၊ သစ်ပင် လေးများထက်မှ ငှက်ကလေးများပင် လန့်ကာ အဝေးသို့ပျံသန်းသွားကြသည် ။ရော်ရွက်တစ်ချို့သည်လည်း လေအေး၏တိုက်စားမှုကြောင့် အိမ်ရှေ့မြေပြင်ထက် ပြိုပြိုလဲလဲဖြင့် ဖရိုဖရဲ ကြွေကျသက်ဆင်းရသည် ။
လသည်ကား အေးသောဆောင်း၏ November လဖြစ်ပြီး အိမ်တော်၏ သားဦးလေးမွေးဖွားသန့်စင်သော ရက်တစ်ရာပြည့်နေ့ဖြစ်သည် ။အိမ်တော်၌ အလုပ်သမားသုံးယောက်ရှိလေရာ သံုးယောက်လုံးသည် ရက်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ်အတွက် အလုပ်ရှုပ်နေကြသည်မို့ အိမ်ရှေ့ မြေပြင်သို့ သက်ဆင်းနေသော အနှီးလေးများကို သွားရောက်မကောက်ယူနိုင်ချေ ။
ထိုအချိန်တွင် အိမ်ပြတင်းပေါက်အား မျက်နှာမူကာ စာရင်းစာအုပ်များကြား အလုပ်ရှုပ်နေရှာသည့် လူတစ်ဦးသည် အိမ်ရှေ့ မြေပြင်မှ အနှီးလေးများအား လှန်းကြည့်လာသည် ။
ဖြူဖွေး၍ သွေးကြောစိမ်းများ ထောင်နေသော လက်သည် မျက်နှာချောချောထက် နေရာယူသော လေးထောင့်မျက်မှန်ကို ချွတ်၍ စားပွဲထက်သို့တင်လိုက်သည် ။
ထို့နောက် ဖြူဖွေးသော ခြေဖမိုးတစ်စုံသည် ကတ္တီပါအနက်ရောင်ဖိနပ်ကိုစီး၍အိမ်ရှေ့မြေပြင် သို့ တည်ကြည်စွာလှမ်းလာသည် ။ခြေဖမိုးနုနုတို့သည် အားကိုးချင်စရာကောင်းပြီး အရပ်အမောင်းမှာလည်း ဖက်တွယ်ထားချင်စရာကောင်းသည် ။
နေရောင်တို့တိုက်ရိုက်ကျရောက်သောအခါ မြေပြင်ပျံပျံတွင် မားမတ်သော အရိပ်သည် ထင်းရှင်းထွက်လာသည် ။
အရိပ်ကိုကြည့်ရုံနှင့်ပင် လေးစားချင်စရာကောင်းသော ထိုလူသည် အေးစက်တည်ငြိမ်၍ တစ်နေရာတည်းကိုသာ တည်ရှုကြည့်နေသည် ။ထို့နောက် အဝတ်တန်းထက်မှ သက်ဆင်းနေကျသော အနှီးငယ်များကို ကောက်လိုက်သည် ။
ဖုန်အနည်းငယ်ကပ်နေသည်မို့ လေဟာနယ်၌ တစ်ချက်မျှ ခါလိုက်ရင်းဖြင့် ဖုန်တစ်ချို့အား နှင်ထုတ်လိုက်သည် ။
YOU ARE READING
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...