[ လေပြေမှစသော မုန်တိုင်း ]
စက်တင်ဘာလ ။ ကဗျာ ၊ စာများဖြင့် အမျိုးမျိုးပုံဖော်ရေးသားကာ ဖွဲ့နွဲ့ကြသော သာယာသည့် စက်တင်ဘာလ ။
တရိပ်ရိပ်ပြေးနေသော ကားလမ်းမထက်တွင် သတိထားမောင်းနှင်နေရင်းမှ အနွယ်တော်၏အတွေးတို့သည် ဖြောင့်တန်းသောလမ်းမဆီမှ အဝေးတစ်နေရာသို့ ။
ထိုနေ့က သွားနေသော လမ်းမှာ ကလောမြို့သို့ အဝေးပြေးလမ်းမဖြစ်သည် ။" သား ခင်နေလလေးကို ဘယ်လို သဘောရလဲ "
" သား ခင်နေလလေးနဲ့ လက်မထပ်ချင်ဘူးလား "
" သား အိမ်ထောင်ပြုရင် ခင်နေလလေးကိုအရင်စဥ်းစားနော် "
" သား....ထိုသို့ အစချီတတ်သော မိခင်ဖြစ်သူ၏စကားများ အဆုံးသတ်သွားသည်က ခင်နေလတစ်ယောက် ကလောမြို့မှ သူမ၏ချစ်သူရှေ့နေကောင်လေးနှင့် ခိုးရာလိုက်သွားသည့်အချိန်ကဖြစ်သည် ။နှစ်ဖက်မိဘများက လူငယ်များ သဘောထားကို မမေးပါဘဲနှင့် အတင်အကြပ်လက်ထပ်ပေးချင်ရာမှ နောက်ဆုံးတွင် ခင်နေလကိုယ်တိုင်က အနွယ်တော့်ကို အကူအညီတောင်းလာခဲ့ခြင်းဖြစ်သည် ။
အနွယ်တော် ကိုယ်တိုင် ကားဂိတ်သို့ လိုက်ပို့ခဲ့ပြီး အနွယ်တော် ကိုယ်တိုင် ထိုကောင်လေးလက်ထဲသို့ထည့်ပေးလိုက်ခြင်းဖြစ်သည် ။နှစ်အိမ်တစ်အိမ်နေကြသည်မို့ ယခုခင်နေလမဂ်လာတွင် တစ်အိမ်သားလုံး သွားကြခြင်းဖြစ်သည် ။
ခင်နေလ ခိုးရာလိုက်သွားသည့်ညက အနွယ်တော် ထိုအကြောင်းအား အစအဆုံး စီကာပတ်ကုံး ရယ်လိုက်မောလိုက်ဖြင့် သဒ္ဒါ့အား ဖုန်းဆက်ကာပြောပြခဲ့သေးသည် ။သို့သော် သဒ္ဒါသည်တော့ ထွေထွေထူးထူးပြန်မပြောခဲ့ချေ ။
ခင်နေလ၏ မဂ်လာဆောင်ကျေးဇူးဖြင့် အနွယ်တော် သဒ္ဒါနှင့်တွေ့ရတော့မည် ။
" သားပင်ပန်းရင် သားအဖေကိုပေးမောင်းလိုက်လေ "
" ရပါတယ် သားမပင်ပန်းသေးပါဘူး "
ထို့နောက် ကလောသို့ မောင်းလာခဲ့သောကားလေးသည် မဂ်လာဆောင်အပြီးတွင် ပြင်ဦးလွင်မှ ပန်းခတ်နွယ်အိမ်တော်ဆီသို့ ဆက်လက်မောင်းနှင်သည် ။
အိမ်တော်သို့ ရောက်လျှင်ပင် မိခင်နှင့်တိုင်ပင်ကာ တစ်ပတ်ခန့်နေမည်ဟု စိတ်ကူးထားခဲ့သည် ။
YOU ARE READING
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...