[ February လတွင်ပို့သောစာ]
ခြံထဲမှ စံပါယ်နံ့သင်းသင်းက အိမ်ထဲအထိ ပျံ့လွင့်မွှေးကြိုင်နေသော မိုးပြေးရွာသည့် ဇွန်လတွင် ဖြစ်သည် ။
ကျေးငှက်ကလေးများ တကျိကျိတေးဆိုနေခဲ့သော ထိုမနက်ခင်း၌အိမ်၏ မွေ့ယာဖွေးဖွေးရှိရာကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော အနွယ်တော်က နတ်များဖန်တီးသည့် ရုပ်ထုလို ကြည်စင်နေတော့သည် ။ဝင်းမွတ်နေသော မျက်နှာက အသက်အရွယ်နှင့်လားလားမှမဆိုင်စွာ ကြည့်လို့ကောင်းနေသလို ရူပကာက အတော်ဖြောင့်သည် ။
ရှည်လျားသော အရပ်အမောင်းနှင့် တည်တင်းသောမျက်နှာကြောကြောင့်သာ လူရှိန်နေခြင်းဖြစ်ပြီး အနွယ်တော်က ယခုလိုအိပ်နေချိန်လေးများဆိုလျှင် ကလေးငယ်တစ်ယောက်လို ၊ ယုန်လေးတစ်ကောင်လို ချစ်စရာသိပ်လည်းကောင်းသေးသည် ။
🍂🍂တောပန်းလေးများနဲ့ လှချင်တိုင်းလှနေပါတယ်................ 🍂🍂
တငြိမ့်ငြိမ့်ထွက်ပေါ်လာသော ဖုန်းသံကြောင့် အနွယ်တော် နိုးလာကာ ကုတင်ဘေးစားပွဲပေါ်သို့ လက်ဖြင့် ဟိုသည်စမ်း၍ ဖုန်းကိုရှာလိုက်သည် ။
" ဟယ်လို "
မျက်လုံးကိုမဖွင့်နိုင်သေးပါဘဲ အနွယ်တော် ဖုန်းကိုင်လိုက်သည် ။
" ဆရာ ။ ဆရာရှာခိုင်းတဲ့အတိုင်း ကျွန်တော်ရှာကြည့်ပြီးပါပြီ ။ ဒီတစ်ခါ နယ်စပ်တပ်ခွဲတွေထဲမှာတောင် သဒ္ဒါဆိုတဲ့နံမည်ကိုရှာမတွေ့ဘူး ဆရာ ။ ရှာလာတာ ငါးလကျော်နေပါပြီ ။ ဆိုတော့ သတင်းမှားဖြစ်ပုံပေါ်တယ် ဆရာ "
တစ်ဖက်မှ စကားအဆုံး အနွယ်တော် ကုတင်ထက်၌ ငေါက်ခနဲထထိုင်လိုက်သည် ။
" အင်း ကိုယ်လည်းသတင်းမှားလို့ထင်တယ် မဟုတ်ဘူး မှားကိုမှားနေတာ ဆက်မရှာနဲ့တော့ ဒီကိုပြန်လာခဲ့တော့ "
ထို့နောက် အနွယ်တော် ဖုန်းကိုချကာ ကုတင်ဘေးသို့ပြစ်တင်လိုက်သည် ။
ခေါင်းကိုငိုက်စိုက်ချရင်း ဆံသားတိုများကို လက်ချောင်းရှည်များဖြင့် ထိုးဖွကာ သက်ပြင်းတစ်ချက်ချလိုက်သည် ။
ESTÁS LEYENDO
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...