ညနေ ခြောက်နာရီ..... တဖြည်းဖြည်းမှောင်လာခဲ့ပြီး အေးစိမ့်လာခဲ့သည်။ အဆိုးဆုံးက တစ်ယောက်တည်းအထီးကျန်နေခြင်းပင်....နေရောင်ခြည်သည် တစ်ဖြေးဖြေးမှေးမှိန်လာကာ ညအတွက် လမ်းစကို ဖန်တီးပေးနေလေသည်။ မိုးတိမ်များကလည်း ညို့မှိုင်းနေကာ မကြာမီ မိုးပြိုကျတော့မလိုပင်ဖြစ်နေလေသည်။ဘက်ကာ သည် ပန်းစည်းတစ်စည်းအားကိုင်ကာ သုသာန် ထဲတွင် ရပ်နေခဲ့သည်။ အေးစက်သော လေများက သူမမျက်နှာအား ရိုက်ခတ်လာသောကြောင့် ဓားနဲ့အမွှန်းခံနေရသလိုပင်။ သူမ၏ အစိမ်းရောင် မျက်လုံးများက ကောင်းကင် ထက်မှ ကြယ်များကဲ့သို့ လင်းလက်နေကာ အနက်ရောင်ဆံပင်ရှည်များကလည်း လေထဲတွင် လွှင့်နေခဲ့သည်။
သူမသည် လက်ရှည်အကျီနှင့် ဒူးအထိရှည်သော စကပ်အား ဝတ်ဆင်ထားသည်။ အကုန်လုံးက အနက်ရောင်ပင်ဖြစ်သည်။ သူမသည် အလွန်လှပပြီး အရမ်းဆွဲဆောင်မှုရှိပုံ မပေါ်သော်လည်း ယောင်္ကျားများအား နှစ်ခါလှည့်ကြည့်စေလောက်သည် အထိတော့ ဆွဲဆောင်နိုင်လေသည်။ သူမ၏ သဲနာရီကဲ့သို့ ပုံရိပ်၊ နူးညံ့ချောမွေ့နေသော အသားအရည်၊ ပျော့ပြောင်းနုအိနေသည့် နှုတ်ခမ်းအစုံ နှင့် အစိမ်းရောင် မျက်လုံးများက ပုရိသ ယောင်္ကျားတို့အတွက်တော့ အလွန်အမင်း ဆွဲဆောင်မှုရှိသော ပုံစံဖြစ်လေသည်။
အပြင်ဘက်မှာ လှပပြီး ပျော်ရွှင်နေပုံပေါက်ပေမယ့် ရင်တွင်းမှာတော့ ထိုသို့မဟုတ်ပေ။ သူမနှလုံးသား၏ အားနည်းချက်ကို ကာကွယ်ဖို့ရန် ထိုနှလုံးသားအား အေးစက်သော နံရံများဖြင့် ကာကွယ် ထိန်းသိမ်းထားလေသည်။
ဘက်ကာသည် လက်ထဲတွင် ပန်းစည်းကိုင်ကာ အန်မဒါ လီ ချက်တာ ဟု အမည်ရှိသောအုတ်ဂူရှေ့တွင်ရပ်နေလေသည်။ သူမ၏အမေရင်းဖြစ်သော အန်မဒါ သည် လွန်ခဲ့သော ခြောက်နှစ်ကတည်းက ယောင်္ကျားဖြစ်သူ ဒန်နီရယ်၊ သမီးဖြစ်သူ လီဆာတို့နှင့် အတူ ကားမတော်တဆမှုဖြင့် သေဆုံးခဲ့သူဖြစ်သည်။ ဘက်ကာသည် သူမအမေ၏ အုတ်ဂူဘေးတွင်ရှိသောပထွေး၏ အုတ်ဂူနှင့် ညီမ ၏ အုတ်ဂူအား တစ်ချက်မျှကြည့်ခဲ့သည်။
ဘက်ကာသည် လိမ့်ကျလာသော မျက်ရည်များအား သုတ်ပစ်ခြင်းမရှိပဲ ဆန္ဒရှိသလို ကျဆင်းစေခဲ့သည်။ နာကြင်မှုများက သူမ နှလုံးသားထဲ၌ အမြဲတမ်းလတ်ဆတ်နေပြီး ဘယ်တော့မှ လျော့ပါးသွားတော့မည် မဟုတ်ပေ။ အချိန်ကုန်လွန်လာလေလေ ဒဏ်ရာများက ဆိုးဝါးလာလေလေ ဖြစ်ခဲ့သည်။