ထိုလူက သူမ၏ဒရိုင်ဘာထိုင်ခုံပြတင်းပေါက်ဆီ လျှောက်လာခဲ့ပြီး သေနတ်တစ်လက်ကို ဆွဲထုတ်ကာ သူမအား တိုက်ရိုက် ချိန်ရွယ်ထားခဲ့သည်။
သေနတ်ကိုမြင်သောအခါ ဘက်ကာ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ ထို့အပြင်သူမ၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ တဒုန်းဒုန်းခုန်နေကာ ထိုအမျိုးသား၏ မျက်နှာမှ သေနတ်ဆီသို့ သူမ၏ အကြည့်ကလွင့်ပျံသွားကာ ထိုင်ခုံပေါ်တွင် သိသိသာသာ တုန်ရီနေခဲ့သည်။
သေနတ်တစ်လက်ကို သူမမြင်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် သူမကို ချိန်ရွယ်တာတော့ ဒါပထမဆုံးအကြိမ်ပါပဲ...
သူမ၏လက်များသည် စတီယာရင်ဘီးပေါ်တွင် တင်းကျပ်နေပြီး သူမ၏အကြည့်များသည် သေနတ်သမားဆီမှ မခွာခဲ့ပေ။
ထိုယောက်ျား၏လက်ချောင်းက ခလုတ်ဆီသို့ ရွေ့သွားသည်ကိုသူမ မြင်သောအခါ တုန်လှုပ်သွားပြီး ခေါင်းကို တဆတ်ဆတ်ခါယမ်းကာ သူမ၏မျက်လုံးများက တောင်းပန်လိုက်သည်။
"မလုပ်ပါနဲ့....ကျေးဇူးပြုပြီး ကျွန်မကိုမသတ်ပါနဲ့။ ရှင်ပိုက်ဆံလိုချင်တာဆိုရင် ကျွန်မအိတ်ထဲမှာ အများကြီးရှိတယ်။ဘကျေးဇူးပြုပြီး ခလုတ်မဆွဲနဲ့။" သူမသည် ခက်ခက်ခဲခဲ ပြောလိုက်ကာ သူမ၏ အသက်ရှုသံများက ကြမ်းတမ်းလာခဲ့သည်။
သူမသေချင်ဘူး ။ ဒီလို ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ သူမလုံးဝမသေချင်ဘူး။
သူမ၏စကားများသည် ထိုယောက်ျား၏ ရည်ရွယ်ချက်ကို မယိမ်းယိုင်ေစဘဲ သေနတ်ကို သူမမျက်နှာတွင် မြဲမြဲတေ့ထားဆဲဖြစ်သည်ကို မြင်လိုက်ရလေသည်။ မဖြစ်နိုင်မှန်း သူမသိပေမယ့် ထိုအခြေအနေမှသူမ လွတ်မြောက်ရန် အတွက်ဘုရားသခင်ကို ဆက်လက်တောင်းဆိုနေခဲ့သည်။
သူမ ဘာတွေ လုပ်ခဲ့လို့လဲ? သူမက ညဘက်ကြီး လမ်းမပေါ် တိုက်ခိုက်ခံရတဲ့ မခုခံနိုင်တဲ့ မိန်းမသားပါ။ သူမမျှော်လင့်တဲ့အရာတစ်ခုက အကောင်းဆုံးဖြစ်ဖို့ပါပဲ။
ဘက်ကာသည် မျက်ရည်များ ကျနေရင်း သေနတ်ကိုင်ထားသည့်သူကို ကြည့်လိုက်သည်။ သူမတွင် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်ရှိနေသော်လည်း ထိုအတွေး ရူးမိုက်တယ်ဆိုတာကိုလည်း သတိပြုမိခဲ့သေးသည်။ သူမနောက်စက္ကန့်လောက်ဆို သေရတော့မှာလေ။ ဒီသေဆုံးမှုက ရဲတွေ စုံစမ်းစစ်ဆေးဖို့ အခြားမှုခင်းကိစ္စတွေလိုပဲဖြစ်ပြီး မကြာမီ လူတိုင်းမေ့သွားကြပေလိမ့်မည်။