မနက်လင်းပြီ။
ဝမ်ရိပေါ်ဟာ ကြမ်းခင်းပေါ်မှာလှဲလို့ တညလုံး အိပ်နေခဲ့တယ်။ တကယ်တော့ သူ သိပ်အိပ်ပျော်ခဲ့တာ မဟုတ်ဘူး။ သူ မျက်လုံးမှိတ်လိုက်တိုင်း ဒီရက်ပိုင်းအတွင်း ကြီးမားတဲ့အပြောင်းအလဲကြီးက သူ့အာရုံထဲ ဝင်လာတယ်။ ရှောင်းလူကြီးမင်းရဲ့ ဒရိုင်ဘာဘဝကနေ အခုချိန်မှာ သူဟာ သူ့ရဲ့ အမှားလုပ်ရပ်တွေကြောင့် အဆုံးမရှိတဲ့ ချောက်နက်ကြီးရဲ့ နှုတ်ခမ်းဖျားမှာ တွဲလဲကျနေခဲ့တယ်။ အတိတ်မေ့မှုကြောင့် သူ နက်နက်ရှိုင်းရှိုင်း ချစ်ရတဲ့လူကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး မျက်စိတမှိတ်အတွင်း အဲ့ဒါဟာ အိပ်မက်သာသာဖြစ်ခဲ့တယ်။ အခု အစမျဉ်းကို ပြန်ရောက်သွားခဲ့ပြီး စမှတ်မျဉ်းရဲ့ နောက်တမီတာကိုတောင် နောက်ဆုတ်သွားခဲ့တယ်။
အခုချိန်မှာ သူဟာ ဒရိုင်ဘာတောင် မဖြစ်နိုင်တော့ဘူး။ ဒီစတိုခန်းထဲက ဘာပစ္စည်းနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်အောင်ပဲ။ ကိုယ့်ကိုကိုယ်ကလွဲရင် တခြားကို အပြစ်တင်လို့လည်း မရတဲ့အခါ အရာရာအားလုံးက သူ့အမှားတွေချည်းပါပဲ။
သူ့ တကိုယ်လုံး နာကျင်နေတယ်။ လျို့ချန်းက တကယ်ကို ရက်စက်တယ်။ အရေးကြီးတဲ့နေရာတွေကို ထိုးကြိတ် ကန်ကျောက်ခြင်း မပြုဘဲ အန္တရာယ်မဖြစ်လောက်တဲ့နေရာတွေကိုသာ ရိုက်နှက်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ လျို့ချန်းက ဘယ်လောက်ပဲ လူမဆန်အောင် ရိုက်နှက်ခဲ့သည်ဖြစ်စေ၊ ရှောင်းကျန့် သူ့ကိုရိုက်တဲ့ ပါးနှစ်ချက်လောက် နာကျင်မှုမရှိဘူး။
သူ့လျှာကို ပါးစောင်ထိုးကပ်လိုက်တဲ့အခါ မီးလိုပူလောင်နေတယ်။ မနေ့က သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်နေတုန်း ရေပိုက်ခေါင်းကရေကို နှစ်ငုံလောက် သောက်ခဲ့ရတာကလွဲရင် သူ ဘာမှ မစားရသေးဘူး။ သူ တနပ်စာဝဝ မစားဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတာတောင် သူ မေ့နေပြီဖြစ်တယ်။ သူ့မှာ သောက်ဖို့ ရေတောင်မရှိဘူး။ သူ့နှုတ်ခမ်းတွေက ခြောက်သွေ့နေတယ်။ သူ့ပါးတွေက ရောင်နေပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွဲနေတာများ သွေးနံ့တောင် ရနေတဲ့အထိ။
သူ မျက်နှာကို လက်နဲ့အုပ်ကာလိုက်တယ်။ ရုတ်တရက် ရှောင်းကျန့် သူ့ကို ရိုက်ခဲ့ဖူးတဲ့ ပထမဆုံးအကြိမ်ကို သတိရသွားတယ်။ အဲ့တုန်းက ချူးလန်ရဲ့ စားသောက်ဆိုင်ထဲမှာဖြစ်တယ်။ အဲ့အချိန်တုန်းက သူ မှင်တက်သွားခဲ့တယ်။ သူ့ကို အဖိုးကြီးလက်ထဲ ဘာလို့ထည့်ခဲ့တာလဲဆိုတဲ့အပေါ် ဖြေရှင်းချက်မေးဖို့ ရောက်လာခဲ့တာ ဘာလို့ သူ့ကို ရိုက်ရတာလဲ? ဒါပေမဲ့ သူ ချက်ချင်း နားလည်လိုက်တာက ရှောင်းကျန့်ဟာ သူ့ကို တခြားလူရဲ့အပြစ်ပေးမှုကနေ ကာကွယ်လိုက်တယ်ဆိုတာပါပဲ။ အဲ့ဒီ့ညမှာ ရှောင်းကျန့်ဟာ အရက်တွေ အများကြီးသောက်ခဲ့ပြီး သူ့ပေါ်ကိုပါ အန်ချခဲ့တယ်။

YOU ARE READING
Cold Fire ||Completed||
أدب الهواة"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY