Part - 43

6.9K 463 38
                                    


Unicode

ဆိုင်ထဲဝင်ဝင်ချင်း ကမာနီ နာရီတစ်ချက်ကြည့်လိုက်သည်။ချိန်းဆိုထားတဲ့ အချိန်က စက္ကန့်ပိုင်းသာ လိုတော့သည်။ ဝန်ထမ်းကောင်လေးက သူ့ဆီလျှောက်လာပြီး

" မကမာနီလားဗျ "

" ဟုတ်ပါတယ် "

" ဒီဘက်ကို ကြွပါဗျ "

ဝန်ထမ်းကောင်လေး နောက်က လိုက်လာတော့ စားပွဲဝိုင်းတစ်ခုမှာ ရောက်ရှိနေပြီဖြစ်တဲ့ ဒေါ်ကြည်ကြည်ခိုင့်ကို တွေ့ရလေသည်။တည်ကြည်တဲ့အသွင်နဲ့ မပြုံးမရယ် မျက်နှာထားက အရှိန်အဝါ တောက်လှသည်။ သိပ်ချစ်ရတဲ့ တေးရဲ့ မေမေဖြစ်နေတယ် ဆိုတဲ့အသိက ကမာနီ့ကို အလိုလို လေးစားစေသည်။

" အချိန်ကို လေးစားသားပဲ "

" အလုပ်သဘော ဆန်မနေဘူးလား အန်တီ "

မပြုံးမရယ်ပါဘဲ ဒေါ်ကြည်ခိုင်က တစ်ချက်ကြည့်လာသည်။ကြည်လင်တဲ့ မျက်လုံးနဲ့ တည်တည်ငြိမ်ငြိမ် မျက်နှာက ကျက်သရေရှိပြီး အတော်လှတာပဲ။ ငယ်ငယ်ကဆို ဘယ်လောက်လှမလဲ ။ဒါကြောင့်လည်း အန်တီလေးက မာမီ့ကိုတောင် စကားမပြောနိုင်တဲ့အထိ စိတ်ဆိုးခဲ့တာကိုး။သူမရဲ့ တေးကတော့ သူ့မေမေနဲ့ သိပ်မတူချင်။ အန်တီက အရပ်နည်းနည်းနိမ့်ကာ ပခုံးသေး၍ ကိုယ်လုံးကိုယ်ပေါက် ရှိပြီး မိန်းမဆန်သည်။ တေးက ပခုံးပြန့်ကျယ်ပြီး အရပ်မြင့်မြင့်နဲ့ မေးရိုးသွယ်ပြီး ခန့်သည် ချစ်စရာကောင်းသည် အတော်ကြည့်ကောင်းသည်။

" လိုရင်းပဲ ပြောပါ ငါ့ကို ဘာလို့တွေ့ချင်တာလဲ "

ကမာနီ ဒေါ်ကြည်ကြည်ခိုင့်ကို တစ်ချက်ကြည့်လိုက်သည်။အထက်စီးဆန်တဲ့ အကြည့်က မောက်မာမှုကို ပြတယ်။သူ့ကို ရှိန်းစေဖို့အတွက်ဆိုရင်တော့ အန်တီ တွက်ချေလွှဲတာပဲ။

" မောင်က....."

စူးစိုက်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံကို အနိုင်ရပြီးသား လူတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ပြန်တုံ့ပြန်လိုက်သည်။ခပ်ညစ်ညစ်စိတ်လေး ပေါ်သွားတော့ ကမာနီ ဝန်ခံပါသည်။

" တေးက ကျွန်မဘဝအတွက် ကျွန်မနဲ့ သမီးလေးတို့အတွက် မရှိမဖြစ် အရေးကြီးပါတယ်၊ အန်တီက တေးကို မွေးထားတဲ့ တေးရဲ့ မိခင်ပါ ဒါကြောင့် တေး ရဲ့ အုပ်ထိန်းသူ အန်တီ့ကို လေးလေးစားစား တောင်းဆိုတာပါ တေးကို ကျွန်မနဲ့ ကြည်ဖြူပေးပါ အန်တီ့သမီးက ကျွန်မအတွက် အကြီးမားဆုံးသော လိုအပ်မှုပါ "

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now