အခန်း(၁)

700 7 0
                                    

### အချစ်ဦးမဟုတ်ပါ သို့သော်… ###
အခန်း(၁)

“ဟင့်အင်းဒွေးတော်… ကျွန်တော်မထိမ်းမြားနိုင်ဘူးနော်…”
ဒွေးတော်ရဲ့ခပ်စူးစူးအကြည့်တွေကဒွေးတော်ခေါင်းမှာရှိနေတဲ့စိန်ဆံထိုးနဲ့အပြိုင်လင်းလက်တောက်ပနေလေသည်။ဒီစံနန်းတော်ထဲကလွဲရင်အပြင်လောကမှာတော့ဒွေးတော်ကထက်ထက်မြက်မြက်ရှိသူဖြစ်သည်။ ခါးခါးသီးသီးငြင်းနေတဲ့တူတော်ကိုဒေါ်နန်းခမ်းမာလာသေချာစိုက်ကြည့်ကာခေါင်းကိုအသာခါရမ်းလိုက်လေသည်။
“တူတော်မင်းအသက်မငယ်တော့ဘူးနော်…”
“ကျွတ်…”
သူ့ဆီကအဲ့လိုအသံကြားလိုက်တိုင်းအလိုမကျမှန်းသိတဲ့အတွက်ဒွေးတော်ရဲ့မျက်နှာကလည်းအလိုမကျသလိုသူ့ဆီသို့အကြည့်တွေရောက်လာလေသည်။
“တူတော်… မင်းထိမ်းမြားဖို့အတွက်ဘာလို့များအဲ့လောက်တောင်ကြောက်နေရတာလဲ…”
သူအဲ့ဒါတွေမသိ။အချစ်ဆိုတာကိုလည်းသူမယုံ။နားလည်းနားမလည်သိလည်းမသိ။သူ့အသက်နှစ်ဆယ့်ရှစ်နှစ်ကိုသာရောက်လာတာချစ်သူဆိုတာလည်းမထားခဲ့။
“မသိဘူးဒွေးတော်…  ဒါပေမယ့်ကျွန်တော်ထိမ်းမြားမှာမဟုတ်ဘူးနော်…”
“ခမည်းတော်နဲ့မယ်တော်ကတော့မင်းကိုထိမ်းမြားပေးဖို့စီစဉ်နေကြပြီ…”
“ဟာ…”
သူမယုံကြည်နိုင်သလိုအ့ံသြစွာဖြင့်ဒွေးတော်ရဲ့မျက်နှာကိုသေချာကြည့်လိုက်တော့ဒွေးတော်ရဲ့မျက်နှာကတည်ငြိမ်စွာဖြင့်ပင်။ဒါဆိုတကယ်ပဲဖိုးဖိုးနဲ့ဖွားဖွားကသူ့ကိုထိမ်းမြားပေးတော့မှာလား။အဓိပ္ပာယ်မရှိတာ။
“ဒွေးတော်… ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်မထိမ်းမြားဘူးနော်…”
ဒေါ်နန်းခမ်းမာလာတူဖြစ်သူကိုသေချာကြည့်လိုက်ပြီးနားမလည်စွာဖြင့်ခေါင်းရမ်းလိုက်ကာ
“ခမည်းတော်နဲ့မယ်တော်ရဲ့အမိန့်ကိုတူတော်လွန်ဆန်နိုင်လို့လား…”
သူတွေဝေသွားတော့သည်။ဘယ်တုန်းကမှသူဖိုးဖိုးဖွားဖွားတို့ရဲ့စကားကိုမလွန်ဆန်ခဲ့ဖူး။ဘယ်ကိစ္စမှာမဆိုဖိုးဖိုးဖွားဖွားတို့ပြောတဲ့အတိုင်းတာလုပ်ခဲ့သည်။ဒါပေမယ့်အဲ့ဒီကိစ္စတွေကထိမ်းမြားတဲ့အရေးနဲ့မှမတူတာ။ဟင့်အင်းလက်မခံနိုင်ဘူး။
“ဒီတစ်ခါတော့ကျွန်တော်ငြင်းဆန်ရမှာပဲဒွေးတော်…”
“ဘုန်းရိပ်…”
ဒွေးတော်ရဲ့အသံထဲမှာအလိုမကျတဲ့အသံဆိုတာထက်ဒေါသသံတွေပါပါလာတော့သည်။ဒါပေမယ့်သူမသိချင်ယောင်ဆောင်လိုက်ကာလက်ထဲကစာအုပ်ကိုဆက်ဖတ်နေလိုက်လေသည်။အဲ့ဒီ့တော့မှဒွေးတော်ရဲ့ဒေါသကပိုပြီးကြီးထွားလာတော့၏။
“ဘုန်းရိပ်… မင်းပုံစံကဘယ်လိုပုံစံလဲ… လူကြီးနဲ့စကားပြောနေတယ်လေ… မင်းစာအုပ်ကိုပိတ်ထားလိုက်…”
တစ်သက်လုံးအမိန့်တွေကြားထဲမှာကြီးထွားလာခဲ့သူပီပီသူ့လက်ထဲကစာအုပ်ကအလိုလိုပိတ်သွားလေတော့သည်။
“ဘုန်းရိပ်… ဒီစံနန်းတော်ကြီးမှာရှိနေတဲ့လူတွေအားလုံးဟာခမည်းတော်နဲ့မယ်တော်တို့ရဲ့အမိန့်ကိုနာခံကြရတာရှေးရှေးကတည်းကပဲ…”
“ကျွန်တော်ကရောဘယ်တုန်းကများငြင်းဆန်ခဲ့လို့လဲဒွေးတော်… ဖိုးဖိုးနဲ့ဖွားဖွားရဲ့အမိန့်ကိုကျွန်တော်တစ်ခါမှမငြင်းဆန်ခဲ့ဖူးပါဘူး… ဒီတစ်ခုကတော့ကျွန်တော်ငြင်းဆန်ရလိမ့်မယ်…”
“အရင်ကကိစ္စတွေကိုငြင်းဆန်ခဲ့ရင်တောင်ခမည်းတော်နဲ့မယ်တော်တို့ကလက်ခံချင်လက်ခံလိမ့်မယ်… ဒါပေမယ့်ဒီထိမ်းမြားမှုကိုငြင်းဆန်မယ်ဆိုရင်တော့…”
“ဘာဖြစ်မှာလဲဒွေးတော်… ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့မထိမ်းမြားဘူး…”
“မင်း… ဟော်နန်းကိုပြန်သွားချင်နေတာလားဘုန်းရိပ်…”
“ဗျာ…”
ဟော်နန်း… သူ့ဘဝမှာအမုန်းဆုံးစကားလုံးကိုပြောပါဆိုရင်… အခုဒွေးတော်ပါးစပ်ကပြောလိုက်တဲ့စကားလုံးပဲဖြစ်သည်။
“မင်းမသွားချင်ဘူးမို့လား…”
သူငြိမ်သက်နေမိလေသည်။ဘာလို့လဲ… လူတိုင်းမှာရွေးချယ်စရာနှစ်ခုအမြဲတမ်းရှိကြတာပဲမဟုတ်လား။ဘာလို့သူ့အလှည့်ရောက်မှရွေးချယ်စရာမရှိတော့တာလဲ…?
“ဒွေးတော်လည်းတူတော့်ကိုဘယ်ကိုမှမသွားစေချင်ဘူးတူတော်… ဒီစံနန်းတော်မှာပဲဒွေးတော်ရဲ့မျက်လုံးအောက်မှာတူတော့်ကိုအမြဲတမ်းမြင်နေချင်တာ… အဲ့ဒီ့အတွက်တူတော်ထိမ်းမြားမှာဖြစ်မယ်…”
ဟူး… သက်ပြင်းကိုအသာချလိုက်မိပြီးဒွေးတော်ရဲ့မျက်နှာကိုသူကြည့်လိုက်မိလေသည်။ဒွေးတော်ကသူ့အတွက်တော့မိဘလိုပါပဲ။ ခမည်းတော်ရော မယ်တော်ရောက ဖိုးဖိုးဖွားဖွားတို့ရဲ့အမိန့်နဲ့တရားဘောင်ကိုဝင်နေတာသုံးနှစ်တောင်ရှိနေပြီဖြစ်သည်။ဖိုးဖိုးဖွားဖွားတို့ကငါးနှစ်ဝင်ရမယ်လို့အမိန့်ပေးထားသဖြင့်အခုချိန်ထိလူ့ဘောင်ထဲကိုပြန်မဝင်ရသေးပေ။
“ဒွေးတော်ပြောနေတာတွေကိုအလေးစိုက်ပြီးနားထောင်ပါတူတော်ရယ်…”
“ကျွန်တော်နားထောင်နေပါတယ်ဒွေးတော်…”
“အဲ့ဒါဆိုတူတော်ထိမ်းမြားမယ်မို့လား… ဒွေးတော်… ခမည်းတော်နဲ့မယ်တော်တို့ကိုအကြောင်းပြန်လိုက်မယ်နော်…”
“ကျွန်တော်ထိမ်းမြားရမယ့်သူကကျွန်တော်တို့အနွယ်ဝင်တွေထဲကပဲလားဒွေးတော်…”
ဒွေးတော်ရဲ့မျက်နှာကစဉ်းစားသလိုဖြစ်သွားကာခေါင်းရမ်းလိုက်လေသည်။
“ဟင့်အင်း… ဒွေးတော်မသိဘူးတူတော်… ခမည်းတော်ရဲ့အမိန့်ဆိုတော့အနွယ်ဝင်တွေထဲကပဲဖြစ်လိမ့်မယ်… ဒါပေမယ့်လည်းဒွေးတော်သေသေချာချာတော့မပြောတတ်ဘူး… ခမည်းတော်ကလည်းဒွေးတော်ကိုတူတော်ထိမ်းမြားရမယ့်မိန်းကလေးနဲ့ပတ်သက်လို့ဘာမှမပြောထားဘူး… တူတော့်ကိုထိမ်းမြားဖို့အတွက်အမိန့်မှာလိုက်တာပဲ…”
ဟုတ်ပါတယ်ဖိုးဖိုးကသိပ်ပြီးမျိုးရိုးဂုဏ်ကိုစောင့်ထိန်းတာ။အနွယ်တော်ထဲကပဲဖြစ်မှာ။သူ့မှာရွေးချယ်စရာမရှိတော့ပေ။သူတကယ်ပဲထိမ်းမြားရတော့မယ်။
“ကဲတူတော်… ဒွေးတော်ခမည်းတော်ကိုဘယ်လို့အကြောင်းပြန်ကြားလိုက်ရမလဲ…”
“ကျွန်တော်စဉ်းစားလိုက်ဦးမယ်ဒွေးတော်… ဒါပေမယ့်ဒွေးတော်ပဲအဆင်ပြေသလိုပြောထားလိုက်ပါ…”
“တစ်ဖက်မိန်းကလေးရဲ့အချက်အလက်တွေကိုဒွေးတော်တောင်းပေးရမလား…”
“ဟင့်အင်း… ကျွန်တော်မသိချင်ဘူးဒွေးတော်… အခုလိုနေနေရတာကျွန်တော်အဆင်ပြေနေတာပဲဘာလို့များဖိုးဖိုးဖွားဖွားတို့ကထိမ်းမြားပေးချင်နေရတာလဲ…”
တူတော်ပြောတာဟုတ်တော့လည်းဟုတ်ပါတယ်လေ။ဒါပေမယ့်ခမည်းတော်ရဲ့အမိန့်တော်ကိုတော့သူမလည်းအံမတုရဲပေ။တကယ်ဆိုရင်တူတော်ကသူ့ကုမ္ပဏီအလုပ်နဲ့သူအေးအေးချမ်းချမ်းရှိနေတာပဲခမည်းတော်ကဘာကိုသဘောမကျလို့များထိမ်းမြားပေးချင်တာလဲမသိ။
“ဒွေးတော်လည်းနားမလည်ပါဘူးတူတော်ရယ်… ဒါပေမယ့်လည်းတူတော်လက်ခံရမှာပဲလေ… ဒွေးတော်ထင်တာမမှားဘူးဆိုရင်…”
ဒွေးတော်ကဆက်ပြောဖို့အတွက်ရပ်တန့်နေသဖြင့်ဘုန်းရိပ်စိတ်ရှည်စွာဖြင့်စောင့်ပြီးနားထောင်နေမိ၏။
“မျိုးဆက်အတွက်ခမည်းတော်စိတ်ပူနေတာဖြစ်မယ်…”
“ဗျာ… ဘာဆိုင်လို့လဲဒွေးတော်…”
“တူတော်ကအခုဆိုရင်ထိမ်းမြားသင့်တဲ့အရွယ်ရောက်လာပြီလေ… ဒီထက်နောက်ကျပြီးထိမ်းမြားတဲ့အခါမျိုးဆက်လေးတွေရဖို့အတွက်အခက်အခဲဖြစ်မှာခမည်းတော်ကစိုးရိမ်နေလို့နေမှာပေါ့…”
“ဟင်…”
ဖိုးဖိုးတို့စိုးရိမ်နေတာကိုသူနားမလည်မိ။မျိုးဆက်ပြန့်ပွားရေးအတွက်သူ့ကိုထိမ်းမြားပေးချင်နေတာလား။
“ဒွေးတော်တို့မျိုးဆက်တွေထဲမှာတူတော်တစ်ယောက်ထဲထိမ်းမြားဖို့ကျန်တော့တယ်… ကျန်တဲ့မျိုးနွယ်တွေကထိမ်းမြားပြီးကြလို့မျိုးဆက်သစ်လေးတွေတောင်ရနေကြပြီ… အဲ့ဒီတော့မျိုးနွယ်ချင်းနှိုင်းယှဉ်လိုက်တဲ့အခါခမည်းတော်ကမျက်နှာငယ်နေရတယ်လေတူတော်ရဲ့…”
“အဓိပ္ပာယ်မရှိလိုက်တာဒွေးတော်ရာ… အဲ့ဒါနဲ့ပဲကျွန်တော်ကထိမ်းမြားရတော့မှာလား… ကျွတ်”
“တူတော်… အဲ့ဒီ့အသံကိုပြင်စမ်းပါကွယ်… တူတော်အဲ့လိုမျိုးအသံထွက်လိုက်တာကဒွေးတော်ကိုမလေးစားရာရောက်တယ်လေ… ခမည်းတော်ရှေ့မှာတော့လုံးဝအဲ့ဒီ့အသံမထွက်ပါစေနဲ့…”
‘ကျွတ်’ဆိုတဲ့အသံကိုဒွေးတော်ကမကြိုက်။ဒွေးတော်မကြိုက်သလိုပဲစံနန်းတော်တစ်ခုလုံးကလည်းမကြိုက်ကြ။ခက်တာကသူကလည်းအလိုမကျတဲ့အခါအဲ့အသံပဲထွက်လာတတ်တာမျိုး။အခုလည်းသူစိတ်ညစ်လာပြီဖြစ်သည်။ဒီမိသားစု… မဟုတ်ဘူး… နန်းဆန်တာမဟုတ်ဘဲရှေးဆန်တဲ့ဒီစံနန်းတော်ထဲမှာလူလာဖြစ်ရတာကိုသူဝမ်းသာရမှာလား…။ဟင့်အင်း… မွန်းကြပ်လိုက်တာ…။ဒီ၂၁ရာစုခေတ်ကြီးထဲမှာအခုလိုမျိုးအသုံးအနှုန်းတွေနဲ့လွန်ဆန်လို့မရတဲ့အမိန့်လိုစကားသံတွေကြားမှာရှင်သန်ရတာကြာတော့လည်းမွန်းကြပ်လာပြီ။
မြင့်မြတ်တဲ့မျိုးနွယ်ဆိုတဲ့တံတိုင်းကြားထဲမှာကိုယ့်အနွယ်ဝင်မဟုတ်ရင်မဆက်ဆံရဘူးဆိုတဲ့အမိန့်ကလည်းဓားသွားပမာထက်လှသည်။သူမလွန်ဆန်ပါဘူး။ဖိုးဖိုးဖွားဖွားတို့ပါးစပ်ကနေပြောခဲ့တဲ့စကားလုံး… အမိန့်တွေကိုသူဘယ်တုန်းကမှမလွန်ဆန်ခဲ့ဘူး။ကိုယ့်အနွယ်ဝင်မဟုတ်လို့မပတ်သက်နဲ့တဲ့။မပတ်သက်ဘူး… သူကိုယ့်အနွယ်ဝင်တင်မဟုတ်ဘူး… ဘယ်အနွယ်ဝင်ကိုမှမပတ်သက်ဘဲသီးသန့်နေခဲ့တာ။ဒါကိုလည်းဖိုးဖိုးဖွားဖွားတို့ကသဘောမကျသေး။ဟူး… လူ့အကြိုက်နတ်မလိုက်နိုင်ဘူးဆိုတဲ့စကားကဒီစံနန်းတော်အတွက်များဖြစ်ပေါ်လာခဲ့တာလား။
“တူတော်… ဘာတွေတွေးနေတာလဲ… ဒွေးတော်ပြောတာကိုမမေ့နဲ့နော်… တူတော်သာခမည်းတော်တို့ပြောတာကိုလက်ခံမယ်ဆိုရင်မကြာခင်မှာပဲခမည်းတော်နဲ့မယ်တော်အပါအဝင်ဦးရီးတော်တွေပါလိုက်လာကြလိမ့်မယ်…”
သူတို့မျိုးနွယ်ထဲမှာတော့ထိမ်းမြားခြင်းဟာအသက်ကဲ့သို့အရေးကြီးသည်။“အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်စုတ်ထိုးဤသုံးမျိုးချက်မပိုင်နောင်ပြင်ရန်ခက်”ဆိုသကဲ့သို့ပင်ဖိုးဖိုးဖွားဖွားတို့အပါအဝင်ကျန်သည့်မျိုးနွယ်ထဲမှာလည်းထိုသုံးမျိုးကိုအလေးထားကာသေချာပြုလုပ်ခဲ့ကြတာပင်။အနွယ်ဝင်တွေထဲကထိမ်းမြားမှုတွေကိုကြည့်ပြီးထိမ်းမြားရမှာကိုသူစိတ်မဝင်စားခဲ့။အခုသူ့အလှည့်ရောက်လာပြီလား။
“ဘာမှမဟုတ်ပါဘူးဒွေးတော်… ကျွန်တော်စဉ်းစားနေတာကဘာလို့များဒီလိုမျိုးနွယ်ထဲမှာကျွန်တော်လူလာဖြစ်ရတာလဲဆိုတာကိုပါ…”
“ဟင်…”
သူ့စကားကြောင့်ဒွေးတော်မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကာအလန့်တကြားဖြင့်သူ့လက်တွေကိုကိုင်လိုက်လေသည်။ဒွေးတော်ရဲ့ဝင်းပနေတဲ့မျက်နှာဟာချက်ချင်းဆိုသလိုသွေးမရှိတော့သကဲ့သို့ဖြူဖတ်သွားတာဟာသူ့စကားတွေကြောင့်များလား။
“တူတော်… ဘယ်လိုစကားတွေပြောနေရတာလဲ… ဘုရား… ဘုရား… တခြားလူတွေကြားသွားမှဖြင့်ကွယ်…”
ပြောလည်းပြော… ဒွေးတော်ရဲ့အကြည့်တွေကစံနန်းတော်ထဲသို့ဝေ့ဝိုက်ကာကြည့်နေလေသည်။စံနန်းတော်ထဲမှာလူတွေရှိနေကြပေမယ့်လည်းအနွယ်ဝင်မဟုတ်ရင်အနွယ်တော်တွေစကားပြောရာအခန်းထဲသို့ဘယ်သူမှဝင်ခွင့်မရှိပေ။အားလုံးကသူ့အလုပ်သူလုပ်နေကြတာဖြစ်တော့ဘယ်သူကမှမကြားပါ။
“မသိဘူးဒွေးတော်ရာ… ကျွန်တော်တကယ်ပဲအဲ့လိုတွေးနေတာ…”
သူ့မျက်နှာကအလိုမကျသလိုဖြစ်နေသဖြင့်ဒွေးတော်ရဲ့မျက်နှာကလည်းစိတ်မကောင်းဖြစ်နေသည့်ပုံပင်။ဒါပေမယ့်ဒွေးတော်လည်းဘယ်လိုမှကူညီနိုင်သောအရာမဟုတ်။
“တူတော်ရယ်… ဒီလိုမြင့်မြတ်တဲ့အနွယ်တော်ဖြစ်ရတာဂုဏ်ယူရမှာလေ… ဒွေးတော်တို့ငယ်ငယ်ကဆို…”
ဒွေးတော်ကဆက်မပြောဘဲရပ်တန့်ကာအတိတ်ကိုပြန်တွေးသလိုငြိမ်သက်သွား၏။အသက်ငါးဆယ်သာရောက်လာတာဒွေးတော်ရဲ့ရုပ်ရည်ကနှစ်ဆယ်ကျော်သုံးဆယ်အရွယ်ကဲ့သို့အရွယ်တင်နုပျိုနေလေသည်။
“စံနန်းတော်ရဲ့အနွယ်ဝင်ဆိုတဲ့ဂုဏ်ပုဒ်ကြောင့်ပွဲအလယ်တင့်တယ်ခဲ့တယ်… ဒွေးတော်တို့ညီအစ်မသုံးယောက်မှာတူတော့်ရဲ့မယ်တော်မမနန်းဆက်ဧကရီကမျက်နှာအပွင့်ဆုံးပဲ… မျိုးရိုးဂုဏ်ဆိုတာသိပ်ပြီးကြီးမားတဲ့အရာပဲတူတော်… အဲ့ဒီ့မျိုးရိုးဂုဏ်ကြောင့်ပဲအခုချိန်ထိအနွယ်တော်တွေအားလုံးထဲမှာဒွေးတော်တို့အနွယ်တော်ကမျက်နှာအပွင့်ဆုံးဖြစ်နေတာပေါ့…”
ဒွေးတော်ရဲ့စကားတွေကအတိတ်ကိုဂုဏ်ယူနေသလိုပစ္စုပန်မှာလည်းဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင်။ဒါပေမယ့်ဒွေးတော်ရဲ့စကားတွေမှာမျိုးရိုးဂုဏ်ရောင်တွေတောက်ပနေပေမယ့်လည်းဒွေးတော်ရဲ့မျက်ဝန်းတွေကတစ်စုံတစ်ခုအပေါ်အလိုမကျသလိုမျက်လုံးအရောင်တွေဟာမှေးမှိန်နေတယ်လို့ဘုန်းရိပ်ထင်လိုက်မိသည်။
“အဲ့ဒါကြောင့်ဒီအနွယ်တော်ဖြစ်ရတာဂုဏ်ယူရမယ်နော်တူတော်…”
သူမသိမသာခေါင်းရမ်းလိုက်မိလေသည်။ဒါပေမယ့်ဘာမှတော့ပြန်မပြောဖြစ်ပါ။ပြန်ပြောဖြစ်ရင်လည်းဒွေးတော်ပါးစပ်ကထွက်လာမယ့်စကားတွေကိုသူအလိုလိုသိနေလို့ပဲဖြစ်သည်။
“ဒွေးတော်… ဒါဆိုကျွန်တော်ကုမ္ပဏီကိုသွားလိုက်ဦးမယ်… ကိစ္စရှိတာနဲ့ဖုန်းဆက်လိုက်ပါ…”
“ကောင်းပြီတူတော်… အစစအရာရာဂရုစိုက်ပါ…”
“ဟုတ်ကဲ့ဒွေးတော်…”
သူဒွေးတော်ကိုခေါင်းငြိမ့်ပြလိုက်ကာစံနန်းတော်ထဲကနေထွက်လိုက်လေသည်။စံနန်းတော်အပေါက်ဝမှာအစောင့်တစ်ယောက်ကစောင့်နေ၏။သူထွက်လာတာလည်းမြင်ရောကားတံခါးကိုဖွင့်လိုက်ကာ
“သခင်လေးကားပေါ်တက်ပါ…”
သူကားပေါ်တက်လိုက်တော့မှဒရိုင်ဘာကတံခါးကိုပိတ်လိုက်ပြီးကားမောင်တဲ့နေရာကိုဝင်ထိုင်ကာကုမ္ပဏီသို့ကားကိုမောင်းထွက်လေတော့သည်။အမှန်အတိုင်းပြောရရင်စံနန်းတော်ထဲကထွက်လိုက်တာနဲ့ခဏလေးပဲဖြစ်ဖြစ်သူ့စိတ်တွေဟာငှက်တစ်ကောင်ကဲ့သို့လွတ်လပ်သွားတာပဲဖြစ်သည်။လွတ်လပ်မှုဆိုတာဘာလဲ… သူရှာနေတာကြာနေခဲ့ပေမယ့်အခုချိန်ထိရှာမတွေ့ခဲ့ပေ။လွတ်လပ်မှု… လွတ်လပ်မှုဆိုတာဘယ်မှာရှိတာလဲ… လွတ်လပ်မှုဆိုတာဒီကမ္ဘာပေါ်မှာရောရှိရဲ့လား။မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတာနှစ်ပေါင်း (၇၀)ရှိနေပေမယ့်သူကတော့အခုချိန်ထိလွတ်လပ်မှုမရသေးပါလား…။
xxxxxxx
“ဒါပေါ့…ငါတို့တွေအခုလည်းပျော်နေတာပဲမဟုတ်လား…”
စိမ်းကသံပုရာရည်ကိုမော့သောက်လိုက်ကာကိုးကိုကြည့်ကာပြောလိုက်တော့ကိုးကစာအုပ်ဖတ်ရင်းကနေခေါင်းပဲငြိမ့်ပြလိုက်၏။
“ဒါနဲ့စိမ်း… နင်ရောအဆင်ပြေရဲ့လား…”
စိမ်းရဲ့အကြည့်တွေကမဒီ့ဆီသို့ရောက်သွားကာ
“ဘာကိုမေးတာလဲမဒီ…”
မဒီ့အကြည့်တွေကစိမ်းဆီကနေကိုးဆီသို့ပြန်ရောက်သွားပြီးမေးငေါ့လိုက်ကာ
“ကိုးတို့မေဂျာကကင်းကနင့်ကိုစကားလိုက်ပြောတာဆို…”
“သြော်… အဲ့ဒါလား…”
မဒီခေါင်းငြိမ့်ပြလိုက်တော့စိမ်းကအသံမထွက်တထွက်ဖြင့်ပါးစပ်ပိတ်ကာရယ်လိုက်ပြီးခေါင်းငြိမ့်လိုက်လေသည်။
“အင်း...”
“သူနင့်ကိုဘာပြောတာလဲ…”
မဒီကစိတ်ဝင်တစားမေးလိုက်တော့စိမ်းမဒီ့ကိုပြန်ကြည့်လိုက်ကာ
“အင်း… ဘာစကားလဲဆိုတော့…”
စိမ်းကပြောတဲ့စကားကိုဆက်မပြောဘဲရပ်နေသဖြင့်မဒီကအမြင်ကပ်သလိုစိမ်းကိုမျက်စောင်းထိုးလိုက်ပြီး
“အမယ်လေးသစ်ရွက်စိမ်းရယ်… အကြောင်းမသိတာတွေလည်းမဟုတ်ဘဲနဲ့ဘာလို့များ… အဲ့လောက်တောင်မှစကားပလ္လင်ခံနေရတာလဲ…”
မဒီ့စကားကြောင့်စိမ်းမျက်နှာပျက်သွားလေသည်။
“ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပဲအကြောင်းသိတွေပါဟာ… ဘာလဲနင့်ကိုအဲ့ဒီ့ကင်းကရည်းစားစကားပြောလိုက်လို့လား…”
စိမ်းကကမန်းကတန်းခေါင်းကိုခါရမ်းလိုက်လေသည်။
“ဘာတဲ့လဲ…”
“သူကကိုးနဲ့တစ်ခန်းထဲပဲတဲ့…”
ပြောနေရင်းကနေစိမ်းရဲ့အကြည့်တွေကကိုးဆီသို့ရောက်သွားလေသည်။ကိုးကတော့လက်ထဲကစာအုပ်ကိုအဖတ်မပျက်ပင်။
“အင်း… ပြီးတော့ရော…”
“ငါနဲ့ခင်ချင်တယ်တဲ့…”
“ဟင်… ခင်ရုံပဲလား…”
စိမ်းကစိတ်မပါတပါဖြင့်ခေါင်းငြိမ့်လိုက်တော့မဒီ့အကြည့်တွေကတစ်ခုခုကိုနားမလည်သလိုသူ့ဆီသို့အကြည့်တွေရောက်သွားလေသည်။
“မဟုတ်သေးပါဘူး… နင့်ကိုခင်ချင်ရုံနဲ့တော့သူကစကားလိုက်ပြောပါ့မလား…”
“သူကအဲ့လိုပြောတာပဲလေ…”
“မဟုတ်သေးပါဘူး… တစ်ခုခုတော့တစ်ခုခုပဲနော်ကိုး…”
မဒီကကိုးကိုကြည့်ကာပြောလိုက်ပေမယ့်ကိုးကတော့စာဖတ်မပျက်ပင်။စာအုပ်ထဲသို့မျက်လုံးတွေကျွတ်ကျတော့မတတ်ကြည့်နေ၏။မျက်မှန်ကလည်းပါ၀ါဘယ်လောက်တောင်ရှိနေပြီလဲမသိတော့။မဒီစိမ်းကိုကြည့်ပြီးမေးငေါ့ပြလိုက်ကာကိုးကိုကြည့်လိုက်လေသည်။ကိုးကတော့စာရွက်ကိုနောက်တစ်ရွက်ပြောင်းလိုက်ကာဆက်ဖတ်နေ၏။စားပွဲပေါ်ကပန်းသီးဖျော်ရည်သည်လည်းရေခဲတွေအရည်ပျော်ကာအပြင်သို့လျှံထွက်တော့မည်ဖြစ်သည်။မဒီကိုးလက်ထဲကစာအုပ်ကိုဆွဲယူလိုက်ကာ “ကိုးရယ်… မျက်လုံးကိုလည်းသနားပါဦးဟယ်…” ကိုးမျက်မှောင်ကြုတ်လိုက်ကာမဒီ့ကိုကြည့်ပြီးနှုတ်ခမ်းဆူလိုက်လေသည်။
“စာအုပ်ကအရမ်းကိုဆွဲဆောင်နေပြီမဒီရဲ့…”
မဒီကစာအုပ်ကိုပိတ်လိုက်ပြီး
“နေပါဦးကိုးရယ်… ငါတို့သူငယ်ချင်းတွေဆုံနေတဲ့အချိန်လေးမှာဒီစာအုပ်ကိုခဏလေးဘေးဖယ်ထားပေးပါ… အခုငါအရေးတကြီးမေးစရာရှိလို့…”
ကိုးကအရည်ပျော်နေပြီဖြစ်တဲ့ပန်းသီးဖျော်ရည်ဖလားကိုယူပြီးသောက်လိုက်ကာမျက်မှန်ကိုခဏချွတ်လိုက်လေသည်။ထို့နောက်လွယ်အိတ်ထဲမှာထည့်ထားတဲ့မျက်မှန်ဘူးလေးကိုထုတ်လိုက်ပြီးဘူးလေးထဲကမျက်မှန်သုတ်တဲ့ပိတ်စလေးကိုထုတ်လိုက်ကာမျက်မှန်ကိုသုတ်လိုက်လေသည်။
“အင်း… မေးလေဟာ…”
မျက်မှန်ချွတ်လိုက်တော့လည်းချစ်စရာကောင်းတဲ့ကိုးရဲ့မျက်နှာလေးကအထင်းသားလေးပင်။ကိုးကသူတို့သုံးယောက်ထဲမှာချစ်စရာအကောင်းဆုံးပင်ဖြစ်သည်။သုံးယောက်စလုံးအသက်တူတယ်ဆိုပေမယ့်လည်းလတွေတော့ကွာကြသည်။ကိုးကသူတို့သုံးယောက်ထဲမှာစာဖတ်ဝါသနာအပါဆုံးသူတစ်ယောက်။
“ကိုးရယ်… မျက်ကပ်မှန်ပဲတပ်လိုက်ပါလားဟာ…”
ကိုးရဲ့အကြည့်တွေကမဒီ့ဆီသို့နားမလည်သလိုရောက်သွားကာ
“ဟင်… မဒီမေးမယ်ဆိုတာအဲ့ဒါလား…”
မဒီကရယ်လိုက်ကာ “ဟား… ဟား… ကိုးရယ်… ဆောရီး… နင်မျက်မှန်ချွတ်လိုက်တာကိုကြည့်ပြီးငါမေးမယ့်မေးခွန်းဘယ်ရောက်သွားမှန်းမသိဘူး…”
စိမ်းနဲ့ကိုးမဒီ့ကိုကြည့်ကာပြုံးလိုက်ကြလေသည်။
“ဒီမျက်မှန်ကြီးသာမရှိရင်နင့်အလှတွေပေါ်မှာပဲကိုးရယ်… ချွတ်လိုက်ပါလားဟာ…”
“မဖြစ်ပါဘူးမဒီရယ်… ကိုးကငယ်ငယ်ကတည်းကမျက်မှန်တပ်လာတော့မျက်မှန်မတပ်ထားရင်တစ်ခုခုလိုနေသလိုပဲဟ…”
“မျက်ကပ်မှန်တပ်ပါဆိုဟာ…”
“ဖေဖေနဲ့မေမေလည်းငါ့ကိုမျက်ကပ်မှန်တပ်ဖို့ပြောပါတယ်ဟာ… ငါကိုယ်တိုင်ကမတပ်ချင်တာကြောင့်ပါ…” “ကဲပါမဒီရယ်… ငါတို့တွေကိုးကိုခဏခဏပြောတာပဲကိုးကဘယ်တုန်းကများလက်ခံခဲ့လို့လဲ…”
စိမ်းရဲ့စကားကြောင့်ကိုးပြံုးရင်းနဲ့ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်တယ်… စိမ်းပြောသလိုပဲမဒီရယ်… ငါနဲ့ဘယ်လိုမှအဆင်မပြေလို့ပါဟာ…ဒါနဲ့ဘာမေးမလို့လဲ…”
“သြော်… ကိုးတို့မေဂျာကကင်းကစိမ်းကိုစကားလိုက်ပြောတယ်တဲ့…”
ကိုးမျက်မှန်ကိုပြန်တပ်လိုက်ကာမဒီ့ကိုကြည့်လိုက်ပြီး “ဟုတ်လား… ဘာပြောတာလဲ…”
“သူကစိမ်းကိုခင်ချင်လို့တဲ့…”
“သြော်…”
“နင်… သူနဲ့သိလားကိုး…”
“ကင်းနဲ့လား…”
“အင်း…”
ဆံပင်ကိုအလယ်ခွဲထားသဖြင့်ရှေ့မှာကျနေတဲ့ဆံစအတိုလေးတွေကမျက်မှန်ရှေ့သို့လာကွယ်နေသဖြင့်သူမဖယ်နေရင်းကနေခေါင်းရမ်းလိုက်ပြီး
“ဟင့်အင်း… ငါသူ့ကိုမြင်တော့မြင်ဖူးတယ်… ဒါပေမယ့်သေချာတော့မသိပါဘူး…”
“ဟုတ်လား…”
မဒီကဟုတ်လားလို့ပြောပြီးစိမ်းကိုလှည့်ကြည့်လိုက်လေသည်။စိမ်းကတော့သံပုရည်ဖလားကိုယူသောက်လိုက်ပြီးစားပွဲပေါ်မှာတင်ထားတဲ့တစ်ရှူးဗူးထဲကနေတစ်ရှူးကိုထုတ်ယူလိုက်ပြီးနှုတ်ခမ်းကိုအသာသုတ်လိုက်လေသည်။
“ကိုး… သူ့ကနင်နဲ့သိတယ်လို့တော့ပြောနေတာပဲဟ…”
“ဟင်… ဟုတ်လား…”
စိမ်းပြောလိုက်တော့မှပဲကိုးသေချာစဉ်းစားနေမိတော့သည်။သူကဘယ်သူမို့လို့လဲ… ။
“တစ်ခန်းထဲအတူတူနေကြပြီးမသိဘူးလားကိုးရယ်… နင်ကလည်းနော်စာအုပ်ကလွဲပြီးနင်ဘာကိုမှမသိတာလား…”
မဒီပြောလည်းသူခံရတော့မည်။သူ့ဘဝမှာမိသားစုနဲ့စာအုပ်တွေနဲ့သာရင်းနှီးကျွမ်းဝင်တယ်ဆိုလည်းမမှား။အားနေရင်စာအုပ်သာဖတ်နေသဖြင့်ဖေဖေမေမေတို့တင်မဟုတ်… သူငယ်ချင်းတွေဖြစ်တဲ့စိမ်းနဲ့မဒီတောင်မှပြောလာပြီဖြစ်သည်။
“ဆောရီးမဒီရယ်… ငါသူ့ကိုတော့မြင်ဖူးမှာပါဟာ… ဒါပေမယ့်သူ့နာမည်တော့ငါမသိဘူး…”
“ဘယ်လို…”
မဒီကအ့ံသြသလိုမျက်လုံးပြူးသွားသဖြင့်ကိုးလန့်သွားကာ “ဘာလဲ… ဘာဖြစ်တာလဲမဒီရယ်…”
ကိုးအလန့်တကြားပြန်ပြောလိုက်တော့မဒီကမျက်မှောင်ကြုတ်သွားကာ
“ကိုးအသင်္ချေ… ရှင်ဟာလေ… ကိုယ့်မေဂျာကကင်းကိုတောင်သေချာမသိဘူးဆိုတော့မဟုတ်သေးပါဘူး…”
မဒီကပြောလည်းပြောခေါင်းလည်းရမ်းနေသဖြင့်ကိုးရယ်လိုက်မိလေသည်။
“နေပါဦးမဒီရယ်… သူကဒီနှစ်မှကင်းဖြစ်တာဆိုတော့ကိုးကဘယ်လိုလုပ်သိမှာလဲ…”
စိမ်းကကိုးဘက်ကထောက်ခံကာဝင်ပြောနေသဖြင့်မဒီစိမ်းကိုမျက်စောင်းထိုးလိုက်ကာ
“ရှေ့နေလိုက်မနေနဲ့စိမ်း… ကိုယ့်အခန်းထဲမှာရှိတဲ့ကင်းကိုတောင်မသိဘူးဆိုကတည်းကကိုးကပတ်ဝန်းကျင်နဲ့အတော်လေးကိုစိမ်းနေသေးတာပဲ…”
ဖေဖေနဲ့မေမေရဲ့အသံအတိုင်းပင်မဒီကလည်းပြောနေသဖြင့်ကိုးမဒီ့ကိုအမြင်မကြည်သလိုကြည့်လိုက်ကာ
“မဒီ… နင်ကငါ့ရဲ့အစ်မများလား…”
ကိုးအဲ့လိုပြောလိုက်တော့မဒီ့မျက်နှာကမဲ့ရွဲ့သွားလေသည်။
“တော်စမ်းပါကိုးရယ်… နင့်မိဘတွေပြောသလိုမျိုးငါပြောနေလို့မို့လား…”
“ဟီး… ဟီး… ဟုတ်တယ်…”
ကိုးရယ်ပြီးပြောနေတော့လည်းမဒီ့ရဲ့အမုန်းတွေမပါတဲ့မျက်စောင်းကကိုးဆီသို့ရောက်သွားလေတော့သည်။
“နင်ဟာလေ… ပတ်ဝန်းကျင်ကိုလည်းအာရုံစိုက်ပါဦးကိုးရယ်… ကျောင်းပိတ်တိုင်းလည်းအခန်းထဲအောင်းပြီးစာပဲဖတ်နေတာလား…”
“အင်း… ဟုတ်တယ်… ငါဘယ်မှမသွားချင်ပါဘူးဟာ… စာအုပ်တွေရယ်… ဖေဖေမေမေတို့ရယ်… နင်တို့ရယ်ရှိနေရင်ပဲငါ့ဘဝကပြည့်စုံနေပါပြီဟာ…”
“အဲ့ဒီ့အစွဲကြီးကိုငါတို့ကချွတ်ပေးနေချင်တာကြာပြီကိုး…”
စိမ်းကဝင်ပြောလိုက်သဖြင့်မဒီကစိမ်းကိုကြည့်ကာခေါင်းငြိမ့်လိုက်ပြီး
“ဟုတ်တယ်ကိုး…”
“ဟာ… နင်တို့ကလည်းဟာ…”
“နင်တို့ကလည်းဟာလုပ်မနေနဲ့ကိုး… သူကငါ့ကိုခင်ချင်တယ်လို့သာပြောတာ… တကယ်တမ်းကျတော့နင့်အကြောင်းတွေပဲငါ့ကိုလာပြောနေတာနော်…”
စိမ်းကအဲ့လိုပြောလိုက်တော့ကိုးမျက်နှာမှာရုတ်ချည်းဆိုသလိုပြောင်းလဲသွားလေသည်။ဒါပေမယ့်စိတ်ဝင်စားတဲ့အရိပ်အယောင်တော့မဟုတ်။
“ဟုတ်လားစိမ်း… ဒါဆိုရင်သူကကိုးကိုကြိုက်လို့များကိုးရဲ့သူငယ်ချင်းဖြစ်တဲ့နင့်အနားကိုလာကပ်တာလား…”
“အေး… ငါလည်းအဲ့ဒါကိုတွေးနေတာမဒီရဲ့…”
သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောနေကြတာကိုနားထောင်ကာကိုးငြိမ်သက်နေလေသည်။
“ဒါနဲ့သူ့နာမည်ကဘယ်သူတဲ့လဲစိမ်း…”
“ခညောင်းရှင်တဲ့…”
“၀ိုး… နာမည်ကအလန်းပဲဟ…”
“နာမည်တင်မဟုတ်ဘူးလူကလည်းအလန်းပဲမဒီရယ်… နောက်ပြီးသူကမော်ဒယ်တောင်လုပ်ဖူးတယ်ဆိုပဲ…” “ဟုတ်လား…”
“ဒါပေမယ့်အသက်ကတော့ငါတို့ထက်သုံးနှစ်လောက်ကြီးမယ်…”
“ဟင်… ဘာလို့လဲ…”
“သြော်… သူကနိုင်ငံခြားမှာဘွဲ့တစ်ဘွဲ့သွားယူသေးတယ်လေ… အဲ့ဒါကြောင့်မြန်မာနိုင်ငံပြန်ရောက်တော့ကျောင်းပြန်တက်တဲ့အခါအသက်ကကြီးသွားတာပေါ့ဟာ…”
“ဒါပေမယ့်လည်းမထင်ရဘူးနော်…”
ကိုးသူတို့ပြောတာတွေကိုစိတ်ဝင်တစားနားထောင်နေလေသည်။ခညောင်းရှင်… ဒီနာမည်ကိုသူမသေချာမရင်းနှီးပေမယ့်လည်းခဏခဏကြားဖူးတဲ့နာမည်ဖြစ်သည်။
“အင်း… ပိုက်ဆံကလည်းချမ်းသာ… ရုပ်ကလည်းချောတော့ကင်းဖြစ်ရုံတင်မကဘူး…မော်ဒယ်ပါဖြစ်နေတာဟ…”
“နေပါဦးစိမ်းရယ်… ခညောင်းရှင်ကကိုးနဲ့တစ်ခန်းထဲမို့လို့လား… နင်နဲ့တစ်ခန်းထဲမဟုတ်ဘူးလား…”
မဒီကကိုးကိုကြည့်ကာရွဲ့ပြောနေသဖြင့်ကိုးနဲ့စိမ်းရယ်လိုက်ကြလေသည်။
“သူ့နာမည်ကကိုးအသင်္ချေတဲ့…”
သူမရဲ့အပြံုးထဲမှာနစ်မြုပ်သွားတဲ့နှလုံးသားလေးကိုအမြန်ကောက်ယူလိုက်ကာခညောင်းခေါင်းငြိမ့်လိုက်လေသည်။အပြံုးကအသက်ပါလားကိုးရယ်။
“စာဖတ်ဝါသနာပါတဲ့သူတစ်ယောက်ဆိုပါတော့… သူ့မျက်မှန်ကိုကြည့်လိုက်တာနဲ့သိသာပါတယ်ကွာ…” သူငယ်ချင်းဖြစ်သူကတတွတ်တွတ်နဲ့သူမအကြောင်းအားလုံးကိုပြောပြနေပေမယ့်သူကတော့သူမကိုကြည့်ကာခေါင်းတငြိမ့်ငြိမ့်နဲ့ပင်။ဘာလို့များဒီကောင်မလေးကိုသူစိတ်ဝင်စားသွားမိလဲမသိ။
“ပိုက်ဆံကတော့ဘယ်လောက်ချမ်းသာသလဲမသိဘူး… သူ့အဖေကကုမ္ပဏီတစ်ခုထောင်ထားပြီးသူ့အမေကစိန်ရွှေရတနာဆိုင်ဖွင့်ထားတယ်…”
“အင်း…”
“နောက်ပြီး… သူ့မှာအကိုလားအမလားမသိဘူးတစ်ယောက်ရှိသေးတယ်…”
“ဟုတ်လား…”
“အင်း… အဲ့ဒီ့တစ်ယောက်က Car Show Room ထောင်ထားတာတဲ့…”
“သြော်…”
“မင်းသူ့ကိုတကယ်ကြွေသွားတာလားခညောင်း…”
ခညောင်းသူ့ရဲ့ဘယ်ဘက်ရင်ဘတ်ကိုဖိထားလိုက်ကာ “ငါသူ့ကိုကြွေသွားတာမဟုတ်ဘူး… ဟော့ဒီ့နှလုံးသားထဲကနေနှစ်နှစ်ကာကာမြတ်မြတ်နိုးနိုးကိုချစ်မိသွားပြီရာဇာ…”
“သေလိုက်ပါတော့ခညောင်းရာ… မင်းရဲ့ရောဂါအတွက်ဆေးလုံးဝမရှိဘူးနော်…”
ခညောင်းရာဇာ့ကိုကြည့်နေရင်းကနေသူမဆီသို့အကြည့်တွေကိုလွှဲလိုက်ကာ
“ရှိတာပေါ့… ကိုးရဲ့အချစ်ကငါ့ရဲ့အသက်ကယ်ဆေးပဲလေ…”
“ဟာ… ဆရာသမား… မင်းရဲ့တော်ကီတွေကလန်းလှချည်လား..ဒီလောက်ဆိုရင်မင်းရူးသင့်နေပါပြီခညောင်းရာ…”
“အေးကွာမင်းပြောလည်းငါခံရမှာပဲ… ကိုးနဲ့သာစကားမပြောဖူးတာ… ကိုးကိုကျောင်းစဖွင့်တဲ့အချိန်ကတည်းကငါ့ရင်ထဲမှာချစ်သွားမိတာ…” ရာဇာကသူ့ကိုမယုံကြည်နိုင်စွာဖြင့်တအံ့တသြနဲ့သာကြည့်နေလေတော့သည်။
“ကိုးရဲ့အချစ်ကိုသာမရရင်မင်းပြောသလိုပဲငါရူးမယ်ထင်တယ်…”
“အေး… အခုကတည်းကမင်းရူးသင့်နေပြီဆရာသမား…”
ခညောင်းသဘောကျစွာရယ်လိုက်ပြီးကိုးကိုလှမ်းကြည့်လိုက်တော့ကိုးတို့သူငယ်ချင်းတွေကမရှိတော့ပေ။
“ကိုးတို့သွားပြီ… လာသွားမယ်ရာဇာ…”
“ဟင်… အေးအေး…ပိုက်ဆံရှင်းခဲ့ပြီဗျို့…”
ခညောင်းကအရှေ့ကထွက်သွားသဖြင့်ရာဇာပိုက်ဆံကိုစားပွဲပေါ်တင်လိုက်ပြီးစားပွဲထိုးကိုလှမ်းအော်လိုက်ကာဆိုင်ထဲကနေထွက်လာလိုက်လေသည်။ “ခညောင်း…”
“ဟင်…”
သူလမ်းလျှောက်ရင်းကနေရာဇာ့ကိုလှည့်ကြည့်လိုက်လေသည်။
“မင်းအရမ်းတက်ကြွနေပါလားကွ…”
“အချစ်နဲ့တွေ့မှတော့မတက်ကြွပဲနေပါ့မလားရာဇာရာ… မပူနဲ့ငါနေ့တိုင်းတက်ကြွနေတော့မှာမို့လို့မင်းမျက်စိရှုပ်ဖို့သာပြင်ထားတော့…”
“အေးပါကွာဝဋ်ရှိသမျှတော့ငါခံရဦးမှာပေါ့…”
“ဟား… ဟား… ဟား…”
ခညောင်းသဘောကျစွာအားရပါးရရယ်လိုက်လေတော့သည်။ဟုတ်တယ်ကိုးရယ်… ကိုးကိုချစ်တဲ့အချစ်နဲ့ကိုယ်နေ့တိုင်းတက်ကြွနေတော့မှာပဲအမှန်ပဲ။ကိုးရဲ့အချစ်ကိုကိုယ်လိုချင်မိတယ်ကိုးရယ်။ဘာလို့များကိုးကိုသူမြတ်နိုးစွာချစ်သွားမိတယ်ဆိုတာမသိ။ဟင့်အင်း… အချစ်မှာအကြောင်းပြချက်မှမရှိတာ။ချစ်တယ်ဆိုတာဟာနှစ်လုံးသားထဲကချစ်တာပဲလေ… ချစ်တဲ့အလုပ်ကိုနှလုံးသားလေးကပဲလုပ်မှာပေါ့။
#####
ဆက်ရန် - အခန်း(၂)
@အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now