အခန်း(၁၂)

103 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၂)

ဖုန်းကိုကိုင်ထားတဲ့လက်ကအလိုလိုနေရင်း တင်းကြပ်နေလေသည်။ အံမကြိတ်ရုံတမယ် တင်းမာနေတဲ့မျက်နှှာက တော်တော်လေး ဒေါသထွက်နေတယ်ဆိုတာ စိမ်း သိလိုက်မိသည်။
"မနေ့က စိမ်း အပြင်ကိုသွားရင်းနဲ့ ရုတ်တရက် ကိုးနဲ့အဲ့ဒီ့လူကို တွေ့လိုက်မိတယ်... အဲ့ဒါကြောင့် ဓာတ်ပုံရိုက်ခဲ့လိုက်မိတာ..." "ကိုးက ကျွန်တော့်နှလုံးသားလေးကို ကစားခဲ့တာလား... ကျွန်တာ် ဒီလောက်ချစ်တာကို လုပ်ရက်လိုက်တာကိုးရယ်..." စိမ်း သက်ပြင်းတစ်ခုကို မသိမသာချလိုက်ရင်းနဲ့ ခညောင်းကိုကြည့်လိုက်ကာ "စိမ်းကြောင့်တော့ ကင်းနဲ့ကိုးတို့ လမ်းခွဲကြမှာကို မဖြစ်စေချင်ပါဘူး ကင်း... ဒီဓာတ်ပုံတွေ ကင်းကိုပို့ခဲ့မိ်တယဆှိုတာလည်း စိမ်းရဲ့စိတ်ထဲမှာ ကင်းကိုသိစေချင်ရုံသက်သက်ပါပဲ... တခြားအကြောင်းတော့မရှိပါဘူး..." ခညောင်းမျက်နှာမှာ အပြုံးတစ်ခုစွန်းသွားကာ လက်ထဲကဖုန်းကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
"ကျွန်တော်သိပါတယ်... ဒါမျိုးကိစ္စအတွက်နဲ့တော့ ကျွန်တော်တို့တွေ လမ်းခွဲဖို့မလိုပါဘူး..."
"ဟင်..."
ထင်ထားသလိုဖြစ်လာခါနီးမှ ဖြစ်မလာသည့်အတွက် စိမ်း အ့ံသြသွားမိလေသည်။
"နောက်ပြီး... ကိုးနဲ့သဘောတူထားတယ်ဆိုတဲ့လူက ကျွန်တော့်ရဲ့အလုပ်ရှင်ဆိုလည်း မမှားပါဘူး..."
"ဒါဆို...နန်းမဟာမြိုင်ကုမ္ပဏီဆိုတာ အဲ့ဒီ့လူရဲ့ကုမ္ပဏီပေါ့ ဟုတ်လား..."
ခညောင်း လေကြောင့် လွင့်မျောနေတဲ့ ကန်ရေပြင်ပေါ်က သစ်ရွက်ခြောက်တစ်ချို့ကိုကြည့်ရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။ ရေပြင်ပေါ်က သစ်ရွက်ခြောက်လေးတွေက ချက်ချင်းဆိုသလို ရေအောက်သို့ နစ်မြုပ်သွားကြ၏။ "သူတို့နှစ်ယောက်က မိဘချင်းသဘောတူထားကြတဲ့လူတွေလို့ စိမ်းသိထားပါတယ် ကင်း... နောက်ပြီး ဒီလက်ထပ်ပွဲကိုလည်း ကိုး ငြင်းလို့ရမယ်လို့ စိမ်း မထင်ဘူး..."
ခညောင်း စိမ်းရဲ့မျက်နှာချင်းဆိုင်က ခုံမှာဝင်ထိုင်လိုက်ကာ
"ကျွန်တော် ကိုစဝ်ဘုန်းရိပ်ခေါင်နဲ့ စကားပြောကြည့်ပြီးသွားပြီ... အဲ့ဒီ့လူပုံစံက အရမ်းရှေးရိုးဆန်တယ်... ကိုးနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး... နောက်ပြီး ကိုးလည်း သူ့ကိုကြိုက်မှာမဟုတ်သလို သူလည်း ကိုးကိုကြိုက်မှာမဟုတ်ဘူး..."
"ကိုးက ကင်းကိုပဲချစ်တယ်ဆိုတာ စိမ်းတို့လည်းသိပါတယ်... ဒါပေမယ့် ဟိုလူကတော့ ကိုးကို သဘောကျနေပုံပဲ..."
ကင်းရဲ့ အကြည့်စိမ်းစိမ်းတွေက စိမ်းဆီသို့ရောက်လာလေသည်။
"ကိုးကို ကျွန်တော်ယုံတယ်... တကယ်လို့ အဲ့ဒီ့လူ ကိုးကို သဘောကျခဲ့ရင်တောင်မှ ကိုးက လက်ခံမှာမဟုတ်ဘူး..."
ကိုးအပေါ်မှာ ယုံကြည်လွန်းအားကြီးနေတဲ့ကင်းကိုကြည့်ကာ စိမ်း မကျေမနပ်ဖြစ်သွားမိလေသည်။ ကင်းက ကိုးအပေါ် သဘောထားကြီးပေးနိုင်တာလား... ဟင်း... ကြည့်ကြသေးတာပေါ့။
"စိမ်းကြားတာတော့ ကိုးတို့ရဲ့မင်္ဂလာကိစ္စက အဖိုးအဖွားတွေလက်ထက်ကတည်းက ပြောခဲ့ပြီးသားဆိုတော့ ငြင်းလို့ရမှာမဟုတ်ဘူးတဲ့ ကင်း..."
သူမစကားကြောင့် ကင်းရဲ့မျက်နှာက ပြုံးသွားလေသည်။
"အဲ့ဒီ့ရှေးရိုးစွဲအလေ့အထတွေက ဒီခေတ်မှာ သိပ်အသုံးမတည့်တော့ပါဘူး..."
တကယ်ကို ကင်းက ကိုးအပေါ်မှာ ယုံကြည်မှုတွေပိုနေပြီဖြစ်သည်။
"ဟုတ်ပါတယ် အဓိကက ကင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ပါပဲ..."
"ဟုတ်ပါတယ်... ကျွန်တော်က ကိုးအပေါ်မှာ အမြဲတမ်းနားလည်ပေးပြီး ချစ်သွားမှာ..."
စိမ်း ပြုံးတယ်ဆိုရုံသာ ပြုံးလိုက်လေသည်။ ကြည့်တာပေါ့ ကင်းရယ်... စိမ်းက သာမန်မိန်းကလေးတစ်ယောက် မဟုတ်ပါဘူး...
"ကိုးလည်း ကျွန်တော့်အပေါ် အဲ့လိုချစ်မယ်ဆိုတာ ယုံကြည်တယ်..."
"ခညောင်း..."
အဝေးကနေ လှမ်းခေါ်နေတဲ့ ရာဇာ့ကိုလှမ်းကြည့်လိုက်ကာ ခညောင်း လက်ပြလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော် စိမ်းကို ကျေးဇူးတင်ပါတယ်..."
"ရပါတယ် ကင်း... ဒီအကြောင်းတွေက ကင်းသိထားရမယ့်အရာတွေထင်လို့ စိမ်း ပြောမိတာပါ..."
"မင်းတို့နှစ်ယောက်ထဲလား... မဒီနဲ့ကိုးကရော..."
ရာဇာက နီးရာခုံမှာဝင်ထိုင်ရင်းနဲ့ပြောလိုက်တော့ ခညောင်း နာရီကိုကြည့်လိုက်ကာ
"ဟုတ်သားပဲ... ကိုး ဘာလို့မရောက်သေးတာလဲ..."
"အင်းလေ နောက်ကျတော့မယ်..."
ခညောင်း စားပွဲပေါ်ကဖုန်းကိုယူလိုက်ပြီး ကိုးကိုခေါ်လိုက်လေသည်။
"တီ... တီ... တီ..."
ဖုန်းကဝင်သွားပေမယ့် ချက်ချင်းမကိုင်ပေ။ စိတ်ထဲမှာ ထင့်သွားမိပေမယ့် ဖုန်းကိုမချပစ်ဘဲ သူ ဖုန်းကိုဆက်ခေါ်နေမိ၏။
"တီ... တီ... တီ..."
"ကျွတ်..."
"ကိုး ဖုန်းမကိုင်ဘူးလား ကင်း..."
စိမ်းရဲ့အသံကိုကြားလိုက်တော့မှ စိတ်တွေကပိုပြီးထင့်သွားမိလေတော့သည်။
"ခညောင်း... ငါ ဘာလုပ်ပေးရမလဲ..."
သူ ခေါင်းကိုရမ်းလိုက်ကာ သူမ လာနေကျလမ်းလေးကိုလှမ်းကြည့်လိုက်လေသည်။
"ရတယ် ရာဇာ... ငါလည်း ရင်တွေပူနေလို့ ဘာလုပ်ရမှန်းမသိဘူး..."
"ခညောင်းရာ... ကိုးက ဖုန်းသံမကြားလို့နေမှာပါ..."
စိမ်းကတော့ အကြောင်းသိသူမို့ ငြိမ်ကာ တွေးနေလေသည်။
"အင်း... အဲ့လိုပဲဖြစ်မှာပါ..."
"တီ... တီ... တီ..."
လက်ထဲကဖုန်းက တုန်ခါလာသဖြင့် ခညောင်း မျက်လုံးပြူးသွားကာ ဖုန်းနံပါတ်ကိုကြည့်လိုက်ပြီးမှ ပြုံးနိုင်လေတော့သည်။
"ဟယ်လို ကိုး..."
"ကိုကို... ဆောရီးနော်... ခုနက ဖုန်းက အိတ်ထဲမှာဆိုတော့ ကိုး အသံမကြားလိုက်လို့ပါ..."
"ရပါတယ် ကိုးရယ်... ကိုယ်က ကိုး ဖုန်းမကိုင်တာနဲ့ စိတ်ပူနေတာ... ခုမှပဲ စိတ်သက်သာရတော့တယ်..."
ရာဇာက စိမ်းကိုကြည့်လိုက်ကာ ပြုံးပြီး မေးငေါ့ပြလိုက်တော့ စိမ်းက ပြုံးတယ်ဆိုရုံသာ ပြုံးပြလိုက်လေသည်။ "ကိုး အခု ကျောင်းနားရောက်တော့မယ် ကိုကို... ကိုကို ကန်တင်းမှာပဲလား..."
"အင်း... ဟုတ်တယ် ကိုး... ရာဇာနဲ့စိမ်းတို့လည်း ရှိတယ်... မဒီကတော့ ရောက်မလာသေးဘူး..."
"မဒီက ဒီနေ့ကျောင်းလာမှာမဟုတ်ဘူး ကိုကိုရဲ့... အိမ်မှာ ဧည့်သည်တွေရောက်နေလို့ဆိုပြီး ကိုးကို ဖုန်းဆက်တယ်..."
"သြော် ဟုတ်လား... ကိုး ဘယ်နားရောက်နေပြီလဲ ကိုယ်ထွက်ခဲ့မယ်လေ..."
"ရပါတယ် ကိုကိုရဲ့... ကိုး ကျောင်းနားရောက်ခါနီးပါပြီ... ဒါပဲနော် ကိုကို..."
"အင်း... အင်း ကိုး..."
သူ ဖုန်းချလိုက်တော့ ရာဇာက ပြုံးဖြီးဖြီးမျက်နှာကြီးဖြင့် ကြည့်နေလေသည်။
"ဘာကြည့်တာလဲ..."
"ဟား... ဟား... ငါမပြောဘူးလားကွ... မင်းကိုက အစိုးရိမ်လွန်နေတာပါ ခညောင်းရာ..."
"အေးပါကွာ... ဟုတ်ပါတယ်..."
"ဟား... ဟား... ဟား..."
ရာဇာက လှောင်ရယ်ရယ်နေသဖြင့် သူ ရာဇာ့လက်မောင်းကို လက်သီးနဲ့ထိုးလိုက်ပြီး
"ငါ ကျောင်းရှေ့မှာ ကိုးကို သွားစောင့်နေလိုက်ဦးမယ်..."
"အေးပါကွာ သွားပါ... သွားပါ..."
"စိမ်းလည်း လိုက်ခဲ့မယ်လေ ကင်း..."
"ရတယ် စိမ်း... ကျွန်တော်ပဲသွားလိုက်မယ်..."
စိမ်း ဘာမှဆက်မပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်မိတော့သည်။ ကင်းက စိမ်းအပေါ်မှာ နည်းနည်းလေးတောင်မှ စိတ်ယိုင်တာမဟုတ်ဘူး..။
#######
"မင်းက ကိုယ့်မယ်တော်နဲ့ အရမ်းတူတယ်လို့ ကိုယ့်ရဲ့ဒွေးတော်ပြောတုန်းက ကိုယ် တကယ်မယုံခဲ့ဘူး... အခုတော့ ကိုယ် ယုံသွားပြီ..."
"ဟင်..."
"ဟုတ်တယ် မင်းက ကိုယ့်မယ်တော်နဲ့တစ်ပုံစံထဲပဲ ချာတိတ်... အဲ့ဒါကြောင့် ကိုယ် မင်းကို ချစ်ခဲ့မိတာထင်တယ်..."
"ရှင်..."
ရည်းစားတွေလည်းမဟုတ်ပါဘဲနဲ့ ဦးရဲ့ပါးစပ်ကနေ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းထွက်လာတိုင်း ကိုးရင်ထဲမှာ ဘယ်လိုခံစားလိုက်ရမှန်းမသိပေ။
"ဟုတ်တယ်... မယ်တော် တရားရိပ်သာကနေ ထွက်လာတဲ့နေ့ ကိုယ် ချာတိတ်ကို မယ်တော်နဲ့တွေ့ပေးမယ်... အဲ့ဒီ့အခါ ချာတိတ်သိပါလိမ့်မယ်..."
ကိုး ကျောင်းကိုမြန်မြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေမိတော့သည်။ ကျောင်းကလည်း နောက်ကျနေပြီထင်တယ်။ ဒီနေ့မှ မမက အလုပ်ကိစ္စအရေးကြီးတာနဲ့ ကိုးကို လိုက်မပို့တော့ဘဲ အစောထွက်သွားတာဖြစ်သည်။ ဖေဖေကလည်း ကုမ္ပဏီမှာ အလုပ်ကိစ္စအရေးကြီးတာနဲ့ ညက အိမ်ကိုပြန်မအိပ်တော့ ကိုးအတွက် အခက်အခဲဖြစ်သွားခဲ့တာ။ ကိုး တက္ကစီငှါးဖို့လုပ်နေတုန်းမှာပဲ ဦးရဲ့ကားက ရောက်လာခဲ့တာ။ 
"ကိုယ့်မယ်တော်နာမည်က နန်းဆက်ဧကရီလို့ခေါ်တယ်... မယ်တော်က အရမ်းကိုချောတယ်... မယ်တော်တို့အနွယ်တော်တွေထဲမှာ မယ်တော်က အချောဆုံးပဲ... အဲ့ဒါကြောင့်လည်း ချာတိတ်က မယ်တော်နဲ့တူတယ်လို့ ကိုယ့်ဒွေးတော်ပြောခဲ့တုန်းက ကိုယ်မယုံခဲ့တာပေါ့... ဒါပေမယ့် ကိုယ် အခုတော့ယုံသွားပါပြီ... ချာတိတ်က တကယ်ကိုချောတာ..."
ကိုး မျက်နှာက ရှက်သွေးဖြာသွားလေသည်။ ရဲလာတဲ့ ပါးမို့မို့လေးတွေကိုကြည့်ကာ သူ့ရင်ထဲမှာ အမည်မသိတဲ့ခံစားချက်တစ်ခုက ဖြစ်ထွန်းသွားသဖြင့် သူ ကားကို ဂရုစိုက်ကာ မောင်းလိုက်လေသည်။ ရှေ့နားဆိုရင်တော့ ချာတိတ်ရဲ့ကျောင်းကိုရောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ချာတိတ်ရယ်... ကိုယ် ချာတိတ်ကို စွန့်လွှတ်နိုင်တော့မှာမဟုတ်တော့ဘူး... ခညောင်းရှင်လက်ထဲကိုလည်း ကိုယ် ချာတိတ်ကို မထည့်ပေးလိုက်နိုင်ဘူး။ 
"ဦး... အရှေ့နားဆိုရင်ရောက်ပါပြီ..."
"သြော် ရောက်ပြီလား..."
"ဟုတ်ကဲ့... ကိုးကို မေမေပြောသလို ကျောင်းထဲထိ လိုက်မပို့ပေးလည်းရပါတယ်... ကိုး နောက်ကျမှာစိုးလို့ မြန်မြန်ပဲသွားလိုက်ပါတော့မယ် ဦး..."
"ဟုတ်လား... ကိုယ့်ကြောင့် ချာတိတ် ကျောင်းနောက်ကျသွားရပြီ... ကိုယ် တောင်းပန်ပါတယ် ချာတိတ်ရယ်..."
သူ ကျောင်းရှေ့မှာ ကားကိုရပ်ပေးလိုက်တော့ ကိုး ကားပေါ်ကနေဆင်းလိုက်ပြီးမှ ကားတံခါးပြန်ပိတ်လိုက်ပြီး ကျောပိုးအိတ်လေးကို သေချာလွယ်လိုက်ကာ
"ရပါတယ် ဦး... ကိုး သွားတော့မယ်နော်... မေမေ့ကြောင့် ဦးက ကိုးကို ကျောင်းလိုက်ပို့ပေးတယ်ဆိုပေမယ့် ကိုး ကျေးဇူးတင်ပါတယ်..."
"ရပါတယ် ချာတိတ်ရယ်... အခုလိုနောက်ကျသွားတဲ့အတွက်ပဲ ကိုယ်က အားနာနေတာပါ..."
"ဟုတ် ကိုး သွားတော့မယ်နော်..."
"အင်း..."
ကိုး ဦးကိုကျောခိုင်းပြီးသာလှည့်ထွက်လာခဲ့တာ စိတ်ထဲမှာတော့ မလုံမလဲဖြစ်သွားမိတာအမှန်ပင်။ ဟူး... စိတ်တွေလေးလိုက်တာ...
"တောက်..."
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ရင်းနဲ့ ကားပေါ်က အဲ့ဒီ့လူကို သူ ကြည့်လိုက်မိလေသည်။ ကိုး ကျောင်းထဲအထိရောက်တာတောင်မှ အဲ့ဒီ့လူရဲ့အကြည့်တွေက ကိုးဆီကနေမခွာဘဲ ရှိနေသေးသည်။ စိမ်းပြောသလိုမျိုးပဲ အဲ့ဒီ့လူက ကိုးကို သဘောကျနေတာလား... ကျွတ်... ဘယ်လိုလုပ်ရမလဲ... တကယ်လို့ ကိုးကသာ အဲ့ဒီ့လူအပေါ် စိတ်ယိုင်သွားရင် ငါ ဘယ်လိုလုပ်ရမှာလဲ...။ သူ အဲ့ဒီ့လူဆီသွားမယ်လုပ်လိုက်ပြီးမှ ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်လေသည်။ မဖြစ်သေးဘူး... ကိုယ်က ဘာကိုမှသေချာသိသေးတာမဟုတ်ဘူး... နောက်ပြီးတော့ အဲ့ဒီ့လူက အခုအချိန်မှာ ကိုယ့်ရဲ့အလုပ်ရှင်ဆိုလည်း မမှားဘူး။ တကယ်လို့ ကိုယ်ထင်ထားတာတွေသာမဟုတ်ဘူးဆိုရင် မျက်နှာပူစရာတွေဖြစ်လာလိမ့်မယ်။ မဖြစ်သေးပါဘူး... သေချာအောင်တော့ စုံစမ်းထားရမယ်... တကယ်လို့ ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ ကိုးသာ ငါ့ဘက်မှာရှိနေရင် ငါ ဘာကိုမှ တွေးပူနေစရာမလိုပါဘူး...။ ငါယုံတယ်... ကိုးက ငါ့အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မယ့်လူမျိုးမဟုတ်ဘူး...။
"တီ... တီ... တီ..."
သူ ဖုန်းနံပါတ်ကို ကြည့်လိုု်ကာ ပြံုးလိုက်ပြီး ဖုန်းကို ကိုင်လိုက်လေသည်။
"ဟယ်လို ကိုး..."
"ကိုကို ဘယ်မှာလဲ... စိမ်းပြောတော့ ကိုးနောက်ကို လိုက်လာတာဆို..."
"ဟုတ်တယ် ကိုးရဲ့... ဒါပေမယ့် ကိုယ် ကျောင်းပေါက်ဝကိုမရောက်သေးပါဘူး... Toilet ဝင်နေလို့... ကိုးက ကန်တင်းရောက်နေပြီလား..."
"ဟုတ်တယ် ကိုကို... ကန်တင်းကိုလာခဲ့နော်..."
"အင်း ကိုယ်လာပြီနော် ကိုး..."
"ဟုတ်..."
သူ ဖုန်းချလိုက်ပြီး ကိုးရှိနေတဲ့ ကန်တင်းဘက်ကို ပြန်လှည့်လာလိုက်သည်။ ကောင်းကင်ကြီးက ကြည်လင်ကာ ပတ်ဝန်းကျင်က စိမ်းစိုနေပေမယ့်လည်း သူ့ရင်ထဲမှာတော့ မှောင်မိုက်ကာ ခြောက်သွေ့နေလေတော့သည်။ #######
"ချွေးမတော်လေးက တကယ်ကိုချောတာပဲ မောင်တော်ရယ်..."
ဒေါ်နန်းဆက်ဧကရီရဲ့စကားကြောင့် ဦးစိုင်းလုံခန့်က သဘောကျစွာပြံုးရင်းနဲ့ ခေါင်းငြိမ့်နေလေသည်။
"ကိုးက အဒေါ့်လောက်တော့ မချောပါဘူး... အဒေါ်ကမှ နန်းဆန်ပြီးချောတာ..."
အခေါ်အဝေါ်တွေက ကိုးအတွက် အဆင်မပြေဖြစ်နေသဖြင့် ဘယ်လိုခေါ်ရမှန်းမသိပေ။ ဦးရဲ့မေမေကတော့ ကိုးကို နားလည်သွာကြည့်နေလေသည်။
"ချွေးမတော် အဆင်ပြေသလိုသာ ခေါ်ပါ..."
ဖေဖေနဲ့မေမေက ကိုးကိုကြည့်ကာ ပြံုးနေသလို ဦးရဲ့မိဘတွေကလည်း ကိုးကိုကြည့်ပြီး ပြံုးနေကြလေသည်။ ဦးပြောသလိုပဲ ဦးရဲ့မေမေက တကယ်ချောတာပဲ။ ဦးက ကိုးနဲ့တူတယ်လို့ ပြောနေပေမယ့်လည်း မတူပါဘူး... ဦးရဲ့မေမေက ပိုပြီးချောတယ်။ ခေါင်းမှာပန်ထားတဲ့ ခရမ်းပြာရောင်သစ်ခွပန်းက နုဖတ်နေတဲ့မျက်နှာနဲ့ လိုက်ဖက်ညီစွာ ထင်းနေလေသည်။
"ဒါနဲ့ ချွေးမတော်နဲ့ သားတော်တို့ ထိမ်းမြားမယ့်ကိစ္စ ဆွေးနွေးပြီးသွားကြပြီလား..."
ကိုးစိတ်ထဲမှာ ဝမ်းနည်းသလိုလိုတောင် ဖြစ်သွားမိလေသည်။ အို... ဒါ ကိုကို့အတွက်ပဲလေ... ငါ ဘာလို့ဝမ်းနည်းရမှာလဲ...။
"သမီး ကိုး... လူကြီးက မေးနေတယ်လေကွယ်..."
ကို ဦးရဲ့မေမေကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဦးရဲ့သဘောပါပဲ..."
ကိုးရဲ့အပြောကြောင့် ဒေါ်နန်းဆက်ဧကရီ့မျက်နှာက သဘောကျသည့်မျက်နှာဖြင့် ပြံုးနေ၏။
"သားတော်နဲ့ဖုန်းပြောတော့လည်း သားတော်က ချွေးမတော်ရဲ့သဘောလို့ပဲပြောတယ်... တစ်ယောက်နဲ့တစ်ယောက် အခုလို မေတ္တာရှိတာ ဘယ်လောက်တောင်မှ ကောင်းလိုက်သလဲ ထက်ရယ်..."
"ဟုတ်ပ နန်းရယ်... ထက်တို့တွေလည်း အဆင်ပြေတာပေါ့..."
ဦးရဲ့မေမေက မေမေ့ကိုကြည့်ကာ ပြောနေသလို ဖေဖေနဲ့ ဦးရဲ့ဖေဖေတို့ကလည်း သဘောတကျ ပြံုးနေကြလေသည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ အဓိကက သားတော်နဲ့ ချွေးမတော်တို့ နားလည်မှုရှိကြဖို့ပါပဲ..."
"မှန်တာပေါ့ ကိုစိုင်းရယ်... ကျွန်တော်တို့ကလည်း အဆင်မပြေမှာ စိုးရိမ်နေခဲ့တာ... အခုတော့ အားလုံးအဆင်ပြေသွားပါပြီ..."
"တကယ်တော့ နန်းတို့က စံအိမ်တော်ကိုမရောက်သေးဘူး ထက်ရဲ့... ချွေးမတော်လေးကို မြင်ချင် တွေ့ချင်လွန်းလို့သာ ဒီကိုအရင်ရောက်လာခဲ့တာ..."
"မှန်တယ်ဗျာ... ချွေးမတော်က နန်းနဲ့အရမ်းတူတယ်လို့ သားတော်က ပြောတာနဲ့ ကျွန်တော်တို့တွေ ဒီကိုအရင်လှမ်းလာလိုက်တာ... သားတော်ကတော့ ချွေးမတော်အပေါ် အတော်လေးကို မေတ္တာသက်ဝင်နေတာ သေချာပါတယ်ကွယ်..."
ဦးရဲ့မေမေက ကိုးရဲ့လက်ကိုဆုပ်ကိုင်လိုက်တော့ ပိုးရဲ့အကြည့်တွေက ဦးမေမေရဲ့လက်ချောင်းလေးတွေဆီသို့ ရောက်သွားမိလေသည်။ ပြည့်တင်းသွယ်လျနေတဲ့လက်ချောင်းလေးတွေက လှလိုက်တာ... ကိုး သဘောကျစွာ ငေးကြည့်နေမိတော့သည်။
"သမီးကတော့ သားတော်အပေါ် ဘယ်လိုသဘောထားလဲဆိုတာ မယ်တော်မပြောတတ်ဘူး... ဒါပေမယ့် မယ်တော့်ရဲ့သားတော်ကတော့ သမီးအပေါ် မေတ္တာတရားတွေလွန်ကဲနေပြီ သမီး... တကယ်လို့များ မယ်တော်တို့တွေက သဘောမတူတော့ဘူးဆိုရင်တောင်မှ သားတော်က နောက်ဆုတ်တော့မှာမဟုတ်ဘူး..."
"ရှင်..."
ကိုး အ့ံသြသွားတာကိုကြည့်ပြီး ဦးရဲ့မေမေက ပြံုးပဲပြံုးနေ၏။
"ဟုတ်တယ် သမီး... သားတော်ဘဝမှာ ဘယ်မိန်းကလေးကိုမှ မေတ္တာရှိခဲ့တာမဟုတ်ဘူး... သမီးက ပထမဆုံးပဲ..."
ကိုးမျက်လုံးထဲမှာ ဦးရဲ့မျက်နှာကိုမြင်ယောင်လိုက် ကိုကို့မျက်နှာကို မြင်ယောင်လိုက်နဲ့ စိတ်ထဲမှာလည်း ဘယ်လိုခံစားနေရမှန်းမသိဖြစ်သွားလေသည်။
"ဘယ်လိုပြောရမလဲ... သမီးတို့ အခုခေတ်စကားမျိုးဆိုရင်တော့ အချစ်ဦးပေါ့ကွယ်..."
"သမီးလေးကလည်း တူတူပါပဲ နန်းရယ်... သမီးလေးဘဝမှာ မောင်စဝ်ဘုန်းရိပ်ခေါင်က အချစ်ဦးပါပဲ..."
မေမေတို့က စကားတွေဆက်ပြောနေကြပေမယ့် ကိုးရဲ့နားထဲမှာတော့ ဘာကိုမှမကြားမိတော့ဘဲ ကိုကို့ရဲ့မျက်နှာကို မြင်ယောင်နေမိတော့သည်။ အချစ်အတွက် ငါ စွန့်စားရမှာလား... ဘယ်လိုပုံစံနဲ့လဲ... ကိုကို့အတွက် ငါ ဦးကို လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးပြီပဲ ငါ ဘာတွေတွေးနေရပြန်တာလဲ... ကိုကို့က ငါ့ကိုသိပ်ချစ်တာ... ငါလည်း ကိုကို့ကို သိပ်ချစ်တယ်လေ ဒါပေမယ့် ဘာလို့... ဘာလို့ ငါ ကိုကို့ကို စွန့်လွှတ်ရမှာလဲ...
"သမီး..."
ဦးရဲ့မေမေက ကိုးရဲ့လက်ကိုဆွဲကိုင်လှုပ်ရင်းနဲ့ခေါ်လိုက်တော့ ကိုး ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်လိုက်ကာ
"ရှင်..."
"ထိမ်းမြားမှုကို သမီးအနေနဲ့ရော ဘယ်လိုဖြစ်စေချင်လဲ..."
"သြော်... နန်းကလည်း... အစောက သမီးလေးပြောပြီးပြီပဲလေ မောင်စဝ်ဘုန်းရိပ်ခေါင်ရဲ့သဘောဆိုတော့ ပြောစရာမလိုပါဘူးကွယ်..."
"ဟုတ်ပါတယ် အဒေါ်... ဦးက ကိုးကိုပြောထားပါတယ်... လက်ထပ်ပွဲကို... ဟို... ထိမ်းမြားမှုကို..."
"ရပါတယ် သမီး အဆင်ပြေသလိုပဲ ပြောပါကွယ်..."
"ဟုတ်ကဲ့... လက်ထပ်ပွဲကို ရိုးရာဓလေ့ထုံးစံအတိုင်း မလုပ်ချင်ဘူးဆိုရင်လည်း ရတယ်လို့ပြောပါတယ်... အဲ့ဒါကြောင့် အမှန်အတိုင်းပြောရမယ်ဆိုရင် ကိုး ဦးပြောသလိုမျိုး ရိုးရာဓလေ့အတိုင်း မလုပ်ချင်ပါဘူး အဒေါ်..."
သူမရဲ့စကားကြောင့် ဒေါ်နန်းဆက်ဧကရီ့မျက်နှာက အနည်းငယ်တည်တံ့သွားလေသည်။ ဒါပေမယ့် ချက်ချင်းပဲ အိန္ဒြေကိုဆယ်လိုက်လေကာ
"နန်းထင်ထားတာထက် သားတော်က သမီးလေးကိုချစ်တာပဲ..."
"ဟုတ်ကဲ့ ကိုး ရိုးရိုးပဲလုပ်ချင်ပါတယ် အဒေါ်..."
"သမီးက ရိုးရိုးလုပ်ချင်တယ်ဆိုတော့လည်း ရိုးရိုးပေါ့ကွယ်... ဒါပေမယ့် အဒေါ်တို့မျိုးနွယ်ထဲမှာ ထိမ်းမြားဖို့အတွက်က သားတော်တစ်ယောက်ပဲကျန်တော့တာမို့လို့ ထိမ်းမြားမှုကို ရိုးရာဓလေ့အတိုင်း မလုပ်ချင်ရင်တောင်မှ ခမ်းခမ်းနားနားတော့ လုပ်မယ်လေ သမီး..."
ကိုး ခေါင်းငြိမ့်လိုက်ပြီး ဦးမေမေရဲ့မျက်နှာကို သေချာကြည့်လိုက်လေသည်။
"ဟုတ်ကဲ့... ကျန်တာကတော့ ဦးရဲ့သဘောပါပဲ..."
"ဟုတ်ပါပြီ ဒါဆိုရင်တော့ ထိမ်းမြားမှုကိစ္စအဝဝကို နန်းတို့ပဲစီစဉ်လိုက်ပါ့မယ် ထက်..."
"ကောင်းပါပြီ နန်းရယ်..."
"ဒါဆို နန်းတို့ ပြန်တော့မယ်လေ ထက်... တကယ်လို့ တစ်ခုခုပြောချင်ရင် နန်းကိုဖုန်းဆက်လို့ရပါတယ်..."
"ဟုတ်ကဲ့ပါ နန်း..."
"ဒါဆို နန်းတို့ကိုခွင့်ပြုပါဦးနော်... ကိုမြတ်အာကာနဲ့ ထက်..."
"ကောင်းပါပြီ... ကိုစိုင်း ကားကိုဖြည်းဖြည်းမောင်းသွားနော်..."
"ဟုတ်ကဲ့ ကိုမြတ်အာကာ..."
ဦးရဲ့မေမေက ကိုးရဲ့လက်နှစ်ဖက်ကို သူမလက်နဲ့ဆွဲကိုင်လိုက်ပြီး
"သမီးလေး အဒေါ်တို့သွားတော့မယ်နော်... သမီးလေးကို တစ်နေ့လောက် စံအိမ်တော်ကို အလည်ခေါ်ဦးမယ်..."
"ဟုတ်ကဲ့ပါ အဒေါ်..."
ဦးရဲ့မိဘတွေကို ကိုး အိမ်ရှေ့အထိလိုက်ပို့လိုက်လေသည်။ ကားပေါ်တက်ခါနီးမှာ ကိုးကို လှည့်ကြည့်လာပြီး
"သားတော်က သမီးလေးကို ဘာလို့ချစ်မိသွားလဲဆိုတာ အခုတော့ အဒေါ် သေချာသိသွားပြီ..."
"ရှင်..."
ကိုး နားမလည်သလိုဖြစ်သွားတော့ ဦးရဲ့မေမေက ဘာမှထပ်မပြောတော့ဘဲ ကားပေါ်ကိုသွားလေသည်။
"သမီး အဒေါ်  တို့သွားပြီနော်..."
"ဟုတ်ကဲ့ပါ အဒေါ်..."
ဦးစိုင်းလုံခန့် ချွေးမဖြစ်သူရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးမှ ကားကိုမောင်းလိုက်လေသည်။
"ကိုစိုင်း... ကိုးအသင်္ချေက သားတော်နဲ့လိုက်ဖက်တာအမှန်ပဲနော်..."
"ဟုတ်တယ် နန်း... ကိုယ်က စိုးရိမ်နေခဲ့တာ..."
"ဒါပေမယ့် ရိုးရာဓလေ့အတိုင်း မလုပ်ဘူးဆိုတာကိုတော့ နန်း သိပ်သဘောမကျဘူး..."
"တီ... တီ... တီ..."
ဒေါ်နန်းဆက်ဧကရီ ဖုန်းကိုကြည့်လိုက်ပြီး မျက်နှာကဝင်းပသွားကာ ဖုန်းကို ချက်ချင်းပဲ ကိုင်လိုက်၏။
"ဟယ်လို သားတော်..."
"မယ်တော်... ကြင်ယာတော်ဆီကို သွားတာဆို..."
"ဟုတ်တယ်လေ သားတော်ရဲ့... မယ်တော် အခု ပြန်လာနေပြီ... သားတော် စံအိမ်တော်မှာပဲလား..."
"ဟုတ်ကဲ့ မယ်တော်... ကြင်ယာတော်ကို မယ်တော် ဘာတွေပြောခဲ့တာလဲ..."
"ထိမ်းမြားမှုအတွက်ပေါ့ သားတော်ရယ်..."
"ဟင်... မယ်တော် ဒီထိမ်းမြားမှုကို အားလုံး ကိုးရဲ့သဘောအတိုင်းပဲလုပ်မယ်လို့ ကျွန်တော် ကိုးကို ပြောခဲ့ပြီးသွားပြီနော်... မယ်တော် ဘာတွေပြောခဲ့သေးလဲ..."
"သားတော်ရယ်... တစ်သက်မှာတစ်ခါပဲလုပ်ရမယ့်မင်္ဂလာပွဲကို ဘာလို့ ဓလေ့ထုံးစံအတိုင်း မလုပ်ရတာလဲ..."
"မယ်တော် ထိမ်းမြားမှုကို ကိုးရဲ့သဘောအတိုင်းပဲဖြစ်ပါစေ... သားတော် မစွက်ဖက်ဘူး မယ်တော်..."
"သားတော်ရယ်... သားတော်က အဲ့ဒီ့မိန်းကလေးအပေါ်မှာ အခုလိုမျိုးဦးစားပေးမယ်ဆိုရင် နောက်ဆိုရင် မယ်တော်တို့ရဲ့ ထုံးတမ်းစဉ်လာတွေ ကွယ်ပျောက်ကုန်လိမ့်မယ်..."
"အခုချိန်မှာ ကိုးက သားတော်ရဲ့ဘဝပဲ မယ်တော်..."
"ဟင်..."
ဒေါ်နန်းဆက်ဧကရီ ဖုန်းပြောရင်းနဲ့ မျက်ခုံးတွေ ကျံု့တက်သွားမိလေသည်။
"စံအိမ်တော်ကိုရောက်မှပဲ သားတော်တို့ အေးအေးဆေးဆေးဆွေးနွေးရအောင် မယ်တော်... အခု သားတော် မယ်တော့်ကိုဖုန်းဆက်တယ်ဆိုတာကလည်း စကားတွေကျွံသွားမှာဆိုးလို့ပါ...
"သားတော်ရယ်... မယ်တော်ပြောချင်တာက... အင်းပါ ဟုတ်ပါပြီ မယ်တော်တို့ စံအိမ်တော်ရောက်မှ ဆွေးနွေးကြတာပေါ့..."
"ဟုတ်ကဲ့ပါ မယ်တော်... ခမည်းတော်ကိုလည်း ကားကိုဂရုစိုက်မောင်းဖို့ သတိထားလိုက်ဦးနော် မယ်တော်..."
"ကောင်းပြီ သားတော်... ဒါဆို မယ်တော် ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
ဒေါ်နန်းဆက်ဧကရီ ဖုန်းကိုချလိုက်ပြီး
"သားတော်က အဲ့ဒီ့မိန်းကလေးအပေါ်မှာ တခြားလူတွေနဲ့မတူတဲ့မေတ္တာမျိုးရှိနေခဲ့တာ မောင်တော်... ထိမ်းမြားမှုကိုရိုးရာဓလေ့အတိုင်းသာမလုပ်ရင် ခမည်းတော်က သဘောကျမှာမဟုတ်ဘူး..."
"နန်းရယ်... ခမည်းတော်က သားတော်အပေါ် ချစ်ပါတယ်ကွယ်... အဲ့ဒါကိုတော့ သူတို့မြေးအဖိုးနှစ်ယောက် တိုင်ပင်ကြပါလိမ့်မယ်... အဓိကက သားတော်ရဲ့ထိမ်းမြားမှုအောင်မြင်စွာ ပြီးဆုံးသွားဖို့အတွက်ပဲမဟုတ်လား..."
"အင်း... ဟုတ်ပါတယ်လေ..."
ထို့နောက် နှစ်ယောက်သား ဘာစကားမှ ဆက်မပြောဖြစ်ကြတော့ဘဲ ငြိမ်သွားကြလေသည်။ ဦးစိုင်းလုံခန့်ကလည်း ကားကို ဂရုစိုက်မေင်းနေသလို ဒေါ်နန်းဆက်ဧကရီသည်လည်း တွေးတောရင်းနဲ့ ငြိမ်သက်နေခဲ့သည်။ ထိမ်းမြားမှု... သားတော်က အဲ့ဒီ့မိန်းကလေးကို တကယ်ချစ်မြတ်နိုးတာ သေချာပေမယ့် မိန်းကလေးဘက်ကတော့ အေးစက်နေတယ်လို့ သူမထင်မိသည်...။
#######
ဆက်ရန် - အခန်း(၁၃)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now