အခန်း(၁၉)

97 3 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၉)

"ပိကျိ... ပိကျိ..."
နားထဲမွာ ငှက်ကလေးတွေရဲ့အသံကို ကိုး ကြားနေရသည်။ အိမ်မက်ထဲမှာလည်း အပြင်မှာလားဆိုတာတော့ ကိုး ဝေခွဲမရပါ။
"ပိကျိ... ပိကျိ..."
ကိုး မျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်ကာ လက်ကလည်း မျက်မှန်ကိုလိုက်စမ်းနေမိလေသည်။ ဘေးကစားပွဲပေါ်ကို လက်ကရောက်သွားတော့မှ မျက်မှန်ကိုစမ်းမိသွားလေသည်။ မျက်မှန်ကိုယူလိုက်ကာတပ်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့ ဦးကိုမတွေ့ရ။ ကြည့်ရတာ ဦးက အိပ်ရာကအစောထတတ်တဲ့အကျင့်ရှိတဲ့ပုံပင်။ ကိုး ထလိုက်ကာ အော်မြည်နေတဲ့ ငှက်ကလေးတွေကို ကြည့်လိုက်ပြီး ခုတင်ပေါ်ကနေ ဆင်းလိုက်တော့ စားပွဲပေါ်မှာတင်ထားတဲ့ စာရွက်ခေါက်လေးကို တွေ့လိုက်ရသဖြင့် ကောက်ယူလိုက်ကာ ဖတ်ကြည့်လိုက်လေသည်။
###ချာတိတ်... အိပ်ရာကနိုးရင် ကိုယ့်ကိုဖုန်းဆက်နော်... ချာတိတ်အိပ်ရေးပျက်မှာစိုးလို့ ကိုယ် မနှိုးတော့တာပါ...###
ကိုး စာဖတ်ပြီးတော့ ပြုံးလိုက်ကာ စာရွက်ခေါက်လေးကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ငှက်ကလေးတွေအော်မြည်နေတဲ့ ပြတင်းပေါက်နားသို့ ခြေသံမကြားအောင် အသာလေးခြေဖွပြီး လျှောက်သွားလိုက်လေသည်။ ငှက်ကလေးတစ်ကောင်က ကိုးလာနေတဲ့ဘက်ကို ကျောခိုင်းထားပြီး ပိကျိ...ပိကျိနဲ့ အော်နေ၏။ ကိုး ပြတင်းပေါ်နားကိုလည်းရောက်လာရော ငှက်ကလေးက လန့်သွားကာ အတောင်ပံလေးကိုဖြန့်ပြီး ပြတင်းပေါက်ကနေခွာသွားပြီး ဝရန်တာဘောင်ပေါ်မှာ နားနေလေသည်။ ကိုး ပြုံးလိုက်ပြီး ပြတင်းပေါက်နားမှာရှိနေတဲ့ခုံလေးမှာထိုင်လိုက်ပြီး ပြတင်းပေါ်ဘောင်လေးပေါ်မှာ မေးလေးထောက်ပြီး ငှက်ကလေးကို ငေးကြည့်နေမိ၏။
အညိုရောင် အတောင်ပံလေးတွေက ငှက်ကလေးရဲ့အသက်ပဲ... လှလိုက်တဲ့ အတောင်ပံလေးတွေပါလားနော်... ကိုးမှာလည်း အတောင်ပံလေးတွေပါခဲ့ရင် သိပ်ကောင်းမှာပဲ...
"ချာတိတ် နိုးနေပြီလား..."
ဦးရဲ့အသံကြားလိုက်ရသဖြင့် ကိုး လှည့်ကြည့်လိုက်တော့ ဦးက တံခါးကိုပြန်ပိတ်လိုက်ကာ ကိုးရှိတဲ့နေရာကို ရောက်လာလေသည်။
"ဦး..."
ကိုး ဦးကိုမော့ကြည့်ပြီးခေါ်လိုက်ရာ ဦးရဲ့ နွေးထွေးတဲ့အနမ်းတစ်ခုက ကိုးရဲ့နဖူးပေါ်သို့ ညင်သာစွာရောက်လာလေတော့သည်။
"ဟင်..."
"Morning ချာတိတ်..."
"ဦးကလည်း ကိုးက မျက်နှာမသစ်ရသေးဘူး..."
ကိုးရဲ့စကားကြောင့် ဦးရဲ့မျက်နှာမှာ အပြုံးတစ်ခုက စွန်းထင်းသွားလေသည်။ ထို့နောက် ကိုးရဲ့လက်ဝါးလေးကို ဆုပ်ကိုင်လာကာ
"ဘာဖြစ်လဲ ချာတိတ်ရယ်..."
"ရွံ့စရာကောင်းတာပေါ့ ဦးရဲ့..."
ဦးက သူမမျက်နှာလေးကို သေချာငုံ့ကြည့်လာသဖြင့် ကိုး ခေါင်းငုံ့ထားလိုက်ကာ
"ဦးကလည်း ကိုး မျက်နှာမသစ်ရသေးပါဘူးဆို..."
"မိန်းကလေးတစ်ယောက်ရဲ့အလှဆုံးအချိန်က အိပ်ရာကထတဲ့အချိန်ပဲဆိုတာ ကိုယ် အခုမှပဲလက်ခံတော့တယ်..."
"ဟာ... တော်ပြီ ကိုး ရေသွားချိုးတော့မယ်..."
ကိုး ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ရာ ခြေထောက်က ထိုင်ခုံကိုခလုတ်တိုက်မိသွားပြီး ရှေ့သို့မှောက်လဲကျသွားကာ ဦးက ကိုးရဲ့ပခုံးနှစ်ဖက်ကို အသာလေးဖမ်းဆွဲလိုက်လေသည်။
"အို..."
ကိုး ဦးမျက်နှာကိုမော့ကြည့်လိုက်ရာ ဦးက ကိုးရဲ့ခန္ဓာကိုယ်လေးကို သူ့ရဲ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ဦးဝတ်ထားတဲ့ ကာကီရောင်လောင်းကုတ်ရှည်ကြီးက ကိုးရဲ့ခန္ဓာကိုယ်ကို လွှမ်းခြံုသွားလေတော့သည်။
"ချစ်တယ် ချာတိတ်ရယ်..."
ဦးရဲ့ရင်ခွင်က နွေးထွေးလိုက်တာ... ကိုး မရုန်းကန်မိတော့ဘဲ ဦးရဲ့ရင်ခွင်ထဲမှာ ငြိမ်သက်နေမိတော့သည်။ ကိုး ရင်ထဲမှာ ထူးဆန်းစွာပင် ငြိမ်းချမ်းနေလေသည်။
ဘုန်းရိပ် ချာတိတ်ကိုဖက်ထားရင်းကနေ ကျေနပ်စွာ ပြုံးလိုက်မိလေသည်။ ချာတိတ်က သူ့ကိုမချစ်ဘူးဆိုပေမယ့် ခါးခါးသီးသီးတော့မရှိပါ။ သူ့အချစ်တွေစစ်မှန်တာကြောင့် သူ့မေတ္တာတွေ ရောင်ပြန်ဟပ်လာတယ်လို့ပဲ ပြောရမလား... သူချစ်သလို ချာတိတ်ပြန်ချစ်လာဖို့အထိတော့ သူ မမျှော်လင့်မိပါ။ သူမျှော်လင့်ထားတာက သူ ချာတိတ်ကို အတင်းလက်ထပ်ခဲ့မိတဲ့အတွက် ချာတိတ်မမုန်းဖို့ကိုပဲ မျှော်လင့်တာ။
"ဦး... ကိုး ရေသွားချိုးတော့မယ်... ဒီနေ့ ကိုး ကျောင်းသွားရဦးမှာ..."
"ဟုတ်သားပဲ... ကိုယ်မေ့နေတာ..."
"ဟုတ်... ကိုး ရေသွားချိုးတော့မယ်နော်..."
"အင်းပါ... ကိုယ် မနက်စာစားဖို့ အောက်မှာစောင့်နေမယ်နော်..."
"ဟုတ်ကဲ့ ဦး..."
သူ စကားပြောပြီးမှ ချာတိတ်ကို သူ့ရင်ခွင်ထဲက လွှတ်ပေးတာဖြစ်သည်။ ချာတိတ် ရေချိုးခန်းထဲအထိဝင်သွားတာကိုကြည့်ပြီးမှ သူလည်း ထမင်းစားဆောင်ကို ထွက်လာခဲ့လိုက်၏။ အိမ်ပေါ်ကဆင်းကာ မီးဖိုဆောင်ထဲဝင်လိုက်တော့ မယ်တော်က ထမင်းစားစားပွဲပေါ်မှာ မနက်စာကို ပြင်ဆင်နေ၏။
"သားတော်... ချွေးမတော်နိုးပြီလား..."
သူ ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်းနဲ့ ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ မယ်တော်... ကြင်ယာတော် ရေချိုးနေတယ်..."
"ဪ..."
သူ ချာတိတ်ဆင်းလာမယ့် အိမ်အပေါ်ထပ်သို့သာ လှမ်းကြည့်နေမိတော့သည်။
"သားတော် ဒီနေ့ ကုမ္ပဏီကို သွားရမှာလား..."
"ဟုတ်ကဲ့ မယ်တော်... ချာတိတ်ကို ကျောင်းလိုက်ပို့ပေးရင်းနဲ့ သွားမှာပါ..."
"တူတော်... ကုမ္ပဏီအခြေအနေရော ဘယ်လိုရှိလဲ..."
ဒွေးတော် ဒေါ်နန်းခမ်းမာလာက သူ့အနားသို့ရောက်လာကာ မေးလာသဖြင့် အိမ်အပေါ်ထပ်ကိုကြည့်နေတဲ့ သူ့အကြည့်တွေကို ဒွေးတော်ဆီသို့ လွှဲလိုက်ကာ
"အားလုံးအဆင်ပြေပါတယ် ဒွေးတော်... ဘာဖြစ်လို့များလဲ..."
ဒွေးတော်မျက်နှာက စကားတစ်ခွန်းပြောဖို့တောင်မှ တွန့်ဆုတ်နေသလိုလိုဖြစ်နေ၏။
"ဒွေးတော် ပြောစရာရှိတာပြောပါ..."
ဒွေးတော်ရဲ့အကြည့်တွေက မယ်တော့်ဆီသို့ စိုးရိမ်စွာရောက်သွားပြီး ဘာမှမပြောဘဲ ငြိမ်နေပြန်သည်။ မယ်တော်က ဒွေးတော်ရဲ့မျက်နှာကို အကဲခတ်မိသွားကာ ဒွေးတော်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"မာလာ အစ်မတော်ဖုရားကို ဘာပြောချင်လို့လဲ... ပွင့်ပွင့်လင်းလင်းပြောပါ..."
ဒွေးတော်က မယ်တော့်မျက်နှာကို အားနာနေသလိုကြည့်ကာ
"အိုက်မော်က တူတော့်ကုမ္ပဏီမှာ အလုပ်လုပ်ချင်လို့တဲ့..."
"ဟင်..."
မယ်တော်က သူ့ထက်တောင်မှ မျက်နှာပျက်သွားလေတော့သည်။
"အစ်မတော်ဖုရား... မာလာ့ကို စိတ်ဆိုးသွားသလားဟင်..."
ခေါင်းရမ်းလိုက်ရင်းနဲ့ မယ်တော့်အကြည့်တွေက သူ့ဆီသို့ ရောက်လာတော့သည်။
"သားတော်ကိုပဲမေးကြည့်ပါ မာလာ... အစ်မတော်ဖုရားရဲ့သဘောအတိုင်းဆိုရင်တော့ အိုက်မော်ကို သားတော်ရဲ့အနားမှာမရှိစေချင်ဘူး..."
"ကျွန်တော်လည်း အတူတူပဲဒွေးတော်... ကျွန်တော်တို့ကြားထဲမှာ ဘာပြဿနာမှသာမရှိခဲ့ဘူးဆိုရင် ကျွန်တော် လက်ခံမိမှာအမှန်ပဲ..."
ဒွေးတော်က သူ့ကိုဘာမှပြန်မပြောတော့ပေမယ့်လည်း မျက်နှာကတော့မကောင်းပေ။
လွန်ခဲ့တဲ့ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က အဖြစ်အပျက်တွေက ခေါင်းထဲသို့ရောက်လာလေတော့သည်။ ငယ်ရွယ်သူပီပီ နှစ်ယောက်စလုံးက စိတ်ဆတ်ကြတော့ အနွယ်တော်တွေထဲမှာ ခဏခဏရန်ဖြစ်ကြတာ သူတို့နှစ်ယောက်ပဲရှိသည်။ ကျောင်းသွားရင်လည်း ဦးရီးတော်စိုင်းမောက်က သူတို့နှစ်ယောက်ကို အတူလိုက်ပို့ပေးလေသည်။ နောက်ပြီး အဲ့ဒီ့အရွယ်ကတည်းက နှစ်ယောက်စလုံးက ကားကို ကျွမ်းကျွမ်းကျင်ကျင်မဟုတ်သော်လည်း ကောင်းကောင်း မောင်းတတ်ခဲ့ကြသူတွေဖြစ်သည်။ တစ်နေ့ ဦးရီးတော်စိုင်းမောက်က သူတို့နှစ်ယောက်ကို ကျောင်းလိုက်ပို့ပေးတဲ့နေ့မှာ ကျောင်းမရောက်ခင် လမ်းတစ်ဝက်ခန့်ရောက်တဲ့အချိန် လမ်းမှာ ဦးရီးတော်ရဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ ဦးရီးတော်က ကားကိုရပ်ကာ ကားပေါ်ကဆင်းပြီး မိတ်ဆွေနဲ့စကားပြောနေစဉ် ကားပေါ်မှာ သူတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။
"စော်ဘွားသခင်လေး..."
သူ အိုက်မော်ကို မုန်းတီးစွာကြည့်လိုက်ပြီး
"ငါ့ကို အဲ့လိုမခေါ်နဲ့လို့ မင်းကို ဘယ်လိုပြောရမလဲ အိုက်မော်..."
အဲ့လိုရှေးရိုးစွဲအခေါ်အဝေါ်တွေကို သူသဘောမကျပေ။ စော်ဘွားမျိုးနွယ်ထဲမှာ လူဖြစ်လာခဲ့လို့သာ သူ အဆင်ပြေအောင်နေခဲ့တာ။ အဲ့လိုလာခေါ်ရင်တော့ သူ တကယ်မကြိုက်။ နောက်ပြီး သူ့ကို အိုက်မော်ကလွဲပြီး ဘယ်သူကမှ အဲ့လိုခေါ်ခဲ့တာမဟုတ်။
"ခေါ်တော့ ဘာဖြစ်လဲကွာ..."
အိုက်မော်က ရန်စတတ်သလောက် သူကလည်း နည်းနည်းမှ သည်းခံတတ်သူမဟုတ်သဖြင့် ကားပေါ်မှာပင် ပွဲကကြမ်းသွားတော့သည်။
"ခေါ်ဦးကွာ... အင့်..."
"ခွပ်..."
"အ..."
အိုက်မော် ဒဏ်ရာရတာကိုကြည့်ပြီး သူ ကျေနပ်စွာပြံုးလိုက်ရင်းနဲ့ အိုက်မော် လက်တုန့်ပြန်တဲ့အခါ ပြန်ပြီးခုခံနိုင်အောင် ဟန်ပြင်လိုက်ပေမယ့် အိုက်မော်က ဘာမှပြန်မလုပ်ဘဲ ကားရှေ့ခန်းထဲသို့ လျှင်လျှင်မြန်မြန်ရွှေ့လိုက်ကာ အဆင်သင့်ချိတ်ထားတဲ့ ကားသော့နဲ့ ကားစက်ကိုနှိုးလိုက်သဖြင့် သူ လန့်ဖျပ်သွားကာ
"အိုက်မော် မင်း ဘာလုပ်တာလဲ..."
နှစ်ယောက်စလုံးက ကားမောင်းတာကို ကျွမ်းကျင်ကြသူတွေမဟုတ်။ အထူးသဖြင့် အိုက်မော်က သူ့လောက်ကျွမ်းကျင်သူမဟုတ်။
"မင်းကိုပြန်လုပ်ရင်လည်း ငါ့အပြစ်ပဲဖြစ်မှာ... ဒါပေယ့် အခုလိုဖြစ်သွားခဲ့ရင် ငါ့မှာအပြစ်မရှိဘူးလေ... မတော်တဆ အက်ဆီးဒင့်လို့ပဲ အနွယ်တော်တွေက ထင်ကြမှာ..."
"ဟင်... အိုက်မော် မင်း အဲ့လိုမလုပ်နဲ့..."
သူပြောလို့မဆုံးသေးခင်မှာပဲ အိုက်မော်က ကားကိုမောင်းလေတော့သည်။ ဦးရီးတော်ကလည်း ကားအပြင်ဘက်ကနေ သူတို့ကိုကြည့်ကာ မမောင်းဖို့အော်ပြောနေ၏။ ဒါပေမယ့် အိုက်မော်ကတော့ ပြောလို့မရခဲ့ပါ။ ကားကိုဇွတ်အတင်းမောင်းနေသဖြင့် သူ လန့်ဖျပ်သွားကာ ကားတံခါးကိုဖွင့်လိုက်ပြီး ကားပေါ်ကနေ ခုန်ဆင်းဖို့ ပြင်လိုက်ရတော့သည်။
"အိုက်မော် မင်း ကားမရပ်ဘူးလား..."
"ဟား... ဟား... မင်းကြောက်နေတာလား ဘုန်းရိပ်..."
"တောက်... အရူးကောင်..."
အိုက်မော်က ဘယ်လိုမှပြောလို့ရမှာမဟုတ်တော့ဘူးဆိုတာကို သူသိလိုက်ပြီဖြစ်သဖြင့် ကားတံခါးကိုဖွင့်ကာ အရဲစွန့်ပြီး ကားပေါ်ကနေ ခုန်းဆင်းလိုက်တော့သည်။
"အား..."
မှောက်လျက်ခုန်ချလိုက်တာဖြစ်သဖြင့် ကားပေါ်ကကျသွားတော့လည်း သူ မှောက်လျားလေးဖြစ်ကာ ဒူးတွေ တံတောင်တွေ ပွန်းပဲ့စုတ်ပြတ်သွားလေတော့သည်။
"ဝုန်း..."
"ဟင်..."
သူ အနာတွေကိုပွတ်သပ်နေရင်းကနေ အိုက်မော်နဲ့ကားကို လှည့်ကြည့်လိုက်တော့ ရှေ့နားကသစ်ပင်ကြီးကို အိုက်မော်က ကားနဲ့ဝင်တိုက်ပစ်တာဖြစ်သည်။ အဲ့ဒီ့နေ့က အိုက်မော် ကံကောင်းလို့မသေခဲ့ပေမယ့် ခေါင်းတော့ကွဲသွားခဲ့လေသည်။ အနွယ်တော်အားလုံးက အိုက်မော်ကိုသာ ဆူဆုံးမခဲ့တော့ အဲ့ဒီ့အချိန်ကတည်းက သူ့အပေါ် အိုက်မော်က အညှိုးထားခဲ့တာဖြစ်သည်။
"သားတော်..."
"ဟင်..."
သူ အတိတ်ကပုံရိပ်တွေဆီကနေ စိတ်တွေကိုပြန်စုစည်းလိုက်ကာ မယ်တော့်ကိုကြည့်လိုက်လေသည်။
"ဟိုမယ် ချွေးမတော် လာပြီ..."
သူ အိမ်ပေါ်ကဆင်းလာတဲ့ ချာတိတ်ကိုကြည့်လိုက်ပြီး သဘောကျစွာ ပြံုးလိုက်မိလေသည်။ ချာတိတ်ကလည်း သူ့ကိုပြန်ပြံုးပြရင်းနဲ့ သူ့ဘေးကခုံမှာ ဝင်ထိုင်လိုက်ကာ မယ်တော့်ကိုကြည့်လိုက်ပြီး
"မေမေ... ကိုး နောက်နေ့ဆိုရင် အစောထပြီး မနက်စာပြင်ဆင်ပေးပါ့မယ်နော်... ဒီနေ့ ကိုး အိပ်ရာထနောက်ကျသွားလို့ပါ..."
ဒေါ်နန်းဆက်ဧကရီ ချွေးမတော်ရဲ့စကားကို သဘောကျစွာနားထောင်နေရင်းနဲ့ ခေါင်းငြိမ့်လိုက်လေသည်။
"မလိုပါဘူး သမီးရဲ့... စံအိမ်တော်မှာ ထမင်းချက်ကြီးတွေရှိတယ်လေ... ဒီနေ့ မယ်တော်က သမီးလေးအတွက် မယ်တော့်လက်ရာကို စားစေချင်လို့ တမင်လုပ်ပေးတာ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မေမေ..."
စားပွဲပေါ်မှာရှိနေတဲ့ ထမင်းကြော်ရဲ့အနံ့က ကိုးဗိုက်ထဲက အစာအိမ်ကို တော်တော်လေးကို ဆွဲဆောင်နေပြီဖြစ်သည်။
"မေမေ... ကိုး စားလို့ရပြီလား..."
"ရပြီလေ သမီး..."
ကိုး ဘယ်သူ့မျက်နှာကိုမှ မကြည့်တော့ဘဲ အားရပါးရစားလိုက်တော့သည်။ အိမ်မှာဆို ဒါမျိုးက စားရခဲသည်။ များသောအားဖြင့် ပေါင်မုန့်နဲ့လက်ဖက်ရည်... မဟုတ်ရင် နန်းကြီးသုပ်တို့ ရှမ်းခေါက်ဆွဲတို့ပဲ ဖြစ်သည်။ အခုလို ထမင်းကြော်ဆိုတာက တစ်လနေလို့မှ တစ်ခါတောင် စားရတာမဟုတ်။
ဘုန်းရိပ် ထမင်းမစားသေးဘဲ သူမကိုကြည့်ကာ သဘောကျနေမိသည်။
"ချာတိတ် ဗိုက်အရမ်းဆာနေတာလား..."
သူ့အမေးကို သူမက ခေါင်းငြိမ့်ခြင်းဖြင့်သာ ပြန်ဖြေလေသည်။
"သားတော် စားလေကွယ်..."
"ဟုတ်ကဲ့ မယ်တော်..."
"ကိုးက အိမ်မှာဆို မနက်စာကို ထမင်းမစားရဘူး ဦးရဲ့..."
"ဪ..."
"စားရတာ ကောင်းရဲ့လား သမီး..."
ကိုး မေမေ့ကိုမော့ကြည့်လိုက်ကာ လက်မထောင်ပြလိုက်ပြီး
"အရမ်းဂွတ်တယ် မေမေ..."
ချာတိတ်ရဲ့အပြုအမူကြောင့် မယ်တော်က မျက်လုံးပြူးကာ ပြံုးနေလေတော့သည်။ အနွယ်တော်တွေထဲမှာ ချာတိတ်ရဲ့အပြုအမူ အပြောအဆိုတွေက အားလုံးနဲ့ဆန့်ကျင်နေမယ်ဆိုတာ အားလုံးကသိထားပြီးသားပါ။ သူကိုယ်တိုင်ကလည်း အဲ့ဒါတွေကြောင့်ပဲ ချာတိတ်ကို ရွေးချယ်မိခဲ့တာ။ ခံစားချက်က သီးသန့်ဆိုပေမယ့် ချာတိတ်ကို မပိုင်ဆိုင်ခဲ့ရရင်တောင် သူ တခြားဘယ်သူ့ကိုမှလည်း ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မှာမဟုတ်ဘူး။
"ဦး စားလေ... ဘာတွေတွေးနေတာလဲ..."
"ဪ... ဘာမှမတွေးပါဘူး..."
"အဲဒါဆိုလည်း စားလေ... ပြီးရင် ကိုးကိုကျောင်းလိုက်ပို့ပေး..."
"အင်း..."
သူ ဘာမှမတွေးတော့ဘဲ ချာတိတ်နဲ့အတူ ထမင်းဆက်စားနေမိတော့သည်။ အခုလိုဘဝမျိုးပိုင်ဆိုင်ရမယ်လို့ သူ တစ်ခါမှ မတွေးဖူးခဲ့ဘူး... အထူးသဖြင့် ကိုယ်ချစ်ရတဲ့မိန်းကလေးဆိုတာ သူ့ဘဝမှာရှိလာမယ်ဆိုတာ မထင်ခဲ့ဖူးပေ... အခုတော့ ရှိလာခဲ့ပြီ... သူ့ဘဝထက်... သူ့အသက်ထက်ပိုချစ်ရမယ့် မိန်းကလေးတစ်ယောက်...
#######
"မင်း ဒီနေ့ ရှူတင်မရှိဘူးပေါ့ ခညောင်း..."
"အင်း ဟုတ်တယ်... အဲ့ဒါကြောင့် ငါ ကျောင်းကိုလာခဲ့တာ..."
"ကင်း မတွေ့တာကြာပြီနော်..."
ကျောင်းထဲသို့ဝင်လာရင်းနဲ့ ကျောင်းသူနှစ်ယောက်က နှုတ်ဆက်လာသဖြင့် သူ ပြံုးပြလိုက်ကာ
"ဟုတ်တယ်ဗျ... ကျွန်တော် အလုပ်များနေလို့ပါ..."
"ကြိုးစားထားပါ ကင်း... ညီမတို့က ကင်းရဲ့အမာခံပရိသတ်တွေပါ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
"ရပါတယ် ကင်း... ဒါဆို ခွင့်ပြုပါဦး..."
"ဟုတ်ကဲ့..."
ပြံုးနေရာကနေ ချက်ချင်းပဲ တည်သွားတဲ့ ခညောင်းရဲ့မျက်နှာကို ရာဇာကြည့်လိုက်ကာ
"သူများတွေကို ဟန်ဆောင်နှုတ်ဆက်ရတာ မင်း ပင်ပန်းတယ်မို့လား ခညောင်း..."
"အင်း ဟုတ်တယ် ရာဇာ... ဒါပေမယ့် အဲ့ဒါ ငါ့ရွေးချယ်မှုပဲလေ..."
"ဒါတော့ဒါပေါ့ကွာ... ဒါပေမယ့် မင်း အစကတည်းက အနုပညာကို ဝါသနာမပါခဲ့ရင်ကောင်းမှာပဲ..."
"ဘာလို့လဲ..."
ရာဇာက ဘေးလွယ်အိတ်ကို လက်တစ်ဖက်နဲ့ကိုင်ထားရင်းနဲ့ သူ့ကိုကြည့်လာကာ
"မင်းကိုကြည့်ရတာ အပူနှစ်ပူမိနေသလိုပဲ..."
ရာဇာ့စကားကိုနားထောင်ပြီး သူ ပြံုးလိုက်ရင်းနဲ့ ပြန်ပြောလိုက်လေသည်။
"အပူနှစ်ပူ... အင်း ဟုတ်ပါတယ်..."
"ဟုတ်တယ် ခညောင်း... မင်း စိတ်ပေါ့သွားအောင် ခရီးလေးဘာလေးထွက်လိုက်ပါလား..."
"အင်း ငါလည်းစဉ်းစားနေတာ..."
စကားပြောရင်းနဲ့ သူတို့နှစ်ယောက် ကန်တင်းကိုရောက်လာကြလေသည်။
"သွားမယ်ဆိုရင် မင်း တောင်ပေါ်ဒေသလေးတွေကိုသွားပါလား ခညောင်း... အဲ့လိုနေရာလေးတွေဆိုရင် မင်းစိတ်ထဲမှာ အေးချမ်းမှာအမှန်ပဲ..."
"အင်း... ကောင်းသားပဲ... ငါသွားရင် မင်းရောလိုက်မှာလား..."
"မင်းခေါ်ရင် ငါလိုက်မှာပေါ့..."
"Ok ဒါဆို ငါ စဉ်းစားလိုက်ဦးမယ်..."
"အင်း... ဟင် ဟိုမှာ ကိုး..."
ရာဇာ့စကားကြောင့် သူ ရာဇာကြည့်နေတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ သူတို့ထိုင်နေကျအအေးဆိုင်လေးမှာ ကိုးတို့သူငယ်ချင်းသုံးယောက်ကထိုင်နေရင်းနဲ့ စကားပြောနေကြလေသည်။ သူ ဆိုင်ထဲသို့ အလျှင်အမြန်ဝင်လိုက်ကာ
"ကိုး..."
"ကင်း..."
စိမ်းက ခညောင်းကိုမော့ကြည့်လာကာခေါ်လိုက်ပေမယ့် ကိုးကတော့ သူ့ကို ကျောခိုင်းထားကာ လှည့်မကြည့်ဘဲ နေနေလေသည်။
"ကိုး..."
"စိမ်းနဲ့မဒီ ငါ အတန်းထဲမှာပဲ စောင့်နေမယ်နော်..."
"ဪ... အင်း အင်း..."
ထိုင်နေရာကနေထလာပြီး သူ့ကိုကျောခိုင်းထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တဲ့ကိုးရဲ့လက်ကို သူ ဆွဲလိုက်ကာ
"ကိုး..."
ကိုးက သူ့ကိုလှည့်မကြည့်ဘဲ သူ့လက်ကို ဆောင့်ရုန်းလိုက်ကာ
"ကိုးရဲ့လက်ကိုလွှတ်ပါ ကင်း..."
"ကိုး... ကိုယ့်အပေါ် အဲ့လောက်တောင်စိမ်းကားသွားပြီလား... ကိုယ့်ကို လှည့်ကြည့်ပါဦး..."
ကိုးက သူ့ကိုလှည့်ကြည့်လာကာ သူမလက်ကိုဆွဲထားတဲ့သူ့လက်ကို ဆွဲခွာလိုက်ပြီး
"ကိုးတို့ကြားမှာ ပတ်သက်စရာကိစ္စမရှိတော့ဘူးလို့ထင်ပါတယ်... ကိုးကို ခွင့်ပြုပါဦး..."
"ကိုး... ကိုးရယ် ကိုယ့်နှလုံးသားလေးကို ကိုး အခုလိုနည်းနဲ့ ရက်စက်လိုက်တာလား..."
"အခုချိန်မှာ ကိုးက အိမ်ထောင်သည်ဖြစ်နေပါပြီ ကင်း... အဲ့ဒါကြောင့် ကိုးကို လာမပတ်သက်ပါနဲ့တော့..."
တည်ကြည်စွာပြောနေတဲ့ ကိုးရဲ့မျက်နှာကို သူ အ့ံသြတကြီးကြည့်ရင်းနဲ့ ခေါင်းကိုအသာခါရမ်းလိုက်လေသည်။
"မဟုတ်ဘူး ကိုး... ကိုယ်တို့တွေက လွယ်လွယ်နဲ့ချစ်သူတွေဖြစ်ခဲ့ကြတာမှမဟုတ်တာ... ဘာလို့ အခုလိုမျိုး လွယ်လွယ်နဲ့ဝေးသွားရမှာလဲ ကိုးရယ်..."
ရာဇာတို့လည်း ခညောင်းမျက်နှာကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြလေတော့သည်။
"ကိုး အဲ့ဒီ့လူကိုမချစ်ဘူးဆိုတာ ကိုယ်သိတယ် ကိုး... ကိုးချစ်တဲ့လူက ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်ပဲရှိတာ... ဟုတ်တယ်မို့လား..."
"မဒီ... ငါ သွားတော့မယ်ဟာ..."
"ကိုး..."
ကိုးက သူ့လက်ကို ဆောင့်ရုန်းလိုက်သဖြင့် သူ့လက်ထဲက ကိုးရဲ့လက်က လွတ်ထွက်သွားလေတော့သည်။
"ခညောင်း..."
"ကင်း... ကျေးဇူးပြုပြီးအခုလိုတွေမလုပ်ပါနဲ့တော့... ကင်း အခုလိုလုပ်လိုက်လို့ မီဒီယာတွေကသာ သိသွားခဲ့ရင် ထိခိုက်နစ်နာရမှာ ကင်းတစ်ယောက်ထဲမဟုတ်ဘူး... ကိုးရဲ့ခင်ပွန်း ဦးလည်းထိခိုက်ရမှာ..."
သူမစကားကြောင့် သူ အ့ံသြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားမိတော့သည်။
"ကိုး... ကိုး ဘာပြောလိုက်တယ်..."
"ဟုတ်တယ် ကင်း... အဲ့ဒါကြောင့် ကိုးကို မနှောင့်ယှက်ပါနဲ့တော့... ခွင့်ပြုပါဦး..."
သူ့ကိုကျောခိုင်းကာထွက်သွားတဲ့ ကိုးရဲ့ကျောပြင်လေးကိုငေးကြည့်ရင်းနဲ့ သူ ကျန်ခဲ့လေတော့သည်။
"ကိုး... ကိုးရယ်..."
သူမနာမည်လေးကို အရင်ကလို ပွင့်ပွင့်လင်းလင်းနဲ့ရဲရဲမခေါ်ရဲတော့တဲ့အထိတောင်မှ သူ့ရင်ထဲမှာ နာကျင်သွားရတော့သည်။
"ခညောင်း... စိတ်လိုက်မာန်ပါမလုပ်နဲ့လေကွာ... ဒါ ကျောင်းနော်... မင်းကို ဒီတစ်ကျောင်းလုံးကသိကြတာ... မင်းပဲ မျက်နှာပျက်ရမှာ..."
"မင်းပြောသလိုပဲ ငါ အနုပညာကို ဝါသနာမပါခဲ့ရင် ကောင်းမှာပဲ ရာဇာရာ... အခုတော့ ငါ... ငါ့ရဲ့နာကျင်မှုတွေကို ငါ့မျက်နှာကအပြံုးတွေလိုပဲ မျက်နှာဖုံးစွပ်ပြီး ဖုံးကွယ်နေရတယ်..."
"ခညောင်းရာ..."
အချစ်ကြီးသူက ရှုံးနိမ့်သူပဲတဲ့... ဒီစကားက သူ့အတွက်များလား... သူ ကိုးကို အချစ်ကြီးကြီးနဲ့ချစ်ခဲ့တယ်ဆိုပေမယ့် ကိုးလည်း သူ့ကိုချစ်ခဲ့တာပဲလေ... အဲ့ဒါကို ဘာလို့ သူတစ်ယောက်ထဲ ရှုံးနိမ့်ရမှာလဲ... လောကကြီးက မတရားလိုက်တာ... ချစ်ရသူနဲ့ ပေါင်းဖက်ခွင့်မရှိဘူးဆိုလည်း ဘာလို့တွေ့ဆုံစေခဲ့တာလဲ... အခုတော့ တစ်ယောက်ထဲ နာကျင်စွာခံစားနေရပြီ... ဦးစဝ်ဘုန်းရိပ်ခေါင် ခင်ဗျား... ခင်ဗျား ဘာလို့ ကျွန်တော်နဲ့ ကိုးရဲ့ဘဝထဲကို ဝင်လာရတာလဲ... ဒါတွေအားလုံးကခင်ဗျားကြောင့်... ကျုပ်အတွက်တော့ ခင်ဗျားက စေတန်နတ်ဆိုးတစ်ကောင်ပဲ ဦးစဝ်ဘုန်းရိပ်ခေါင်...
#######
ဆက်ရန် - အခန်း(၂၀)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Tempat cerita menjadi hidup. Temukan sekarang