အခန်း(၆)

137 2 0
                                    

💜အချစ်ဦးမဟုတ်ပါ သို့သော်…💜
💜အခန်း(၆)💜

သူမမျက်နှာကိုတစိမ့်စိမ့်ကြည့်နေရင်းနဲ့ သူ သဘောကျစွာ ပြံုးလိုက်မိတော့သည်။ သူ့ဆုတောင်းတွေ တကယ်ပြည့်လာခဲ့တယ်လို့ပဲ ပြောရမလား သူ သူမနဲ့ နောက်တစ်ခါ ပြန်ဆုံခွင့်ရခဲ့ပြီ။ ပြန်ဆုံခွင့်ရခဲ့ရုံတင်မဟုတ်ဘဲ ဖူးစာပါ ပါခဲ့ရပြီ။ ပျော်လိုက်တာ...။ အစကတည်းကသာသိခဲ့ရင် သူ ဖိုးဖိုးနဲ့ဒွေးတော်တို့ရဲ့စကားကို ငြင်းဆန်မှာမဟုတ်ဘဲ ချက်ချင်းပဲလက်ခံလိုက်မှာ။ အခုတော့... အခုလည်း နောက်မကျသေးပါဘူး...။
ဖြူစင်နေတဲ့သူမမျက်နှာက ကလေးငယ်လေးကဲ့သို့ပင်။ ချာတိတ်ရယ်... မင်းနဲ့အမြန်ဆုံးနီးချင်ပြီကွာ။ ဒီအချိန်မှာ ကိုယ်ဘယ်လောက်ပျော်နေတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး ချာတိတ်ရယ်...။ မင်းနဲ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာဆိုတဲ့အရာကြီးကို ကိုယ်သိပ်ကျေးဇူးတင်တယ်။ ကိုယ်သာ မင်းနဲ့ထိမ်းမြားခွင့်ရပြီး မင်းရဲ့အချစ်ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင်တော့ ကိုယ့်ဘဝမှာ လိုအပ်ချက်ဆိုတာ တကယ်ရှိလာမှာမဟုတ်တော့ဘူး ချာတိတ်။ အဲ့ဒီ့ဆန္ဒကိုလည်း ကံကြမ္မာဆိုတဲ့အရာကြီးက ဖြည့်ဆည်းနိုင်ပေးမယ်လို့ ကိုယ် ယုံကြည်တယ်။
"ကျွတ်... ကျွတ်..."
"ဟင် ချာတိတ်..."
သူမရဲ့ ညည်းတွားသံကြောင့် သူ သူမကိုသေချာကြည့်လိုက်တော့ သူမက မျက်လုံးမဖွင့်ဘဲ ခေါင်းကိုလက်နဲ့ထောက်ထားရင်းနဲ့ ညည်းတွားနေတာဖြစ်သည်။ တဖြည်းဖြည်းနဲ့ မျက်လုံးပွင့်လာကာ မျက်နှာကျက်ကို သေချာကြည့်နေလေသည်။
"ချာတိတ်..."
သူ့အသံကြောင့် သူမအကြည့်တွေက သူ့ဆီသို့ရောက်လာကာ ချက်ချင်းပဲမျက်လုံးပြူးသွားပြီး ငုတ်တုပ်ထထိုင်သဖြင့် သူ သူမလက်ကို အမြန်ကိုင်လိုက်ကာ
"မလှုပ်တဲ့လေ ချာတိတ်... မင်း နေကောင်းတာမဟုတ်ဘူး..."
"ဟင်... ရှင်ကဘယ်သူလဲ..."
သူ သူမမေးခွန်းကို နားလည်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကိုယ့်က မင်းရဲ့မိဘတွေရဲ့မိတ်ဆွေရဲ့သားပါ..."
သူ့စကားကြောင့် သူမမျက်လုံးတွေ ဝိုင်းစက်သွားကာ စဉ်းစားသလို ငြိမ်သက်သွား၏။ ဒါပေမယ့် ချက်ချင်းပဲ စဉ်းစားမိသွားကာ
"ဟင်... ဒါဆို ကိုးနဲ့သဘောတူထားတဲ့လူက ရှင်လား..."
"အင်း ဟုတ်တယ်... မနက်က ချာတိတ်တို့အိမ်ကို ကိုယ်တို့ ထမင်းစားလာတာလေ... ကိုယ် ရောက်တဲ့အချိန်ကတည်းက သန့်စင်ခန်းနားမှာ မတ်တပ်ရပ်နေတဲ့ ချာတိတ်ကို သတိထားခဲ့မိတာ..."
သူ့စကားတွေကို ဘာလို့မှန်းမသိဘဲ ကိုး ငြိမ်သက်စွာ နားထောင်နေမိသည်။
"ချာတိတ်မေ့လဲတော့မယ့်အချိန်မှာပဲ ကိုယ်က ချာတိတ်ဆီကို အပြေးရောက်လာခဲ့တာ..."
"သြော်..."
"ဘယ်လိုလဲ ချာတိတ်မှတ်မိပြီလား..."
ကိုး သူ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်မိလေသည်။ သန့်ရှင်းကြည်လင်နေတဲ့မျက်နှာမှာ ခန့်ညားတဲ့ အပြံုးက တစ်ဖက်သားအပေါ် ကြင်နာတတ်တဲ့ စိတ်ထားကို ပြသနေသလို သူ့ရဲ့နှလုံးသားလေးကလည်း နူးည့ံနွေးထွေးသည့်ပုံပင်။ ဒါပေမယ့် ကိုး ကိုကို့ကိုပဲချစ်တယ်။
"ချာတိတ်ရဲ့မိဘတွေက မနားရသေးတာနဲ့ ကိုယ် ပြန်လွှတ်လိုက်တာ... ချာတိတ်အဆင်ပြေရဲ့လား ကိုယ် ချာတိတ်မိဘတွေကို ပြန်ခေါ်လိုက်မယ်လေ..."
သူ့စိတ်ထားက ဘယ်လိုစိတ်ထားလဲဆိုတာ ကိုး အကဲခတ်နေမိသည်။ မေမေပြောသလိုပဲ ကိုးအပေါ်မှာ အနွံတာခံမယ့်လူပဲလား။ သူ့စကားတွေနားထောင်ရတာတော့ မေမေတို့အပေါ်မှာ ညှာတာပြီး ကိုးကို သူက စောင့်နေပေးခဲ့တာလား။ အပေါ်ယံကြည့်ရင်တော့ တည်ငြိမ်သူကြီးလိုလိုပေမယ့် ဘာဖြစ်လို့ ကိုးအပေါ်မှာ ပြာယာတခတ်ဖြစ်နေရတာလဲ။
"ရပါတယ် ကိုး အဆင်ပြေပါတယ်..."
"ချာတိတ်ရဲ့မိဘတွေလည်း မကြာခင် ပြန်လာမှာပါ... ချာတိတ် ဗိုက်ဆာလား... ကိုယ် ဘာလုပ်ပေးရမလဲ..."
"ဦး..."
"ကိုယ့်နာမည်က စဝ်ဘုန်းရိပ်ခေါင် ပါ..."
"ဦးစဝ်ဘုန်းရိပ်ခေါင် ကိုးတစ်ယောက်ထဲ နေလို့ရမလား..."
"ဟင် ဘာလို့လဲ ချာတိတ်..."
"ကိုး တစ်ယောက်ထဲပဲနေချင်လို့ပါ..."
"သြော်... ကိုယ်က စကားများမိသွားတော့ ချာတိတ်စိတ်ရှုပ်သွားတယ်ထင်တယ်... ကိုယ်တောင်းပန်ပါတယ်..."
ကိုး သူ့ကို ဘာမှပြန်မပြောဘဲ ထိုင်နေရင်းနဲ့ အကြည့်တွေကို ပြတင်းပေါက်ဆီသို့ လွှဲလိုက်လေသည်။
"အင်းပါ ဒါဆို ကိုယ် အပြင်မှာစောင့်နေပါ့မယ်... ချာတိတ် တစ်ခုခုလိုတာနဲ့ ကိုယ့်ကိုလှမ်းခေါ်လိုက်နော်..."
ကိုး ဘာမှပြန်မပြောသဖြင့် သူ အခန်းထဲကနေ ထွက်သွားတော့၏။
ကိုး လက်နှစ်ဖက်နဲ့ ဒူးကိုပိုက်ပြီးထိုင်နေရင်းကနေ မျက်ရည်တွေဝဲလာမိလေသည်။
"ကိုကိုရယ် ကိုး တောင်းပန်ပါတယ်... ကိုး... ကိုကို့အပေါ်မှာ သစ္စာမရှိတဲ့သူဖြစ်ရပြီ..."
ဝဲလာတဲ့မျက်ရည်က ဒူးပေါ်သို့ကျလာသဖြင့် ကိုး မျက်နှာကို ဒူးကိုပိုက်ထားတဲ့လက်ပေါ်မှာ မှောက်ချလိုက်မိတော့သည်။
"တွီ..."
မက်ဆေ့စ်သံကြောင့် ကိုး မျက်နှာလေးမော့လာကာ ဖုန်းကိုလိုက်ရှာလိုက်တော့ ခုတင်ဘေးက စားပွဲပေါ်မှာ တွေ့လိုက်ရသဖြင့် လှမ်းယူလိုက်ကာ မက်ဆေ့စ်ကိုဖတ်ကြည့်လိုက်လေသည်။
💌💌💌ကိုး... သက်သာရဲ့လား... ကိုယ် ကိုးကို အရမ်းလွမ်းတာပဲ ကိုးရယ်...💌💌💌
"ဟင်..."
ကိုး မျက်လုံးပြူးသွားမိလေသည်။ မက်ဆေ့စ်က တစ်စောင်ထဲမဟုတ်ဘဲ ငါးစောင်တောင်မှ။
💌💌💌ကိုး ဒီနေ့ကျောင်းလာမယ်ဆိုလို့ ကိုယ်မျှော်နေတာ...💌💌💌
💌💌💌ကိုးရဲ့အသံလေးကို ကိုယ်ကြားချင်လိုက်တာ ကိုးရယ်... ဘာပဲဖြစ်ဖြစ်ပါ ကိုး နေကောင်းအောင်နေနော်...💌💌💌
မက်ဆေ့စ်တွေဖတ်နေရင်းကနေ ကိုးရဲ့မျက်ရည်တွေက အဆက်မပြတ်ကျလာတော့သည်။ ကိုကိုရယ်.. ကိုး လူကနေကောင်းပါတယ်... ကိုးရဲ့စိတ်ထဲမှာသာ ကုသလို့မရတဲ့ဝေဒနာကို ခံစားနေရတာပါ။
💌💌💌ကိုယ် ရင်တွေပူလိုက်တာ ကိုးရယ်... ကိုး သက်သာရဲ့လား...💌💌💌
ကိုး အခုဖြစ်နေတဲ့ အခက်အခဲတွေကို ကိုး ဘယ်လိုရင်ဖွင့်ရမှာလဲ... ကိုကိုသိရင်လည်း ကိုးက သစ္စာမရှိတဲ့လူဖြစ်ရမှာ။ ကိုး... ကိုး ဘာဆက်လုပ်ရမလဲ ကိုကို..။ ဘယ်လိုမှငြင်းလို့မရတဲ့ လက်ထပ်ပွဲတစ်ခု ဘိုးဘွားတွေရဲ့ ကတိတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ လက်ထပ်ပွဲတစ်ခုကို ကိုးရဲ့ သဘောဆန္ဒမပါဘဲလက်ခံရတော့မယ်။
💌💌💌ကိုးသက်သာရင် ကိုယ့်ကို စာပြန်ပေးနော် ကိုး...💌💌💌
မက်ဆေ့စ်ဘောက်ထဲက ကိုကိုပို့တဲ့စာတွေကိုဖတ်နေရင်းနဲ့ ကိုး မျက်ရည်တွေကျလာပြီး ကိုကို့ဆီကို စာပြန်ပို့ပေးလိုက်လေသည်။
💌💌💌ကိုး သက်သာပါတယ် ကိုကို... စိတ်မပူပါနဲ့.. ကိုး မနက်ဖြန် ကျောင်းကိုလာခဲ့ပါ့မယ်...💌💌💌
စာပို့ပြီးတာနဲ့ ကိုး ဖုန်းကိုရင်ဘတ်မှာအပ်ထားကာ မျက်ရည်တွေက ကျလာပြန်၏။
"သမီး... ကိုး..."
"ဟင်..."
ကိုး မျက်ရည်တွေကို မြန်မြန်သုတ်လိုက်ပြီး ဖုန်းကိုစားပွဲပေါ်တင်လိုက်ကာ အိပ်ရာထဲအမြန်လှဲလိုက်လေသည်။
"သမီးက အိပ်နေတာလား..."
ကိုး အိပ်ရာကနေထလိုက်ပြီး မေမေ့ကိုကြည့်လိုက်ကာ ခေါင်းရမ်းပြလိုက်လေသည်။
"မအိပ်ပါဘူး မေမေ..."
မေမေက ကိုးဘေးကခုံမှာ ဝင်ထိုင်လိုက်ရင်း ကိုးရဲ့လက်ဝါးကိုဆုပ်ကိုင်လာသဖြင့် ကိုး ဟန်ဆောင်ကာပြံုးပြလိုက်ရလေသည်။
"သမီး မေ့လဲသွားပေမယ့် ဒီနေ့စေ့စပ်ပွဲကို နှစ်ဖက်စလုံးက သဘောတူလက်ခံခဲ့တယ်သမီး..."
"ဟင်..."
"တော်သေးတာပေါ့... မေမေက စေ့စပ်ပွဲကို ရွှေ့ပစ်မှာစိုးရိမ်နေတာ..."
သြော်... ဒီစေ့စပ်ပွဲက ဖြစ်မြောက်သွားတယ်တဲ့လား။ မေမေ့မျက်နှာကတော့ ပြံုးရွှင်နေလေသည်။
"မောင်စဝ်ဘုန်းရိပ်ခေါင်က သမီးအပေါ်မှာလည်း သဘောကျတဲ့ပုံပဲ သမီးရဲ့..."
"ဟင်..."
"ဟုတ်တယ် သမီး... အစကတော့ သမီးမေ့လဲသွားလို့ စေ့စပ်ပွဲကိုရွှေ့ဆိုင်းပစ်မယ်လို့ထင်တာ... ဒီစေ့စပ်ပွဲကို သူ့ဘက်ကလက်ခံပါတယ်တဲ့... နောက်ပြီး ချာတိတ်မေ့လဲသွားတယ်ဆိုပေမယ့်လည်း ဒီစေ့စပ်ပွဲက အောင်မြင်စွာပြီးဆုံးခဲ့တာပါလို့ ပြောခဲ့တာ..."
ကိုး ဘာမှပြန်မပြောဘဲ မေမေပြောပြနေတာတွေကိုသာ နားထောင်နေမိတော့သည်။
"ကိုးနဲ့တစ်ခါမှလည်းမတွေ့ဖူးဘဲနဲ့ သူက ဘာလို့ကိုးကိုသဘောကျတာလဲ မေမေ..."
"ဖူးစာဆိုတာပြောလို့မရဘူးလေ သမီးရဲ့... သူက သမီးကို မြင်မြင်ချင်း သဘောကျခဲ့လို့နေမှာပေါ့..."
ကိုး ခေါင်းကို အသာခါရမ်းလိုက်ကာ
"အဲ့လိုမျိုးတွေက ရုပ်ရှင်တွေထဲမှာပဲ ရှိတာပါ မေမေ..."
မေမေ့မျက်နှာက သဘောကျသလို ပြံုးရွှင်နေလေသည်။
"မဟုတ်ဘူး သမီးရဲ့... သမီးမေ့လဲသွားတဲ့အချိန်မှာ သမီးရဲ့အနားမှာရှိနေတာ သူတစ်ယောက်ထဲ သမီးရဲ့... သူသာ အိမ်ထဲကိုဝင်ဝင်ခြင်း သမီးကိုမမြင်ခဲ့ရင် သမီး ကြမ်းပြင်ပေါ်မှာလဲကျလို့ ဒဏ်ရာအနာတရဖြစ်နေလောက်ပြီ... ဒါပေမယ့် သမီးနားကို သူကအပြေးလေးရောက်သွားပြီး ပွေ့ထားလို့သာ သမီးဒဏ်ရာမရခဲ့တာပေါ့... သမီးတို့နှစ်ယောက်ကိုကြည့်ပြီး မေမေတို့လူကြီးတွေတောင် အ့ံသြနေခဲ့တာ... သမီးတို့နှစ်ယောက်က ရုပ်ရှင်တွေထဲကလို မင်းသမီးကမေ့လဲသွားတဲ့အချိန် မင်းသားက ပြေးပြီးပွေ့ထားသလိုမျိုး..."
"ဟာ မေမေကလည်း..."
မေမေ့စကားကြောင့် ကိုး ရှက်ရွ့ံစွာခေါင်းငုံ့လိုက်တော့ မေမေက ပြံုးနေလေသည်။
"သူက သမီးထက်အသက်ကြီးတော့ လူကြီးတစ်ယောက်လိုမျိုး သမီးအပေါ်ဆက်ဆံမှာပဲ... မေမေ အကဲခတ်ရသလောက်တော့ မောင်စဝ်ဘုန်းရိပ်ခေါင်က သမီးအပေါ်မှာ ကြင်နာယုယမယ့်ပုံပဲ သမီး... ချာတိတ်လို့ခေါ်တာကိုပဲ သမီးကြည့်လေ... သူက သမီးအပေါ်မှာ ညှာတာကြင်နာမှာပါ သမီးရယ်..."
"မေမေ တိုးတိုးပြောပါ... သူ အပြင်မှာရှိနေတယ်မို့လား..."
ကိုးရဲ့စကားကြောင့် မေမေ့မျက်နှာက ပြံုးသွားကာ ခေါင်းရမ်းလိုက်လေသည်။
"ဟင့်အင်း သူက သမီးစားဖို့တစ်ခုခုသွားဝယ်ဦးမယ်ဆိုပြီး အပြင်ထွက်သွားတယ်... ဒါနဲ့ မေမေမေးဦးမယ်..."
"ဟုတ်..."
"မောင်စဝ်ဘုန်းရိပ်ခေါင်က ဘာလို့အပြင်ထွက်နေတာလဲ..."
"ကိုး တစ်ယောက်ထဲနေချင်တယ်လို့ သူ့ကိုပြောခဲ့တာပါ..."
ကိုးရဲ့စကားကြောင့် မေမေ့မျက်နှာဟာ အ့ံသြသွားလေသည်။
"သမီးရယ် အားနာစရာကောင်းလိုက်တာကွယ်... သူ့ခမျာ သမီးမေ့လဲသွားတော့လည်း သမီးကိုပွေ့ပြီး စိုးရိမ်တကြီး သူ့ကားနဲ့ပဲ ဆေးရုံကိုလိုက်ပို့ခဲ့တာ... ပြီးတော့မှ မေမေတို့ကို သတိရသွားပြီး ခွင့်မတောင်းဘဲ သမီးကို အခုလိုမျိုး ဆေးရုံကိုလိုက်ပို့တာကိုတောင်မှ တောင်းပန်နေတာ..."
"ဟင်..."
ကိုး အ့ံသြသွားပေမယ့်လည်း ဘာမှတော့မပြောဖြစ်ခဲ့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုချိန်မှာ ကို သူနဲ့မတွေ့ချင်ပေ။ နောက်ပြီး ကိုး... သူ့ကိုလည်း လက်ထပ်နိုင်မှာမဟုတ်ဘူး... ပြီးတော့ ကိုး သူ့ကို ချစ်လာနိုင်မှာမဟုတ်ဘူး။
"ဟုတ်တယ် သမီး... သူက သူ့စံအိမ်တော်မှာ အားလုံးရဲ့ဂရုစိုက်တာကိုခံရတဲ့ သခင်လေးတစ်ယောက်... သမီးအပေါ်မှာ အခုလိုမျိုးဂရုစိုက်တာကိုတွေ့ရလို့တောင်မှ သူ့ဒွေးတော်... ဦးရီးတော်တွေက အ့ံသြနေကြတာ..."
"ဒွေးတော် ဦးရီးတော် ဟုတ်လား မေမေ..."
နားရှုပ်သလိုဖြစ်သွားတဲ့ ကိုးရဲ့အမေးကြောင့် မေမေက နားလည်သွားကာ ပြံုးလိုက်လေသည်။
"ဒွေးတော်ဆိုတာ အဒေါ်ကိုပြောတာ သမီးရဲ့... ဦးရီးတော်ဆိုတာကတော့ ဦးလေးပေါ့... သူက စော်ဘွားမျိုးနွယ်ဆိုတော့ အခေါ်အဝေါ်တွေက နန်းဆန်တယ်လေ သမီးရဲ့... မောင်စဝ်ဘုန်းရိပ်ခေါင်ကိုဆို သူတို့စံအိမ်မှာ သခင်လေးလို့ပဲခေါ်ကြတာ..."
"သခင်လေး..."
ကိုး မျက်လုံးထဲမှာ သူ့ရဲ့ကြည်လင်သန့်စင်တဲ့ မျက်နှာကို မြင်ယောင်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်မိလေသည်။
"အင်း... ဟုတ်တယ်..."
"ဒေါက်... ဒေါက်..."
တံခါးခေါက်သံကြောင့် မေမေ့အကြည့်တွေက တံခါးပေါက်ဆီသို့ရောက်သွားကာ
"ဟော... ပြန်လာပြီထင်တယ်..."
တံခါးဖွင့်ကာဝင်လာတဲ့သူ့ကို ကိုး မျက်နှာလွှဲလိုက်ပြီး အကြည့်တွေကို ဖုန်းဆီမှာလွှဲထားလိုက်လေသည်။ ကိုကိုရယ်... ကိုး ကိုကိုနဲ့အရမ်းတွေ့ချင်တယ်... ကိုးရဲ့အခက်အခဲတွေအကုန်လုံးပြောပြပြီး ကိုးတို့ရှေ့ရေးအတွက် ကိုး စကားတွေအများကြီးပြောချင်တယ်။ ကိုးလိုမျိုး သာမန်လူတွေမဟုတ်ဘဲ နန်းအနွယ်ဝင်တွေဖြစ်တဲ့ လူတစ်ယောက်နဲ့ ကိုး ဘယ်လိုလုပ် လက်ထပ်ရမှာလဲ။အားလုံးက သခင်လေးလို့ခေါ်ကြတဲ့ သူ့ကို ကိုး ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် စကားပြောရမှာလဲ။ ဟင့်အင်း ကိုး... သူ့ကို လက်ထပ်နိုင်မှာမဟုတ်ဘူး ကိုကိုရယ်... ဒါပေမယ့် ကိုး ငြင်းလို့လည်းရမှာမဟုတ်ဘူး။ ကိုး... ဘယ်လိုလုပ်ရမလဲ... ကိုး ရူးချင်တာပဲသိတော့တယ်။
"ချာတိတ်ကြိုက်မယ်ထင်တာလေးတွေတော့ ကျွန်တော်ဝယ်ခဲ့တယ်..."
"သမီးလေးအကြိုက်တွေကြည့်ပဲ... သားက ဘယ်လိုများသိလဲ..."
"ဗျာ... ဒါတွေအားလုံးက တကယ်ပဲ ကိုးရဲ့အကြိုက်တွေလား..."
ကိုးရဲ့အကြည့်တွေက သူ့လက်ထဲက အထုပ်တွေဆီသို့ တဒင်္ဂရောက်သွားပြီးမှ အကြည့်တွေကို လွှဲလိုက်လေသည်။ မေမေပြောသလိုပဲ သူက ကိုးရဲ့အကြိုက်တွေကို တကယ်သိနေတာလား။
"ဟုတ်တယ် သား... ကျေးဇူးတင်ပါတယ်ကွယ်..."
"ရပါတယ် ဒေါ်လေးရယ်... ဒါနဲ့ ချာတိတ်ရော သက်သာရဲ့လား..."
ကိုး ကြားပေမယ့် မဖြေဘဲ တမင်သက်သက်ငြိမ်နေမိလေသည်။ မေမေက ကိုးရဲ့လက်ကိုဆွဲလှုပ်လာပြီး
"သမီး မောင်စဝ်ဘုန်းရိပ်ခေါင် မေးနေတယ်လေကွယ်..."
"ကိုး သက်သာပါတယ်... မနက်ဖြန်ဆို ကိုး ကျောင်းသွားနိုင်ပါတယ်..."
"ဟင်... အနားယူပါဦး ချာတိတ်ရယ်... တော်ကြာ ကျောင်းမှာ မေ့လဲသွားရင်..."
"ကျောင်းမှာ ကိုးကို ဂရုစိုက်တဲ့လူတွေအများကြီးရှိပါတယ် ဦး..."
ကိုးရဲ့စကားကြောင့် သူ့မျက်နှာ တစ်မျိုးဖြစ်သွားတယ်လို့ ကိုး ထင်လိုက်မိလေသည်။
"ဟုတ်သားပဲ သမီးရယ်... နားပါဦးလား..."
"ကိုး စာတွေနောက်ကျလို့မဖြစ်ဘူး မေမေ..."
"တီ... တီ... တီ..."
ဖုန်းသံကြောင့် ကိုး ရင်ထိတ်သွားကာ စားပွဲပေါ်က ဖုန်းကိုလှမ်းကြည့်လိုက်တော့ ကိုးရဲ့ဖုန်းဆီက အသံကြားရတာမဟုတ်ပေ။
"ဟယ်လို..."
"သခင်လေး နှစ်နာရီမှာ အစည်းအဝေးရှိတယ်နော်... သခင်လေးမေ့နေမှာစိုးလို့ ကျွန်တော်ဖုန်းဆက်လိုက်တာ..."
"ဟုတ်သားပဲ... ကျွန်တော်မေ့နေတာ..."
"ဟုတ်ကဲ့ သခင်လေး... အချိန်ကလည်း သိပ်မလိုတော့ဘူး..."
"ကောင်းပြီလေ... ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ပါ ကျွန်တော် အခုထွက်လာခဲ့လိုက်မယ်..."
"ဟုတ်ကဲ့ သခင်လေး... ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
ဖုန်းပြောတာတောင်မှ သူ့ရဲ့ခန့်ညားတဲ့ရုပ်သွင်က နည်းနည်းလေးမှ ပြောင်းလဲမသွားပေ။ စကားပြောတာလည်း သိမ်မွေ့၏။
"ဒေါ်လေး ကျွန်တော် ကုမ္ပဏီမှာအစည်းအဝေးတစ်ခုရှိနေလို့ ကျွန်တော် ခဏသွားလိုက်ဦးမယ်..."
"သြော်... သွားပါ မောင်စဝ်ဘုန်းရိပ်ခေါင်..."
"ကျွန်တော့်ကို ဒွေးတော်တို့လိုမျိုး ဘုန်းရိပ်လို့ပဲခေါ်ပါ ဒေါ်လေးရယ်..."
သူ့စကားကြောင့် မေမေကပြံုးပြီး ခေါင်းငြိမ့်ပြနေလေသည်။
"ချာတိတ် ကိုယ် သွားတော့မယ်..."
ကိုး ခေါင်းပဲငြိမ့်ပြလိုက်တော့ သူက ကိုးကိုပြံုးပြပြီး အခန်းထဲကနေ ထွက်သွားလေတော့သည်။ သူ့အပြံုးက တခြားလူတွေအတွက် နွေးထွေးမှာမှန်ပေမယ့် ကိုးအတွက်တော့ မနွေးထွေးပဲ ပူလောင်နေခဲ့တာက ကိုး သူ့အပေါ်မှာ မုန်းနေလို့များလား...။
#######
ဆေးရုံထဲကထွက်လာတောင်မှ စိတ်က ကိုးဆီမှာ ကျန်ခဲ့တာမို့လို့ သူ သဘောကျစွာ ပြံုးလိုက်မိလေသည်။ ကိုယ် ချာတိတ်ကို တကယ်ချစ်မိသွားပြီ ချာတိတ်ရယ်...။ အတွေးတွေနဲ့အတူ သူ ကားပေါ်ကိုတက်လိုက်ပြီး ကားမောင်းလိုက်လေသည်။
"တီ... တီ... တီ..."
"ဟယ်လို..."
"သခင်လေး လာနေပြီလား..."
"ဟုတ်ကဲ့ ကျွန်တော် လမ်းမှာပါ..."
"ကျွန်တော် အဆင်သင့်ဖြစ်နေပြီဆိုတာ ဖုန်းလှမ်းဆက်လိုက်တာပါ..."
"ကောင်းပြီ... ကျွန်တော်လည်းရောက်တော့မယ်... ကုမ္ပဏီအတွက် ဝန်ထမ်းအသစ်ခန့်တာနဲ့ပတ်သက်တဲ့အကြောင်းတွေကို စုစည်းထားပေးပါ..."
"ဟုတ်ကဲ့..."
"ပြီးတော့ ပစ္စည်းတွေရဲ့ အရည်အသွေးကိုလည်း ဒီထက်ကာင်းအောင်လုပ်နိုင်မယ့်နည်းလမ်းတွေ ကျွန်တော်လိုချင်တယ်..."
"ဟုတ်ကဲ့ သခင်လေး... ကျွန်တော် စုထားလိုက်ပါ့မယ်..."
"အင်း... ဒါဆို ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့ ကားကိုဂရုစိုက်မောင်းပါ သခင်လေး..."
"ဟုတ်ကဲ့..."
သူ ဖုန်းချလိုက်ကာ ကားကိုဂရုစိုက်မောင်းလိုက်လေသည်။ အစည်းအဝေးက ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရသေးပေ။ ဘာလို့လဲဆိုတော့ ဆွေးနွေးစရာတွေကများနေခဲ့တော့ သူကိုယ်တိုင်ဦးစီးရမှာဖြစ်သည်။ ကုမ္ပဏီမှာ ဦးရီးတော်တို့ရှိနေပေမယ့်လည်း ဦးရီးတော်က အစည်းအဝေးကိုတက်မှာမဟုတ်ဘူး။ ကုမ္ပဏီကို ဦးရီးတော်တို့က ဦးစီးထူထောင်ခဲ့တယ်ဆိုပေမယ့်လည်း သူ့ကိုသာလွှဲထားခဲ့တာဖြစ်သည်။ တကယ်လို့ သူသာ ချာတိတ်နဲ့ထိမ်းမြားပြီးခဲ့ရင်တော့ သူ့နာမည်နဲ့အပြီးအပိုင်လွှဲပေးတော့မှာ အမှန်ပဲ။
"တီ... တီ..."
ကားဟွန်းသံတစ်ခုကြောင့် သူ ရုတ်တရက် ကားကိုကွေ့လိုက်ရာ လမ်းဘေးက ဓာတ်တိုင်ကို ကားက ဝင်တိုက်မိမလိုဖြစ်သွားသဖြင့် အလျင်အမြန်ဘရိတ်အုပ်လိုက်ရလေသည်။
"ကျွတ်..."
ခေါင်းနဲ့ စတီယာရင်နဲ့ ဆောင့်မိမလိုဖြစ်သွားသဖြင့် သူ စိတ်တိုသွားမိလေသည်။ အမြန်ထိန်းလိုက်တာတောင်မှ နဖူးက ဆောင့်မိသွား၏။ ကားကို မဆင်မခြင်မောင်းလာတဲ့လူကို ကားနောက်မှန်ထဲကနေ လှမ်းကြည့်လိုက်တော့ မလှမ်းမကမ်းမှာရပ်ထားတဲ့ နက်ပြာရောင် ပရာဒိုတစ်စီးကို သူ တွေ့လိုက်ရ၏။ အဲ့ဒီ့ကားနံပါတ်ကို သူ ရင်းရင်းနှီးနှီးသိနေပေမယ့် စဉ်းစားလို့ကမရခဲ့။ နောက်ပြီး ကားပေါ်ကနေ ကမန်းကတန်းဆင်းလာတဲ့လူတစ်ယောက်။ အဲ့ဒီ့လူက သူ့ကားရပ်ထားတဲ့နေရာသို့ စိုးရိမ်တကြီးနဲ့ရောက်လာ၏။ အနားကိုရောက်လာကာ သေချာကြည့်လိုက်တော့မှ သူ့ထက်ငယ်တာကို သတိထားမိလိုက်သည်။
ကားထဲကနေပြီး အပြင်ကနေ ကားတံခါးမှန်ကိုခေါက်နေတဲ့သူ့ကိုကြည့်ပြီး ဘုန်းရိပ် မှန်ကိုချပေးလိုက်သည်။
"အကို ဘာဖြစ်သွားသေးလဲ... ကျွန်တော် တောင်းပန်ပါတယ်ဗျာ... ကွေ့ကွေ့ချင်း ကားကို ဟွန်းမတီးဘဲ ကွေ့ပြီးမှ ကားဟွန်းတီးလိုက်မိတယ်..."
သူ တစ်ခါမှမမြင်ဖူးဘူးလို့ထင်ရတဲ့ လူငယ်တစ်ယောက်။ လူငယ်ဆိုတော့လည်း အမှားမကင်းနိုင်ဘူးဆိုတာကို သူ နားလည်သဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ
"ရတယ် ညီလေး... အကိုဘာမှမဖြစ်ပါဘူး... ဒါပေမယ့် ကားကို ဂရုစိုက်ပြီးမောင်းပါ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကို... အကို့ခေါင်း တစ်ခုခုများဖြစ်သွားသေးလား..."
ကားထဲကလူရဲ့ခေါင်းကိုကြည့်ကာ ခညောင်း မေးလိုက်တော့ အဲ့ဒီ့လူက ခေါင်းရမ်းပြနေလေသည်။ မြန်မာဝတ်စုံ စတစ်ကော်လံလက်ရှည်ကိုဝတ်ထားတဲ့သူ့ကိုကြည့်ရတာ လူကြီးလူကောင်းတစ်ယောက်ဆိုတာထက် မာနမကင်းတဲ့မျက်နှာကတော့ ကြည့်ရတာ သူ့အနေနဲ့ တစ်မူထားခြားနေသလိုလိုပင်။ အဲ့ဒီ့လူက နဖူးကို သူ့လက်နဲ့ သေချာစမ်းနေရာကနေ သူ့ကိုမော့ကြည့်လာပြီး
"ရတယ် ညီလေး... အကို ဘာမှမဖြစ်ဘူး..."
"တောင်းပန်ပါတယ် အကိုရယ်... ကျွန်တော် သတိမထားလိုက်မိလို့ အခုလိုဖြစ်ရတာ..."
"နောက်ဆို သတိထားပေါ့ကွာ... အကို ကိစ္စလေးရှိလို့ သွားတော့မယ် ညီလေး... မစိုးရိမ်ဘဲနဲ့ ကားကိုသာ ဂရုစိုက်မောင်းပါ..."
"ဟုတ်ကဲ့..."
ခညောင်း ကားမောင်ကာထွက်သွားတဲ့ အဲ့ဒီ့လူရဲ့ကားကို ကြည့်နေရင်းနဲ့ စိတ်မကောင်းဖြစ်နေမိလေသည်။ သူ့မျက်နှာမှာ ဒေါသထွက်နေတာကြောင့် နီရဲနေတာကို သူ သတိထားလိုက်မိသည်။ အင်းပေါ့... အဲ့ဒီ့လူသာ အချိန်မီ ဘရိတ်မအုပ်နိုင်ခဲ့ရင် ဓာတ်တိုင်ကို ဝင်တိုက်ပြီး အန္တရာယ်ဖြစ်မှာ။ အဲ့ဒီ့လူနေရာမှာ သူသာဆိုရင် စိတ်တိုပြီး ဆွဲထိုးရင်ထိုးပစ်ပြီးလောက်ပြီ။ ဒီလူကတော့ သူ့စိတ်သူထိန်းကာ ရပါတယ်လို့ပြောပြီး သည်းခံပေးခဲ့တာ။ ဝှူး... တော်ပါသေးတယ်... အဲ့ဒီ့လူနေရာမှာ တခြားလူသာဆိုရင် သူ အနည်းဆုံးလျော်ကြေးတော့ပေးရမှာပဲ။
#######
"ဟင်... သခင်လေး ဘာဖြစ်လာတာလဲ..."
ရုံးခန်းထဲရောက်ရောက်ချင်း သူ့မျက်နှာကိုသေချာကြည့်ကာ မေးလာတဲ့ ကိုသက်ကို သူ မကြည့်ဘဲနဲ့ ခုံမှာထိုင်လိုက်ပြီး
"အစည်းအဝေးနီးနေပြီမို့လား သွားရအောင်..."
"ဆယ့်ငါးမိနစ်လိုပါသေးတယ် သခင်လေး... အရင်ဆုံး သခင်လေးနဖူးက ရောင်နေတဲ့ဒဏ်ရာကို ကြပ်ပူထိုးရအောင်..."
"ဟင်..."
သူ အ့ံသြသွားတော့ ကိုသက်က သူမသိအောင် ပြံုးလိုက်ကာ
"ဘယ်လိုဖြစ်လို့ ဒဏ်ရာရလာတာလဲ သခင်လေး..."
သူ ကိုသက်မေးတာကို ပြန်မဖြေနိုင်ဘဲ ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းထဲကနေ သူ့နဖူးသူကြည့်လိုက်လေသည်။
"ဟုတ်သားပဲ..."
သူ အခုမှ သတိထားမိတာဖြစ်သည်။ အဲ့ဒါကြောင့် ဟိုလူငယ်က သူ့ကိုမေးနေခဲ့တာလား။
"သခင်လေး..."
"ကိုသက်..."
သူ့အသံကြောင့် ကိုသက်က ခေါင်းငုံ့သွားလေသည်။
"တောင်းပန်ပါတယ် သခင်လေး... သခင်လေးရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ကျွန်တော် ဝင်ပြီးစွက်ဖက်မိသွားပြီ... ကျွန်တော်က သခင်လေးအတွက် စိတ်ပူလို့ပါ..."
သူ့အတွက် တကယ်ပဲစိုးရိမ်နေတဲ့ ကိုသက်ကိုကြည့်ပြီး သူ ဘာမှဆက်မပြောတော့ဘဲ ဖုန်းထဲကနေ သူ့နဖူးသူပြန်ကြည့်နေမိလေသည်။
"ဦးရီးတော်တို့ရော အစည်းအဝေးကိုလာမှာလား..."
"ကျွန်တော် သခင်ကြီးတို့ကို အကြောင်းမကြားထားပါဘူး သခင်လေး... အဲ့ဒါကြောင့် မလာလောက်ပါဘူး..."
"တော်သေးတာပေါ့..."
"တူတော်..."
"ဟင်..."
အသံနဲ့အတူ ရုံးခန်းထဲကိုဝင်လာတဲ့ ဦးရီးတော်နှစ်ယောက်ကြောင့် သူရော ကိုသက်ရော အံ့ဩသွားကြလေသည်။
"ဦးရီးတော်တို့ အစည်းအဝေးလာတက်ကြတာလား..."
ဦးရီးတော်စိုင်းမောက်က ခေါင်းငြိမ့်ပြရင်းနဲ့ ချက်ချင်းဆိုသလို သူ့မျက်နှာကိုသေချာကြည့်ကာ မျက်မှောင်ကုတ်သွားလေသည်။
"ဟင် တူတော်... တူတော့်နဖူးကဒဏ်ရာက..."
"ဟင်... ဟုတ်သားပဲ တူတော်ဘာဖြစ်လာတာလဲ..."
စိုးရိမ်တကြီးမေးလာကြတဲ့ ဦးရီးတော်စိုင်းမောက်နဲ့ ဦးရီးတော်စဝ်ခွန်ဖ တို့ကိုကြည့်ကာ ဘုန်းရိပ် ခေါင်းရမ်းပြလိုက်လေသည်။
"ကိုသက်... အစည်းအဝေးအခန်းထဲကို လူလေးသွားနှင့်လိုက်... ဦးရီးတော်တို့ နောက်ကလိုက်ခဲ့မယ်..."
"ဟုတ်ကဲ့ပါ သခင်ကြီး..."
ဦးရီးတော် စဝ်ခွန်ဖရဲ့စကားကြောင့် ကိုသက်က တရိုတသေခေါင်းငြိမ့်ပြီးပြောကာ ထွက်သွားလေသည်။
"တူတော်..."
ဦးရီးတော်စဝ်ခွန်ဖက သူ့ကိုခေါ်ရင်းနဲ့ အနားသို့ရောက်လာပြီး သူ့နဖူးကိုကြည့်လိုက်ကာ
"အကိုတော် သမားတော်ကိုခေါ်လိုက်..."
"ရပါတယ်... ကျွန်တော် ဘာမှမဖြစ်ပါဘူး ဦးရီးတော်..."
"ဘာဖြစ်လာတယ်ဆိုတာ ဦးရီးတော်တို့ကို ပြောပြပါ တူတော်..."
အခြေအနေက မပြောပြလို့မဖြစ်တော့ပေ... ဦးရီးတော်စိုင်းမောက်ထက် ဦးရီးတော် စဝ်ခွန်ဖက သူ့အပေါ်မှာ ပိုပြီးစိုးရိမ်နေ၏။
"ကျွန်တော် ဆေးရုံကပြန်အလာမှာ ကားတစ်စီးက ဂရုမစိုက်ဘဲ လမ်းကွေ့ထဲဝင်လာတာနဲ့ ရှောင်လိုက်ရင်း အခုလိုဖြစ်လာတာ..."
"ဘုရား... ဘုရား..."
ဦးရီးတော်စဝ်ခွန်ဖက ရေရွတ်နေရင်းကနေ သူ့နဖူးကို လက်နဲ့လာထိကြည့်ပြီး ဦးရီးတော်စိုင်းမောက်ကို လှည့်ကြည့်လိုက်ကာ
"အကိုတော်... စံအိမ်တော်က သမားတော်ကို လှမ်းခေါ်လိုက်ပါ..."
"ညီတော်... တူတော်က အစည်းအဝေးရှိသေးတယ်လေ..."
"ဟုတ်တယ် ဦးရီးတော် ကျွန်တော် အဆင်ပြေပါတယ်..."
ဦးရီးတော်က ရေရွတ်ရင်းနဲ့ ခုံမှာဝင်ထိုင်လိုက်ကာ ခေါင်းကိုရမ်းလိုက်ပြီး
"မဖြစ်သေးပါဘူး... တူတော့်အတွက် ကုမ္ပဏီမှာ သမားတော်တစ်ယောက်ထားထားမှဖြစ်မယ်..."
ခမည်းတော် မယ်တော်တို့ထက်တောင်မှ ဦးရီးတော်စဝ်ခွန်ဖက စိုးရိမ်နေလေသည်။
"ဒါနဲ့ အဲ့ဒီ့မိန်းကလေးရော သက်သာရဲ့လား..."
ဦးရီးတော် စိုင်းမောက်က သူ့ကိုကြည့်ရင်းနဲ့မေးလာသဖြင့် သူ ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ သတိရနေပါပြီ..."
"အင်း... ဟော်နန်းက သမားတော်ကို အဲ့ဒီ့မိန်းကလေးအတွက် ဆေးဖော်စပ်ခိုင်းရဦးမယ်..."
"ဟုတ်တယ်... အကိုတော်ပြောတာမှန်တယ်... အဲ့ဒီ့မိန်းကလေးက တစ်ချိန်မှာ တူတော်ရဲ့ မဟာဒေဝီဖြစ်လာမယ့်သူ... အခုကတည်းက အစစအရာရာ ဂရုစိုက်ပေးထားရမယ်..."
"မဟာဒေဝီ..."
သူ့နှုတ်ဖျားကနေ တိုးတိုးလေးရေရွတ်လိုက်တာမို့ ဦးရီးတော်တို့က မကြားပေ။
"တူတော် ဒါဆိုလည်း ဦးရီးတော်တို့ အစည်းအဝေးခန်းထဲသွားနှင့်မယ်... တူတော် နောက်ကလိုက်ခဲ့လိုက်ပါ..."
"ဟုတ်ကဲ့ ဦးရီးတော်စိုင်းမောက်..."
ဦးရီးတော်တို့ ရုံးခန်းထဲကထွက်သွားတော့မှ သူ ဖုန်းထဲကနေ သူ့နဖူးကဒဏ်ရာကိုကြည့်လိုက်ကာ သဘောကျစွာ ပြံုးလိုက်မိလေသည်။
"မဟာဒေဝီ... ဟုတ်တယ် ချာတိတ်... ကိုယ်က ဟော်နန်းရဲ့အရှင်သခင်ဆိုရင် ချာတိတ်က ကိုယ့်ရဲ့မဟာဒေဝီတစ်ပါးပဲ..."
သူမနဲ့ပတ်သက်ပြီး ရလာခဲ့တဲ့ ဒုတိယမြောက်ဒဏ်ရာကို သူ မြတ်နိုးစွာ လက်နဲ့ပွတ်သပ်ရင်းကနေ ရေရွတ်လိုက်မိလေသည်။ ပထမဒဏ်ရာက သူမရဲ့ရင်ထိုးလေးကြောင့် ရင်ဘတ်မှာရခဲ့ပေမယ့် ဒီတစ်ခါတော့ နဖူးမှာဒဏ်ရာရခဲ့တာဖြစ်သည်။ ရင်ဘတ်မှာရခဲ့တဲ့ဒဏ်ရာက သူကလွဲပြီး ဘယ်သူမှမသိပေမယ့် နဖူးကဒဏ်ရာကတော့ ဦးရီးတော်တွေ သိသွားခဲ့သည်။ ချာတိတ်ရယ်... ချာတိတ်ကြောင့် ကိုယ် ဘယ်လိုဒဏ်ရာတွေပဲရရ ကိုယ်မမှုပါဘူး။ ချာတိတ်သာ ကိုယ့်အနားရှိရင် ကိုယ့်အသက်ဇီဝိန်ချုပ်သွားတောင် ကိုယ် မှုမှာမဟုတ်ဘူး ချာတိတ်။ အဲ့ဒါ ကိုယ် ချာတိတ်ကို သိပ်ပြီးချစ်မြတ်နိုးလို့ပါ။

ဆက်ရန် - အခန်း(၇)
💜 အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ