အခန်း(၃၀)

135 1 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၃၀)

"ဦး..."
"အင်း ပြောလေ ချာတိတ်..."
စာဖတ်နေတဲ့ဦးရဲ့ဘေးမှာ ကိုး ဝင်ထိုင်လိုက်ကာ ဦးကို မော့ကြည့်လိုက်ပြီး
"မနက်ဖြန်ညနေ ကျောင်းမှာ ဆရာကန်တော့ပွဲရှိတယ်... အဲ့ဒါ သူငယ်ချင်းတွေက အလှပြင်ဆိုင်သွားကြမှာမို့ ကိုးလည်းလိုက်သွားလို့ရမလားဟင်..."
ဘုန်းရိပ် စာအုပ်ကိုပိတ်လိုက်ပြီးပြံုးလိုက်ကာ ချာတိတ်ကိုကြည့်လိုက်ပြီး
"ချာတိတ်က အလှပြင်ချင်လို့လား..."
"ဟို... အလှပြင်ချင်တာတော့မဟုတ်ပါဘူး... ကိုးလေ ဆရာကန်တော့ပွဲမှာ မျက်မှန်မတပ်ချင်လို့... အဲ့ဒါကြောင့် မျက်ကပ်မှန်တပ်ချင်လို့ပါ ဦး..."
ဦးက ကိုးရဲ့ပခုံးကို ဖက်လိုက်ကာ
"ကိုယ့်ရဲ့ဇနီးလေးက ကိုယ့်ကို ခွင့်တောင်းလာတာဆိုတော့လည်း ကိုယ်က ခွင့်ပေးရမှာပေါ့..."
ဦးရဲ့စကားကြောင့် ကိုး တကယ်ပဲ ပျော်သွားတော့သည်။ တခြားစုံတွဲတွေလို ဦးက ကိုးကိုသွားခွင့်ပြုလိမ့်မယ်လို့ မထင်ခဲ့မိပေ။
"ဦး တကယ်ပြောတာနော်..."
"အင်း... ကိုယ် လိုက်ပို့ပေးရမလား..."
"ရတယ် ဦး... သူငယ်ချင်းတွေနဲ့ပဲ သွားလိုက်မယ်လေ... တော်ကြာ ဦးအလုပ်နောက်ကျနေဦးမယ်..."
"တကယ်တော့ ကိုယ်က လိုက်ပို့ချင်တာပါ... ဒါပေမယ့် ချာတိတ်ရဲ့သူငယ်ချင်းတွေအမြင်မှာ ကိုယ်က ချာတိတ်ကိုမယုံကြည်လို့လိုက်ပို့တယ်လို့ ထင်မှာကြောက်တယ်... သူတို့တွေအဲ့လိုထင်ရင် ချာတိတ်ရဲ့သိက္ခာကိုစော်ကားသလိုဖြစ်မှာလေ... နောက်ပြီး ချာတိတ်ကို ချုပ်ချယ်တယ်လို့လည်း အထင်မခံချင်ဘူး အဲ့ဒါကြောင့်ပါ..."
ကိုး ဦးရဲ့ခါးကိုပြန်ဖက်ထားလိုက်ကာ ကြည်နူးစွာပြံုးပြလိုက်ပြီး
"ကိုး သိပါတယ် ဦးရယ်... ကိုးက အဲ့လိုလုပ်မယ့်မိန်းကလေးမဟုတ်ဘူးဆိုတာလည်း ဦး သိပါတယ်နော်..."
သူ ချာတိတ်ရဲ့နဖူးလေးကိုငုံ့နမ်းလိုက်ပြီး
"ကိုယ်သိတာပေါ့ ချာတိတ်ရယ်..."
"ပြီးတော့လေ ကိုး တစ်ခုလောက်ပြောချင်သေးတယ် ဦး..."
"အင်း ပြောလေ..."
"မနက်ခင်းကျရင် ကိုးရဲ့သူငယ်ချင်းတွေက ကိုးကိုလာခေါ်မယ်ဆိုတော့ သူတို့ကို စံအိမ်တော်ထဲ အဝင်ခံလို့ရတယ်မို့လား..."
"အင်း... ရတာပေါ့... ကိုယ် အားလုံးကိုပြောထားလိုက်မယ်နော်..."
"ဟုတ်ကဲ့ပါ ဦး... ကျေးဇူးတင်ပါတယ်..."
စံအိမ်တော်ထဲကို အပြင်ကလူစိမ်းတွေဝင်တာကို ဘယ်သူကမှမကြိုက်တဲ့အတွက် ချာတိတ်က ကြိုပြီးပြောနေတယ်ဆိုတာကို သူ သိပါတယ်။
"ဦး... ဒီနေ့ အိမ်မှာ ဦးရဲ့ ဦးရီးတော်တို့ရော ဒွေးတော်တို့ရော ရောက်နေကြတယ်နော်... ပြီးတော့ ဦးရဲ့အဖေရော..."
"အင်း ဟုတ်တယ် ချာတိတ်... ဘာအရေးတကြီးကိစ္စရှိလို့လဲမသိဘူး... အကြောင်းရှိရင်တော့ ကိုယ့်ကိုပြောမှာပါ..."
"ဦးရဲ့အဖေနဲ့အမေက အရမ်းချောတာပဲနော် ဦး..."
"ဒါဆို ကိုယ်ကရော..."
"ဦးက..."
မပြောဘဲငြိမ်နေတဲ့ချာတိတ်ကို သူ ခပ်တင်းတင်းလေးဖက်လိုက်တော့ သူမက သူ့ကိုမော့ကြည့်လာ၏။
"ပြောနော်... မပြောလို့ကတော့ ကိုယ် လုံးဝလွှတ်ပေးမှာမဟုတ်ဘူး..."
ချာတိတ်ရဲ့မျက်နှာကပြံုးလာကာ ချာတိတ်ရဲ့လက်နှစ်ဖက်က မြောက်တက်လာပြီး သူ့ပါးနှစ်ဖက်ကို ဆွဲဖိလိုက်သဖြင့် သူ အ့ံသြသွားတော့သည်။
"စံအိမ်တော်တစ်ခုလုံးမှာ ဦးက အချောဆုံးပဲ..."
ချာတိတ်ရဲ့အပြုအမူတွေက ကလေးတစ်ယောက်လို ချစ်စရာကောင်းလိုက်တာ။ သူ့ပါးနှစ်ဖက်ကို ဖိထားတဲ့ ချာတိတ်ရဲ့လက်နှစ်ဖက်ကို သူ ဆွဲကိုင်လိုက်ကာ
"ချာတိတ်ရယ်... ကိုယ် ချာတိတ်ကို အရမ်းချစ်တယ်..."
ချာတိတ်က သူ့ကိုဘာမှမပြောဘဲ သူ့ပခုံးလေးကိုမှီကာ ငြိမ်သက်နေ၏။ တဖြည်းဖြည်းသိလာခဲ့တာကတော့ သူ ဘယ်လိုအကြောင်းကြောင့်နဲ့မှ ချာတိတ်ကို အဆုံးရှုံးခံမှာမဟုတ်တော့ပေ။ အဲ့ဒီ့အတွက်လည်း စိုင်းအိုက်မော်နဲ့ ခညောင်းကို သူ ဂရုစိုက်နေမှာမဟုတ်တော့။ ဘာတွေပဲဖြစ်လာဖြစ်လာ သူ ချာတိတ်ရဲ့ရှေ့မှာ ခင်ပွန်းတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်နေမှာပဲဖြစ်သည်။
"ဒေါက်... ဒေါက်..."
"တူတော် စကားပြောဆောင်ထဲကိုလာခဲ့ဖို့ အစ်မတော်ဖုရားက မှာလိုက်တယ်..."
ဒွေးတော် ဒေါ်နန်းကြည်ခိုင်ရဲ့အသံကြောင့် သူ ချာတိတ်ကိုဖက်ထားရာကနေလွှတ်လိုက်ပြီး ချာတိတ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော်အခုလာခဲ့ပါ့မယ်... ဒွေးတော်..."
"ကြင်ယာတော်ကို ခေါ်မလာခဲ့ဖို့လည်း မှာလိုက်တယ် တူတော်..."
"ဗျာ... ဘာလို့လဲ..."
"အဲ့ဒါကတော့ ဒွေးတော်မသိဘူး... တူတော့်ကို အခုလာခဲ့ဖို့ပဲ မှာလိုက်တယ်..."
သူ့စိတ်ထဲမှာ အလိုမကျဖြစ်သွားတော့သည်။ ချာတိတ်က စံအိမ်တော်ရဲ့မိသားစုဝင်ဖြစ်နေပြီလေ ဧည့်သည်မှာမဟုတ်တော့တာ အဓိပ္ပါယ်မရှိလိုက်တာ...
"တူတော် အခုလာခဲ့လိုက်ပါ ဒွေးတော်သွားတော့မယ်..."
"ကျွန်တော် လာခဲ့ပါ့မယ် ဒွေးတော်..."
"သွားလိုက်ပါ ဦး... ကိုး စာဖတ်ရင်းနဲ့စောင့်နေမယ်နော်..."
သူ ခေါင်းငြိမ့်လိုက်ပြီး ချာတိတ်ရဲ့လက်ကိုလွှတ်ပေးလိုက်လေသည်။
"အင်း... ကိုယ် အမြန်ပြန်လာခဲ့မယ်နော် ချာတိတ်..."
"ဟုတ်ကဲ့ ဦး..."
သူ ချာတိတ်ကိုနှုတ်ဆက်ကာ အခန်းထဲကနေထွက်လာပြီး စကားပြောဆောင်သို့ ထွက်လာလိုက်သည်။ စကားပြောဆောင်က ဧည့်ခန်းရဲ့ညာဘက်က စင်္ကြလမ်းတစ်လျှောက်ရဲ့အဆုံးမှာရှိတဲ့ အခန်းတစ်ခန်းဖြစ်သည်။ စင်္ကြလမ်းတစ်လျှောက် စိုက်ထားတဲ့ ရေမွှေးနှင်းဆီတွေက သူ့စိတ်ကိုတော့ မလန်းဆန်းနိုင်ခဲ့ပါ။ တစ်ခါတစ်ခါ သူလမ်းလျှောက်လိုက်တဲ့အခါတိုင်း သူဝတ်ထားတဲ့ ချည်သားလောင်းကုတ်အကျႌကြီးကြောင့် နှင်းဆီပန်းလေးတွေရဲ့ပွင့်လွှာတွေတောင်မှ ယိမ်းထိုးသွားတော့သည်။ သူ စကားပြောဆောင်ကိုရောက်တော့ အားလုံးက သူဝင်လာမယ့် တံခါးပေါက်ကိုကြည့်နေကြ၏။ သူလည်းဝင်လာရော အားလုံးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ ခေါင်းငြိမ့်လိုက်ကြလေသည်။ သူလည်း သူ့နေရာသူဝင်ထိုင်လိုက်ပြီးမှ သူ့ဘေးမှာ လစ်ဟနေတဲ့ချာတိတ်ရဲ့နေရာလေးကို ငေးကြည့်လိုက်မိလေသည်။
"တူတော် နေကောင်းရဲ့လား..."
ဦးရီးတော်စိုင်းမောက်ရဲ့အသံကြောင့် သူ ဦးရီးတော်ကိုကြည့်လိုက်ကာ
"နေကောင်းပါတယ် ဦးရီးတော်... ဦးရီးတော်တို့ကော နေကောင်းရဲ့လား..."
"ကောင်းပါတယ်ကွယ်..."
"ဒွေးတော်တို့ရော ကျန်းမာပါရဲ့လား..."
ဒွေးတော်တို့ရဲ့မျက်နှာမှာလည်း သူ့ကိုအပြံုးတွေဖြင့်ကြည့်ကာ နှုတ်ဆက်နေကြလေသည်။
"နေကောင်းပါတယ် တူတော်... တူတော်နဲ့ ကြင်ယာတော်ရော နေကောင်းရဲ့လား..."
"ဟုတ်ကဲ့ ကျန်းမာပါတယ် ဒွေးတော်... ဖိုးဖိုးဖွားဖွားတို့ရော ကျန်းမာပါရဲ့လား..."
"ကျန်းမာပါတယ် တူတော်..."
သူ ဒွေးတော်ကိုခေါင်းငြိမ့်ပြလိုက်ပြီး အကြည့်တွေကို ခမည်းတော်ရှိရာသို့ လွှဲလိုက်လေသည်။
"ခမည်းတော်ရော ကျန်းမာပါရဲ့လား..."
"လူကတော့ ကျန်းမာပါရဲ့ သားတော်... စိတ်ကသာ မကျန်းမာတာပါ..."
ခမည်းတော်ရဲ့စကားကြောင့် သူ စိုးရိမ်သွားကာ
"ဘာများဖြစ်လို့လဲ ခမည်းတော်... ဘယ်နေရာကနေမကောင်းဖြစ်နေလို့လဲ... သမားတော်တွေကိုရော ပြပါရဲ့လား..."
"သမားတော်တွေကိုပြလို့မရတဲ့မကျန်းမာမှုပါ သားတော်... ပြောရမယ်ဆိုရင် သားတော်နဲ့ ချွေးမတော်အတွက်ပါပဲ..."
"ဗျာ..."
ခမည်းတော်ရဲ့စကားကြောင့် သူ နားမလည်နိုင်အောင်ပင်ဖြစ်သွားတော့သည်။
"သားတော်..."
မယ်တော့်ရဲ့ခေါ်သံကြောင့် သူ့အကြည့်တွေက မယ်တော့်ဆီသို့ရောက်သွားကာ
"ဟုတ်ကဲ့ မယ်တော်..."
"မယ်တော်တို့တွေ သားတော်ကို အရေးကြီးစကားပြောစရာရှိလို့ စကားပြောဆောင်ကိုခေါ်ခဲ့တာ..."
"ဘာကိစ္စရှိလို့လဲ မယ်တော်... ပြီးတော့ ချာတိတ်ကိုရော ဘာဖြစ်လို့ မလာခိုင်းတာလဲ..."
"ချာတိတ် ဟုတ်လား... မင်းရဲ့အဲ့ဒီ့အခေါ်အဝေါ်တွေကြောင့် သူများတွေက မင်းကို မလေးစားတာပဲ တူတော်..."
ကြားထဲကနေ ဖြတ်ပြောလာတဲ့ စကားကြောင့် သူ ဒွေးတော် ဒေါ်နန်းခမ်းမာလာကို နားမလည်စွာကြည့်လိုက်ပြီး
"ဘာဆိုင်လို့လဲ ဒွေးတော်... ကျွန်တော့်မိန်းမကို ကျွန်တော်ခေါ်ချင်သလိုခေါ်မှာပေါ့ ကျွန်တော်က ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ..."
"ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုရင်တောင် မင်း စံအိမ်တော်မှာရှိနေတဲ့ မရီးတော်တို့ကို ဂရုစိုက်သင့်တယ်လို့မထင်ဘူးလား ဘုန်းရိပ်..."
ဦးရီးတော် ဦးစဝ်ခွန်ဖက ဝင်ပြောလာသဖြင့် သူ့အကြည့်တွေက ဦးရီးတော်ဆီသို့ ရောက်သွားပြန်လေသည်။
"အဓိကက ကျွန်တော်တို့နှစ်ယောက် အဆင်ပြေနေရင်ပြီးတာပဲမို့လား... ဘာလို့ စံအိမ်တော်ကလူတွေအားလုံးက ကျွန်တော်တို့ကို အပြစ်မြင်နေရတာလဲ..."
"မင်းက အဲ့ဒီ့မိန်းကလေးကိုချစ်တော့ အရာအားလုံးကိုသည်းခံနားလည်ပေးနိုင်ပေမယ့် ဦးရီးတော်တို့ကတော့ ပြောသင့်တာပြောရမှာပဲ ဘုန်းရိပ်..."
မယ်တော်က သူ့ကို အဲ့လောက်မပြောဘဲ ဦးရီးတော် ဒွေးတော်တို့ကသာ သူ့ကို ဝိုင်းပြောနေကြခြင်းဖြစ်သည်။
"ချာတိတ်မှာ ဘာအပြစ်ရှိလို့လဲ..."
မေးသာမေးရတာ ဘာလို့မှန်းမသိ သူ့ရင်တွေထိတ်နေမိလေသည်။ ရောက်ကတည်းက ချာတိတ်ရဲ့အကြောင်းကိုသာပြောနေကြတဲ့ ဦးရီးတော် ဒွေးတော်တွေနဲ့ မယ်တော်ကြောင့် သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်နေတာဖြစ်သည်။
"ဘာအပြစ်ရှိတာလဲ ဟုတ်လား..."
"ဒီဓာတ်ပုံတွေအတွက် သားတော်မှာ ဖြေရှင်းချက်တစ်ခုခုရှိမယ်လို့ မယ်တော်ထင်တယ်..."
သူ့ရှေ့သို့ရောက်လာတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်ကာ သူ မျက်လုံးပြူးသွားတော့သည်။
"ဟင်... ဒီပုံတွေက ဘယ်လိုလုပ်ပြီး..."
သူ မယ်တော့်ကိုကြည့်လိုက်ကာပြောလိုက်တော့ မယ်တော့်မျက်နှာက သိသာစွာပျက်ယွင်းနေသဖြင့် သူ အ့ံသြသွားတော့သည်။
"မယ်တော်..."
"ပေးလေ... ဒီဓာတ်ပုံတွေရဲ့ဖြေရှင်းချက်က ဘာလဲ စဝ်ဘုန်းရိပ်ခေါင်..."
"ဟင်..."
မယ်တော့်ရဲ့ ပြင်းထန်တဲ့စကားသံကြောင့် သူ အ့ံသြဆွံ့အသွားတော့သည်။
"မယ်တော်... ခညောင်းရှင်နဲ့ကြင်ယာတော်တို့က သူငယ်ချင်းတွေပါ..."
"သူငယ်ချင်းတွေက အခုလို လက်တွေဆွဲကိုင်ထားစရာလား... နောက်ပြီး ယောကျာ်းလေးအချင်းချင်းလည်းမဟုတ်ဘဲနဲ့ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်..."
"တူတော်... သူတို့နှစ်ယောက်က ရည်းစားဟောင်းတွေမို့လား..."
ဦးရီးတော်စဝ်ခွန်ဖက ပြောလိုက်သဖြင့် သူ ဖြေရှင်းချက်ပေးဖို့အတွက် ငြိမ်သက်နေမိတော့သည်။ ဒီဓာတ်ပုံတွေက ဘယ်လိုလုပ်ပြီး မယ်တော့်လက်ထဲကို ရောက်သွားရတာလဲ... ကြည့်ရတာ သူနဲ့ချာတိတ်တို့မရှိတဲ့အချိန်မှာ မယ်တော်က အခန်းထဲကိုရောက်လာခဲ့သည်ထင်၏။ သူ ဒီဓာတ်ပုံတွေကို အံဆွဲထဲမှာ သေချာထားခဲ့တာကို ဘယ်လိုဖြစ်လို့ မယ်တော်တွေ့သွားရတာလဲ။
"ဘယ်လိုတွေပဲဖြစ်နေဖြစ်နေပါ အခုချိန်မှာ ချာတိတ်က ကျွန်တော့်ဇနီးပဲ..."
"ဒီဓာတ်ပုံတွေက ဟိုးအရင်ကတည်းက ရိုက်ထားခဲ့တဲ့ဓာတ်ပုံတွေမဟုတ်ဘူးဆိုတာ ချွေးမတော်ရဲ့လက်ကလက်စွပ်ကိုကြည့်တာနဲ့သိသာတယ် သားတော်..."
ချာတိတ်ရဲ့ ဘယ်ဘက်လက်သူကြွယ်မှာဝတ်ထားတဲ့ ပတ္တမြားတစ်လုံးထဲသာပါတဲ့လက်စွပ်ကြောင့် မယ်တော်က သိသွားခဲ့တာလား...။ အဲ့ဒီ့လက်စွပ်က ထိမ်းမြားပွဲမှာ မယ်တော်ကိုယ်တိုင် ချာတိတ်ကိုပေးခဲ့တဲ့လက်ဖွဲ့ပစ္စည်းဖြစ်သည်။ အဲ့ဒီ့လက်စွပ်ကို အရင်ကချာတိတ်မဝတ်ပါဘူး။ အရင်က ချာတိတ်ဝတ်ထားတဲ့လက်စွပ်က လက်ထပ်လက်စွပ်ကိုပဲဝတ်ထားတာ... အခုနောက်မှသာ မယ်တော်ပေးတဲ့ လက်ဖွဲ့လက်စွပ်ကို ဝတ်ခဲ့တာဖြစ်သည်။
"ကောင်းပြီ မယ်တော်... ဒါဆိုရင်တော့ သားတော်အမှန်အတိုင်းပဲ ပြောပါတော့မယ်... သားတော်နဲ့ချာတိတ်တို့ မထိမ်းမြားခင်ကတည်းက ချာတိတ်နဲ့ခညောင်းရှင်တို့က ချစ်သူတွေပါ..."
"ဟင်..."
"ဘယ်လို..."
အခန်းထဲမှာ လူခြောက်ယောက်ရဲ့အာမေဍိတ်သံတွေကသာ ဖုံးလွှမ်းသွားတော့သည်။
"ကြင်ယာတော်ရဲ့မိဘတွေပြောတော့ ကြင်ယာတော့်မှာ ချစ်သူမရှိဘူးဆို..."
ဒေါ်နန်းခမ်းမာလာက ဦးစိုင်းမောက်ကိုကြည့်ကာ ပြောလိုက်တော့ ဦးစိုင်းမောက်ကလည်း ခေါင်းငြိမ့်လိုက်ကာ ဦးစိုင်းလုံခန့်နဲ့ ဒေါ်နန်းဆက်ဧကရီတို့ကို ကြည့်လိုက်ကာ
"ဟုတ်တယ် အစ်ကိုတော်နဲ့ မရီးတော်... ကျွန်တော်နဲ့ နန်းခမ်းတို့ လူကြီးချင်းစကားသွားပြောတဲ့အချိန်တုန်းက ကြင်ယာတော်ရဲ့မိဘတွေကိုယ်တိုင်က အဲ့လိုပြောခဲ့တာပါ..."
ဦစိုင်းလုံခန့်နဲ့ ဒေါ်နန်းဆက်ဧကရီတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ဘာမှမပြောဖြစ်ကြဘဲ ဦးစိုင်းလုံခန့်က ဘုန်းရိပ်ကိုလှမ်းကြည့်လိုက်လေသည်။
"သားတော်... ကိစ္စတွေအားလုံးကို ခမည်းတော်တို့နားလည်အောင် ရှင်းပြပေးမလား..."
သူ ခမည်းတော်ရဲ့မျက်နှာကိုကြည့်လိုက်တော့ ရှမ်းဘောင်းဘီရှည်နဲ့ပင်နီအကျႌကိုဝတ်ထားတဲ့ ခမည်းတော်ရဲ့ရုပ်ရည်ဟာ ရှမ်းအမျိုးသားတစ်ယောက်လားလို့ မေးစရာမလိုလောက်အောင်ကို ခန့်ညားလွန်းလှသည်။ မယ်တော်သည်လည်း ရှမ်းပျိုဖြူတစ်ယောက်ဆိုသည့်အတိုင်း ချောမောလှပါသည်။ သူ ခမည်းတော်ကိုကြည့်ရင်းနဲ့ အတွေးစတွေကို ဖျောက်လိုက်ကာ
"သားတော်နဲ့ကြင်ယာတော်တို့ မထိမ်းမြားခင်တုန်းက ခညောင်းရှင်နဲ့ ကြင်ယာတော်တို့က ချစ်သူတွေဆိုတာ မှန်ပါတယ် ခမည်းတော်..."
"ဒါဆို သားတော်က သိလျက်နဲ့ထိမ်းမြားခဲ့တာလား..."
"ဟုတ်ပါတယ် ခမည်းတော်... သားတော် ကြင်ယာတော့်ကို မြတ်နိုးလွန်းလို့ပါ..."
"မင်းရဲ့မြတ်နိုးမှုက ဒီဓာတ်ပုံတွေအတွက် ကောင်းမွန်တဲ့ဖြေရှင်းချက်မဟုတ်ဘူး သားတော်... မယ်တော်ကိုယ်တိုင် ကြင်ယာတော့်ကိုသွားမေးရင်တော့ ကောင်းမွန်မှန်ကန်မယ့်ဖြေရှင်းချက်တစ်ခုရမယ်ထင်တယ်..."
သူ့အကြည့်တွေက မယ်တော်ဆီသို့ရောက်သွားကာ
"ချာတိတ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသွားမမေးပါနဲ့ မယ်တော်... ချာတိတ်က စံအိမ်တော်ကိုရောက်တာကြာပြီဆိုပေမယ့် အခုမှ နေရတာပျော်လာခဲ့တာပါ... အဲ့ဒါကြောင့် ချာတိတ်ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ မယ်တော်..."
"သားတော်က သူ့အတွက်တော့ စိုးရိမ်နေတယ်... အခု မယ်တော်တို့တွေက အနွယ်တော်တွေရဲ့အသိုင်းအဝိုင်းထဲမှာ ဂုဏ်သိက္ခာကျဆင်းမှာတော့ အဖြစ်ခံနိုင်တယ်ပေါ့ ဟုတ်လား သားတော်..."
မယ်တော့်စကားကြောင့် သူ ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း အဲ့လိုအဖြစ်မခံပါဘူး မယ်တော်..."
"အဲ့ဒါဆို ဒီကိစ္စကို အနွယ်တော်တွေမသိအောင် သားတော် ဘယ်လိုလုပ်မလဲ..."
သူ့စိတ်ထဲမှာရော ခေါင်းထဲမှာပါ ရှုပ်ထွေးလာတော့သည်။
"ဒီကိစ္စက သားတော်နဲ့ကြင်ယာတော်တို့ကိုယ်တိုင် ဖြေရှင်းရမယ့်ကိစ္စမို့လို့ မယ်တော်တို့အနေနဲ့ စိတ်မပူစေချင်ဘူး..."
"ဒီကိစ္စကို ကြင်ယာတော်ကသိလို့လား... မသိအောင်လည်း မင်းပဲဖုံးဖိထားခဲ့တာမို့လား..."
"ဟုတ်ပါတယ်... အဲ့ဒီ့အတွက် ကြင်ယာတော်မသိခင် အရာအားလုံးကို သားတော်ဖြေရှင်းနိုင်မှာပါ မယ်တော်..."
"မင်းက မင်းရဲ့မိန်းမအတွက် သူရဲကောင်းလုပ်ပေးနိုင်တယ်ပေါ့ ဟုတ်လား သားတော်..."
သူ မတ်တပ်ရပ်လိုက်တာ
"အားလုံးကို သားတော် တောင်းပန်ပါတယ်... ချာတိတ်ကိုဘာမှမပြောပါနဲ့ သားတော် ဖြေရှင်းမှာပါ... ဘာတွေပဲဖြစ်လာဖြစ်လာ သားတော်ပဲ ဖြေရှင်းပေးမယ်... တကယ်လို့ ဖြေရှင်းလို့မရတော့တဲ့အခြေအနေအထိ ရောက်လာခဲ့ရင်တော့ သားတော်ကို စံအိမ်တော်ရဲ့အနွယ်ဝင်အဖြစ်ကနေ ပယ်ဖျက်လိုက်ပါတော့..."
"ဘာ..."
"တူတော် ဘယ်လိုပြောလိုက်တာလဲကွယ်..."
"ဘုန်းရိပ် မင်း ဒီလိုမပြောရဘူးလေ..."
"ဟုတ်တယ် တူတော်... အစ်မတော်ဖုရားကို အဲ့လိုပြန်မပြောရဘူး..."
"စကားကို လွယ်လွယ်မပြောလိုက်ပါနဲ့ သားတော်ရယ်... သားတော်ရဲ့မယ်တော်က အခုလိုပြောတယ်ဆိုတာ တကယ်တော့ သားတော်အတွက်ပါပဲ... ဘယ်သူက ကိုယ့်သားကိုယ် စွန့်လွှတ်ဝ့ံမှာလည်း... ခမည်းတော်လည်း အတူတူပါပဲ သားတော်ရယ်..."
"အဲ့ဒါဆိုရင် သားတော်ကို ဘာမှဆက်မပြောပါနဲ့တော့... လိုအပ်ရင် သားတော်ကိုယ်တိုင် ချာတိတ်နဲ့တိုင်ပင်ပြီး ဖြေရှင်းမှာပါ... သားတော် သွားတော့မယ်..."
"သားတော်..."
"နန်းဆက် သားတော်ကိုမတားပါနဲ့ကွာ... ထားလိုက်ပါ သားတော်မှာဖြေရှင်းမယ့်နည်းလမ်းရှိမှာပါ..."
ဒေါ်နန်းဆက်ဧကရီ ခင်ပွန်းဖြစ်သူ ဦးစိုင်းလုံခန့်ကိုကြည့်လိုက်ကာ
"သားတော်က ကြင်ယာတော်အပေါ်ကို အရမ်းကို အလိုလိုက်ချစ်ခင်လွန်းတယ် ကိုစိုင်းရယ်..."
"ဘာလဲ နန်းဆက်က မနာလိုဖြစ်နေတာလား..."
ဦးစိုင်းလုံခန့်ရဲ့စကားကြောင့် ဒေါ်နန်းဆက်ဧကရီခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးလိုက်တော့ အားလုံးက သူတို့ကိုကြည့်ကာ ပြံုးနေကြတော့သည်။
"ကိုစိုင်းနော်..."
"ဟား... ဟား... ကဲပါ နန်းဆက်ရယ်... အခွင့်အရေးပေးတဲ့အနေနဲ့ သားတော်ကို စောင့်ကြည့်လိုက်ပါဦး..."
"ဟုတ်ပါတယ် အစ်မတော်... တူတော့်မှာလည်း အကြံဉာဏ်ရှိလို့နေမှာပါ..."
"ဒါပေါ့ဒါပေါ့ နန်းခမ်းရယ်... တကယ်လို့ အစ်မတော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာမယ်ဆိုရင်တော့ အစ်မတော် ခွင့်လွှတ်မှာမဟုတ်ဘူး..."
"နန်းတို့နားလည်ပါတယ် အစ်မတော်..."
"စိုင်းမောက်နဲ့ စဝ်ခွန်ဖတို့က သားတော်နဲ့ချွေးမတော်ကို စောင့်ကြည့်နေပါ... ဒါနဲ့ စောနိုင်က ဘာလို့မလာရတာလဲ..."
"ညီလေးစောနိုင်က ဟော်နန်းမှာ ခမည်းတော်နဲ့မယ်တော်ကို စောင့်ရှောက်ဖို့အတွက် ထားခဲ့တာပါ အစ်ကိုတော်..."
"ဪ... ဟုတ်ပါပြီ..."
"ကျွန်တော်တို့တွေ တူတော်တို့ဇနီးမောင်နှံကို စောင့်ကြည့်ထားလိုက်ပါ့မယ်..."
"အင်း ဟုတ်ပြီ... ဒါဆိုရင် ဒီနေ့တော့ ဒီိလာက်အထိပါပဲ... အဓိကကတော့ သားတော်နဲ့ချွေးမတော်တို့ကို ဂရုစိုက်ဖို့ပါပဲ..."
"ဟုတ်ကဲ့..."
အားလုံးရဲ့ တူညီတဲ့အသံအဆုံးမှာတော့ စကားဝိုင်းက အဆုံးသတ်သွားတော့သည်။
#######
စာအုပ်ဖတ်နေရင်းကနေ ခြေသံကြားသဖြင့် ကိုး လှည့်ကြည့်လိုက်ရာ ဦးကိုတွေ့လိုက်ရ၏။
"ဦး..."
ဦးက ကိုးရဲ့မျက်နှာကိုကြည့်ရင်းနဲ့ ကိုးရှေ့တည့်တည့်သို့ရောက်လာကာ ကိုးရဲ့ပခုံးကို ဆုပ်ကိုင်ဆွဲလှုပ်လိုက်ပြီး
"ကိုယ့်ကိုချစ်လား..."
ရုတ်တရက်ကြီးမေးလိုက်တဲ့ ဦးရဲ့မေးခွန်းကြောင့် ကိုး ဦးရဲ့မျက်နှာကိုကြည့်ရင်းနဲ့ အ့ံသြသွားမိ၏။
"ဦး..."
"ကိုယ်မေးတာကိုပဲ ဖြေပေးပါ ချာတိတ်... ချာတိတ် ကိုယ့်ကိုချစ်လား..."
"ကိုး ဦးကိုချစ်ပါတယ်..."
ကိုးဆီက အဖြေစကားလည်းကြားရော ဦးက ဘာမပြောညာမပြောနဲ့ ကိုးကို ဦးရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ကိုးလည်း ဦးကို အလိုက်သင့်လေး ပြန်ဖက်ထားလိုက်ကာ
"ဦး ဘာဖြစ်လို့လဲဟင်... ဖေဖေနဲ့မေမေတို့က ဦးကို ဘာတွေပြောလိုက်လို့လဲ..."
"ဟင့်အင်း... ဘာမှမပြောပါဘူး..."
"ကိုးဖြင့် လန့်သွားတာပဲ ဦးရယ်... ဦးရဲ့မျက်နှာက အရမ်းကို ဒေါသထွက်နေသလိုကြီးဖြစ်နေတော့ ဦးက ဦးကိုချစ်လားလို့မေးတော့ ကိုး ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်..."
ရုတ်တရက် ဦးက ကိုးကိုမဖက်တော့ဘဲ ကိုးရဲ့ခန္ဓာကိုယ်လေးကို ခွာလိုက်ကာ ကိုးရဲ့မျက်နှာကို သေချာကြည့်လာပြီး
"ဒါဆို ကိုယ့်ကိုချစ်တယ်လို့ပြောတာက ကိုယ့်ကိုလန့်ပြီးပြောတာပေါ့ ဟုတ်လား ချာတိတ်..."
ဦးရဲ့စကားကြောင့် ကိုး ခေါင်းကို ကမန်းကတန်းလေး ရမ်းလိုက်ကာ
"ဟင့်အင်း မဟုတ်ပါဘူး ဦး... ကိုး ဦးကို တကယ်ချစ်တာပါ..."
"တကယ်ပြောတာနော် ချာတိတ်..."
"တကယ်ပါ ဦးရယ်... ကိုး ဦးကိုချစ်တယ်ဆိုတယ်ဆိုတာ ကိုး ကျိန်ပြောဆို ကိုး ကျိန်ပြောရဲပါတယ်... ကိုး ဦးကိုတကယ်ချစ်တာပါ..."
ကိုးရဲ့ စကားမဆုံးသေးခင်မှာပဲ ဦးက ကိုးရဲ့ခန္ဓာကိုယ်လေးကိုဆွဲပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့၏။
"ယုံပါပြီ ချာတိတ်ရယ်... ကိုယ် ချာတိတ်ကိုယုံပါတယ်... ချာတိတ် ကိုယ့်ကိုချစ်တဲ့အချစ်တွေနဲ့ ကိုယ် အရာအားလုံးကို ကျော်ဖြတ်နိုင်ပါတယ်..."
"ဟင်... ဦး ဘာပြောလိုက်တာလဲ... ဦးမှာ ဘာပြဿနာတွေရှိနေလို့လဲ ကိုးကို ပြောပါ ဦးရယ်..."
"ဟင့်အင်း မရှိပါဘူး ချာတိတ်..."
"ကိုး ဖြေရှင်းပေးလို့ရမယ့်ပြဿနာဆိုရင် ကိုးတို့တွေ အတူတူ ဖြေရှင်းရအောင်ပါ ဦး..."
"ကိုယ်ဖြေရှင်းနိုင်ပါတယ် ချာတိတ်ရဲ့... ကိုယ် မဖြေရှင်းနိုင်တဲ့အခါမှ ချာတိတ်ကိုပြောမယ်နော်..."
"ဟုတ်... ဦးတစ်ယောက်ထဲ မမြိုသိပ်ထားနဲ့နော် ဦး..."
"အင်းပါ... ချာတိတ်က အရမ်းလိမ္မာတာပဲ... အဲ့ဒါကြောင့် ကိုယ်က အရူးလိုချစ်ခဲ့မိတာထင်တယ်..."
"ဦးကလည်း အဲ့လိုမပြောပါနဲ့..."
"ဘာလို့လဲ ချာတိတ်ရဲ့..."
"ဟင့်အင်း... ဦးက အရူးမဟုတ်ဘူး ကိုးကသာ အရူးဖြစ်ခဲ့တာ... ကိုးကသာရူးခဲ့လို့ ဦးရဲ့အချစ်ကို အချိန်တွေကြာမှ နားလည်လာခဲ့တာပါ..."
"ဟင့်အင်း... ချာတိတ် ကိုယ့်အချစ်ကိုနားလည်ပေးတာ အရမ်းကိုမြန်လွန်းလို့ ကိုယ်က ပျော်ခဲ့တာပါ ချာတိတ်ရယ်... ကိုယ်တို့တွေ ဘယ်တော့မှ မခွဲဘူးနော် ချာတိတ်..."
"အင်း မခွဲဘူး..."
"ဒါဆို ကိုယ့်အတွက် ကလေးလေးတစ်ယောက်လောက်မွေးပေးပါလားဟင်..."
"ဟာ ဦးကလည်း..."
ကိုး ရှက်သွားကာ ဦးရဲ့ခါးကို ပိုပြီးတင်းကြပ်စွာ ဖက်လိုက်တော့သည်။
"ကောင်မလေးတစ်ယောက် ရှက်သွားပြီး လူကို အတင်းဖက်နေပြီ ကြည့်ပါဦး..."
"ဦးနော်... ကိုးကိုမစနဲ့..."
"ကိုယ် တစ်ကယ်ပြောတာ ချာတိတ်ရဲ့... ကိုယ့်အတွက် ကလေးတစ်ယောက်သာ မွေးပေးပါကွာ... တကယ်လို့ ယောကျာ်းလေးမွေးခဲ့ရင် ကိုယ်တို့နှစ်ယောက်လုံးရဲ့နာမည်ပါအောင် ဘုန်းရိပ်အသင်္ချေလို့ ပေးမယ်.... ဒါမှမဟုတ် မိန်းကလေးမွေးခဲ့ရင်ရော ဘယ်လိုပေးရင်ကောင်းမလဲ ချာတိတ်..."
"အသင်္ချေဘုန်းရိပ်လို့ ပေးမှာပေါ့ ဦးရဲ့..."
"အသင်္ချေဘုန်းရိပ်... လှလိုက်တာ... ချာတိတ်က ရှက်နေပေမယ့် ကလေးနာမည်ကတော့ စဉ်းစားပြီးသားပဲနော်..."
"ဟာ ဦးနော်... ကဲ အဲ့ဒါ ကိုးကို စဦး... ကဲ နာပြီလား..."
"အား... ချာတိတ်... နာတယ်..."
သူမက သူ့ရဲ့ဗိုက်ကို အသာလေးဆွဲလိမ်လာသဖြင့် သူ ညည်းတွားပြောလိုက်မိလေသည်။
"အပိုတွေ... ကိုးကဖြင့် သာသာလေးလုပ်တာကို..."
"ဟား... ဟား... ဟား... ချာတိတ်ရာ..."
နှစ်ယောက်စလုံး အပျော်တွေထဲမှာ စီးမျောသွားကြတော့၏။ ဒီအချိန်လေးဟာ သူ့အတွက်တော့ သုခနိဗ္ဗာန်ပါပဲ...။ ပြီးတော့ အခုဖြစ်နေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း သူ သေချာသိသွားပြီဖြစ်သည်။ ချာတိတ်ကိုချစ်တဲ့အချစ်နဲ့ သူ အရာအားလုံးကို ကျော်ဖြတ်မယ်...။
🎼🎼🎼
××× ဘယ်တော့ ငါ့ကို မင်းပစ်သွားမလဲ ငါမသိ ××× ဘယ်လောက် ငါ့အပေါ် မင်းချစ်ဖူးလဲ ငါမကြည့် ××× ဘယ်အထိ ငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့ ဒါတောင် အစအဆုံးမရှိချစ်ခဲ့သည် ××× ဘယ်လောက် ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့် ××× ဘယ်အခါ စိတ်ကလေးချမ်းမြေ့ရမယ် ငါမသိ ××× ဘယ်နေ့ မင်းကြောင့် ဘဝပျက်သွားမလဲ ငါမသိ ××× ဒါကို ပုံအောပြီးချစ်ခဲ့သည် ×××
အလိုချင်ဆုံး မင်းဆီက ငါမေတ္တာတရားလေ ××× အပိုဆုကလေးတောင်းပါဦးဆို သစ္စာရှိပါ မေ ××× ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ ××× ငါက မင်းအတွက် အသက်ရှင်နေထိုင် ဖြစ်တည်တဲ့ဘဝ ×××
နေ့နဲ့ညစက္ကန့်အချိန်မရွေး လောကရဲ့ရှိတဲ့နေရာမရွေး ××× ငါသယ်ဆောင်သွားလိုက်ပါ့မယ် ဒီအချစ်တို့ ××× ဝမ်းနည်းနဲ့ဝမ်းသာအချိန်မရွေး ဆင်းရဲ့နဲ့ချမ်းသာတာမရွေး ××× ဒီအကြင်နာ ပြောင်းလဲတော့မှာမဟုတ်ဘူး အချစ်ရယ် ×××
အလိုချင်ဆုံး မင်းဆီက ငါမေတ္တာတရားလေ ××× အပိုဆုလေးတောင်းပါဦးဆို သစ္စာရှိပါ မေ ××× ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ ××× ငါက မင်းအတွက် အသက်ရှင် နေထိုင်ဖြစ်တည်တဲ့ဘဝ ×××
××× ဘယ်တော့ ငါ့ကို မင်းပစ်သွားမလဲ ငါမသိ ××× ဘယ်လောက် ငါ့အပေါ် မင်းချစ်ဖူးလဲ ငါမကြည့် ××× ဘယ်အထိ ငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့ ဒါတောင် အစအဆုံးမရှိချစ်ခဲ့သည် ××× ဘယ်လောက် ငါ့မှာ အကျိုးအမြတ်ရှိမယ် ငါမကြည့် ××× ဘယ်အခါ စိတ်ကလေးချမ်းမြေ့ရမယ် ငါမသိ ××× ဘယ်နေ့ မင်းကြောင့် ဘဝပျက်သွားမလဲ ငါမသိခဲ့ ××× ဒါကို ပုံအောပြီးချစ်ခဲ့သည် ×××
အလိုချင်ဆုံး မင်းဆီက ငါမေတ္တာတရားလေ ××× အပိုဆုကလေးတောင်းပါဦးဆို သစ္စာရှိပါ မေ ××× ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ ××× ငါက မင်းအတွက် အသက်ရှင်နေထိုင် ဖြစ်တည်တဲ့ဘဝ ×××
နေ့နဲ့ညစက္ကန့်အချိန်မရွေး လောကရဲ့ရှိတဲ့နေရာမရွေး ××× ငါသယ်ဆောင်သွားလိုက်ပါ့မယ် ဒီအချစ်တို့ ××× ဝမ်းနည်းနဲ့ဝမ်းသာအချိန်မရွေး ဆင်းရဲ့နဲ့ချမ်းသာတာမရွေး ××× ဒီအကြင်နာ ပြောင်းလဲတော့မှာမဟုတ်ဘူး အချစ်ရယ် ×××
အလိုချင်ဆုံး မင်းဆီက ငါမေတ္တာတရားလေ ××× အပိုဆုလေးတောင်းပါဦးဆို သစ္စာရှိပါ မေ ××× ခွဲပြလို့ရရင် ဒီရင်အနက်ရှိုင်းဆုံးခွဲပြ ××× ငါက မင်းအတွက် အသက်ရှင် နေထိုင်ဖြစ်တည်တဲ့ဘဝ ×××
🎼🎼🎼
#######
ဆက်ရန် - အခန်း(၃၁)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now