### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၃)နှစ်ယောက်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ပြီး အလွမ်းဖြေနေရပေမယ့်လည်း သူ ကိုးကို သူ့ဘေးနားမှာရှိစေချင်သည်။ ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ မသိပေမယ့်လည်း တကယ်တမ်း ထိခိုက်နာကျင်ခဲ့ရတာက သူတစ်ယောက်ထဲသာဖြစ်ခဲ့သည်။ ချစ်ရသူနဲ့ဝေးရတဲ့ဒဏ်က ငရဲကျသလိုပါပဲလား... အသည်းကွဲတယ်လို့ပြောရအောင်လည်း လမ်းခွဲခဲ့တာတောင်မှ ရေရေရာရာနဲ့လမ်းခွဲခဲ့တာမဟုတ်ဘဲ တစ်ခြားသူနဲ့လက်ထပ်သွားမှ သိခဲ့ရတဲ့အဖြစ်။
ချစ်ခဲ့တဲ့အချိန်တုန်းက တစ်စက္ကန့်လေးတောင်မှ မခွဲချင်ခဲ့တာ... တကယ်တမ်းလည်း ဝေးရရော တစ်ဘဝစာလောက်တောင် ဝေးသွားခဲ့တယ်... ဘာလို့များ ကိုယ်ချစ်ရတဲ့သူကို သူ ပိုင်ဆိုင်ခွင့်မရှိခဲ့ရတာလဲ... ဒါပေမယ့်လည်း သူ ကိုးကို ချစ်တယ်...
"သားရေ... သား..."
အခန်းအပြင်ကနေခေါ်နေတဲ့ မေမေ့အသံကိုကြားလိုက်ရသဖြင့် သူ ဓာတ်ပုံလေးကို စားပွဲပေါ်တင်လိုက်ပြီး တံခါးသွားဖွင့်လိုက်လေသည်။
"မေမေ ဘာဖြစ်လို့လဲ..."
"ဧည့်ခန်းထဲမှာ ဧည့်သည်ရောက်နေတယ်..."
"ဘယ်သူလဲ မေမေ..."
မေမေ့မျက်နှာက သဘောတကျ ပြံုးနေလေသည်။
"ကဲပါ မေမေတို့ သွားရအောင်... ဧည့်သည်တွေက စောင့်နေကြတာ အားနာစရာကြီး..."
သူ ခေါင်းငြိမ့်ပြလိုက်ပြီး မေမေ့နောက်ကလိုက်သွားလိုက်၏။ ကြည့်ရတာ မေမေ့အသိတွေဖြစ်မယ့်ပုံပင်။ နောက်ပြီး သူလည်းသိနေတဲ့ ဧည့်သည်တွေဖြစ်ရမယ်။
"သား..."
"ဟုတ် မေမေ ပြောလေ..."
မေမေက လှေကားအောက်ဆင်းရင်းကနေ သူ့ကိုလှည့်ကြည့်လာပြီး တစ်ခုခုပြောတော့မလိုလုပ်ပြီးမှ ဘာမှမပြောတော့ဘဲ ခေါင်းရမ်းကာ ရှေ့သို့လှည့်ကြည့်ကာ ဆင်းသွားလေသည်။ သူလည်း မေမေ့နောက်ကလိုက်ဆင်းသွားလိုက်ရာ ဧည့်ခန်းထဲသို့ ရောက်သွားတော့သည်။
"မိမိ..."
မေမေ့ကိုခေါ်လိုက်တဲ့အသံကြောင့် သူ ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်ရာ စိမ်းနဲ့သူ့အဒေါ် ဒေါ်မိုးသိင်္ဂီတို့ကို တွေ့လိုက်ရသဖြင့် အ့ံသြသွားကာ မေမေ့ကိုကြည့်လိုက်တော့ မေမေကလည်း သူ့မျက်နှာကိုကြည့်နေလေသည်။
"မေမေ..."
"လာ သား..."
ဘာလို့ စိမ်းတို့ကို အိမ်ကိုခေါ်ရတာလဲ။ မေမေ့မှာဘာအကြံအစည်တွေ ရှိမှန်းသူမသိပေ။
"ကင်း..."
သူ စိမ်းကို စိတ်မပါစွာ ပြံုးပြလိုက်ပြီး မေမေ့ဘေးမှာ ဝင်ထိုင်လိုက်လေသည်။
"မောင်ခညောင်းရှင်... ရုပ်ရှင်ရိုက်ရတာ အဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့ ပြေပါတယ်..."
"အေးကွယ်... သားကလည်းတော်တော့ အောင်မြင်နေပါပြီ... အန်တီနှမြောတာက နန်းမဟာမြိုင်ကုမ္ပဏီနဲ့ချုပ်ထားတဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့အတွက်ပါပဲ... အဲ့ဒီ့အခွင့်အရေးက အနုပညာရှင်တိုင်း ရတာမဟုတ်ဘူး သားရဲ့..."
"မိမိလည်း အဲ့ဒါပြောတာပေါ့ သိင်္ဂီရယ်... သားက လက်မခံဘူးဖြစ်နေတာ..."
"ကင်းမှာလည်း အကြောင်းရှိလို့ပါ အန်တီတို့ရဲ့..."
သူ့အကြောင်းကို စိမ်းက ပိုသိနေတဲ့သူဖြစ်သဖြင့် သူ့မျက်နှာကိုလှမ်းကြည့်ရင်း ပြောလာလေသည်။
"ဟုတ်လား ဘာအကြောင်းများလဲ စိမ်းရဲ့..."
အဒေါ်ဖြစ်သူက ဘာမှမသိဘဲ မေးလာသဖြင့် စိမ်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားမိတော့သည်။
"အထွေအထူးတော့လည်းမဟုတ်ပါဘူး... ကျွန်တော်ကိုယ်တိုင်က မလုပ်ချင်လို့ပါ..."
ဒေါ်လေးမျက်နှာက နားလည်သွားသလို တည်ငြိမ်သွားကာ ခေါင်းငြိမ့်နေလေသည်။
"ဟုတ်ပါပြီ... သား အဆင်ပြေသလိုပဲလုပ်ရမှာပေါ့..."
"ဟုတ်ကဲ့..."
"နောက်ပြီး ဒေါ်လေးမေးချင်တာက သားနဲ့စိမ်းတို့ လက်ထပ်ဖို့အတွက် ဒေါ်လေး ခန်းမရွေးမလို့... ဒါမှမဟုတ် သားတို့ကိုယ်တိုင်ပဲရွေးမလား..."
"ဗျာ..."
သူ နားမလည်စွာဖြင့် ဒေါ်မိုးသိင်္ဂီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိတော့ ဒေါ်မိုးသိင်္ဂီက အံ့သြသောမျက်လုံးတွေဖြင့် ပြန်ကြည့်နေလေသည်။ သူ စိမ်းကိုကြည့်လိုက်တော့လည်း စိမ်းက ခေါင်းကိုငုံ့ထားပြန်သည်။
"သား... လူကြီးမေးနေတာဖြေလိုက်ဦးလေကွယ်..."
"ကျွန်တော်..."
ကျွတ်... သွားပြီ...။ အခြေအနေက မဖြစ်မနေကို လက်ခံရတော့မယ့်ပုံ။
"ရပါတယ်ကွယ် သားတို့နှစ်ယောက်က မတိုင်ပင်ရသေးဘူးထင်တယ်... ဒါဆို ဒီနေ့တိုင်ပင်လို့ရတာပဲ... ဘာလို့လဲဆိုတော့ အန်တီတို့နှစ်ယောက်က ဒီနေ့တစ်နေကုန် ဒီမှာပဲနေမှာလေ... ညနေမှ အိမ်ကိုပြန်မှာ..."
"ဟင်..."
သူ တော်တော်လေးကို စိတ်ပျက်သွားမိတော့သည်။ စိမ်းကလည်း သူ့ကိုကြည့်ကာ အားနာနေသည့်မျက်နှာဖြင့် ငြိမ်သက်နေ၏။ ဝှူး... ဒုက္ခပဲ... ဘယ်လိုလုပ်ရမလဲ...။
"တီ... တီ... တီ..."
သူ ဖုန်းနံပါတ်ကိုကြည့်ပြီး ပျော်သွားတော့သည်။
"ဟယ်လို..."
"ခညောင်း မင်း အိမ်မှာလား..."
"ဟုတ်ပါတယ် ဘာကိစ္စလဲဗျ..."
"ဟင်... ခညောင်း မင်း ငါ့အပေါ် ရိုသေလှချည်လား... ဘာဖြစ်နေတာလဲ..."
"ဗျာ... အရေးကြီးလို့လား..."
"ဟုတ်တယ်ကွာ... ငါ တစ်ယောက်ထဲပျင်းနေတာနဲ့ နည်းနည်းလောက်သောက်ချင်လို့..."
"ဪ... ဟုတ်ကဲ့ ကျွန်တော် အခုလာခဲ့ပါ့မယ်..."
သူ ဖုန်းပြောနေတာကို စိမ်းတို့ကသေချာကြည့်နေကြလေသည်။ သူလည်း သရုပ်ဆောင်ပီပီ မူမပျက် ဟန်ဆောင်နေရ၏။
"ဘယ်လိုဖြစ်တာလဲကွ... အရင်ကဆို ငါဖုန်းဆက်တိုင်း မင်းမှာ အားတယ်လို့ကိုမရှိဘူး... ဒီနေ့မှ ဘယ်လိုဖြစ်တာလည..."
"ဪ... ရိုက်ကွင်းကိုလာခဲ့ရမှာလား..."
"မင်းက အဲ့လောက်လာချင်နေတာဆိုတော့လည်း ရပါတယ်ကွာ မလာပါနဲ့တော့..."
"ရပါတယ်ဗျာ အလုပ်ကိစ္စပဲ ကျွန်တော် အခုပဲလာခဲ့ပါ့မယ်..."
"ရပါတယ်ကွာ... မလာပါနဲ့..."
ရာဇာ့စကားကြောင့် သူ အံကိုအသာကြိတ်လိုက်ကာ တိုးတိုးလေးပြန်ပြောလိုက်လေသည်။
"ငနာကောင် မင်းနာချင်နေတာလား..."
မေမေရော စိမ်းတို့ရော သူ့ကိုကြည့်နေမှာအမှန်ပင်ဖြစ်သည်။ ဒါပေမယ့် သိမှာတော့ မဟုတ်လောက်ပါဘူး။
"ဟား...ဟား... ဟုတ်ပါပြီ သားကြီးရာ... ငါတို့တွေ့မှပြောကြတာပေါ့... နောက်ဆိုလည်း ဒီလိုရိုရိုသေသေဆက်ဆံပါကွ... ဟုတ်ပြီလား..."
သူ ရာဇာ့ကို စိတ်ထဲကနေ ပျစ်ပျစ်နစ်နစ်ကျိန်ဆဲလိုက်မိတော့သည်။ တွေ့မယ် ငနာ...
"ဟုတ်ကဲ့ ကျွန်တော် အခုလာခဲ့ပါ့မယ်..."
"အေး... အေး... သာကြီး..."
သူ ဖုန်းချလိုက်ပြီး မေမေတို့ကိုလှည့်ကြည့်လိုက်ကာ
"အလုပ်ကိစ္စလေးပေါ်လာလို့ ကျွန်တော်အပြင်သွားလိုက်ဦးမယ်..."
"ဪ... အေး အေး သား..."
သူ ကားသော့ကိုဆွဲကာ အားလုံးရှေ့ကနေ မြန်မြန်ထွက်လာလိုက်တော့သည်။ ကားပေါ်ရောက်မှပဲ သူ သက်ပြင်းချနိုင်တော့သည်။ ဝှူး... တော်သေးတာပေါ့...။ သူ ကားမောင်းရင်းနဲ့ ရာဇာ့ကို ဖုန်းခေါ်လိုက်လေသည်။
"တီ... တီ... တီ..."
"ဟယ်လို သားကြီး..."
"အစုတ်ပလုတ်ကောင်... ငနာကောင် မင်း အခု ဘယ်မှာလဲ..."
"ဟား... ဟား... ဟား... ဘယ်လိုဖြစ်တာလဲ ခညောင်းရာ..."
"အိမ်မှာ စိမ်းနဲ့သူ့အဒေါ်တို့ ရောက်နေကြတယ်ကွာ... အဲ့ဒါနဲ့ ငါလည်း စိတ်ညစ်သွားတာ..."
"ဪ... အဲ့ဒါကြောင့် မင်းက အပြင်ထွက်လာတယ်ဆိုပါတော့..."
"ဟုတ်တယ်... ငါ စိတ်ညစ်တယ်ကွာ..."
"အေးကွ... အခုပုံစံနဲ့ဆို မင်း စိမ်းကို သေချာပေါက်ယူရမှာပဲကွ..."
"ဝှူး... အဲ့ဒါကြောင့် ငါစိတ်ညစ်တာပေါ့ကွာ... ကိုးကိုလွမ်းနဲ့စိတ်နဲ့တောင်မှ လူက စိတ်ဓာတ်ကျချင်နေတာ... အခုမင်းဘာလုပ်နေတာလဲ ရာဇာ..."
"ဘီယာသောက်မလို့ကွ..."
"အဲ့ဒါဆို ငါ့အတွက်လည်း ပိုမှာထားပေး... ငါ အခုလာခဲ့မယ်..."
"အင်း... အင်း..."
"အဲ့ဒါဆို ငါ ဖုန်းချလိုက်တော့မယ် ရာဇာ..."
"အင်း..."
သူ ဖုန်းချလိုက်ပြီး ကားကိုညာဘက်လမ်းသို့ကွေ့လိုက်ရာ လမ်းထဲကနေထွက်လာတဲ့ ကားတစ်စီးနဲ့ ချိတ်မိမလိုဖြစ်သွားသဖြင့် သူလန့်သွားကာ ကားဘရိတ်ကိုအုပ်လိုက်မိတော့သည်။
"ကျွီ..."
သူ အကွေ့မှာ ဆင်ဂနယ်မီးပြကာ ကွေ့လိုက်သော်လည်း တစ်ဖက်ကထွက်လာတဲ့ကားက မှားပြီးထွက်လာတာဖြစ်သဖြင့် သူ မမှားပေ။ ခညောင်း ကားပေါ်ကဆင်းကာ တစ်ဖက်ကားကိုလှမ်းကြည့်လိုက်တော့ Land Cruiser ကားပေါ်ကနေ ကမန်းကတန်းဆင်းလာတဲ့လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူ့အနားသို့ရောက်လာတော့မှ နေကာမျက်မှန်ကိုချွတ်လိုက်ပြီး သူ့ကိုသေချာကြည့်ကာ
"ညီလေး ဘာဖြစ်သွားသေးလဲ... အကို တောင်းပန်ပါတယ်ကွာ... အရေးကြီးတာနဲ့ သတိမထားမိဘဲ လမ်းပြောင်းပြန်ကြီးကွေ့လိုက်မိတယ်..."
သူ့ထက် တစ်နှစ် နှစ်နှစ်လောက်သာကြီးမယ်လို့ထင်ရတဲ့လူက သူ့ကို မျက်စိမျက်နှာပျက်ကာ တောင်းပန်နေသဖြင့် သူ ခေါင်းပဲငြိမ့်ပြလိုက်ကာ
"ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး... အကိုလည်း သတိထားပြီးမောင်းပါ..."
"အေးကွာ... အစ်ကိုကလည်း အရေးကြီးပြီဆိုရင် အခုလိုမျိုး ခဏခဏဖြစ်တတ်တယ်ကွာ... Sorry နော်..."
"ဟုတ်ကဲ့ ရပါတယ်... ကျွန်တော့်ကိုခွင့်ပြုပါဦး..."
"ကောင်းပါပြီ..."
သူ အဲ့ဒီ့လူကို ခေါင်းငြိမ့်ပြပြီး ကားပေါ်တက်ဖို့ပြင်လိုက်ရာ
"ဪ... ဒါနဲ့ ငါ့ညီနာမည်က ဘယ်လိုခေါ်လဲ... အစ်ကို့နာမည်က စိုင်းအိုက်မော်ပါ..."
"ကျွန်တော့်နာမည်က ခညောင်းရှင်ပါ..."
"ဟင်..."
အ့ံသြသွားတဲ့ သူ့မျက်နှာကို ခညောင်းကြည့်လိုက်တော့ သူက ခညောင်းကို သေချာကြည့်ကာ ပြံုးနေလေသည်။
"တွေ့ရတာဝမ်းသာပါတယ် ခညောင်းရှင်... အစ်ကိုက နန်းမဟာမြိုင်ကုမ္ပဏီပိုင်ရှင် ကိုစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီ စိုင်းအိုက်မော်ပါ... အဲ့ဒါကြောင့် ညီလေးကိုမြင်ဖူးသလိုဖြစ်နေတာကိုး..."
ကိုယ်မုန်းတဲ့လူရဲ့အမျိုးတွေနဲ့လာတွေ့နေရသဖြင့် သူ့စိတ်ထဲမှာ ဘဝင်မကျဖြစ်သွားမိတော့သည်။
"အစ်ကိုတော်ရဲ့ထိမ်းမြားလက်ထပ်ပွဲမှာ ခညောင်းရှင်ကို အစ်ကိုတွေ့ခဲ့တယ်..."
"ဪ..."
"ဒါနဲ့ ခညောင်းရှင်က အစ်ကိုတော်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းလိုက်တာဆို..."
"အင်း ဟုတ်တယ်..."
"ဘာလို့လဲဆိုတာ အစ်ကို့ကို ပြောပြလို့ရမလား..."
နဂိုကတည်းက ဦးစဝ်ဘုန်းရိပ်ခေါင်အပေါ် အစာမကြေဖြစ်နေပါတယ်ဆိုမှ အဲ့ဒီ့လူနဲ့ပတ်သက်တဲ့မေးခွန်းတွေပဲ လာမေးနေတဲ့ စိုင်းအိုက်မော်ဆိုတဲ့လူအပေါ် သူ မကျေမချမ်းဖြစ်သွားမိတော့သည်။
"ဆောရီး... အစ်ကို့မေးခွန်းတွေက ဘောင်ကျော်သွားပြီထင်တယ်..."
"ဟုတ်ကဲ့... အဲ့ဒါက ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စပါ..."
"ဆောရီး ညီလေး... ဒါနဲ့ ညီလေးနဲ့ မဟာဒေဝီက ဘယ်လိုပတ်သက်တာလဲ..."
ခညောင်း အဲ့ဒီ့လူကို စူးစူးရဲရဲကြည့်လိုက်မိကာ
"ခင်ဗျားက ကိုယ့်အလုပ်မဟုတ်တာကိုလည်း စိတ်ဝင်စားတာပဲနော်..."
"အစ်ကိုအခုလိုမေးတယ်ဆိုတာ မသိလို့မဟုတ်ပါဘူး..."
"ဟင်..."
သူ့စကားကြောင့် ခညောင်း အ့ံသြသွားတော့သည်။
"ဟုတ်တယ် ခညောင်းရှင်... မဟာဒေဝီနဲ့ခညောင်းရှင်က ရည်းစားဟောင်းတွေဆိုတာ အစ်ကိုသိပြီးသားပါ..."
"ဗျာ..."
"ပြီးတော့ ခညောင်းရှင်က မဟာဒေဝီကိုပြန်ပြီးပိုင်ဆိုင်ချင်နေတယ်ဆိုတာလည်း အစ်ကိုသိတယ်..."
သူ ဘာမှပြန်မပြောနိုင်လောက်အောင်ကို အ့ံသြသွားမိပေမယ့် အဲ့ဒီ့လူကတော့ တည်ငြိမ်အေးဆေးစွာပင် သူ့ကိုကြည့်နေလေသည်။
"ဟုတ်တယ် ခညောင်းရှင်... မင်း အ့ံသြသွားပြီမို့လား..."
ဘာအကြံတွေနဲ့ချဉ်းကပ်လာမှန်းမသိတဲ့သူ့ကို ခညောင်း အကြည့်တွေလွှဲလိုက်ကာ စဉ်းစားနေမိတော့သည်။
"နောက်ပြီး မင်းရဲ့ဆန္ဒတွေဖြစ်လာအောင်လည်း အစ်ကိုကူညီပေးနိုင်တယ်... မဟာဒေဝီနဲ့ပြန်ပြီးနီးစပ်နိုင်ဖို့အတွက်ကိုပေါ့..."
အဲ့ဒီ့လူမှာအကြံအစည်တစ်ခုခုရှိနေပြီဆိုတာ သေချာနေပြီပဲ။
"ဘာလဲ မင်းမယုံဘူးလား..."
"ခင်ဗျားက ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီလား..."
အ့ံသြစွာပြန်မေးလာတဲ့ ခညောင်းရှင်ကိုကြည့်ကာ အိုက်မော် သဘောကျစွာပြံုးလိုက်မိတော့သည်။
"ဟုတ်တယ် အစ်ကိုက အစ်ကိုတော်ရဲ့ညီဝမ်းကွဲ... သူ့ရဲ့အကြောင်းတွေ အကုန်သိသူတစ်ယောက်ပေါ့..."
"မယုံနိုင်တာအမှန်ပဲဗျ... ခင်ဗျားရဲ့ရုပ်သာ ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ ရုပ်ချင်းမဆင်ခဲ့ရင် ကျွန်တော်ယုံမှာမဟုတ်ဘူး..."
"အခုတော့ ယုံသွားပြီပေါ့..."
"ဆိုပါတော့..."
" 🎼🎼🎼🎼🎼 "
နိုင်ငံခြားသီချင်းသံမြူးမြူးလေးတစ်ခုကြောင့် စိုင်းအိုက်မော်ရဲ့စကားသံက ရပ်သွားကာ ဘောင်းဘီအိတ်ကပ်ထဲကနေ ပစ္စည်းတစ်ခုကိုထုတ်လိုက်လေသည်။
"ဟယ်လို..."
ဖုန်းပြောနေတဲ့သူ့ပုံစံကိုကြည့်ရတာ ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ အတော်လေးကို ဆင်နေသည်။ ကြည့်ရတာ သူတို့လို စော်ဘွားမျိုးနွယ်တွေက ဒီလိုမျိုး ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်နေတဲ့ပုံပဲလား... သူ့စတိုင်က ဦးစဝ်ဘုန်းရိပ်ခေါင်လို မြန်မာမဆန်ဘဲ အနောက်တိုင်းဆန်နေတာကိုတော့ သူသတိထားမိသည်။ နောက်ပြီး...
"ခညောင်းရှင်... ဒါက အကို့ရဲ့လိပ်စာကတ်... တစ်ခုခု အကူအညီလိုရင် အစ်ကို့ကို ဖုန်းဆက်လိုက်ပါ... အထူးသဖြင့် မဟာဒေဝီနဲ့ပတ်သက်လို့ အကူအညီလိုရင် အချိန်မရွေးဖုန်းဆက်လို့ရတယ်နော်..."
သူ လိပ်စာကတ်ကိုယူလိုက်တော့ စိုင်းအိုက်မော်ဆိုတဲ့လူက ဖုန်းပြောနေရင်းနဲ့ သူ့ရှေ့ကနေ ထွက်သွားတော့သည်။ သူက ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ ညီလည်းဆိုသေးတယ်... ဘာဖြစ်လို့ သူ့အစ်ကို ထိခိုက်မယ့်ကိစ္စအတွက် အားတက်သရော ကူညီပေးချင်နေရတာလဲ... ကြည့်ရတာ သူ့အကြံအစည်က သာမန်တော့မဖြစ်နိုင်ဘူး... ဒါပေမယ့် ငါ ကိုးကို ပြန်ပြီးပိုင်ဆိုင်မှဖြစ်မယ်... အဲ့ဒီ့အတွက် ငါ ဘယ်သူ့မျက်နှာမှ ကြည့်နေလို့မဖြစ်ဘူး...။
#######
"ဘာဟင်းတွေချက်နေတာလဲ ကြီးစိုးရဲ့..."
"သခင်လေးအကြိုက် ငါးဖယ်ဟင်းချက်နေတာ မဟာဒေဝီရဲ့..."
ကိုး ဒယ်ပိုင်းထဲကဟင်းတွေကိုမွှေနေတဲ့ ကြီးစိုးရဲ့ဖောင်းအိအိလက်ချောင်းတွေကိုကြည့်လိုက်ကာ
"ကိုးကိုအဲ့လိုမခေါ်ပါနဲ့ဆို ကြီးစိုးကလည်း..."
ကြီးစိုးက ဟင်းတွေမွှေရင်းနဲ့ ကိုးကိုလှည့်ကြည်လာ ပြံုးနေလေသည်။
"မဖြစ်ဘူးလေကွယ်... သခင်မကြီးသိရင် ကြီးစိုးကို အပြစ်ပြောမှပေါ့ မဟာဒေဝီရယ်..."
"ကိုးမှ မကြိုက်တာကို..."
"အဲ့ဒါဆိုရင် ကြီးစိုးက ဘယ်လိုခေါ်ရမှာလဲ ပြော..."
ကိုး ကြီးစိုးကိုကြည့်လိုက်ကာ ပြံုးလိုက်ပြီး
"ကိုးရဲ့မမခေါ်သလိုမျိုး ကလေးလို့ခေါ်ပေး..."
"ကောင်းပါပြီ ကလေးရဲ့သဘောအတိုင်းပါပဲ..."
"ဟေး... ဒါမှ ကိုးရဲ့ကြီးစိုး..."
ကလေးတစ်ယောက်လိုအော်ပြီး ကြီးစိုးရဲ့ခါးကို အနောက်ကနေဖက်ထားတဲ့ချာတိတ်ကိုကြည့်ကာ သူ သဘောကျစွာပြံုးလိုက်မိလေသည်။ ချာတိတ်က သိပ်ချစ်ဖို့ကောင်းတာပဲ... သူ ချာတိတ်ကို ပိုင်ဆိုင်ပြီးတာတောင်မှ စိတ်မချနိုင်ဘဲ အရူးတစ်ပိုင်းဖြစ်နေရပြီ။
"ဟင် သခင်လေး..."
စားဖိုဆောင်ထဲကိုဝင်လာတဲ့ အလုပ်သမားကြောင့် ချာတိတ်ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာလေသည်။
"ဦး..."
ချာတိတ်က သူ့အနားသို့ရောက်လာကာ သူ့လက်ထဲက စာရွက်စာတမ်းတွေ ထည့်ထားတဲ့အိတ်ကိုယူလိုက်ပြီး အားနေတဲ့လက်တစ်ဖက်နဲ့ သူ့ရဲ့လက်ကိုဆွဲထားရင်းနဲ့ သူ့မျက်နှာကို မော့ကြည့်လာကာ
"ဦး အလုပ်ကပြန်လာတော့ ပင်ပန်းနေပြီလား... လာ ကိုး ဦးကို ဇက်ကြောဆွဲပေးမယ်..."
သူ ချာတိတ်ရဲ့ပခုံးကိုဖက်လိုက်ကာ
"ကိုယ်မပင်ပန်းပါဘူးချာတိတ်ရယ်... အခုလို ချာတိတ်ရဲ့ အလိုက်တသိပြောတဲ့စကားလေးကြောင့်ပဲ ကိုယ့်ရင်ထဲမှာ စိတ်ချမ်းသာသွားပြီး အမောတွေပျောက်သွားရတာ..."
"မဟုတ်ဘဲနဲ့..."
ချာတိတ်က မယုံသလို မျက်စောင်းလေးထိုးကာပြောလာသဖြင့် သူ သဘောကျစွာပြံုးလိုက်ပြီး
"ချာတိတ်ယုံအောင် ကိုယ် သက်သေပြမယ်... လာ အခန်းထဲလိုက်ခဲ့..."
"ဟာ... ဦးကလည်း ဘာတွေပြောနေတာလဲမသိဘူး..."
သူ့ရဲ့စကားကြောင့် ချာတိတ်ကရှက်သွားကာ ခေါင်းငုံ့သွားသဖြင့် သူ သဘောကျစွာရယ်လိုက်မိတော့သည်။
"ကောင်မလေးတစ်ယောက် ဘာတွေလျှောက်တွေးနေမှန်းမသိပါဘူး..."
"ဟာ ဦးနော်..."
"ဟုတ်တယ်လေ... ကိုယ်က အကောင်းပြောတာကို ချာတိတ်က ဘာတွေတွေးနေမှန်းမှမသိတာ..."
"တော်ပြီ ဦးရာ... ကိုးသွားတော့မယ်... ဟိုမှာ ဦးကြောင့် ကြီးစိုးတို့တွေ ရယ်ကုန်ကြပြီ..."
သူ့လက်ကိုလွှတ်ကာ မီးဖိုဆောင်ထဲကထွက်သွားတဲ့ချာတိတ်နောက်ကို သူ အမြန်လိုက်ရတော့သည်။ ကြီးစိုးတို့ကတော့ အ့ံသြနေကြမှာအမှန်ပဲ။ ဒီစံအိမ်လေးကို ချာတိတ်ရောက်မလာခင်တုန်းက သူ့အနေအထိုင်က အခုလိုမှမဟုတ်ခဲ့တာ... အမြဲလိုလို တည်တည်တ့ံတ့ံနေကာ အများအားဖြင့် တစ်ယောက်ထဲနေတတ်သူတစ်ယောက်။ အခုမှ ချာတိတ်နဲ့ပေါင်းပြီး သူ့ပုံစံအပြုအမူတွေလည်း ပြောင်းလဲသွားရတော့ပြီ။ အခန်းထဲရောက်တော့ ချာတိတ်က သူ့ကိုကျောခိုင်းထားကာ ခုတင်ဘေးမှာမတ်တပ်ရပ်နေလေသည်။ သူ ချာတိတ်နောက်ကို အသာလေးသွားရပ်လိုက်ပြီး ချာတိတ်ရဲ့ခါးကို နောက်ကနေသိုင်းဖက်လိုက်ကာ
"ချစ်တယ် ချာတိတ်ရယ်..."
"ဦးနော်... ကိုး ဦးကိုစိတ်ဆိုးနေတာ..."
"ဟောဗျာ ကိုယ် ချာတိတ်ကို ဘာလုပ်မိလို့လဲ ချာတိတ်ရဲ့..."
ချာတိတ်က သူမခါးကိုဖက်ထားတဲ့ သူ့လက်တွေကို ဆွဲခွာလိုက်ပြီး သူ့ကိုလှည့်ကြည့်လာကာ
"ခုနက ဘာလို့ မီးဖိုဆောင်ထဲမှာ..."
သူ လက်ပိုက်လိုက်ပြီး ချာတိတ်မျက်နှာကို သေချာကြည့်ကာ ပြံုးနေလိုက်တော့ ချာတိတ်က ဆက်မပြောဘဲ ရပ်သွားတော့သည်။
"ဆက်ပြောလေ ချာတိတ်ရဲ့..."
"ဟာ တော်ပြီ မပြောတော့ဘူး... ထားလိုက်တော့..."
"ကိုယ်ကကြားချင်နေတာကို..."
"ဦးနော်... ကိုးကို မစနဲ့..."
"ဟား... ဟား... ကိုယ်က သက်သေပြမယ်လို့ တကယ်ပြောတာကို ချာတိတ်ကမယုံဘူးပေါ့ ဟုတ်လား..."
"မသိဘူး..."
ချာတိတ်က သူ့ကိုမျက်စောင်းထိုးကာ ပြောလာသဖြင့် သူ သဘောကျစွာပြံုးလိုက်ပြီး ချာတိတ်ရဲ့လက်ကိုဆွဲကိုင်လိုက်ကာ
"ဘာလိုလိုနဲ့ ကိုယ်တို့လက်ထပ်ထားတာ သုံးလတောင်ကျော်ပြီနော် ချာတိတ်..."
ချာတိတ်က သူ့အမေးကို ခေါင်းငြိမ့်ပြရင်းဖြင့်သာ ပြန်ဖြေလာ၏။
"ကိုယ့်အချစ်တွေကို ချာတိတ်ယုံတယ်မို့လား..."
"ကိုး ယုံပါတယ် ဦး..."
"အင်း... အဲ့လောက်ဆို ကိုယ်ကျေနပ်ပါတယ်... ပြီးတော့ ကိုယ် ချာတိတ်ဆီက တစ်ခုလောက်တောင်းဆိုချင်တယ်..."
"ဟုတ်ကဲ့..."
"ကိုယ့်အတွက် ကလေးတစ်ယောက်လောက် ယူပေးလို့ရမလား..."
"ရှင်..."
ဦးရဲ့စကားကြောင့် ကိုး ရှက်သွားကာ မျက်နှာတစ်ခုလုံး ပူထူသွားရတော့သည်။
"ဆောရီး ချာတိတ်ရှက်သွားပြီ... လာ... လာ ကိုယ့်ရင်ခွင်ထဲမှာ ချာတိတ်မျက်နှာလေးကို ဖွက်ထားလိုက်..."
ပြောလည်းပြော ကိုးရဲ့ပခုံးလေးကိုဆွဲဖက်ကာ ကိုးရဲ့မျက်နှာကို ဦးရဲ့ရင်ခွင်ထဲမှာ ဆွဲသွင်းလိုက်သဖြင့် ကိုး ဦးရဲ့ရင်ခွင်ထဲကနေ ရှက်ရွံ့စွာဖြင့်ပင် ပြံုးလိုက်မိတော့သည်။ ကိုးနဲ့ဦး လက်ထပ်ခဲ့တာ သုံးလကျော်တောင်ရှိသွားပြီတဲ့လား။ အချိန်တွေက ကုန်တာမြန်လိုက်တာ။ သေချာပါတယ်... ကိုးလည်း ဦးအပေါ်မှာ မေတ္တာရှိနေခဲ့ပါပြီ...။
"ကိုယ်က ချာတိတ်ကို မတရားသိမ်းပိုက်ခဲ့သလိုဖြစ်ခဲ့တော့ ချာတိတ်ရဲ့အချစ်ကို မမျှော်မှန်းရဲပါဘူး... ကိုယ့်ဆီကသာ စစ်မှန်တဲ့အချစ်ကို ချာတိတ်ကို ပေးချင်ခဲ့တာ... ချာတိတ်ဆီကတော့ ကိုယ် ဘာမှပြန်မမျှော်လင့်ရဲပါဘူး... အထူးသဖြင့် အချစ်ပေါ့..."
ဦးက ကိုးရဲ့အချစ်ကိုမလိုချင်တာမဟုတ်ဘူး... မယုံကြည်ရဲဘူးဆိုတာကို ကိုး နားလည်သည်။ ဒါက ဖြစ်သင့်တဲ့အရာပဲဆိုတာကိုလည်း ကိုး သိပါတယ်။ တကယ်တော့ ကိုးက အစကတည်းက ဦးကိုမှမချစ်ခဲ့တာကို။
"ဦး..."
"အင်း ပြောလေ ချာတိတ်..."
"ကိုး ဦးဆီက တစ်ခုလောက်ခွင့်တောင်းချင်လို့..."
"ဘာများလဲ ချာတိတ်ရဲ့..."
"ကိုး ကိုးရဲ့မိသားစုကို လွမ်းလို့... အဲ့ဒါ..."
"ချာတိတ်က ချာတိတ်ရဲ့မိသားစုဆီကို အလည်သွားချင်လို့လား..."
"ဟုတ်တယ် ဦး... ဦးလည်းလိုက်ခဲ့လေ... ကိုးတို့ ငါးရက်လောက်နေရအောင်နော်..."
"ကိုယ်က လိုက်လို့မရဘူးလေ ချာတိတ်ရဲ့... ကုမ္ပဏီနဲ့ အိမ်နဲ့က တော်တော်လေးအလှမ်းဝေးနေတော့ အဆင်မပြေဘူး..."
ဦးပြောတာလည်း ဟုတ်ပါတယ်... ကိုးရဲ့အိမ်နဲ့ ဦးရဲ့ကုမ္ပဏီက ဆန့်ကျင်ဘက်တွေဖြစ်နေ၏။
"ချာတိတ်သွားချင်ရင်သွားလေ ဒါပေမယ့် ငါးရက်ကြီးဆိုရင် ကိုယ် လွမ်းလို့ရူးသွားလိမ့်မယ် ချာတိတ်ရယ်..."
ကိုး ဦးရဲ့ရင်ခွင်ထဲမှာ ကြည်နူးစွာ ပြံုးလိုက်မိတော့၏။ ဦးရဲ့အချစ်တွေက လူငယ်ဆန်လိုက်တာ။
"အဲဒါဆို ကိုး သုံးရက်တော့နေမယ်လေ ဦး..."
"အင်းပါ... ချာတိတ်သွားချင်တယ်ဆိုတော့လည်း ကိုယ် မတားရက်တော့ပါဘူး... ဒါပေမယ့် ကိုယ် ချာတိတ်ကို ခဏခဏဖုန်းဆက်နေမှာနော်..."
"ဟုတ်..."
"ကိုယ့်မဟေသီက အဲဒါတွေချစ်ဖို့ကောင်းတာ..."
သူ ချာတိတ်ရဲ့ခေါင်းလေးကို အသာလေးငုံ့နမ်းလိုက်တော့ ချာတိတ်ရဲ့ပခုံးလေးက တွန့်သွားလေသည်။
"ကိုယ်တော့ လွမ်းနေရတော့မယ်..."
"ကိုးလည်း ဦးကို လွမ်းနေပါ့မယ် ဦး..."
"ဟုတ်ပါပြီကွာ... ကိုယ် ချာတိတ်မရှိဘဲ ဘယ်လိုနေရမှန်းမသိဘူး... ဖြစ်နိုင်ရင် ချာတိတ်နဲ့အတူ လိုက်နေချင်တာ... အလုပ်ကြောင့်သာ..."
"ဦးကလည်း သုံးရက်ပဲဟာကို..."
"ကိန္နရီ ကိန္ဒရာမောင်နှံတောင်မှ တစ်ညလေး ချောင်းခြားတာကို တစ်ညလုံးငိုကြွေးခဲ့တယ်လေ ချာတိတ်ရဲ့... ကိုယ်က ချာတိတ်နဲ့သုံးရက်ကြီးတောင်ခွဲရမှာဆိုတော့..."
စာတစ်တန်ပေတစ်တန်ဖွဲ့နွဲ့ကာပြောနေတဲ့ ဦးရဲ့စကားတွေကြောင့် ကိုး ပြံုးလိုက်မိလေသည်။
"ဦးကလည်း... အဲ့ဒါဆိုလည်း ကိုးမသွားတော့ဘူး..."
"သွားပါ ချာတိတ်ရဲ့... ကိုယ့်ကြောင့် ချာတိတ်စိတ်မကောင်းဖြစ်သွားမှာကို ကိုယ် မလိုလားဘူး... ချာတိတ်သွားပါ..."
ကိုး ဦးရဲ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ကာ ဦးကို မော့ကြည့်လိုက်ပြီး
"အဲ့ဒါဆိုလည်း ကိုး မနက်ဖြန်သွားမယ်နော် ဦး..."
သူ ချာတိတ် ခေါင်းငြိမ့်ပြလိုက်တော့ ချာတိတ်ရဲ့မျက်နှာက ပြံုးကာဝင်းပသွားတော့သည်။ ကလေးဆန်လွန်းတဲ့ ချာတိတ်ရဲ့အပြုအမူတွေက သူ့မျက်ဝန်းထဲမှာရော သူ့နှလုံးသားလေးထဲမှာရော အရိပ်လေးပမာနေရာယူနေတော့သည်။ သူ ချာတိတ်ကို အဲ့လောက်တောင်ချစ်ခဲ့တာ... ယုတ်လျော့ခြင်းမရှိ တိုးပွားလာခြင်းသာရှိလာမယ့် အချစ်တွေနဲ့ချစ်ခဲ့မိတာဖြစ်သည်။ သူ ချာတိတ်အပေါ် ထာဝရအဆုံးထိလည်း ချစ်သွားမှာ... အဲဒါက ချာတိတ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ ခိုင်မြဲတဲ့ သစ္စာအဓိဌာန်စကားတစ်ခွန်းပဲ ဖြစ်သည်...။
#######
ဆက်ရန် - အခန်း(၂၄)
Eain Mat Kyal
YOU ARE READING
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...