အခန်း(၂၇)

107 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၇)

"စိမ်း..."
"ကိုး... လာလေဟာ..."
ကိုး ခေါင်းငြိမ့်ပြလိုက်ကာ စိမ်းနဲ့မဒီတို့ထိုင်နေတဲ့ စားပွဲမှာဝင်ထိုင်လိုက်လေသည်။ စိမ်းနဲ့မဒီတို့က ကိုးကိုကြည့်ကာ ပြံုးနေကြ၏။ ကိုး ကျောပိုးအိတ်လေးကို စားပွဲပေါ်တင်လိုက်ကာ
"နင်တို့က ဘာရယ်နေကြတာလဲ..."
"ဟင်..."
"ဟား... ဟား..."
ကိုး သူတို့ကို မျက်စောင်းထိုးလိုက်ပြီး စိမ်းရဲ့ပခုံးကိုလည်း အသာလှမ်းရိုက်လိုက်တော့ သူတို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်နေကြပြန်သည်။
"နင်တို့နော်... ဘာရယ်နေတာလဲ..."
"ကိုး နင် ဝလာတာလား..."
"ဟင်..."
မဒီ့စကားကြောင့် ကိုး အံ့သြသွားကာ ခေါင်းရမ်းပြရင်းနဲ့ သူတို့ကိုကြည့်နေလိုက်တော့ သူတို့ကလည်း ကိုးကို မယုံသင်္ကာသလိုကြည့်လာကာ
"ဒါဆို နင် ဟိုဟာရှိနေပြီလား ကိုး..."
"ဘယ်ဟာလဲ မဒီရဲ့..."
"ဒါလေဟာ ဒါ..."
မဒီကပြောလည်းပြော ကိုယ်ဝန်ရှိနေပြီလားဆိုသည့်အမူအရာ လုပ်ပြလာသဖြင့် ကိုး ထူပူသွားကာ ကမန်းကတန်းခေါင်းရမ်းလိုက်၏။
"မရှိသေးပါဘူး မဒီရယ်... နင်ကလည်း ဘာတွေမေးနေတာလဲ မသိဘူးဟာ..."
"မသိဘူးလေဟာ... နင်က သိသိသာသာကြီးဝလာတော့ ငါတို့ကလည်း မသင်္ကာဖြစ်မိတာပေါ့ဟ..."
"အေးလေ... နောက်ပြီး နင်တို့လက်ထပ်ပြီးတာ ငါးလကျော်သွားပြီမို့လား..."
"အင်း ဟုတ်တယ်... ဒီလ ၁၈ ရက်နေ့ဆို ခြောက်လပြည့်ပြီ..."
"ဟုတ်လား... အဲ့လောက်တောင်ရှိသွားပြီလား ကိုး..."
"ဟုတ်တယ် စိမ်းရဲ့... ငါလည်း မယုံကြည်နိုင်ဘူးဖြစ်နေတာ... ငါက ဦးနဲ့ပတ်သက်ပြီး ဘာကိုမှမမှတ်ထားပေမယ့် ဦးကတော့ ငါနဲ့ပတ်သက်လာရင် အသေးအမွှားလေးတွေကအစ မှတ်မိနေတာဟ..."
"နင့်ကိုချစ်တဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့အချစ်ကတော့ အားကျစရာကြီးပါ ကိုးရာ..."
"ငါ့ကိုသာပြောနေတာ နင်နဲ့ကင်းရဲ့အခြေအနေကရော..."
"ဘာမှမထူးခြားသေးပါဘူးဟာ... ကင်းက လက်ထပ်ပွဲကို အခုချိန်ထိ အချိန်တွေဆွဲနေတုန်းပဲ..."
စိမ်းရဲ့စကားကြောင့် ကိုး စိတ်မကောင်းဖြစ်သွားမိလေသည်။ စိမ်းကတော့ ဘာမှမဖြစ်သလိုမျိုး ကိုးကို ပြံုးပြနေ၏။
"ငါ တကယ်စိတ်မကောင်းဘူး စိမ်းရယ်..."
"ရပါတယ် ကိုးရာ... ငါက ငါ့ကိုမချစ်တဲ့သူကိုမှ ချစ်ခဲ့မိတာလေ..."
"အခုရက်ပိုင်း ကင်းက ငါတို့နဲ့တောင်မှ သိပ်ပြီးအရောအနှောမရှိတော့ဘူးနော် စိမ်း..."
"အင်း ဟုတ်တယ် မဒီ..."
"ကိုးနဲ့လည်း အဆက်အသွယ်မရှိတာကြာပြီ... အတန်းထဲမှာ တစ်ခါတစ်လေတွေ့ရင်တောင်မှ ပြံုးပြတယ်ဆိုရုံပဲ..."
"အင်း ဟုတ်တယ်... မဒီ့ကိုလည်း အဲ့လိုပဲ... ရာဇာကတော့ ပုံမှန်ပါပဲ..."
ကိုး နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"အံမယ် လူတွေဘာတွေစုံလို့ပါလား..."
အသံနဲ့အတူ ရာဇာကအနားသို့ရောက်လာလေသည်။ မဒီက ရာဇာ့ကို မဲ့ရွဲ့ကြည့်လိုက်ပြီး
"အသက်ရှည်ဦးမယ်..."
ရာဇာ့က ပြံုးဖြီးဖြီးမျက်နှာကြီးဖြင့် မဒီ့ကိုကြည့်လိုက်ကာ
"ဒါဆို ငါ့အတင်းတုတ်နေတယ်ဆိုပါတော့..."
"ဟုတ်တယ်... ဟုတ်တယ် နင်တစ်ယောက်ထဲတောင်မဟုတ်ဘူး ကင်းလည်းပါတယ်..."
"ဪ အဲ့လိုလား..."
ကိုး ရာဇာ့ကိုကျော်လိုက်ကာ ကင်းကိုရှာလိုက်ပေမယ့် မတွေ့ရပေ။
"ခညောင်းက သန့်စင်ခန်းသွားနေတယ် ကိုးရဲ့..."
ရာဇာ့စကားကြောင့် ကိုး စိမ်းကိုအားနာသွားကာ ခေါင်းပဲငြိမ့်ပြလိုက်၏။ တကယ်တော့ ကိုး ကင်းကိုမျှော်တယ်ဆိုတာ တစ်ခြားစိတ်ကြောင့်မဟုတ်ပါဘူး။ ကိုးအပေါ်မှာ အရင်လိုမဟုတ်တော့တဲ့ကင်းကို ကျေးဇူးတင်လို့ပါ။
"ဒါနဲ့... ဒီနေ့ ဘာနေ့လဲ သိလား..."
သူတို့သုံးယောက်စလုံး ရာဇာ့ကိုကြည့်လိုက်ပြီးမှ မဒီက ဖုန်းကိုကြည့်လိုက်ပြီး
"ဒီနေ့က ကိုးရက်နေ့လေ..."
"ကိုးရက်နေ့က ဘာနေ့လဲ..."
"ဗုဒ္ဓဟူးနေ့..."
ကိုးက ဝင်ပြောလိုက်တော့ ရာဇာ့အကြည့်တွေက ကိုးဆီသို်ရောက်လာကာ
"ဗုဒ္ဓဟူးနေ့ဆိုတော့ ဘာနေ့လဲ..."
ရာဇာ့စကားကြောင့် သူမတို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
"ဟင်..."
"ဘာလဲ ရာဇာရာ... ငါတို့ကို ခေါင်းလာစားနေတယ်ဟာ..."
"ဒီနေ့က သူ့မွေးနေ့လေ..."
"ကင်း..."
"အယ်... ဟုတ်သားပဲ..."
"နင်တို့တွေ ငါ့မွေးနေ့ကို မေ့နေကြတာမို့လား..."
ကိုး ရာဇာ့ဘေးကခုံမှာဝင်ထိုင်လိုက်တဲ့ ကင်းရဲ့မျက်နှာကို အကဲခတ်လိုက်တော့ ကင်းရဲ့ပုံစံက ပုံမှန်လိုပင် တည်ငြိမ်စွာဖြင့်။
"ကင်း မတွေ့တာကြာပြီနော်..."
စိမ်းက မေးလိုက်တော့ ကင်းရဲ့အကြည့်တွေက စိမ်းဆီသို့ရောက်သွားပြီး
"ဟုတ်တယ် စိမ်း... ကျွန်တော် အခုရက်ပိုင်း ရှူတင်အလုပ်တွေဆက်နေတာနဲ့ ကျောင်းကိုတောင် ပုံမှန်မလာဖြစ်ဘူး..."
"ဟုတ်တယ်... အဲ့ဒါကြောင့် စိမ်းတို့တွေ အရင်လိုမဆုံဖြစ်ကြတော့ဘူး..."
"ကဲပါ အခုတွေ့နေပြီပဲကို..."
"အေးပါ ရာဇာရယ်... ဒီနေ့ နင့်မွေးနေ့ဆိုတော့ အခု ငါတို့စားထားတာကိုရှင်းပေးနော်..."
မဒီက စားပွဲပေါ်ကပန်းကန်တွေကိုကြည့်ကာ ပြောလိုက်တော့ ရာဇာက ပြာပြာသလဲခေါင်းရမ်းလိုက်ကာ
"ဟာ မရှင်းပေးနိုင်ပါဘူးဟာ..."
"ဟယ် ကပ်စေးနှဲလိုက်တာ..."
"ဟုတ်ပ... နင် အရင်က ဒီလိုမဟုတ်ပါဘူး ရာဇာ..."
ကိုးက စနောက်ကာပြောလိုက်တော့ ရာဇာက ပြန်မဖြေဘဲ ရယ်နေလေသည်။
"ဒီနေ့ ရာဇာ့မှာအစီအစဉ်တစ်ခုရှိတယ် နင်တို့ကတော့ စိတ်ဝင်စားမယ့်ပုံမပေါ်ပါဘူး..."
"ဘာလဲဆိုတာ အရင်ပြောလေ ကင်းရဲ့..."
မဒီက ကင်းရဲ့စကားကို အားမလိုအားမရ ပြောလိုက်တော့ ကင်းက မပြောချင်သလို ခေါင်းကုတ်နေလေသည်။
"ကင်း ပြောပါဆို..."
"ရာဇာ ငါပြောလိုက်ရမလား..."
"မင်းသဘောပဲ ခညောင်း..."
ကင်းက ရာဇာ့ဆီကနေ ထောက်ခံချက်ယူလိုက်ပြီးမှ မဒီတို့ကိုကြည့်လိုက်ကာ
"ဒီနေ့ ရာဇာက သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် အပြင်မှာ အဝလိုက်ကျွေးမယ်တဲ့... နင်တို့မိန်းကလေးတွေကတော့ လိုက်မှာမဟုတ်ဘူးလို့ ငါကထင်ထားတာ လိုက်ကြမှာပေါ့ ဟုတ်လား..."
"ဟာ လိုက်မှာပေါ့ ကင်းကလည်း... ဒါမျိုးက အလွတ်ခံလို့မဖြစ်ဘူးလေ..."
"ဟုတ်တယ်... မွေးနေ့ရှင်ကြီး ကုသိုလ်ရအောင် စိမ်းတို့က အနစ်နာခံရမှာပေါ့..."
"ဪ... အနစ်နာခံတယ်ပေါ့လေ ဟုတ်လား စိမ်း..."
စိမ်းရဲ့စကားကို ပြန်ချေပလိုက်တဲ့ ရာဇာ့စကားကြောင့် ကိုး သဘောကျစွာ ပြံုးလိုက်မိလေသည်။
"ဘယ်အချိန်လိုက်ကျွေးမှာလဲ ရာဇာ..."
"အခုလေ..."
"Wow... မိုက်တယ်လေ..."
မဒီကတော့ ကျေနပ်စွာပြောနေလေသည်။
"မဒီတို့သုံးယောက်လုံးလိုက်မှာလား... သူငယ်ချင်းရဲ့မွေးနေ့ကိုသွားဖို့ တစ်ခြားတစ်ယောက်ရဲ့ခွင့်ပြုချက်ရမှ လိုက်လို့ရမယ့်လူရှိတယ်ဆိုရင်လည်း ရတယ်နော် အားမနာပါနဲ့..."
ကိုးကိုကြည့်ကာပြောလာတဲ့ ကင်းရဲ့စကားကြောင့် ကိုး စိတ်မကောင်းဖြစ်သွားမိတာတော့အမှန်ပဲဖြစ်သည်။
"မဒီတို့သုံးယောက်လုံးလိုက်မှာပေါ့ ကင်းရဲ့... မဒီတို့က ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းစရာမလိုပါဘူး..."
"ကျွန်တော်က ကိုးအတွက်ပြောတာပါ... တော်ကြာ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ခွင့်ပြုချက်ရမှ ကိုး အပြင်ထွက်ရမယ်ဆိုရင် အားနာစရာတွေဖြစ်ကုန်မှာလေ... အဲ့ဒါကြောင့် ကိုး မလိုက်ခဲ့လည်းရတယ်နော်..."
ကင်းရဲ့ခနဲ့တဲ့တဲ့စကားကြောင့် ကိုး ဝမ်းနည်းသွားမိတာအမှန်ပဲဖြစ်သည်။
"ဦးစဝ်ဘုန်းရိပ်ခေါင်က ကိုးကို ခွင့်ပြုမှာပါ ကင်းရဲ့... ဟုတ်တယ်နော် ကိုး..."
"ခွင့်ပြုပြု မပြုပြု နင်လိုက်ခဲ့ရမှာနော် ကိုး... ငါ့ရဲ့မွေးနေ့မှာ သူငယ်ချင်းတွေကိုဆုံစေချင်တယ်ဟာ..."
"ကိုး လိုက်ခဲ့မှာပါ ရာဇာရဲ့..."
"ဒါမှ သူငယ်ချင်းတွေလို့ခေါ်တာ..."
ရာဇာက ကျေနပ်စွာဖြင့် ပျော်နေလေသည်။
"ဒါဆို ငါတို့ အခုသွားရအောင်လေဟာ..."
"အင်း..."
"ကိုး ပိုက်ဆံရှင်းပြီးရင် လိုက်ခဲ့လိုက်မယ်နော်..."
"အင်း... မြန်မြန်လိုက်ခဲ့နော် ကိုး..."
"အင်း..."
သူတို့တွေစားပွဲကထသွားတော့ ကိုး ပိုက်ဆံရှင်းဖို့ စားပွဲထိုးကိုလှမ်းခေါ်လိုက်လေသည်။ စားပွဲထိုးလေးက သူမအနားကို ရောက်လာတော့ သူမ စားပွဲထိုးလေးကိုကြည့်လိုက်ကာ
"မောင်လေး ဘယ်လောက်ကျလဲ..."
"လေးထောင့်ငါးရာပါမမ..."
ကိုး ငါးထောင်တန်တစ်ရွက်ကိုထုတ်ပေးလိုက်တော့ စားပွဲထိုးလေးက ငါးရာတန်တစ်ရွက်ပြန်အမ်းလာသဖြင့် ကိုး ယူလိုက်ကာ ဆိုင်ထဲကနေ ထွက်လာလိုက်သည်။ ဆိုင်ပေါက်ဝမှာ ကင်းက မတ်တပ်ရပ်ကာ ဆေးလိပ်သောက်နေ၏။ ကင်းက ဘယ်တုန်းကမှ ဆေးလိပ်သောက်ခဲ့သူမဟုတ်တော့ ကိုး အံ့သြနေမိလေသည်။
"ကင်း..."
"ဪ ပြီးပြီလား ကိုး... သွားရအောင် ကိုယ် ကိုးကို စောင့်နေတာ..."
"ကျေးဇူးပါ ကင်း..."
"ရပါတယ်..."
ကိုးတို့နှစ်ယောက် ကန်တင်းထဲကနေ အတူတူထွက်လာကြ၏။
"ကင်း ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ..."
ကိုးရဲ့အမေးကြောင့် ကင်းရဲ့အကြည့်တွေက ကိုးဆီသို့ရောက်လာပြီးမှ တစ်ခြားဘက်သို့လှည့်သွားကာ ဆေးလိပ်မီးခိုးတွေကို မှုတ်ထုတ်လိုက်လေသည်။
"ကိုးက ကိုယ့်အကြောင်းကိုတော့ စိတ်ဝင်စားသေးသားပဲ..."
"ကိုးတို့က သူငယ်ချင်းတွေပါ ကင်းရယ်..."
"မဟုတ်ဘူး ကိုး... ကိုယ်တို့က ချစ်သူတွေပါ..."
ကင်းရဲ့အကြည့်တွေမှာ နာကြည်းချက်တွေပါနေတယ်ဆိုတာကို ကိုး သိပါတယ်။ ဒါပေမယ့် အခုချိန်မှတော့ အပြန်အလှန်နာကျည်းချက်တွေကို ထုတ်ပြနေဖို့က မသင့်တော်တော့ပေ။
"တီ... တီ... တီ..."
ကိုး ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ဦးရဲ့ဖုန်းဖြစ်နေသဖြင့် ကိုး ကင်းရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးတော့မှ ဖုန်းကိုကိုင်လိုက်လေသည်။
"ဟယ်လို ဦး..."
"ချာတိတ် ကိုယ် ကျောင်းလာကြိုမယ်နော်..."
"ဦး..."
"အင်း ဘာဖြစ်လို့လဲ ပြောလေ ချာတိတ်..."
"ဒီနေ့ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ရှိလို့ ကိုးတို့တွေ ညနေမှာ အပြင်ကို မုန့်သွားစားကြမလို့ပါ ဦး..."
"ဪ ဟုတ်လား..."
"ဟုတ်..."
"ဘယ်သူ့မွေးနေ့လဲဆိုတာတော့ ကိုယ် မမေးတော့ပါဘူးလေ... ချာတိတ်သူငယ်ချင်းဆိုတော့ ကိုယ့်သူငယ်ချင်းပါပဲ... ဒါဆို ချာတိတ်တို့စားပြီးတဲ့အချိန် ကိုယ့်ကိုဖုန်းဆက်လိုက်နော်..."
"ကိုး သူငယ်ချင်းကိုပဲ လိုက်ပို့ခိုင်းလိုက်မယ်လေ ဦးရဲ့..."
"ချာတိတ် အဆင်ပြေမယ်ဆိုရင်လည်း ချာတိတ်ရဲ့သဘောပါပဲ..."
"ဟုတ်... ကိုး အဆင်ပြေပါတယ် ဦး..."
"အင်း... အင်း... ဒါဆိုလည်း ဖုန်းချလိုက်တော့လေ ချာတိတ်..."
"ဟုတ်..."
ကိုး ဖုန်းချလိုက်ပြီး ကင်းကိုကြည့်လိုက်တော့ ကင်းက ကိုးကို ဂရုမထားသလို ဆေးလိပ်ကိုသာ နှစ်နှစ်ခြိုက်ခြိုက်သောက်နေလေသည်။
"ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ အဆင်ပြေရဲ့လား..."
"ဟုတ် ပြေပါတယ် ကိုး..."
"အင်း ဟုတ်မှာပါ... သူက ကိုးကို အရမ်းဂရုစိုက်တာကိုး..."
နှစ်ယောက်လုံးရဲ့ရင်ထဲမှာ အဖုအထစ်လေးတွေက ရှိနေခဲ့တော့ စကားပြောရတာ အရင်လောက်လွတ်လပ်မှုမရှိတော့တာ အမှန်ပဲဖြစ်သည်။
"ဆေးလိပ်တွေ မသောက်ပါနဲ့လား ကင်း..."
"ကိုးက ကိုယ့်အတွက်စိုးရိမ်လို့ပြောတာလား..."
"ကင်းက ကိုးရဲ့ ရင်ဘတ်ချင်းနီးကပ်ခဲ့သူငယ်ချင်းတစ်ယောက်ပါ ကိုးစိတ်ပူတာပေါ့ ကင်းရယ်..."
"အခုလိုပြောပေးတာပဲ ကိုယ် ကျေးဇူးတင်ပါတယ် ကိုး... ဒါပေမယ့် ဆေးလိပ်နဲ့အရက်က ကိုယ့်အတွက်တော့ အဖော်မွန်ကောင်းတွေဖြစ်နေပြီ ... သူတို့က ကိုယ့်ကို ဘယ်တော့မှ စွန့်ခွာသွားမှာမဟုတ်သလို နာကျင်အောင်လည်းလုပ်မှာမဟုတ်ဘူးဆိုတာ သေချာတော့ ကိုယ်လည်း သူတို့ကို မစွန့်ပစ်ရက်ဘူး..."
အဓိပ္ပါယ်များစွာပါနေတဲ့ ကင်းရဲ့စကားတွေကို ကိုး တိတ်တိတ်နေခြင်းဖြင့်သာ မသိချင်ယောင်ပဲဆောင်နေမိတော့သည်။ အခုချိန်မှာ ကင်းက ကိုးထက်ပိုပြီး နာကျင်နေရမယ်ဆိုတာကို ကိုး နားလည်ပါတယ်။ ဒါပေမယ့်... ကိုး မသိချင်ယောင်ဆောင်ပေးတာကပဲ ကင်းအတွက် ပိုပြီးအဆင်ပြေနိုင်မှာမို့ ကင်းလည်း ကိုးကို နားလည်ပေးပါ...။
#######
ကုမ္ပဏီကအလုပ်တွေကို လုပ်နေရင်းကနေ သူ ချာတိတ်ကိုသတိရသွားမိ၏။ နာရီကိုကြည့်လိုက်တော့ ည ခုနှစ်နာရီတောင်ရှိသွားပြီဖြစ်သည်။ သူ ချာတိတ်အတွက် စိတ်ပူသွားမိတာအမှန်ပင်ဖြစ်သည်။ ဖုန်းဆက်လိုက်ရင်ကောင်းမလား...။
"သားတော်..."
မယ်တော်က သူ့အနားသို့ရောက်လာကာ သူ့ဘေးနားမှာ အသာထိုင်လိုက်လေသည်။
"မယ်တော်... မအိပ်သေးဘူးလား..."
"ချွေးမတော်က ပြန်မလာသေးတော့ မယ်တော် အိပ်မပျော်ပါဘူး သားတော်ရယ်..."
မယ်တော့်မျက်နှာက ချာတိတ်အတွက် စိုးရိမ်စိတ်နဲ့ မျက်နှာမကောင်းဖြစ်နေ၏။
"သူငယ်ချင်းတွေနဲ့ဆိုတော့ စကားပြောနေတာဖြစ်မှာပါ မယ်တော်ရဲ့ စိတ်မပူပါနဲ့ သားတော်စောင့်လိုက်ပါ့မယ်..."
"မိန်းကလေးတစ်ယောက်အနေနဲ့ မိဘမောင်ဘွားတွေမပါဘဲ အပြင်ကိုမထွက်သင့်ဘူး သားတော်... အထူးသဖြင့် ချွေးမတော်လို အိမ်ထောင်ရှိအမျိုးသမီးက ကိုယ့်ရဲ့လင်ယောကျာ်းမပါဘဲ အပြင်ကိုမသွားသင့်ဘူး..."
မယ်တော့်စိုးရိမ်စိတ်ကို သူ နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ
"သားတော် နားလည်ပါတယ် မယ်တော်... ဒါပေမယ့် ချာတိတ်က ငယ်သေးတယ်လေ မယ်တော်ရဲ့..."
"အဲ့ဒါကြောင့် ပိုပြီးဂရုစိုက်သင့်တာပေါ့ သားတော်ရယ်... မဖြစ်သေးပါဘူး ချွေးမတော်ကို မယ်တော် ဆုံးမစကားပြောမှဖြစ်တော့မယ်..."
"ဟုတ်ကဲ့ မယ်တော်..."
"ဟုတ်ပါပြီ ဒါဆို မယ်တော် သွားအိပ်တော့မယ်... သားတော် ချွေးမတော်ကို အဆက်အသွယ်လုပ်ပါဦးကွယ်..."
"ဟုတ်ကဲ့ သားတော်အခုပဲ ဆက်သွယ်လိုက်ပါ့မယ်... မယ်တော်လည်း သွားအိပ်တော့နော်..."
"ဟုတ်ပြီ သားတော်..."
မယ်တော် သူ့အနားကထွက်သွားတော့မှ သူ့ရင်ထဲမှာလည်း ချာတိတ်အတွက် ပူလာမိတော့သည်။ ဖုန်းကိုကောက်ကိုင်လိုက်ပြီးမှ ဆက်ရင်ကောင်းမလား စဉ်းစားနေမိသေး၏။ သူငယ်ချင်းရဲ့မွေးနေ့ဆိုတော့ ခညောင်းရှင်ကပါမှာအသေအချာပဲ... ဝှူး ဘယ်လိုလုပ်ရမလဲ... နာရီကိုတစ်ခါထပ်ကြည့်လိုက်တော့ ခုနှစ်နာရီခွဲသွားပြီဖြစ်သည်။ ပုံမှန်ဆိုရင် မယ်တော်က ခုနှစ်နာရီမထိုးခင်ကတည်းက အိပ်ရာဝင်လေ့ရှိသူဖြစ်သည်။ ဒီနေ့ ချာတိတ်ကပြန်မလာသေးတော့ မယ်တော်အိပ်မပျော်ဘူးဖြစ်နေတာ။ မဖြစ်သေးပါဘူး ဖုန်းတော့ဆက်ကြည့်ရမယ်...။ သူ လက်တော့ပ်ကိုပိတ်လိုက်ပြီး ချာတိတ်ဆီကို ဖုန်းခေါ်လိုက်လေသည်။
"တီ... တီ... တီ..."
ဖုန်းကဝင်ပေမယ့်မကိုင်ပေ။ သူ ဆက်ပြီးခေါ်နေမိ၏။ ဘာလို့မကိုင်တာလဲ... ချာတိတ် ဘယ်ကိုရောက်နေလို့လဲ... ကျွတ်...။
"ဟယ်လို..."
"ဟင်... ခညောင်းရှင်လား..."
သူ အံ့သြကာ မျက်မှောင်ကုတ်သွားတော့သည်။ ချာတိတ်ရဲ့အသံကိုမကြားရဘဲ ဘာလို့ ခညောင်းရှင်ရဲ့အသံကိုကြားရတာလဲ။
"ဟုတ်ပါတယ် ဦးစဝ်ဘုန်းရိပ်ခေါင်... ဘာကိစ္စရှိလို့လဲ..."
"မင်းက ဘာကိစ္စနဲ့ ချာတိတ်ရဲ့ဖုန်းကို ကိုင်ထားတာလဲ... ချာတိတ်ဘယ်မှာလဲ... မင်းတို့ရော ဘယ်ရောက်နေကြလဲ..."
"ဟိုး... ဟိုး ဆရာ... မေးခွန်းတွေက များလိုက်တာ... ကျွန်တော် ဘယ်မေးခွန်းကိုအရင်ဖြေရမလဲ..."
ခညောင်းရှင်ရဲ့ မူးနေတဲ့အသံကြောင့် သူ စိတ်တိုသွားမိတော့သည်။
"ချာတိတ်နဲ့ဖုန်းပြောချင်တယ် ချာတိတ်ကိုဖုန်းပေးလိုက်..."
"ကိုးမရှိဘူးဗျ... စိမ်းနဲ့ သန့်စင်ခန်းကိုသွားတယ်... ကျွန်တော် ဘာပြောပေးရမလဲ..."
"မယ်တော်က ချာတိတ်ကိုမေးနေတယ် အခုပြန်လာခဲ့ပေးပါလို့ပြောပေးပါ..."
"ကောင်းပါပြီ... ပြောလိုက်ပါ့မယ်..."
သူ ဖုန်းကိုသာချလိုက်တာ စိတ်ထဲမှာတော့ မောဟိုက်သွားမိတော့သည်။ မဟုတ်သေးဘူး... တကယ်ဆိုရင် ငါ ချာတိတ်ဆီကို လိုက်သွားခဲ့ရမှာ... ကျွတ်...။ အခုတော့ ချာတိတ်ဆီကလာမယ့်ဖုန်းကိုပဲ စောင့်ရတော့မယ်...။ သူ ဖုန်းကိုင်ထားရင်းကနေ နာရီကိုကြည့်ကာ ချာတိတ်ရဲ့ဖုန်းကိုမျှော်နေမိတော့သည်။ ငါးမိနစ်... ဆယ်မိနစ်... အခုထိ ဖုန်းမလာသေးဘူး...။ သူ ဆုံးဖြတ်လိုက်ကာ ဖုန်းကိုထပ်ခေါ်လိုက်လေတော့သည်။
"တီ... တီ... တီ..."
"ဟယ်လို ဦး..."
"ချာတိတ် ကိုယ့်ကိုဖုန်းပြန်ဆက်ပေးပါဦးဆို..."
"ဟင်... ဦး ကိုးကို ဖုန်းခေါ်ထားသေးတာလား..."
"ဟာ ဆောရီး ကိုး ခုနက ဦးစဝ်ဘုန်းရိပ်ခေါင် ဖုန်းခေါ်ထားသေးတယ်... ကိုယ်ပြောမလို့ကို ဘယ်လိုလုပ်ပြီးမေ့သွားလဲမသိဘူး... ဆောရီးကွာ..."
"ဟုတ် ရပါတယ် ကင်း..."
ခညောင်းရှင်ရဲ့ဝါးတားတားအသံကို သူကြားလိုက်ရသဖြင့် ပိုပြီးစိတ်တိုသွားမိတော့သည်။
"ဦး ဆောရီးနော်... ခုနက ကိုး သန့်စင်ခန်းသွားနေတော့ ကင်းက ဦးရဲ့ဖုန်းဆက်တာကို ပြန်ပြောဖို် မေ့သွားလို့တဲ့..."
"ချာတိတ် ပြန်မလာသေးဘူးလား..."
"ကိုးတို့ပြန်လာတော့မှာပါ ဦး..."
"မယ်တော်က ချာတိတ်အကြောင်းကိုမေးနေလို့... ကိုယ် အခု ချာတိတ်ကိုလာခေါ်မယ် ချာတိတ်... ဘယ်နေရာမှာလဲ..."
"ကိုး... ကိုး..."
ကိုးဆီကအသံတိတ်သွားကာ တစ်ခြားဘက်ကိုစကားလှည့်ပြောနေလေသည်။
"ကင်း... ဒီဆိုင်က ဘယ်နေရာမှာလဲ..."
"ဟင်... ဒီဆိုင်လား... ဒီဆိုင်က စွယ်တော်လမ်းက Excellent လေ..."
"ဦး... ကိုးတို့ရောက်နေတာက စွယ်တော်လမ်းက ဆိုင်နာမည်က Excellent တဲ့..."
"အိုကေ ကိုယ် အခုလာခဲ့မယ်..."
"ဘာလို့ အဲ့လောက်တောင်စိတ်ပူနေရတာလဲဗျာ... ကျွန်တော် ကိုးကိုလိုက်ပို့ပေးမှာပေါ့..."
ခညောင်းရှင်ရဲ့အသံကြောင့် သူ စိတ်တိုသွားမိပြန်လေသည်။
"ချာတိတ် အဲ့ဒီ့မှာပဲစောင့်နေနော် ကိုယ် အခုလာခဲ့မယ်..."
"ဟုတ်ကဲ့ပါ ဦး..."
ကိုး ဖုန်းချလိုက်ပြီး ကင်းကိုကြည့်လိုက်တော့ ကင်းက အရက်ခွက်ကိုကိုင်ကာ မူးဝေနေလေသည်။
"စိမ်း... ငါ့ကို ဦးက လာခေါ်မယ်တဲ့..."
"ဟုတ်လား... အင်းပေါ့ ဦးစဝ်ဘုန်းရိပ်ခေါင်က ကိုးအတွက်စိတ်ပူနေတာဖြစ်နယ်..."
ကိုး ဘာမှပြန်မပြောဘဲ ပြံုးလိုက်မိ၏။ ကင်းကတော့ မှောက်လုမတတ်မူးနေလေသည်။
××× အမြဲ ရင်ထဲပြည့်ကြပ်နေလို့ ××× ခံစားရခက်နေလို့ ××× ဒီစိတ်နဲ့ရူးနေလို့ ××× ရင်ထဲမှာ သိပ်ချစ်မိသူမို့...×××
ကင်းရဲ့အခြေအနေကိုကြည့်ကာ သူတို့တွေခေါင်းတရမ်းရမ်းဖြင့်။
"ခညောင်း ပြန်ရအောင်... မင်း မူးနေပြီ..."
"အေ့... ငါမမူးပါဘူး ရာဇာရာ... ငါက ကိုးကိုလိုက်ပို့ရဦးမှာကွ..."
ကင်း အတော်လေးမူးနေပြီဆိုတာကို အကုန်လုံးသိလိုက်ရပြီဖြစ်သည်။ ကိုးလည်း စိမ်းကို အားနာနေမိ၏။
"လာပါကွာ..."
"နေဦးကွ... ငါ ကိုးကိုလိုက်ပို့လိုက်ဦးမယ်..."
"ကိုး ဒီကောင့်ကိုပြောပါဦးဟာ..."
ကိုး ရာဇာ့ကိုခေါင်းငြိမ့်ပြလိုက်ကာ ကင်းကိုကြည့်လိုက်ပြီး
"ကင်း... ကိုးကို ဦးလာခေါ်မှာမို့လို့ လိုက်မပို့နဲ့တော့နော်..."
"ဟင်... ဪ ဟုတ်သားပဲ ကိုယ်မေ့သွားတာ... ဒါပေမယ့် ဦးစဝ်ဘုန်းရိပ်ခေါင် မလာသေးဘူးမို့လား... လာပါ ကိုယ်လိုက်ပို့ပေးပါ့မယ်..."
ပြောလည်းပြော ကင်းရဲ့လက်က ကိုးရဲ့လက်ဆီသို့ရောက်လာ၏။
"ဟင်..."
"ခညောင်းရှင် လွှတ်လိုက်စမ်း..."
"ဦး..."
အားလုံးရဲ့အကြည့်တွေက ခညောင်းဆီကနေ ဘုန်းရိပ်ဆီသို့ ရောက်သွားတော့သည်။
"ဦးစဝ်ဘုန်းရိပ်ခေါင် ရောက်လာပြီလား..."
ဘုန်းရိပ် ခညောင်းအနားသို့ရောက်သွားပြီး ကိုးကိုကိုင်ထားတဲ့ခညောင်းလက်ကို ဆွဲခွာလိုက်ကာ
"မင်းရဲ့အပြုအမူတွေကို ဆင်ခြင်ထားပါ ခညောင်းရှင်... မင်းက ဟိုတုန်းကလို ချာတိတ်ရဲ့ချစ်သူမဟုတ်တော့ဘူး... ကျွန်တော့်ရဲ့ဇနီးဖြစ်သွားပြီ..."
"ဟား... ဟား... ကျုပ်သိပါတယ်ဗျာ... ကျုပ်ကရော ဘာတွေများပြောနေလို့လဲ..."
"ကောင်းပြီလေ... ဒါဆို ဒီတစ်ခါသတိပေးတာက နောက်ဆုံးပဲဖြစ်စေချင်တယ်... ချာတိတ် လာ သွားရအောင်..."
"ဟုတ်ကဲ့ ဦး..."
ကိုးနဲ့ဦးစဝ်ဘုန်းရိပ်ခေါင်တို့ ဆိုင်ထဲကထွက်သွားတော့ စိမ်းလည်း သက်ပြင်းချနိုင်တော့သည်။
"တော်သေးတာပေါ့ဟာ... ငါဖြင့် အမူးတောင်ပြေသွားတယ်..."
ရာဇာ့စကားကြောင့် မဒီနဲ့စိမ်းတို့ပြံုးလိုက်မိကြလေသည်။ စိမ်း ကင်းကိုကြည့်လိုက်တော့ ကင်းက ခေါင်းမှောက်နေပြီဖြစ်သည်။
"ရာဇာ... နင် ကင်းကိုပြန်လိုက်ပို့ပေးလို့ ဖြစ်တယ်မို့လား..."
"အင်း ဖြစ်ပါတယ်..."
"ဒါဆို ငါတို့လည်း သွားတော့မယ်ဟာ... ဟက်ပီဘက်ဒေးပါ ရာဇာ..."
"အေးပါဟာ ကျေးဇူးတင်ပါတယ်..."
စိမ်းနဲ့မဒီတို့လည်း ရာဇာ့ကိုနှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။ ရာဇာ ခညောင်းကို တွဲထူလိုက်ကာ
"ခညောင်း လာကွာ သွားရအောင်..."
"ဟင်... ဪ... အေ့ ငါသောက်ချင်သေးတယ်ကွာ... ငါ မူးနေမှရမှာ မဟုတ်ရင် ငါ... အေ့... ငါ ကိုးကို... သတိရပြီး နာကျင်ရလိမ့်မယ်..."
"ခညောင်းရာ..."
ရာဇာ စိတ်မကောင်းပေမယ့်လည်း ဘာမှတော့မလုပ်ပေးနိုင်ပါ။ အစကခညောင်းပြောတော့ မသောက်ဘူးဆိုပြီး အခုမှ ဘယ်လိုလုပ်ပြီး ဒီလောက်ထိတောင်မူးသွားရတာလဲ... ဒါ ကိုးကြောင့်များလား... ဝှူး ခညောင်းရင်ထဲကဒဏ်ရာက တော်တော်နဲ့ပျောက်မှာမဟုတ်တော့ဘူး... တစ်နည်းပြောရရင် ကိုးကြောင့်ပဲ ခညောင်းရဲ့ရောဂါက ပိုပြီး ကျွမ်းလာရတာပဲနေမှာ...။
#######
ဆက်ရန် - အခန်း(၂၈)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now