### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၃၃)ဖုန်းလာနေတာကို သူ တမင်သက်သက် အရသာခံပြီး ကြည့်နေလိုက်လေသည်။ ကြည့်ရတာ အစ်ကိုတော် ခညောင်းရှင်ကို ဖုန်းကေ်လို့မရဘူးထင်တယ်။ ဟား... ဟား... ခံစားလိုက်ပါဦး အစ်ကိုတော်ရယ်... ကျွန်တော့်တုန်းက ဒီ့ထက်မကခံစားခဲ့ရတာပါဗျာ။
"တီ... တီ... တီ..."
အိုက်မော် ဘိလိယက်ထိုးနေရင်းကနေ ပြံုးနေမိလေသည်။
"ကောင်းပြီလေ... ဒီတစ်ချက်မှာ အပေါက်ထဲဝင်သွားရင်တော့ ကျွန်တော် ဖုန်းကိုင်ပါ့မယ်..."
ပြောပြီးတာနဲ့ သူ ဘိလိယက်ထိုးလိုက်ရာ နံပါတ်ငါးက အပေါက်ထဲသို့ ဝင်သွားတော့၏။ သူ ဘိလိယက်ခုံကို နားမလည်နိုင်စွာကြည့်လိုက်ရင်းဖြင့် ဖုန်းကိုကိုင်လိုက်ကာ
"ဟယ်လို..."
"အိုက်မော်... ကြင်ယာတော်ဘယ်မှာလဲ... ခညောင်းရှင်က ကြင်ယာတော့်ကို ဘယ်ခေါ်သွားတာလဲ..."
"ကျွန်တော် ဘယ်သိမလဲ အစ်ကိုတော်ရယ်..."
"မင်း အပိုတွေပြောမနေနဲ့ အိုက်မော်... မင်းတို့နှစ်ယောက် အတူပေါင်းလုပ်ထားကြတယ်ဆိုတာကို ငါသိတယ်..."
"ဟောဗျာ... ကျွန်တော်နဲ့သူက အပြင်မှာ ခဏခဏတွေ့ရတယ်ဆိုပေမယ့် သူဘယ်မှာနေတယ်ဆိုတာ ကျွန်တော်တကယ်မသိဘူး..."
"တောက်... ကြင်ယာတော်နဲ့ရင်သွေးလေးတို့သာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါ မင်းတို့နှစ်ယောက်လုံးကို ခွင့်လွှတ်မှာမဟုတ်ဘူး..."
"ဟင်... ရင်သွေးလေး ဟုတ်လား အစ်ကိုတော်..."
"ဟုတ်တယ်..."
"ကြင်ယာတော့်မှာ အစ်ကိုတော့်ရင်သွေးလေးကို လွယ်ထားရပြီပေါ့ ဟုတ်လား အစ်ကိုတော်..."
"ဟုတ်တယ်... ချာတိတ်မှာ ကိုယ်ဝန်နှစ်လရှိနေပြီ..."
သွေးသားဆိုတဲ့အသိက နာကြည်းမှုအားလုံးကို ပြေပျောက်စေကာ မေတ္တာတွေအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ အဲ့ဒီ့ပြောင်းလဲမှုတွေနဲ့အတူ သူ အစ်ကိုတော်စီးလာတဲ့ကားကို သတိရသွားကာ
"ဟင်... အစ်ကိုတော် ကားကိုရပ်လိုက်ပါ..."
"ဘာဖြစ်လို့လဲ..."
"အဲ့ဒီ့ကားက စက်ချို့ယွင်းနေတာ... မြန်မြန်ရပ်လိုက်ပါ အစ်ကိုတော်..."
"ဟင်... ရပ်လို့မရတော့ဘူး..."
"ဟာ..."
"ဟင်..."
"ကျွီ.. ဒိန်း..."
"ဟာ သွားပြီ... အစ်ကိုတော်... အစ်ကိုတော်..."
အစ်ကိုတော့်ဆီက ဘာပြန်ထူးသံမှမကြာရတော့သလို အစ်ကိုတော့်ဖုန်းလည်း ကျသွားပြီဖြစ်သည်။ သူ့စိတ်ထဲမှာလည်း စိုးရိမ်မှုက အတိုင်းထက်အလွန်ဖြစ်နေတော့၏။ အပြင်ကိုအမြန်ပြေးထွက်ကာ ကားပေါ်တက်လိုက်ပြီး ကားမောင်းလိုက်လေသည်။ ကားမောင်းရင်းနဲ့ ခညောင်းရှင်ကိုလည်း ဖုန်းခေါ်လိုက်၏။
"တီ... တီ... တီ..."
"ဟယ်လို... ကိုစိုင်းအိုက်မော်..."
ခညောင်းရှင်ရဲ့ ဝါးတားတားအသံကြောင့် သူ ကြင်ယာတော့်အတွက်လည်း စိတ်ပူသွားမိတော့၏။
"ခညောင်းရှင်... အစ်ကိုတော် ဘာဖြစ်သွားပြီလဲမသိဘူး..."
"ဘာတွေလာပြောနေတာလဲဗျာ..."
"အစ်ကိုတော် ကားမှောက်တာထင်တယ်... မင်း ကြင်ယာတော့်ကို ဘာမှမလုပ်ပါနဲ့ ခညောင်းရှင်... ငါ တောင်းပန်ပါတယ်ကွာ... ငါတို့ကြောင့် အစ်ကိုတော်တို့မိသားစုလေး ပျက်စီးသွားလို့မဖြစ်ဘူး... မင်း ဘာမှမလုပ်ပါနဲ့ကွာ..."
"ဝှူး... ကိုးမှာ သူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီဆိုကတည်းက ကျွန်တော် ကိုးကို လက်ဖျားနဲ့တောင်မှ မထိတော့ပါဘူးဗျာ... ကျွန်တော့်ဒဏ်ရာကျွန်တော် အရက်နဲ့ကုနေတာပါ အခု ကိုးက အခန်းထဲမှာ..."
"မင်း ဆက်ပြီးလည်းမသောက်ပါနဲ့တော့... ကြင်ယာတော့်ကိုခေါ်ပြီး အပြင်ကိုထွက်လာခဲ့ပေးပါ... ငါ အစ်ကိုတော့်ကိုတွေ့တာနဲ့ မင်းကို ဖုန်းဆက်လိုက်မယ်..."
"ဟုတ်ပါပြီဗျာ..."
သူ့စကားမဆုံးသေးခင်မှာပဲ ကိုစိုင်းအိုက်မော်က ဖုန်းချသွားတော့လေသည်။ ဝှူး အသည်းကွဲတာတောင်မှ လွတ်လွတ်လပ်လပ်အသည်းမကွဲရတဲဘဝပါလားနော်... အရင်ဘဝက ဘယ်သူတွေကိုများ နာကျင်အောင် အသည်းခွဲခဲ့မိလို့ပါလိမ့်...။
#######
"သတိရပါတော့ ဦးရယ်... ကိုးနဲ့ဦးတို့ရဲ့ရင်သွေးလေးကို ဦးစောင့်ရှောက်ရဦးမယ်လေ... ဦး တစ်ခုခုဖြစ်သွားလို့မဖြစ်ဘူးနော် ဦး... ဦးသာ မရှိရင် ကိုးနဲ့ရင်သွေးလေးလည်း ဒီကမ္ဘာမှာ အသက်ရှင်ပြီး နေနိုင်မှာမဟုတ်ဘူး..."
အရေးပေါ်အခန်းသို့အမြန်သွားနေသော လူနာတင်တွန်းလှည်းပေါ်မှာ ဦးရဲ့ခန္ဓာကိုယ်လေးက ငြိမ်သက်ကာ ပါးစပ်ထဲကနေလည်း သွေးတွေက အဆက်မပြတ်ထွက်နေလေသည်။
"အို ချွေးမတော်ရယ်... ဘယ်လို စကားတွေပြောနေတာလဲကွယ်..."
ကိုး ဦးရဲ့အမေပြောတဲ့စကားတွေကိုလည်း နားထဲကိုမဝင်တော့ပေ။ ဦးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ဦးရဲ့လက်ဝါးလေးကို ဆုပ်ကိုင်ထားပြီး တဖွဖွနမ်းနေမိတော့၏။
"ဦးပြောတော့ ကိုးတို့မခွဲကြဘူးဆို... ကိုးကို မထားခဲ့ဘူးဆို ဦးရဲ့... ဟင့်အင်း ဦးကို ကိုး သွားခွင့်မပြုဘူးနော် ဦး ဘယ်မှမသွားရဘူး..."
"အရေးပေါ်ခန်းထဲကို ဝင်လို့မရပါဘူးရှင့်... ကျေးဇူးပြုပြီး အပြင်မှာ နေခဲ့ပေးပါ..."
"ဟင့်အင်း... ဦးအနားမှာပဲနေမယ်..."
"သမီး... သမီးလေး..."
"ကလေးရယ် စိတ်ထိန်းဦးလေကွယ်... ဦးစဝ်ဘုန်းရိပ်ခေါင် ဘာမှမဖြစ်လောက်ပါဘူး..."
မေမေနဲ့မမတို့ ကိုးကို ဆွဲထားကြလို့သာ ကိုး အရေးပေါ်အခန်းအပြင်မှာ ကျန်ခဲ့တာဖြစ်သည်။
"ထိုင်ပါဦး သမီးလေးရယ်..."
သွေးတွေအပြည့်နဲ့ဦးရဲ့မျက်နှာက ကိုးရဲ့မျက်လုံးထဲကနေ မထွက်တော့ပေ။
"အိုက်မော်... တော်တော်ကိုမိုက်တဲ့ကလေးပဲ..."
ဦးရဲ့ဦးရီးတော်ဦးစိုင်းမောက်ရဲ့အသံက ကိုးရဲ့ရင်ကို ပိုပြီး နာကျင်စေတော့သည်။
"တော်သေးတာပေါ့ကွယ်... သမီးမဏိရတနာသာ သားတော်ရဲ့ကားကို မမြင်ခဲ့ရင် တွေးဝ့ံစရာမရှိဘူး..."
မဏိက ဒေါ်နန်းဆက်ဧကရီရဲ့လက်ကို အားပေးဆုပ်ကိုင်လိုက်ကာ
"အခုလည်း ဘာမှမဖြစ်လောက်ပါဘူး အဒေါ်ရယ်... ခေါင်းကိုထိသွားတယ်ဆိုပေမယ့် အရမ်းကြီးစိတ်မပူပါနဲ့နော်..."
"တကယ်တော့ ကျွန်မရဲ့အပြစ်တွေလည်းမကင်းပါဘူးရှင်..."
"အစ်မတော်ဖုရားကြောင့်မဟုတ်ပါဘူး အစ်မတော်ရယ်... မာလာတို့ရဲ့စကားတွေက တူတော့်အပေါ် ဖိအားတွေပေးခဲ့သလိုလည်း ဖြစ်ခဲ့တာကြောင့်ပါ..."
ဒေါ်နန်းခမ်းမာလာက ဝင်ပြောလိုက်တော့ ဒေါ်နန်းဆက်ဧကရီက ခေါင်းကိုသာ တွင်တွင်ခါရမ်းနေလေတော့သည်။
"အရင်ကတည်းကသာ အိုက်မော်ကို မချုပ်ချယ်ခဲ့ရင် အခုလိုပြဿနာတွေဖြစ်လာမှာမဟုတ်ဘူး... သူချစ်တဲ့သူကိုသာ ယူခွင့်ပြုခဲ့မယ်ဆိုရင် တူတော့်အပေါ်မှာ သူ့နာကြည်းချက်တွေရှိလာမှာမဟုတ်ဘူး..."
မဏိ သူတို့တွေကြားကဖြစ်ခဲ့တဲ့ ပြဿနာတွေကို သူတို့စကားတွေကြားကာ နားလည်သွားပြီဖြစ်သည်။
"အခုလည်း ဘီလူးသာ လာပြီးမပြောခဲ့ရင် ဘာကိုမှသေချာမသိဘဲ ချွေးမတော်ကိုသာ အပြစ်တင်နေခဲ့မိမှာ... အခုတော့ ကိုယ့်အမျိုးကြောင့်ပဲ သားတော်ဒုက္ခရောက်ရတာ..."
"အခုမှတော့ အဲ့လိုမတွေးပါနဲ့တော့ နန်းဆက်ရယ်... မောင်စဝ်ဘုန်းရိပ်ခေါင် ဘာမှမဖြစ်လောက်ပါဘူး... စိုင်းအိုက်မော်ကလည်း အချိန်မှီပြောလိုက်နိုင်ခဲ့တယ်ဆိုတော့ အများကြီးမဖြစ်လောက်ပါဘူး နန်းဆက်ရယ်..."
မေမေက ဒေါ်နန်းဆက်ဧကရီရဲ့လက်ကို ဆုပ်ကိုင်ကာပြောလိုက်တော့ ဒေါ်နန်းဆက်ဧကရီက မျက်ရည်တွေကျလာခဲ့ကာ
"နန်းဆက်က သားတော်ကို ငယ်ငယ်ကတည်းက ပွန်းရာခြစ်ရာမထင်ခဲ့အောင်ကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့တာပါ ထက်ရယ်... အခုတော့ သူ့ရဲ့ညီတော်ကြောင့် ဆေးရုံဆိုတဲ့နေရာကို ရောက်ခဲ့ရပြီ... နောက်ပြီးတော့ အရေးပေါ်ခန်းမှာတဲ့လေ..."
ပိုးပုဝါနုနုကို သွယ်လျနေတဲ့ လက်ချောင်းလေးတွေနဲ့ အသာကိုင်ကာ မျက်ရည်တွေသုတ်နေတဲ့ သူမရဲ့ပုံစံကိုကြည့်ကာ ဒေါ်အိန္ဒြာထက်လည်း စိတ်မကောင်းကြီးစွာဖြစ်နေမိလေသည်။ အရူးတစ်ပိုင်းဖြစ်နေတဲ့ သမီးဖြစ်သူကိုကြည့်လိုက်တော့လည်း အရေးပေါ်အခန်းရဲ့ရှေ့ကနေ အထဲကိုလှမ်းကြည့်နေလေသည်။
"ဟင် ဦး..."
အရေးပေါ်တံခါးပွင့်လာကာ အထဲကနေထွက်လာတဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်အနားသို့ ကိုးက ကပ်သွားကာ သူ့လက်ကိုဆွဲလိုက်ပြီး နောက်ကနေလိုက်သွားတော့သည်။
"ဦး... ဦး..."
မဏိတို့လည်း နောက်ကနေ အမြန်လိုက်ရတော့သည်။ မဏိ ကိုးအတွက် စိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲဖြစ်သည်။ ညီမဖြစ်သူက ဦးစဝ်ဘုန်းရိပ်ခေါင်အပေါ်မှာ ချစ်မိသွားတဲ့အတွက်တော့ ဝမ်းသာရပါတယ်။
"စိုးရိမ်စရာမလိုတော့ပါဘူး... ခေါင်းကိုထိသွားတယ်ဆိုပေမယ့် သွေးထွက်များသွားတာကြောင့်ပါ... အားလုံးလည်း အရမ်းစိတ်မပူပါနဲ့တော့နော်... ဒီက သမီးလေးလည်း ဗိုက်ထဲမှာရင်သွေးလေးရှိနေတော့ အရမ်းမငိုရဘူးလေနော်..."
ဒေါက်တာက ကိုးရဲ့မျက်နှာကိုကြည့်ကာ နှစ်သိမ့်ပြီးပြောလာသဖြင့် ကိုး မျက်ရည်တွေကိုသုတ်လိုက်ကာ
"ဦး ဘာမှမဖြစ်တာ သေချာပါတယ်နော် ဒေါက်တာ..."
"သေချာပါတယ် သမီးရယ်..."
ကိုး ဦးရဲ့လက်ဝါးကိုဆုပ်ကိုင်လိုက်ကာ
"ဦး ဘာမှမဖြစ်တော့ဘူးဆိုရင် မြန်မြန်ထတော့နော် ဦး..."
ဦးရဲ့လက်ချောင်းလေးတွေက လှုပ်လာကြတယ်လို့ ကိုး ထင်လိုက်မိ၏။
"သွေးခုန်နှုန်းလည်းပုံမှန်ပါပဲ... အခုအားလုံးပုံမှန်ဖြစ်သွားပြီဆိုတော့ စိတ်မပူပါနဲ့တော့ ဒေါ်နန်းဆက်ဧကရီ..."
"ကျေးဇူးပါ ဒေါက်တာရယ်..."
"ကျွန်တော်တို့လည်း မတွေ့တာကြာပြီ... စော်ဘွားကြီးဦးစဝ်ဆိုင်းပီရော ကျန်းမာရဲ့လား..."
"ခမည်းတော် ကျန်းမာပါတယ်... အခုလည်း သားတော်သတင်းကိုကြားပြီး ဟော်နန်းကနေ လာနေတာပါ..."
"ဪ... ဟုတ်ကဲ့ပါ..."
"ဟင်... ဦး... ဦး သတိရလာပြီ..."
"ချာတိတ်..."
"ဦးရယ်..."
"ချာတိတ် အရမ်းလန့်သွားတာလား... ကိုယ် တောင်းပန်ပါတယ်နော်..."
ကိုး မျက်ရည်တွေကြားထဲကနေ ခေါင်းရမ်းပြလိုက်တော့ ဦးက ကိုးရဲ့ခေါင်းကိုအသာလေးပုတ်လာ၏။ ကိုးတို့နှစ်ယောက်လုံးရဲ့မျက်နှာမှာ အပြံုးတွေဝေသွားကြသလို အခန်းထဲမှာရှိနေတဲ့ လူတွေအားလုံးရဲ့မျက်နှာလည်း အပြံုးတွေနဲ့ ပြည့်နှက်နေလေတော့သည်။
#######
"ပန်းကြာဝတ်မှုန်... မမလက်ဆောင်ပေးလိုက်တဲ့ ဒီစာအုပ်က ငါ့အတွက် အတော်လေးကို အထောက်အကူဖြစ်တာပဲ... ဪ စော်ဘွားတွေက ပဒေသရာဇ်ခေတ်မှာ အာဏာရှိခဲ့ကြတဲ့လူတွေပေါ့..."
ကိုး ဆရာမခင်ခင်ထူးရဲ့ "ပန်းကြာဝတ်မှုန်" စာအုပ်လေးကိုကြည့်ရင်းနဲ့ တွေးလိုက်မိလေသည်။
"ကိုယ့်ခင်ပွန်းကို မောင်တော်လို့ ခေါ်တာပဲ... ဒါဆို ငါလည်း ဦးကို မောင်တော်လို့ ခေါ်ရမှာပေါ့... ဘယ်သူမှမရှိတုန်း စမ်းခေါ်ကြည့်ရမယ် မောင်တော်..."
တစ်ယောက်ထဲခေါ်ကြည့်ကာ ကိုး သဘောတကျ ကြိတ်ပြီး ပြံုးလိုက်မိ၏။
"ခစ်ခစ်... ဦးရဲ့မေမေ့ကို မယ်တော်လို့ခေါ်ရမယ်... ဖေဖေ့ကိုတော့ ခမည်းတော်ပေါ့... အင်း အခုကတည်းက လေ့ကျင့်ထားရမယ်..."
ကိုး ဗိုက်ကလေးကိုပွတ်လိုက်ကာ
"သားသားနဲ့မီးမီးတို့ကြီးလာရင်လည်း ဦးကို ခမည်းတော်လို့ခေါ်ပြီး မေမေ့ကို မယ်တော်လို့ ခေါ်ရမယ်နော်... အို... ကြည့် မယ်တော့်ကို အထဲကနေ ကန်နေကြတာပေါ့ ဟုတ်လား..."
ကိုး ဗိုက်ကလေးကို စမ်းရင်းနဲ့ သဘောကျစွာပြံုးလိုက်လေသည်။ ဘာလိုလိုနဲ့ ကိုး ကိုယ်ဝန်လွယ်ထားတာ ကိုးလထဲတောင်ဝင်နေပြီဖြစ်သည်။ ငါးလလောက်တုန်းက ဒေါက်တာ့ဆီသွားစစ်တုန်းက အမြွာပူးလေးဆိုလို့ ကိုးတို့တွေအရမ်းပျော်ခဲ့ရသည်။ ဦးနဲ့ကိုးတို့ရဲ့ဆန္ဒတွေ ပြည့်ခဲ့ပြီ။
"ဘာစာတွေဖတ်နေတာလဲ ချာတိတ်ရဲ့..."
"မောင်တော်... ဒီစာအုပ်လေးထဲမှာ မောင်တော်တို့ စော်ဘွားမျိုးနွယ်တွေရဲ့ အခေါ်အဝေါ်တွေပါတယ်ဆိုပြီး မမက ကိုးကိုဝယ်ပေးတာနဲ့ ဖတ်နေတာ မောင်တော်ရဲ့..."
"ဟင် ချာတိတ် ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်..."
ဦးရဲ့ အ့ံသြဝမ်းသာတဲ့အပြံုးကြောင့် ကိုးလည်း သဘောကျစွာပြံုးလိုက်ကာ
"နှမတော်က မောင်တော့်ကို မောင်တော်လို့ခေါ်လိုက်တာလေ..."
ဦးက အပြံုးတွေနဲ့အတူ ကိုးရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး ကိုးရဲ့ပခုံးကိုဖက်လိုက်ကာ
"အရမ်းချစ်တယ် နှမတော်ရယ်..."
"နှမတော်လည်း အတူတူပါပဲ မောင်တော်ရယ်... အို..."
"ဟင် ဘာဖြစ်လို့လဲ နှမတော်..."
"ဗိုက်ထဲက ကလေးလေးတွေက ကန်နေကြတယ် မောင်တော်ရယ်..."
"အို ဟုတ်လား..."
"အင်း... ပြီးတော့ ဗိုက်ထဲကလည်း နာတယ် မောင်တော်..."
"ဟင်... နှမတော် မွေးချင်လို့များလား..."
"အား... ဟုတ်မယ်ထင်တယ် ဦး... ကိုး... ကိုး အရမ်းနာတာပဲ... ဦး..."
"အင်း ပြောပါ ချာတိတ်..."
"ဘာအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ကိုးရဲ့ဗိုက်ထဲက သားလေးကိုရော သမီးလေးကိုရော ဦး မစွန့်လွှတ်ရဘူးနော်... ကိုး သေရင်သေသွားပါစေ ကိုးရဲ့ကလေးနှစ်ယောက်လုံး အသက်ရှင်ရမယ်နော်... ဦး..."
"ချာတိတ်ရယ်... ဘာလို့ အဲ့လိုစကားတွေပြောနေရတာလဲ... ချာတိတ်ရော ကိုယ်တို့သားသမီးတွေရော ဘာမှမဖြစ်စေရပါဘူး... ကိုယ့်အတွက်တော့ ချာတိတ်က အဓိကပါ ချာတိတ်ရယ်..."
"ဟင့်အင်း ကိုးကို ကတိပေးပါ ဦးရယ်... တကယ်လို့ တစ်ယောက်ယောက်ရဲ့အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင် အဲ့ဒီ့လူက ကိုးပဲဖြစ်ပါရစေနော်..."
"ဟင့်အင်း..."
သူ ချာတိတ်ရဲ့ခေါင်းလေးကို သူ့ရင်ခွင်မှာ ထည့်ထားရင်းကနေ မျက်ရည်တွေဝဲလာမိတော့သည်။ ဟင့်အင်း ကိုယ်တို့ကြောင့် လူဖြစ်လာမယ့် ကလေးတွေထက် ချာတိတ်ကိုပဲ ကိုယ် ပိုပြီးလိုအပ်တယ်။
"ဦး ကိုးကို ကတိပေးပါ..."
ချာတိတ်က သူ့လက်ကို အတင်းဆုပ်ကိုင်ကာပြောလာပေမယ့်လည်း သူ ငြိမ်သက်နေမိလေသည်။
"ကိုးသိတယ်... ဦးက ကိုးကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးဆိုတာကို ကိုးသိပါတယ် ဦးရယ်... ဒါပေမယ့် ဒီတစ်ခါလည်း ကိုးကိုအလိုလိုက်ပြီး ကိုးပြောသလိုလုပ်ပေးပါနော်... ဦး... ကိုးပြောနေတယ်လေ..."
"အင်းပါ ကိုယ် နားလည်ပါပြီ ချာတိတ်ရယ်..."
"အား... ကျွတ်... ကျွတ်... သားသားနဲ့မီးမီးက အပြင်ကိုထွက်ချင်ကြပြီထင်တယ် ဦးရယ်... အား..."
"မယ်တော်... မယ်တော်ရေ..."
"သားတော် ဘာဖြစ်လို့လဲ..."
"ချာတိတ်... ချာတိတ် ဗိုက်နာလာလို့တဲ့... မွေးချင်နေပြီထင်တယ် မယ်တော်..."
"ဟင် ဟုတ်လား..."
မယ်တော်ကလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားတော့၏။
"အား... ကျွတ်... ကျွတ်..."
"ကိုစိုင်းရေ ကိုစိုင်း... မာလာ... စိုင်းမောက် တို့ရေ လာကြပါဦး... ခွန်ဖရေ..."
မယ်တော်က ခမည်းတော်ကိုရော ဒွေးတော် ဦးရီးတော်တို့ကိုရော အကုန်ခေါ်လိုက်တော့၏။
"နန်းဆက် ဘာဖြစ်လို့လဲ..."
"အစ်မတော် လာဖြစ်လို့ပါလဲ..."
"ချွေးမတော် ဗိုက်နာနေပြီတဲ့... မာလာ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်... စိုင်းမောက် ကားကို အဆင်သင့်ပြင်ထားလိုက်ပါ..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
အားလုံး ပြာယာခတ်သွားကြတော့၏။ ဘုန်းရိပ်စိတ်ထဲမှာလည်း ဟော်နန်းက ပုရောဟိတ်ကြီးရဲ့စကားတွေကို ပြန်ပြီးကြားယောင်လာကာ စိုးရိမ်လာမိတော့သည်။ လူတစ်ယောက်အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတော့ စွန့်လွှတ်ရမယ်တဲ့... ဟင့်အင်း ဘာတွေဖြစ်လာဖြစ်လာ သူ ချာတိတ်ကိုတော့ လုံးဝမစွန့်လွှတ်နိုင်ဘူး။
"သားတော် ဘာတွေစဉ်းစားနေတာလဲ... ချွေးမတော်ကို တွဲခေါ်ပြီး ကားပေါ်တင်ရအောင်လေကွယ်...."
"ဗျာ ဟုတ်ကဲ့ မယ်တော်... ချာတိတ် လာ ကိုယ့်ပခုံးကိုဖက်ပြီး အားယူထလိုက်နော်..."
"ဟုတ်ကဲ့ ဦး... အား နာလိုက်တာ ဦးရယ်..."
"ကျွတ်... ကျွတ်... ကျွတ်... ဥံုဖွ ဥံုဖွ တောင့်ထားနော် ချာတိတ်..."
ကလေးတစ်ယောက်ကိုချော့မော့နေသလိုမျိုး ပြောနေတဲ့ သားတော်ကိုကြည့်ကာ သူမ ပြံုးလိုက်မိလေသည်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေမို့လို့ ကြည်နူးမိတာလည်း အမှန်ပဲဖြစ်သည်။
ချာတိတ်ကိုတွဲကာ ဖြည်းဖြည်းချင်းလျှောက်လာရင်းကနေ ကားအနားသို့ရောက်လာလေသည်။ အာရာဖတ်အမျိုးအစား ဦးရီးတော်စိုင်းမောက်ရဲ့ကားပေါ်သို့ ချာတိတ်ကို ဖြည်းဖြည်းချင်းတင်ပေးလိုက်ပြီးမှ သူလည်း တက်လိုက်ပြီး ချာတိတ်ရဲ့ဘေးမှာ ထိုင်လိုက်၏။
"သားတော်... ခမည်းတော်နဲ့မယ်တော်တို့က ခမည်းတော်ကားနဲ့ပဲ လိုက်ခဲ့လိုက်မယ်နော်..."
"ဟုတ်ကဲ့ပါ ခမည်းတော်..."
သူတို့ကားကတစ်စီး ခမည်းတော်နဲ့မယ်တော်တို့က ကားတစ်စီးဖြင့် ဆေးရုံသို့ထွက်လာကြလေသည်။ သူ ချာတိတ်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းကနေ ရင်ထဲမှာ စိုးထိတ်နေမိလေသည်။ ဘုရား... ဘုရား... ဟော်နန်းက နန်းတွင်းသုံး ပုရောဟိတ်ကြီးရဲ့စကားတွေမမှန်ပါစေနဲ့...။
#######
"ကိုး ကလေးမမွေးနိုင်ဘူးဆို ဟုတ်လား စိမ်း..."
"ဟုတ်ပါတယ် ကင်း..."
"ကိုယ် ကိုးကိုလာတွေ့ချင်လိုက်တာဗျာ..."
"မလာပါနဲ့ ကင်းရယ်... ဦးစဝ်ဘုန်းရိပ်ခေါင်က ကင်းကိုသာတွေ့ရင် သူ့ဒေါသကိုထိန်းမှာမဟုတ်ဘူး..."
စိမ်းနဲ့ဖုန်းပြောနေရင်းကနေ သူ့စိတိထဲမှာ ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကို ပြန်သတိရမိသွားတော့သည်။ အဲ့ဒီ့နေ့က မေမေနေမကောင်းလို့ ဆေးရုံသွားပြတဲ့အချိန်မှာ တွေ့ခဲ့တာဖြစ်သည်။ တွေ့တွေ့ချင်း ဦးစဝ်ဘုန်းရိပ်ခေါင်က သူ့ကို လက်သီးသုံးချက်ဖြင့် မိတ်ဆက်ခဲ့တာဖြစ်သည်။ "နောက်တစ်ခါ ချာတိတ်ရဲ့ဘေးမှာ မင်းရဲ့အရိပ်ကိုတောင် ငါမမြင်ချင်ဘူး ခညောင်းရှင်..." ဆိုတဲ့စကားက သူနဲ့ကိုးကို ကမ္ဘာခြားသွားသလိုဖြစ်စေခဲ့တာ အခုချိန်ထိပဲဖြစ်သည်။ အဲ့ဒီ့နေ့က ကိုးကို သူဆက်ဆံခဲ့တဲ့အပြုအမူအပေါ် ဦးစဝ်ဘုန်းရိပ်ခေါင်က သူ့ကို သေလောက်အောင်မုန်းခဲ့မယ်ဆိုတာကို သူသိပါတယ်။ အဲ့ဒါကိုတောင်မှ သူက အမှတ်မရှိဘဲ ကိုးကိုတွေ့ချင်နေခဲ့သေးလေသည်။
"ကိုယ် ကိုးအတွက် စိုးရိမ်လိုက်တာ စိမ်းရယ်..."
"အဆင်ပြေသွားမှာပါ ကင်းရယ်... အခု ဦးစဝ်ဘုန်းရိပ်ခေါင်လည်း ကိုးအတွက် ဆုတွေတောင်းပေးနေတယ်... ပြီးတော့ ဟော်နန်းဆိုလားပဲ အဲ့ဒီ့က ပုရောဟိတ်ကြီးလည်း ရောက်နေတယ် ကင်းရဲ့... သူတို့က အစကတည်းက ကိုးကို အမြွာပူးမွေးနိုင်မှာမဟုတ်ဘူးဆိုတာကို ကြိုသိထားခဲ့တာလေ... အဲ့ဒါကြောင့် ကလေးနှစ်ယောက်လုံးသာ အသက်ရှင်မယ်ဆိုရင် ကိုးက အသက်ရှင်နိုင်မှာမဟုတ်ဘူးတဲ့..."
"ဟင်..."
စိမ်းရဲ့စကားကြောင့် သူ့ရင်ထဲမှာ ထိတ်လန့်သွားမိတော့သည်။ ဟင့်အင်း ကိုး တစ်ခုခုဖြစ်သွားလို့မရဘူး။
"ကိုးအတွက် စိုးရိမ်နေရတဲ့အချိန်မှာ ဟိုလူက ဘယ်ရောက်နေတာလဲ စိမ်း..."
"သူ အခု ကိုးအနားမှာရှိနေပါတယ် ကင်း..."
"ကိုးအတွက် စိုးရိမ်လိုက်တာ စိမ်းရယ်... ကျွန်တော့်ရင်တွေပူနေပြီ... ဘာလုပ်လို့လုပ်ရမှန်းမသိဘူးဖြစ်နေတယ်..."
"စိတ်ငြိမ်ငြိမ်ထားလိုက်ပါ ကင်းရဲ့... ကိုး အဆင်ပြေသွားမှာပါ..."
"ဖြစ်နိုင်ရင် ကျွန်တော် ကိုးရဲ့ဘေးမှာနေပြီး ကိုးကို အားပေးစကားတွေပြောချင်လိုက်တာ... ကျွန်တော် မှားခဲ့တာတွေအတွက်လည်း ပြန်ပြီး တောင်းပန်ချင်လိုက်တာ..."
"အခုတော့ ကင်း ဆေးရုံကိုလာရင် ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့အရင်တွေ့ပြီး... ပြဿနာတွေအရင်တက်မှာ... မလာပါနဲ့ ကင်းရယ်... အကြောင်းထူးရှိတာနဲ့ စိမ်း ဖုန်းဆက်လိုက်ပါမယ်နော်..."
"အင်း... ကျေးဇူးတင်ပါတယ် စိမ်း..."
"ရပါတယ် ကင်းရယ်... ဒါဆို စိမ်း ဖုန်းချလိုက်တော့မယ်နော်... ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ ဖိုးဖိုးဖွားဖွားတွေရောက်လာကြပြီ... တစ်ခြားအမျိုးတွေရောပဲ..."
"အင်း... ဒါဆို ဖုန်းချလိုက်တော့လေ စိမ်း..."
"အင်း..."
စိမ်းဘက်က ဖုန်းချပြီးတာတောင်မှ သူ့ရင်ထဲမှာ မအေးနိုင်သေးပေ။ ဘုရား... ဘုရား... ကိုး ဘာမှမဖြစ်ပါစေနဲ့... အန္တရာယ်ကင်းပါစေ အရှင်ဘုရား...။ သူ့ဘဝမှာ ဘုရားမတစဖူး ကိုးအတွက် ဘုရားတလိုက်မိလေတော့သည်။ အခုချိန်မှာ သူ ကိုးအတွက် အရမ်းစိတ်ပူနေတာပဲသိတော့သည်။
#######
ဆက်ရန် - အခန်း(၃၄)
Eain Mat Kyal
ESTÁS LEYENDO
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...