အခန်း(၃၂)

152 1 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၃၂)

"ဘာကိစ္စလဲ အိုက်မော်..."
အိုက်မော်က မထိုင်သေးဘဲ စားပွဲပေါ်က နှင်းဆီပန်းအိုးလေးကို ဆွဲယူလိုက်ပြီး နှင်းဆီပန်းတစ်ပွင့်ကို သူ့ဘက်လှည့်လိုက်ပြီးတော့မှ ခုံမှာဝင်ထိုင်လိုက်ကာ
"ကျွန်တော် အစ်ကိုတော်နဲ့ စကားနည်းနည်းပြောချင်လို့ပါ..."
"ဘာလဲ ပြော..."
သူ့လေသံကြောင့် အိုက်မော်က ပြံုးလိုက်ပြီး သူ့မျက်နှာကိုကြည့်လာလေသည်။
"ခညောင်းရှင်က ကြင်ယာတော့်အပေါ်ကို အခုချိန်ထိ မေတ္တာက မပြတ်သေးဘူးနော် အစ်ကိုတော်..."
"မင်း ဘာပြောချင်တာလဲ အိုက်မော်..."
"ဪ မဟုတ်ပါဘူး... ကျောင်းက ဆရာကန်တော့ပွဲမှာ သူတို့နှစ်ယောက် စကားပြောနေကြတာကို တွေ့ခဲ့လို့ပါ..."
"ဟင်... မင်းက အဲ့ဒီ့ကျောင်းကို ဘာသွားလုပ်တာလဲ..."
"ဒီအတိုင်းသွားတာပါ... ဒီနေ့ ကြင်ယာတော် အရမ်းလှတာပဲလို့ ခညောင်းရှင်ပြောတယ်... အစ်ကိုတော့်ကို ဓာတ်ပုံပို့ပေးရမလား..."
"ဘာ မင်း..."
အိုက်မော် နာရီကိုတစ်ချက်ကြည့်လိုက်ပြီးတော့မှ ပြံုးလိုက်ကာ
"စိတ်ထိန်းပါ အစ်ကိုတော်ရာ... ကျွန်တော် အခု အစ်ကိုတော့်မေးလ်ကိုပို့လိုက်ပါ့မယ်..."
ပြောလည်းပြော ဖုန်းကိုကိုင်နေတဲ့ အိုက်မော်ကို ဘုန်းရိပ် တော်တော်လေး စိတ်တိုနေမိတော့သည်။
"ဒါပေမယ့် ကျွန်တော် တစ်ခုပြောချင်တာက ဒီဓာတ်ပုံတွေက ကျွန်တော်ရိုက်ထားတာမဟုတ်ဘူး... နောက်ပြီးတော့ ကြင်ယာတော်က အစ်ကိုတော့်ကိုသိပ်ချစ်တာပဲနော် အစ်ကိုတော်..."
"ဟင်..."
သူ အိုက်မော်ကို စကားပြန်ပြောမယ့်အချိန်မှာ လက်တော့ပ်ကနေ အသံထွက်လာသဖြင့် သူကြည့်လိုက်တော့ အိုက်မော်ရဲ့မေးလ်ဖြစ်နေ၏။ သူ မေးလ်ထဲဝင်ပြီး အိုက်မော်ပို့ပေးတဲ့ဓာတ်ပုံကို ကြည့်လိုက်လေသည်။
"ဟင်... ချာတိတ်..."
မျက်မှန်မရှိတော့ဘဲ မျက်ကပ်မှန်တပ်ထားကာ ပန်းရောင်ဖျော့ဖျော့ဝမ်းဆက်လေးနဲ့ ချာတိတ်ရဲ့ပုံစံက အရမ်းကိုလှနေသဖြင့် သူ မြတ်နိုးချစ်ခင်စွာ ငေးကြည့်နေမိ၏။
"ဘယ်လိုလဲ အရမ်းလှနေတယ်မို့လား အစ်ကိုတော်... ကြင်ယာတော်က ပြင်ဆင်လိုက်ရင် အခုလောက်ထိလှလာလိမ့်မယ်လို့ ကျွန်တော်တောင်မတွေးမိခဲ့ဘူး... ဒါပေမယ့် အခုအရမ်းလှတာပဲ..."
နောက်တစ်ပုံကိုကြည့်လိုက်တော့ သူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံ... နောက်တစ်ပုံကတော့ ခညောင်းရှင်အပါအဝင် လေးယောက်သားရိုက်ထားတဲ့ပုံ... ခညောင်းရှင်ရဲ့အကြည့်တွေက ချာတိတ်ဆီမှာသာ ရှိနေသဖြင့် သူ စိတ်တိုသွားမိတော့သည်။
"ခညောင်းရှင်ကသာ ကြင်ယာတော့်ကို အခုချိန်ထိ သဘောကျနေတာ... ကြင်ယာတော်ကတော့ ခညောင်းရှင်ကို စိတ်ထဲတောင်ရှိတော့တာမဟုတ်ဘူး... ကြည့်ရတာ ကြင်ယာတော်လည်း အစ်ကိုတော့်ကိုပဲ ချစ်တဲ့ပုံပါပဲ..."
သူ့စိတ်ထဲကနေ အိုက်မော်ကို ဟုတ်တယ်လို့သာ ခပ်မာမာပြောလိုက်တော့သည်။
"ကျွန်တော်လည်း ကြင်ယာတော့်ကို ခညောင်းရှင်နဲ့သဘောမတူပါဘူးဗျာ... အစ်ကိုတော့်ကို နာကျင်စေချင်လို့သာ အခုလိုတွေလုပ်နေရတာ..."
"အိုက်မော်... မင်း ဘာတွေလျှောက်လုပ်ထားသေးတာလဲ..."
"ဟင်... ဘယ်သူလဲ ကျွန်တော်လား..."
ကြောင်တောင်တောင်စကားတွေပြောကာ တစ်ယောက်ထဲပြောနေတဲ့ အိုက်မော်ကိုကြည့်ကာ သူ ထပြီးဆွဲထိုးချင်တဲ့စိတ် ပေါက်လာမိတော့၏။
"အိုက်မော်..."
"ကျွန်တော် ဘာလုပ်ထားလို့လဲ အစ်ကိုတော်ရာ... ဟား... ဟား... ဟား..."
"မင်း အရူးထမနေနဲ့တော့ အိုက်မော်... အခု မယ်တော်က ချာတိတ်ကိုအထင်လွဲနေပြီ... ဒါတွေအားလုံးက မင်းကြောင့်ပဲ... မင်း လိုက်ရှင်းပေး..."
"တွီ..."
ဖုန်းမက်ဆေ့စ်သံကြောင့် အိုက်မော် မက်ဆေ့စ်ကိုဖတ်လိုက်ကာ ပြံုးလိုက်လေသည်။
"အစ်ကိုတော်ကလည်း ဘာတွေလောနေတာလဲ... အားလုံး သူ့အလိုလိုဖြစ်လာမှာပေါ့ဗျာ..."
"ဟင်..."
"ကျွန်တော့်ကိုခွင့်ပြုပါဦး အစ်ကိုတော်...နောက်ဆုံးအနေနဲ့ ကျွန်တော် သတိပေးချင်တာကတော့ ခညောင်းရှင်က ကြင်ယာတော့်ကို သူ့ဘဝထဲကနေ လုယူသွားတဲ့အစ်ကိုတော့်ကို သေလောက်အောင်မုန်းနေတာနော်..."
"ဘာ... အိုက်မော်..."
သူခေါ်တာကို အိုက်မော်က လှည့်တောင်မကြည့်တော့ဘဲ အခန်းထဲကနေ ထွက်သွားတော့သည်။ အိုက်မော်ကိုကြည့်ရတာ ထူးဆန်းနေတယ်... သူ ဘာမဟုတ်တာတွေလျှောက်လုပ်ထားပြန်ပြီလဲ...ချာတိတ်ရဲ့ဓာတ်ပုံတွေကို သူ ဘယ်လိုရတာလဲ... သူကိုယ်တိုင်ရိုက်ထားတာမဟုတ်တာတော့ သေချာသည်။ သူ ဘာတွေလျှောက်လုပ်နေတာလဲ... အခုရော သူ ဘာတွေလုပ်ထားပြန်ပြီလဲ... ဘုန်းရိပ် တွေးနေရင်းနဲ့ ဘာလုပ်ရမှန်းမသိအောင်ကို ခေါင်းရှုပ်သွားလေတော့သည်။
#######
"ကျွတ်... အရေးထဲ ကားဘီးကပေါက်သွားပြီ..."
"ဟင် ဘယ်လိုဖြစ်တာလဲ စိမ်း..."
စိမ်းက ခေါင်းရမ်းလိုက်ကာ
"မသိဘူး မဒီရာ... မနက်ခင်းကမှ အကောင်းကြီးပါဟာ... ဘယ်လိုလုပ်ပြီးပေါက်သွားတာလဲမသိဘူး... လာပါဟာ ငါတို့ အောက်ဆင်းပြီး လမ်းမှာလာတဲ့ကားကိုတားပြီး အကူအညီတောင်းရအောင်..."
"ကိုး လာ ငါတို့အောက်ဆင်းရအောင်..."
"အင်း..."
သုံးယောက်သား စိမ်းရဲ့ကားပေါ်ကနေ ဆင်းလိုက်ကြလေသည်။
"အနီးအနားမှာ လေထိုးတဲ့ဆိုင်တောင်မရှိဘူးဟာ..."
"ဟုတ်ပဟယ်..."
"သွားပြီ..."
ကိုးရဲ့အလန့်တကြားအော်သံကြောင့် သူတို့နှစ်ယောက် ကိုးကို ကြည့်လိုက်ကြလေသည်။
"ကိုး ဘာဖြစ်လို့လဲ..."
"ငါ ကင်းရဲ့ပါတီပွဲကိုသွားမယ်ဆိုတာ ဦးကို မပြောရသေးဘူး... ဦးတော့ စိတ်ပူနေတော့မှာပဲ..."
"အေးပါဟာ... အဲ့တော့ ဖုန်းဆက်လိုက်လေ..."
"အင်း..."
ကိုး အိတ်ကိုဖွင့်လိုက်ပြီး ဖုန်းထုတ်ဖို့ပြင်လိုက်ရာ ဖုန်းလာသံကြောင့် အ့ံသြသွား၏။
"တီ... တီ... တီ..."
စိမ်းနဲ့မဒီတို့ရဲ့အကြည့်တွေက သူမဆီသို့ရောက်လာသဖြင့် သူမရယ်လိုက်ကာ
"ဦးဆီကလာတာ..."
"တော်တော်လေးကို စိတ်ချင်းဆက်ကြတာပဲနော်..."
"ဟုတ်ပ အရမ်းကိုချစ်ကြတာပဲ ငါတော့ အားကျလိုက်တာဟာ..."
နှစ်ယောက်သား မျက်စောင်းထိုးကာပြောလာသဖြင့် ကိုး ရယ်လိုက်ကာ ဖုန်းကိုကိုင်လိုက်လေသည်။
"ဟယ်လို ဦး..."
"ချာတိတ် ခု ဘယ်မှာလဲ..."
"ဟင်... ကိုး လမ်းမှာပါ ဦး..."
ဦးရဲ့စိုးရိမ်နေတဲ့အသံကြောင့် ကိုး အ့ံသြသွားကာ သူငယ်ချင်းတွေကိုကြည့်လိုက်တော့ သူတို့ကလည်း ဘာလဲဆိုသည့်သဘောဖြင့် ကိုးကိုပြန်ကြည့်လာလေသည်။
"အခု အိမ်ကိုပြန်လာနေတာလား ချာတိတ်..."
"ဟို... ဒီနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ပါတီရှိလို့ အဲ့ဒါ ကိုးတို့သူငယ်ချင်းသုံးယောက်သွားကြတာပါ ဦး... အဲ့ဒါပြောဖို့ ကိုး ဦးကို အခုပဲဖုန်းဆက်မလို့ပါ ဦး..."
"သူငယ်ချင်းတစ်ယောက်ဆိုတာ ခညောင်းရှင်လား ချာတိတ်..."
"ဟင်... ဟုတ်... ဟုတ်ပါတယ် ဦး..."
ကိုးက ဟုတ်ပါတယ်လို့လည်း ပြောလိုက်ရော ဦးဘက်က အသံတိတ်သွားလေတော့သည်။
"ချာတိတ်..."
"ဟုတ်ကဲ့ ပြောပါ ဦး..."
"အခု စံအိမ်တော်မှာဖြစ်နေတဲ့ပြဿနာအားလုံးရဲ့ တရားခံက ခညောင်းရှင်နဲ့အိုက်မော်တို့ကြောင့်ပဲ ချာတိတ်..."
"ဟင်..."
"ဟုတ်တယ်... အဲ့ဒါကြောင့် ချာတိတ် ကိုယ့်ကိုချစ်တယ်ဆိုရင် ခညောင်းရှင်ဆီသို့ မသွားပါနဲ့ ချာတိတ်..."
"ကိုး ဦးကိုချစ်ပါတယ်... ဦး မသွားနဲ့ဆိုလည်း ကိုး မသွားတော့ပါဘူး ဦး... အခုလည်း ကင်းဆီသွားတဲ့လမ်းမှာ စိမ်းရဲ့ကားက ကားဘီးပေါက်သွားလို့ ကိုးတို့သုံးယောက်လုံး လမ်းမှာပဲရှိပါသေးတယ်..."
"အင်းပါ... ကိုယ်အခု လာခေါ်မယ်နော် ချာတိတ်..."
"ဟုတ်... ပြီးတော့လေ ကိုး ဦးကို ဝမ်းသာစကားစကားပြောစရာရှိတယ်..."
"ဟုတ်လား... ဘာပြောမလို့လဲ ချာတိတ် ပြောလေ..."
"ကိုး... ကိုးမှာလေ ကိုယ်ဝန်နှစ်လရှိနေပြီတဲ့ ဦး..."
"ဟင်... တကယ်လား ချာတိတ်... ကိုယ် အရမ်းဝမ်းသာတာပဲ ချာတိတ်ရယ်..."
"ဟုတ်တယ် ဦး... ကိုးလည်းအရမ်းပျော် အား... ဝူး..."
"ဟင်... ချာတိတ်... ချာတိတ်..."
ချာတိတ်ရဲ့စကားမဆုံးသေးခင် ချာတိတ်ရဲ့ ဝူးဝူးဝါးဝါးအသံနဲ့အတူ ဖုန်းပါကျသွားသဖြင့် သူ လန့်ဖျပ်သွားကာ ကားသော့ကိုယူပြီး စံအိမ်တော်ထဲကနေ ပြေးထွက်လာလိုက်တော့သည်။
"သားတော်... သားတော် ဘာဖြစ်လို့လဲ..."
"ချာတိတ်... ချာတိတ်..."
"ဟင်... ချွေးမတော် ဘာဖြစ်လို့လဲ သားတော်..."
"တောက်... ခညောင်းရှင်... မယ်တော် ချာတိတ်နောက်ကို ကျွန်တော်လိုက်သွားမှဖြစ်မယ်.. ချာတိတ်ကို ခညောင်းရှင် ဘာလုပ်လိုက်တာလဲမသိဘူး..."
ဒေါ်နန်းဆက်ဧကရီ သားဖြစ်သူရဲ့လက်ကိုဆွဲကိုင်လိုက်ကာ
"နေပါဦး သားတော်ရယ်... မယ်တော်ပြောတာကို နားထောင်ပါဦး..."
သူ မယ်တော့်လက်ကို ခါချလိုက်ကာ
"ချာတိတ်မှာ ကိုယ်ဝန်နှစ်လရှိနေပြီ မယ်တော်ရဲ့..."
"ဟင်..."
ဒေါ်နန်းဆက်ဧကရီ သားတော်ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကိုရော... ချွေးမတော်မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့စကားတွေကြောင့်ရော အ့ံသြကာ ကျောက်ရုပ်တစ်ရုပ်လိုမျိုး နေရာမှာတင် ကျန်ခဲ့လေတော့သည်။
#######
သူ ကိုးရဲ့လက်ဝါးလေးကို ဆုပ်ကိုင်လိုက်ကာ သူ့ပါးမှာအပ်လိုက်ပြီး
"ကိုးရယ်... ကိုယ်လေ ကိုးကို သိပ်ချစ်တယ်သိလား... ကိုးက ကိုယ့်ရဲ့ဘဝဆိုတာကိုရော ကိုးသိရဲ့လား... ကိုယ့်ဘဝမှာ အမက်မောဆုံးအချိန်တွေကတော့ ကိုးနဲ့ချစ်သူတွေဖြစ်ခဲ့တဲ့အချိန်တွေပါပဲ... အခုတော့ ကိုယ့်ဘဝမှာ အရာရာပြည့်စုံသွားပါပြီ... ကိုယ့်ဘဝမှာ ကိုးရှိနေရင်ပဲ အရာရာပြည့်စုံသွားခဲ့တာ ကိုးရဲ့..."
"ဟင်..."
"ကိုး နိုးလာပြီလား..."
ကိုး ကင်းကိုတွေ့လိုက်ရသဖြင့် လန့်သွားကာ အိပ်ရာထဲကနေ အမြန်ထလိုက်ပြီး သူမလက်ကိုကိုင်ထားတဲ့ ကင်းရဲ့လက်ကိုလည်း ရုန်းလိုက်လေသည်။
"ကိုး..."
"ကိုးကို ဘယ်ခေါ်လာတာလဲ... ကိုးကို အိမ်ပြန်ပို့ပေးပါ ကင်း..."
"ဟင်... ကိုး ဘာတွေပြောနေတာလဲ... အခု ကိုယ်တို့တွေနီးစပ်ပြီလေ ကိုးရဲ့..."
"ဘာတွေလာပြောနေတာလဲ ကင်း... ကိုးကို အိမ်ပြန်ပို့ပေးပါ..."
"ကိုး ကိုယ့်ကိုမချစ်တော့ဘူးလားဟင်..."
"ဟင့်အင်း... ကိုးတို့က သူငယ်ချင်းတွေပါ ကင်းရယ်..."
"ဟင့်အင်း... ကိုးက ကိုယ့်ရဲ့ချစ်သူ... အမြဲတမ်း ထာဝရချစ်သူပဲ..."
ကင်းရဲ့ပုံစံက တစ်ခုခုကိုခိုင်ခိုင်မာမာဆုံးဖြတ်ထားသလိုမျိုး ပြတ်သားနေသည့်ပုံဖြစ်သဖြင့် ကိုး ကြောက်သွားမိတာတော့အမှန်ပဲဖြစ်သည်။
"ကိုး တောင်းပန်ပါတယ် ကင်းရယ်... ကိုးက အခု ဦးနဲ့လက်ထပ်ပြီးသွားပြီ... ကိုးက အိမ်ထောင်ရှိပြီးသားမိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ အဲ့ဒါကြောင့် ကိုးကို ပြန်ပို့ပေးပါနော်..."
ခညောင်း ကိုးရဲ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်ကာ
"ဘာလို့လဲ ကိုးရဲ့... ကိုယ်တို့ကချစ်သူတွေလေ..."
"ဟင့်အင်း မဟုတ်ဘူး..."
"ကိုးရယ်... ကိုယ်တို့က အရမ်းချစ်ခဲ့ကြတဲ့သူတွေလေ... ကိုယ့်မှာ ကိုးနဲ့ပြန်ပြီးနီးစပ်ဖို့အတွက် အခုလိုဖြစ်လာအောင် ဘယ်လောက်တောင်မှ ကြိုးစားခဲ့ရတယ်ဆိုတာသိရဲ့လား..."
ကိုးက ခေါင်းတရမ်းရမ်းဖြင့် သူ့လက်တွေကို ရုန်းနေသလို သူလည်း ကိုးရဲ့လက်တွေကို နည်းနည်းမှအလျှော့မပေးဘဲ တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်၏။
"ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီနဲ့တိုင်ပင်ပြီး ကိုးကို ပြန်ပြီးပိုင်ဆိုင်နိုင်အောင် ကိုယ် အမျိုးမျိုးကြိုးစားခဲ့တယ်ဆိုတာ ကိုးကိုချစ်လို့ပါ ကိုးရယ်... ကိုးရော ကိုယ့်ကိုချစ်တယ်မို့လား..."
"ဟင့်အင်း မချစ်ဘူး... ကိုး ကင်းကိုမချစ်ဘူး... ကိုးကိုပြန်ပို့ပေးပါနော် ကိုး ကိုး တောင်းပန်ပါတယ် ကင်းရယ်..."
"မလိမ်ပါနဲ့ ကိုးရယ်... ကိုယ်တို့က သိပ်ချစ်ကြတဲ့သူတွေလေ... တစ်ကျောင်းလုံးကကျောင်းသားတွေအားလုံး ကိုယ်တို့ကို အရမ်းအားကျခဲ့တာ ကိုးလည်း သိပါတယ်..."
"ကိုး တောင်းပန်ပါတယ်... ကိုးကို ပြန်ပို့ပေးပါနော်..."
"ဟင်... ကိုး မျက်ရည်တွေကျနေတယ် ဟုတ်လား ကိုး... ဘာဖြစ်လို့လဲ ကိုး..."
မျက်ရည်တွေကျနေတဲ့ ကိုးရဲ့မျက်နှာကို သူ အ့ံသြတကြီး ကြည့်နေမိလေသည်။ ကိုးရဲ့လက်ကို သူကဆွဲထားတော့ ကိုးက မျက်ရည်တွေကိုမသုတ်ဘဲ ခေါင်းကိုသာငုံ့ထားတော့၏။ သူ ကိုးရဲ့လက်တွေကို လွှတ်ပေးလိုက်ကာ ကိုးရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး
"ကောင်းပြီလေ... ကိုး ကိုယ့်ကိုမချစ်ဘူးဆိုတော့ ကိုး ဟိုလူ့ကိုချစ်သွားတာလား ကိုး..."
ကိုးက သူ့ကိုပြန်မဖြေဘဲ ငိုပဲငိုနေ၏။
"ကိုး... ကိုယ်မေးတာဖြေလေ..."
"ဟုတ်တယ် ကိုး ဦးကိုပဲချစ်တယ် ကင်း..."
"ဟင်... ကိုး လိမ်နေတာ... ကိုး ဘယ်တုန်းကမှ သူ့ကိုမချစ်ခဲ့သလို ဘယ်တော့မှလည်း ချစ်လာမှာမဟုတ်ဘူး..."
သူ ကိုးရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကိုးရဲ့မျက်နှာကို သေချာကြည့်ကာပြောလိုက်တော့ ကိုးက သူ့မျက်နှာကိုမကြည့်ဘဲ ခေါင်းငုံ့ကာငိုနေလေသည်။
"ကိုး... ကိုယ့်ရဲ့မျက်နှာကိုကြည့်ပြီးပြောပါ... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်ကို မချစ်ဘူးမို့လား..."
"ချစ်တယ် ကိုး ဦးကိုအရမ်းချစ်တယ်... ဦးကိုပဲချစ်တယ် ကင်းကို မုန်းတယ်... ကင်းကိုအရမ်းမုန်းတယ်..."
"ဟင်..."
ကိုးရဲ့စကားက သူ့ခေါင်းကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသလိုပင်။ သူ ခေါင်းရမ်းလိုက်ပြီး သူမကို ခုတင်ပေါ်သို့ တွန်းလှဲလိုက်ကာ
"မဟုတ်ဘူး... မချစ်ရဘူး... ကိုး အဲ့ဒီ့လူကိုမချစ်ရဘူး.. ဟင့်အင်း ကိုးကို ကိုယ်ပဲပိုင်တယ်... ကိုးလည်း ကိုယ့်ကိုပဲချစ်ရမယ် ကိုး..."
ကိုးရဲ့ လက်နှစ်ဖက်အပေါ် ဖိလာတဲ့ သူ့ရဲ့လက်တွေကြောင့် ကိုး လန့်သွားကာ ခေါင်းကိုရမ်းလိုက်ပြီး
"ဟင့်အင်း... မလုပ်နဲ့... အဲ့လိုမလုပ်နဲ့ ကင်း..."
ဗိုက်ထဲမှာ ဦးရဲ့ရင်သွေးလေးရှိနေပြီဆိုတဲ့အသိက သူမအတွက် အားအင်တစ်ခုဖြစ်သွားကာ ကင်းကိုဆောင့်တွန်းပြီး သူမလက်ကိုဖိထားတဲ့ သူ့လက်တွေ လွတ်ထွက်သွားတာနဲ့ သူမ ထလိုက်ကာ သူ့ပါးကို ရိုက်လိုက်တော့သည်။
"လူယုတ်မာ..."
"ဟင်..."
ကင်းက သူ့ပါးသူလက်နဲ့ဖိထားရင်းကနေ သူမကို မယုံကြည်သလိုအကြည့်တွေဖြင့် ကြည့်လာလေသည်။
"ကျွန်မ ရှင့်ကိုအရမ်းမုန်းတယ်..."
"ဟင့်အင်း... ကိုး ကိုယ့်ကို မမုန်းရဘူး... ကိုယ့်ကို ချစ်ရမယ် ကိုး..."
"ကျွန်မမှာ ဦးနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပြီ... ရှင် ဒါတောင်မှ ကျွန်မခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်နေသေးတာလား ဟုတ်လား..."
"ဘာ... ကိုယ်ဝန်... ကိုယ်ဝန်ရှိနေပြီ ဟုတ်လား ကိုး..."
သူ သူမမျက်နှာကို မယုံကြည်နိုင်စွာကြည့်ရင်းနဲ့ပြောလိုက်တော့ သူမက မျက်ရည်တွေကြားထဲကနေ နာကြည်းမုန်းတီးသောအကြည့်တွေဖြင့် သူ့ကိုကြည့်လာလေသည်။
"ဟုတ်တယ်... ကျွန်မဗိုက်ထဲမှာ ကလေးရှိနေပြီ... အဲ့ဒါ ဦးရဲ့ကလေးပဲ..."
မယုံကြည်နိုင်စွာ သူမမျက်နှာကိုကြည့်ရင်း သူ မတ်တပ်ရပ်လိုက်ကာ ခေါင်းရမ်းလိုက်ပြီး
"မဟုတ်ဘူး... ကိုး ကိုယ့်ကိုလိမ်နေတာ..."
"တီ... တီ... တီ..."
စကားပြောနေရင်းနဲ့ သူ့အကြည့်တွေက ခုံပေါ်မှာရှိနေတဲ့ ကိုးရဲ့ဖုန်းဆီသို့ရောက်သွားပြီး ကောက်ယူလိုက်ကာ ဖုန်းကိုကြည့်ပြီး
"ဟား... ဟား... အခုတော့ ခင်ဗျား စိုးရိမ်နေပြီပေါ့ ဟုတ်လား ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဦးရဲ့ဖုန်းလား... ကိုးကိုပေးပါ... ကိုး ဦးနဲ့စကားပြောချင်တယ်..."
ဖုန်းကိုကိုင်ထားရင်းကနေ သူ့အကြည့်တွေက သူမဆီသို့ ရောက်သွားပြန်ကာ ခေါင်းရမ်းလိုက်ပြီး
"ဟင့်အင်း... မပြောရဘူး..."
"ကိုး တောင်းပန်ပါတယ် ကင်းရယ်... ကိုးမှာ ကိုယ်ဝန်နဲ့မို့လို့ပါ... ကိုးကို ဦးနဲ့ဖုန်းပြောခွင့်ပေးပါနော်... ဦး ကိုးကို စိတ်ပူနေမှာ ကင်းရဲ့... အဟင့်... ဟင့်... ဟင့်..."
ပြောရင်းနဲ့ငိုနေတဲ့သူမကိုကြည့်ကာ သူ့ရင်ထဲမှာ နာကျင်သွားမိတော့သည်။ ချစ်သူတစ်ယောက်ကိုဆုံးရှုံးလိုက်ရလို့ နာကျင်ရတဲ့ခံစားချက်မျိုးမဟုတ်ဘဲ ကိုယ့်ဘဝတစ်ခုလုံးကို ဆုံးရှုံးလိုက်ရလို့ လမ်းပျောက်သွားတဲ့လူတစ်ယောက်လိုမျိုး ခံစားလိုက်ရခြင်းဖြစ်သည်။ ဆုံးရှုံးရပြီ။ ငါ ငါချစ်တဲ့သူကို တကယ်ဆုံးရှုံးရပြီ...။
"တောက်..."
"ခွမ်း..."
ဘယ်သူ့အပေါ်ထွက်လို့ထွက်မိမှန်းမသိတဲ့ဒေါသက သူ့လက်ထဲမှာရှိနေတဲ့ဖုန်းဆီမှာကျရောက်သွားပြီးနောက်မှာတော့ ဖုန်းက ကြမ်းပြင်ပေါ်သို့ အရှိန်နဲ့ကျကာ ကွဲသွားတော့သည်။
"ဟင်..."
ကိုးက ခုတင်ပေါ်ကဆင်းလာပြီး ဖုန်းကိုကောက်ကိုင်ကာ တစ်ခုတစ်ခြားစီဖြစ်နေတဲ့ပစ္စည်းအတိုအစတွေကိုကြည့်ပြီး ငိုပြန်တော့သည်။
"တောက်..."
"ကိုးကို ပြန်ပို့ပေးပါ ကင်းရယ်... ကိုးက ကင်းနဲ့ထိုက်တန်တဲ့သူမဟုတ်ပါဘူး စိမ်းကသာ ကင်းနဲ့ထိုက်တန်သူပါ... စိမ်း... စိမ်းက ကင်းကိုသိပ်ချစ်တဲ့သူတစ်ယောက်... သူ့အချစ်တွေက ကင်း ကိုးကိုချစ်တဲ့အချစ်ထက်တောင်မှ ပိုပါတယ်... အဲ့ဒါကြောင့် စိမ်းကို ကင်း လက်ထပ်လိုက်ပါနော်..."
"မပြောနဲ့... မင်း ကိုယ့်ကို ဘာမှလာမပြောနဲ့... ဒီဘဝမှာ မင်းတစ်ယောက်ကိုပဲ ချစ်ပါ့မယ်လို့ ဘုရားမှာ ကိုယ်က သစ္စာဆိုခဲ့ရုံတင်မကဘူး အချစ်ကိုစောင့်ရှောက်တဲ့ နတ်တွေကိုတောင်မှ ကိုယ်က ကတိပေးထားခဲ့တာ... အဲ့ဒါ မင်းကို သိပ်ချစ်လို့ပဲ... ဒီဘဝမှာ မင်းကို မပိုင်ဆိုင်ရတဲ့အတွက် တစ်ခြားတစ်ယောက်ကို ပြောင်းချစ်နိုင်မယ်လို့ မင်း ထင်နေခဲ့တာလား ကိုး... ဟင့်အင်း ကိုယ့်အသက်သေသွားရင်တောင် မင်းကလွဲပြီး ဘယ်မိန်းမကိုမှ ကိုယ်မချစ်ဘူး..."
"ကိုး တောင်းပန်ပါတယ် ကင်းရယ်..."
ကင်းက သူမကိုကျောခိုင်းထားရင်းနဲ့ မတ်တပ်ရပ်ပြီး နံရံကိုလက်တစ်ဖက်နဲ့ထောက်ထားလေသည်။ ကိုးကတော့ ကြမ်းပြင်မှာငုတ်တုပ်ထိုင်ကာ ကွဲသွားတဲ့ ကိုးရဲ့ဖုန်းလေးကိုကိုင်ကာ ငိုနေမိတော့သည်။ အခုချိန်ဆို ဦး ဘယ်လောက်တောင် စိတ်ပူနေပြီလဲမသိပေ။
"ဒုန်း..."
တံခါးပိတ်လိုက်သံကြောင့် ကိုး အလန့်တကြားကြည့်လိုက်တော့ ကင်းက အပြင်သို့ထွက်သွားတာဖြစ်သည်။ ကိုး တံခါးနားသို့ အမြန်ထသွားလိုက်ကာ တံခါးကိုထုလိုက်ပြီး
"ကင်း... ကင်း... တံခါးဖွင့်ပေးပါ ကင်းရယ်... ကိုးကို အိမ်ပြန်ခွင့်ပေးပါနော်..."
"ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့ညီ ကိုစိုင်းအိုက်မော်က ဦးစဝ်ဘုန်းရိပ်ခေါင်ကိုဘာလို့မုန်းခဲ့တယ်ဆိုတာ ကိုးသိလား..."
"ဟင့်အင်း... ကိုး မသိဘူး ကင်း..."
"သူနဲ့သူ့ချစ်သူကိုကွဲအောင်လုပ်ခဲ့လို့ အရမ်းမုန်းခဲ့တာ... သူ့ကိုလက်စားချေချင်တာကြောင့် ကိုးကို သူနဲ့ဝေးအောင် အခုလိုလုပ်တဲ့အထဲမှာ သူ့အကြံလည်းပါတယ်... သူ ကြံစည်ထားသလိုသာဖြစ်လာခဲ့မယ်ဆိုရင် ဦးစဝ်ဘုန်းရိပ်ခေါင်လည်း သူခံစားရသလို ချစ်ရသူနဲ့ဝေးရမယ်... ကိုယ်ကတော့ ကိုးကိုပြန်ပိုင်ဆိုင်ရမယ်ပေါ့..."
"ဟင်..."
"ဟုတ်တယ်... သူတို့တွေကြားထဲမှာ ဘာပြဿနာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်နဲ့မဆိုင်ပါဘူး... ကိုယ်က ကိုးကိုပဲ ပြန်ပြီးပိုင်ဆိုင်ချင်ခဲ့တာ အဲ့ဒါကြောင့် အခုလိုတွေလုပ်ခဲ့တာ... ဒါပေမယ့် အခုတော့..."
ကင်းရင်ထဲမှာ ဘယ်လိုခံစားနေရမယ်ဆိုတာကို ကိုး နားလည်ပေမယ့် မနှစ်သိမ့်ပေးချင်တော့ပေ။
"အဲ့ဒါကြောင့်လည်း ကိုစိုင်းအိုက်မော်က ဦးစဝ်ဘုန်းရိပ်ခေါင်ကို သေလောက်အောင်နာကြည်းခဲ့တာပေါ့... ဒါဖြစ်သင့်ပါတယ်လေ... ကိုယ်တောင်မှ သူ့ကို မုန်းခဲ့တာပဲ... ဒါပေမယ့် အခုချိန်လောက်ဆိုရင် သူလည်း ကိုစိုင်းအိုက်မော်ရဲ့အမုန်းကြောင့် အသက်တောင်ရှင်သေးရဲ့လားမသိဘူး..."
"ဟင်... ကင်း ဘာပြောလိုက်တာလဲ..."
"ဟုတ်တယ်... ဦးစဝ်ဘုန်းရိပ်ခေါင် တစ်ခုခုအန္တရာယ်ဖြစ်အောင်လို့ ကိုစိုင်းအိုက်မော်ကလုပ်ထားတာ... ဘာလုပ်ထားလဲဆိုတာတော့ ကိုယ်လည်းမသိဘူး..."
"ဟင်... မလုပ်ပါနဲ့... မလုပ်ပါနဲ့ ကင်းရယ်... ဦးကို ဘာမှမလုပ်ပါနဲ့နော် ကိုး တောင်းပန်ပါတယ်..."
"ဟင့်အင်း... အဲ့ဒါက သူ့ရဲ့လက်စားချေမှုအပိုင်း... ကိုယ် ရှုံးနိမ့်ခဲ့သလို သူ့ကို မရှုံးနိမ့်စေချင်ဘူး..."
"ကင်းရယ်... ဦး တစ်ခုခုဖြစ်သွားရင်ရော ကိုးက ကင်းကို ပြန်လက်ခံမယ်ထင်လို့လားဟင်... ဟင့်အင်း ကိုး လက်မခံဘူး... ဦးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုးနဲ့ကိုးရဲ့ရင်သွေးလေးလည်း အသက်ရှင်လျက်ရှိမှာမဟုတ်ပါဘူး..."
"မင်းကိုချစ်ခဲ့မိလို့ ကိုယ် နောင်တမရပါဘူး ကိုး... မင်း ကိုယ့်ကိုမုန်းသလိုလည်း ကိုယ် မမုန်းပါဘူး... အဲ့ဒါကြောင့် မင်း အန္တရာယ်ဖြစ်အောင်လည်း ကိုယ်လုပ်မှာမဟုတ်ဘူးဆိုတာ ယုံပေးပါ... အခုလောလောဆယ် မင်း အခန်းထဲမှာ နေလိုက်ဦး... ကိုယ် အပြင်မှာပဲရှိနေမယ်... တစ်ခုခုလိုအပ်တာရှိရင် ကိုယ့်ကိုခေါ်လိုက်ပါ..."
"ဟင်... ကင်း ဘယ်သွားမလို့လဲ..."
"ဘယ်မှမသွားဘူး... ဒီအခန်းရှေ့မှာပဲရှိတယ်..."
"ကိုး ဦးနဲ့ဖုန်းပြောချင်တယ်... ဦးကိုဖုန်းခေါ်ပေးပါ ကင်းရယ်... ဦး အန္တရာယ်ကင်းကင်းနဲ့ ရှိနေလားဆိုတာ ကိုး သိချင်လို့ပါ... ဦးကိုဖုန်းခေါ်ပေးပါနော်..."
"ကိုး အထဲမှာပဲ အေးအေးဆေးဆေးနေပါ... သူတို့တွေက သွေးရင်းသားရင်းတွေ သေလောက်အောင်အထိတော့ လုပ်မှာမဟုတ်ဘူး... ကိုယ့်ဒဏ်ရာကိုယ် အရင်ကုသပါဦးမယ် ကိုးရယ်..."
"ဟင်..."
"ကိုယ့်မှာ အဖော်ဆိုလို့ ဒီအရက်ပဲရှိတော့တယ်... တစ်နည်းပြောရရင် ကိုယ့်ရဲ့ဒဏ်ရာတွေအတွက် အကောင်းဆုံးဆေးပေါ့..."
ဘုရားမှတပါး ကိုးကွယ်ရာမရှိတော့ဘူးဆိုတာကို ကိုး သိလိုက်ရပြီဖြစ်သည်။ ကိုး မျက်လုံးမှိတ်လိုက်ကာ ဘုရားကို အာရုံပြုလိုက်လေသည်။ အရှင်ဘုရား တပည့်တော်ရဲ့ခင်ပွန်း ဦးစဝ်ဘုန်းရိပ်ခေါင်မှာ ဘာအန္တရာယ်မှ မဖြစ်ပါစေနဲ့... တပည့်တော်မရဲ့အချစ်တွေသာ စစ်မှန်ခဲ့ရင် ဦး အန္တရာယ်ကင်းကင်းနဲ့ တပည့်တော်မတို့ သားအမိနှစ်ယောက်ကို ပြန်ပြီးလာခေါ်ပါစေ အရှင်ဘုရား...။
#######
ဆက်ရန် - အခန်း(၃၃)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Où les histoires vivent. Découvrez maintenant