အခန်း(၁၇)

102 3 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၇)

"ကြည့်ပါဦး ကြင်ယာတော်က ချစ်စရာကောင်းလိုက်တာ..."
"မှန်ပါတယ် အစ်မတော်ဖုရား... ကြင်ယာတော်က ညီတော်နဲ့ တကယ်လိုက်ဖက်တာပဲ..."
ဦးကတော့ ကိုးကိုကြည့်ကာ ပြံုးပဲပြံုးနေလေသည်။ ဦးရဲ့အစ်မနဲ့အကိုကတော့ ကိုးကိုကြည့်ကာ တဖွဖွပြောနေကြ၏။
"ဒါနဲ့ ဦးရီးတော်စိုင်းလုံခန့်က ဟော်နန်းမှာပဲလား ညီတော်..."
"ဟုတ်ပါတယ် အကိုတော်စိုင်းကျော်... ဖိုးဖိုးရဲ့ကျန်းမာရေးကြောင့် ပြန်မလာသေးဘူး..."
"အင်း... မနက်ဖြန် ညီတော့်ထိမ်းမြားပွဲရှိနေတော့ အမှီရော လာနိုင်ပါ့မလား..."
"ဟုတ်ကဲ့ အမှီလာမယ်လို့ပြောထားပါတယ်..."
ဦး အကိုတော်စိုင်းကျော်လို့ခေါ်တဲ့လူက ဦးထက်အနည်းငယ်သာကြီးလောက်ပေမယ့်လည်း ရုပ်ကတော့ ဦးလိုမဖြောင့်ဘူးလို့ ကိုး ထင်မိသည်။ ဦးရဲ့နှုတ်ခမ်းအနီးတစ်ဝိုက်မှာ စိမ်းနုနေတဲ့ နှုတ်ခမ်းမွှေးလေးတွေရှိနေပေမယ့် အဲ့ဒီ့လူမှာတော့မရှိပေ။ နောက်ပြီး စူးရဲတဲ့မျက်ဝန်းတွေကလည်း တစ်ဖက်သားအပေါ် အနိုင်လိုစိတ်ရှိသူတစ်ယောက်နဲ့ တူနေသည်။ အစ်မတော်ဖုရားဆိုတဲ့မိန်းကလေးကတော့ တော်တော်လေးကို နုဖတ်လွန်းသည်။ ရဲနေတဲ့ပါးလေးတွေက တစ်မျိုးဆွဲဆောင်မှုရှိနေသလိုလိုပင်။ ရယ်လိုက်ရင်လည်း ဦးလိုမျိုးသွားတက်လေးတစ်ဖက်က ထင်းနေသေးသည်။ ဦးရဲ့အမျိုးတွေမို့လို့ပဲ ဦးနဲ့ရုပ်ချင်းဆင်ကြတာလား... ဒါပေမယ့် ဦးကတော့ ကိုးကို သူတို့နဲ့မိတ်မဆက်ပေးပေ။
"ဒါနဲ့ စိုင်းအိုက်မော် ပြန်ရောက်နေတယ်ဆို..."
"ဟင်..."
မောင်နှမနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်နှာပျက်သွားကြလေသည်။ အဆိုးဆုံးကတော့ စိုင်းအိုက်မော်ရဲ့အကို စိုင်းကျော်ပဲဖြစ်သည်။ ဘုန်းရိပ် ပြံုးရင်းနဲ့ ခေါင်းရမ်းလိုက်ကာ
"မဟုတ်လို့လား အကိုတော်စိုင်းကျော်..."
သူမေးလိုက်တော့မှ အကိုတော်စိုင်းကျော်က သူ့မျက်နှာကိုမော့ကြည့်လာပြီး ခေါင်းရမ်းပြလာ၏။
"မဟုတ်ဘူး ညီတော်... စိုင်းအိုက်မော် ပြန်ရောက်နေပါပြီ... နောက်ပြီး စံအိမ်တော်ကိုလည်း လာမယ်လို့ပြောပါတယ်..."
"ဪ..."
ဦးက ဘာမှဆက်မပြောဘဲ ငြိမ်သွားတော့ ဦးရဲ့အကိုနဲ့အစ်မတို့ရဲ့မျက်နှာက တစ်ခုခုကို စိုးရိမ်နေသလို ပျက်ယွင်းနေကြပြန်သည်။ ကိုး သူတို့ကိုကြည့်ပြီး ဘာမှနားမလည်မိသလို နားလည်ဖို့လည်း မကြိုးစားချင်ပါ။ ဦးရဲ့မျိုးနွယ်တွေက ဘယ်လိုမျိုးတွေမှန်း ကိုး သေချာမသိသဖြင့် ကိုး ဘာမှလည်းမပြောတတ်ပေ။
"ချွေးမတော်..."
အသံနဲ့အတူ ဦးရဲ့မေမေက အိမ်အပေါ်ထပ်ကနေ ဆင်းလာလေသည်။ ကျွန်းသစ်သားလှေကားလက်ရန်းတွေကိုကိုင်ကာ လှေကားပေါ်ကနေဆင်းလာတဲ့ ဦးရဲ့မေမေက တကယ်ကိုခန့်ညားလှပတဲ့မိန်းမတစ်ယောက်ဆိုတာ ကိုး ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက သိခဲ့တာဖြစ်သည်။ အေးမြနေတဲ့အပြံုးက မြင်ရသူရင်ကို အေးမြစေ၏။
"မယ်တော်..."
"ဒွေးတော်..."
ဦးအပါအဝင် ဦးရဲ့အစ်မနဲ့အကိုကလည်း မတ်တပ်ရပ်လိုက်ကြသဖြင့် ကိုးလည်း မတ်တပ်ရပ်လိုက်ကာ ဦးရဲ့မေမေကိုကြည့်နေလိုက်မိသည်။ ဦးရဲ့မေမေကတော့ ဘယ်သူ့ကိုမှမကြည့်ဘဲ ကိုးကိုသာကြည့်နေရင်း ကိုးရဲ့အနားသို့ရောက်လာလေသည်။ ဦးက သူထိုင်နေတဲ့နေရာကိုဖယ်ပေးလိုက်ကာ
"မယ်တော် ထိုင်ပါ..."
"အင်း..."
ဦးရဲ့မေမေက ကိုးနဲ့ဦးတို့ကြားက ကျွန်းထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ကိုးတို့လည်း ထိုင်လိုက်ကြလေသည်။
"ချွေးမတော်..."
"ရှင်..."
"လွတ်လွတ်လပ်လပ်နေနော် သမီး..."
"ဟုတ်ကဲ့ ကိုး အဆင်ပြေပါတယ်..."
"နောက်ဆို သမီးက မယ်တော့်သမီးဖြစ်တော့မှာပဲ... မယ်တော့်ကို မယ်တော်လို့ပဲခေါ်ပါလားကွယ်..."
"ရှင်..."
ကိုး ဦးရဲ့မျက်နှာကို အားကိုးတကြီးကြည့်လိုက်မိတော့ ဦးက ကိုးကိုကြည့်ကာ အားပေးသလို ပြံုးနေလေသည်။
"ဟုတ်ပါပြီ သမီးအဆင်ပြေသလိုပဲခေါ်ပါ..."
"ကိုး... ကိုး မေမေလို့ပဲခေါ်လို့ရမလား..."
ဦးရဲ့မေမေက သဘောကျစွာပြံုးရင်းနဲ့ ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက် ဦးရဲ့လက်နဲ့ကိုးရဲ့လက်ကိုဆွဲယူလိုက်ပြီး ကိုးရဲ့လက်ဝါးကို ဦးရဲ့လက်ဝါးထဲသို့ထည့်ပေးလိုက်ကာ သူမလက်နဲ့ အပေါ်ကနေ မိုးအုပ်လိုက်၏။
"မယ်တော့်သားတော်က သမီးလေးကို အရမ်းချစ်တာ... သားတော်မှာ အခုလိုချစ်ရမယ့်မိန်းကလေး ရှိလာမယ်လို့တောင်မှ မယ်တော်မထင်ခဲ့မိဘူး..."
ကိုး ဦးရဲ့မျက်နှာကို မဝ့ံမရဲမော့ကြည့်လိုက်တော့ ဦးက ကိုးကို ပြံုးပြီးကြည့်နေလေသည်။ ဦးရဲ့အပြံုးတွေက ကိုးအတွက်တော့ လုံခြံုနွေးထွေးသွားသလိုပါပဲ။
"ညီမတော်..."
အသံနဲ့အတူ အိမ်ထဲသို့ အသက်ငါးဆယ်ကျော်အရွယ် ဦးလေးကြီးတစ်ယောက်က ဧည့်ခန်းထဲသို့ဝင်လာလေသည်။ ဦးလေးကြီးရဲ့နောက်မှာတော့ ဦးလေးကြီးနဲ့ရွယ်တူနီးပါးလောက်ရှိတဲ့ ဦးလေးကြီးနှစ်ယောက်နဲ့ အဒေါ်ကြီးနှစ်ယောက်က ဝင်လာကြသည်။
"အကိုတော်..."
အားလုံးက ဦးရဲ့မေမေနဲ့နည်းနည်းအလှမ်းဝေးတဲ့ ကျွန်းခုံတွေမှာ ဝင်ထိုင်လိုက်ကြလေသည်။ သူတို့တွေထဲက ဦးလေးကြီးနှစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်ကိုတော့ ကိုး မြင်ဖူးသည်။ သူတို့က ကိုး ဖေဖေနဲ့မေမေဆီလာပြီး ဦးနဲ့ကိုး လက်ထပ်ရမယ့်ကိစ္စကို လာပြောတဲ့လူတွေပဲဖြစ်သည်။
"သမီး... သမီးကို မယ်တော် မိတ်ဆက်ပေးမယ်နော်... ဒီမှာရှိနေတဲ့လူတွေအားလုံးက မယ်တော်တို့အနွယ်တော်တွေပဲ... ဒါပေမယ့် ဒါအကုန်မဟုတ်သေးဘူး..."
"ဟုတ်..."
"မယ်တော်... ကိုး နားလည်အောင် သားတော်ပဲရှင်းပြလိုက်ပါ့မယ်..."
ဦးက ကြားထဲကနေဝင်ပြောလိုက်တော့ ဦးရဲ့မေမေ ဒေါ်နန်းဆက်ဧကရီက ခေါင်းကို အသာငြိမ့်ပြလိုက်လေသည်။
"ကိုး ဒါက ကိုယ့်ရဲ့ ဦးလေးသုံးယောက်ပါ... ဦးစဝ်ခွန်ဖ... ဦးစိုင်းမောက်နဲ့ ဦးစောနိုင်..."
ဦးမိတ်ဆက်ပေးလာသဖြင့် ကိုး သူတို့ကိုကြည့်ပြီး ပြံုးပြနှုတ်ဆက်လိုက်တော့ သူတို့ကလည်း ပြန်ပြီးပြံုးပြလာကြလေသည်။
"ဒါကတော့ ကိုယ့်ရဲ့အဒေါ်နှစ်ယောက်... ဒေါ်နန်းခမ်းမာလာနဲ့ ဒေါ်နန်းကြည်ခိုင်..."
"ဟုတ်ကဲ့ပါ... ကိုးနာမည်ကတော့ ကိုးအသင်္ချေပါရှင့်..."
ကိုးက ပြန်ပြီးမိတ်ဆက်လိုက်တော့ အားလုံးက သဘောကျစွာပြံုးနေကြလေသည်။
"ကဲ မိတ်ဆက်ပြီးသွားပြီဆိုတော့ နေ့လည်စာ စားကြရအောင်နော်... သမီးအတွက် မယ်တော်ကိုယ်တိုင် ချက်ပြုတ်ထားတယ်..."
တခြားလူတွေအားလုံးက နှုတ်ဆက်ကြပေမယ့် ဦးရဲ့ အကိုနဲ့အစ်မကတော့ နှုတ်မဆက်ပေ။ နောက်ပြီး ဦးရဲ့မေမေကလည်း နှုတ်မဆက်ပေးသဖြင့် ကိုးစိတ်ထဲမှာ တစ်မျိုးဖြစ်သွားမိလေသည်။
"ညီမတော်..."
"ဘာများလဲ အကိုတော်..."
"အကိုတော်တို့လေးယောက်က ဟော်နန်းကိုပြန်သွားရလိမ့်မယ်... ညီမတော်ကို အဖော်ပြုပေးဖို့အတွက် နန်းဆက်ကို ထားခဲ့လိုက်မယ်လေ..."
ဦးရဲ့မေမေ စကားပြောနေတုန်းမှာပဲ ဦးစိုင်းမောက်က ဝင်ပြောလိုက်လေသည်။
"ကောင်းပါပြီ အကိုတော်... ဒါဆိုလည်း သွားပါ... ပြီးတော့ ခမည်းတော်ရဲ့သတင်း တစ်ခုခုထူးတာနဲ့ ညီမတော်ကို ဖုန်းဆက်အကြောင်းကြားပေးပါ အကိုတော်..."
"ကောင်းပါပြီ... ဒါဆို အကိုတော်တို့ သွားတော့မယ်..."
"ဟုတ်ကဲ့..."
ဦးရဲ့ ဦးလေးတွေနဲ့အဒေါ်တစ်ယောက်က အိမ်ထဲကနေ ပြန်ထွက်သွားကြလေသည်။
"မာလာ... အစ်မတော်တို့ ထမင်းစားဆောင်ထဲသွားပြီး ပြင်ဆင်ကြရအောင်..."
"ဟုတ်ကဲ့ အစ်မတော်..."
"သမီး သားတော်နဲ့နေခဲ့ပြီး ဟိုမှာထိုင်နေတဲ့ အကိုတော် အစ်မတော်တွေနဲ့ စကားပြောဦးနော်..."
"ဟုတ်ကဲ့ မေမေ..."
ဦးရဲ့မေမေ ဧည့်ခန်းထဲကနေလည်းထွက်သွားရော ဦးက ကိုးရဲ့အနားသို့ ကပ်ပြီးလာထိုင်လေသည်။
"ကြင်ယာတော်..."
"ရှင်..."
"ကြင်ယာတော့်အစ်မက Car Showroom ဖွင့်ထားတာဆို..."
"ဟုတ်ပါတယ် အကိုစိုင်းကျော်..."
"ဒါဆိုအတော်ပဲ... အကိုလည်း ကားအသစ်ဝယ်ချင်နေတာ... ဒါဆို နောက်နေ့ ကြင်ယာတော်ရဲ့အစ်မဆီ အကို့ကို လိုက်ပို့ပေးပါလား..."
"ဟုတ်ကဲ့ ရပါတယ်..."
"ဒါဆို အစ်မနန်းမြကိုလည်း ခေါ်ဦးနော် ကြင်ယာတော်..."
"ဟုတ်... ကိုးတို့တွေ တူတူသွားကြမယ်လေ..."
"ကျွန်တော့်လည်းခေါ်ကြဦးလေဗျာ..."
အသံနဲ့အတူ ဧည့်ခန်းထဲကိုဝင်လာတဲ့ လူတစ်ယောက်ကြောင့် ဘုန်းရိပ် မျက်နှာပျက်သွားကာ
"အိုက်မော်..."
သူ့မျက်နှာကအပြံုးက ကောက်ကျစ်တဲ့အပြံုးလို့ ကိုး ထင်လိုက်မိသည်။ သူက ဦးကိုကြည့်ကာ ပြံုးနေရင်းနဲ့ ဧည့်ခန်းထဲသို့ဝင်လာပြီး ကိုးနဲ့မျက်နှာချင်းဆိုင်က ကျွန်းခုံမှာ ဝင်ထိုင်လိုက်၏။
"အကိုတော်... မင်းရဲ့မဟာဒေဝီက ချောတယ်နော်..."
"မင်းပါးစပ်ပိတ်ထား စိုင်းအိုက်မော်..."
တင်းမာနေတဲ့ ဦးရဲ့အသံကြောင့် ကိုး အ့ံသြသွားမိတော့သည်။
"ဟာ... ဘယ်လိုဖြစ်တာလဲ အကိုတော်ရာ... ကျွန်တော်နဲ့အကိုတော်က အခုမှတွေ့ရတာလေ..."
"ဦး..."
ကိုး ဦးကိုခေါ်လိုက်တော့ အိုက်မော်ဆိုတဲ့လူရဲ့အကြည့်တွေက ကိုးဆီသို့ရောက်လာကာ
"ဦး... ဟုတ်လား ကြင်ယာတော်..."
ကိုး သူ့ကိုနားမလည်စွာပြန်ကြည့်လိုက်တော့ သူက ကိုးကိုပြံုးကာကြည့်နေရင်းနဲ့ ဦးဆီသို့ အကြည့်တွေကိုလွှဲလိုက်လေသည်။
"အကိုတော်... ကြင်ယာတော်က အကိုတော့်ကိုဘယ်လိုကြီးခေါ်ဝေါ်နေတာလဲ... ကြည့်ရတာ ကြင်ယာတော်က အခေါ်အဝေါ်တွေကို မသိသေးဘူးထင်တယ်နော်..."
"အဲ့ဒါ မင်းစိတ်ပူစရာမလိုဘူး အိုက်မော်..."
"ဟာ..."
သူ့မျက်နှာကအပြံုးတွေကို ကိုး အခုမှတွေ့ဖူးပေမယ့်လည်း အမြင်ကပ်သွားမိလေသည်။
"မဟုတ်သေးဘူးလေ အကိုတော်ရဲ့... အကိုတော်က ဟော်နန်းရဲ့သခင်လေး... နောက်ပြီး မနက်ဖြန်ဆိုရင်ပဲ ကြင်ယာတော်က မဟာဒေဝီဖြစ်ပြီဆိုတော့ အခေါ်အဝေါ်က အရေးကြီးတယ်လေ အကိုတော်ရဲ့..."
အခေါ်အဝေါ်... ကိုး အဲ့ဒီ့အခေါ်အဝေါ်တွေကြားထဲမှာ ကြာကြာနေနိုင်ပါ့မလား... ဘယ်လိုပဲ ဦးက ကိုးကိုချစ်ပါစေ ဦးက မျိုးနွယ်အစဉ်အလာတွေကို ထိန်းသိမ်းသူတစ်ယောက်သာဖြစ်နေခဲ့ရင် ကိုး.. ဟင့်အင်း... ကိုး နေနိုင်မှာမဟုတ်ဘူး...။
"အိုက်မော်... မင်း စံအိမ်တော်ကိုလာတာ ဘာကိစ္စနဲ့လာတာလဲ..."
ချာတိတ်မျက်နှာပျက်သွားတဲ့အချိန်မှာပဲ သူ့ရင်ထဲမှာ ယောက်ယက်ခတ်သွားတော့သည်။ သူ အဲ့လိုတွေဖြစ်လာမှာစိုးလို့ အိုက်မော်ကို စံအိမ်တော်ကို မလာစေချင်ခဲ့တာ... အခုတော့ အိုက်မော်က ရောက်လာပြီး မလိုအပ်တဲ့စကားတွေပြောလာပြီဖြစ်သည်။
"အကိုတော်နဲ့ကြင်ယာတော်တို့ကို လာတွေ့တာလေ..."
"အခုတွေ့ပြီးပြီမို့လား... အဲ့ဒါဆိုပြန်တော့..."
"ကျွန်တော်ဖြင့် ထိုင်တောင်မထိုင်ရသေးဘူး အကိုတော်ရယ်..."
မထီမဲ့မြင်အပြောနဲ့အတူ အိုက်မော်က သူ့ရဲ့အကိုတော်ဖြစ်တဲ့ အကိုတော်စိုင်းကျော်ရဲ့ဘေးမှာ ဝင်ထိုင်လိုက်လေသည်။
"ညီတော်ဘုန်းရိပ် စိတ်လျှော့ပါကွာ... အိုက်မော်အကြောင်းလည်းသိရဲ့သားနဲ့... သူက အပြောသာဆိုးတာပါ..."
"အကိုတော်စိုင်းကျော် ဝင်မပြောပါနဲ့... ကျွန်တော်နဲ့အိုက်မော်ကြားမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို အကိုတော်စိုင်းကျော်တို့စံအိမ်တော်က အသိဆုံးပါ..."
ကိုစိုင်းကျော်ရဲ့အသံတိတ်သွားတော့သည်။ ကိုး အထင်ပြောရရင် ဟိုးအရင်ကတည်းက ကိုစိုင်းအိုက်မော်နဲ့ ဦးကြားမှာ ပြဿနာတစ်ခုခုရှိခဲ့သည့်ပုံပင်... နောက်ပြီး အဲ့ဒီ့ပြဿနာမှာ ဦးကမှန်ခဲ့ပြီး ကိုစိုင်းအိုက်မော်က မှားခဲ့တာပဲနေမှာ။
"ပြီးခဲ့တာတွေကို ဘာလို့ပြန်ပြောနေတာလဲ အကိုတော်ရာ... ကျွန်တော်မှားခဲ့တယ်ဆိုပေမယ့် သေမလိုဖြစ်ခဲ့ရတာကလည်း ကျွန်တော်ပဲမဟုတ်လား..."
"ဟင်..."
ကိုး အ့ံသြသွားကာ ဦးရဲ့မျက်နှာကိုကြည့်လိုက်တော့ ဦးရဲ့အကြည့်တွေက ကိုးဆီမှာရှိမနေဘဲ ကိုစိုင်းအိုက်မော်ဆီမှာသာရှိနေခဲ့လေသည်။
"အိုက်မော်... မင်းပြန်မလား... ဒါမှမဟုတ် ငါတို့တွေပဲ ဒီစံအိမ်တော်ထဲက ထွက်သွားရမလား..."
"No.. no မလုပ်ပါနဲ့ အကိုတော်... ကျွန်တော်ပဲ ထွက်သွားပေးပါ့မယ်..."
ပြောလည်းပြော မတ်တပ်ရပ်လာတဲ့ ကိုစိုင်းအိုက်မော်က ဦးရဲ့မျက်နှာကို တစ်ချက်စူးစိုက်ကြည့်ပြီး ဦးကိုကျောခိုင်းကာ ကိုးတို့ရှေ့ကနေ ထွက်သွားတဲ့အချိန်မှာပဲ
"အိုက်မော်... နေဦး မင်းကိုငါ ပြောစရာရှိတယ်..."
အိုက်မော်က ရောက်တဲ့နေရာမှာရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လာလေသည်။
"ဘာများလဲ အကိုတော်..."
"ကြင်ယာတော် ငါ့ကို ဘယ်လိုပဲခေါ်ခေါ်... ဘယ်လိုပဲဆက်ဆံဆက်ဆံ ငါအပါအဝင် ငါ့မိသားစုဝင်အားလုံး လက်ခံကြတယ်... အဲ့ဒါကြောင့် ကြင်ယာတော်ကိုဝေဖန်တာ ဒါနောက်ဆုံးဖြစ်ပါစေ... နောက်တစ်ခါဆို မင်းကိုခွင့်လွှတ်မှာမဟုတ်တော့ဘူး..."
ကိုးရင်ထဲက လှိုင်းတစ်ခုက လူးလွန့်သွားလေတော့သည်။ ဒါ ဘာများလဲ...?
သူပြောလိုက်တော့ အိုက်မော်ရဲ့မထီမဲ့မြင်အပြံုးတွေက ချာတိတ်ဆီသို့ ရောက်သွား၏။ ထို့နောက် ခါးကိုကိုင်းပြီး လက်တစ်ဖက်ကိုနောက်သို့ပစ်လိုက်ရင်း ခေါင်းကိုငုံ့လိုက်ကာ
"တောင်းပန်ပါတယ် ကြင်ယာတော်... ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ..."
ကိုး ဦးရဲ့မျက်နှာကိုကြည့်လိုက်တော့ ဦးက အဲ့ဒီ့လူရဲ့မျက်နှာကို စူးစိုက်စွာကြည့်နေလေသည်။
"ခွင့်လွှတ်ပါတယ်လို့ မြန်မြန်ပြောပေးပါ ကြင်ယာတော်... မဟုတ်ရင် အကိုတော်က ကျွန်တော့်အပေါ်မှာ မကျေမနပ်ဖြစ်နေပါလိမ့်မယ်..."
"ရှင်... ဟို... ဟို ကိုး ခွင့်လွှတ်ပါတယ်..."
"ကောင်းပါပြီ ဒါဆိုရင်ခွင့်ပြုပါဦး..."
ဘယ်သူမှဘာမှပြန်မပြောခင် အိုက်မော်ကထွက်သွားတော့မှ သူ သက်ပြင်းတစ်ခုကို ချာတိတ်မသိအောင် ခိုးပြီးချလိုက်မိလေသည်။ အိုက်မော်ရဲ့အကိုတော်နဲ့ အစ်မတော်တို့ ရှိနေပေမယ့်လည်း သူ ချာတိတ်ရဲ့မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ မထောက်နိုင်တော့ပေ။ ချာတိတ်မျက်နှာမပျက်ဖို့က သူ့အတွက် ပိုပြီးအရေးကြီးတယ်...။
#######
"မသွားပါနဲ့လား ခညောင်းရာ..."
ခန်းမရှေ့ရောက်တဲ့အထိတောင်မှ ရာဇာက ဇွဲမလျှော့ဘဲ ဆက်ပြောနေလေသည်။ ပြောသာပြောနေတာ တကယ်တော့ ခညောင်းကိုစိတ်မချဘဲ ရာဇာကိုယ်တိုင်လည်း လိုက်လာခဲ့တာဖြစ်သည်။
"သွားမယ် ရာဇာ..."
"မင်းတကယ်သွားမလို့လား ခညောင်း..."
"ရာဇာ မင်းလည်းသိပါတယ်... ငါက လုပ်မယ်ဆိုရင် ရအောင်လုပ်တတ်တယ်..."
"ဒါတော့ဒါပေါ့ကွာ... ဒါပေမယ့်..."
"ငါပြဿနာမရှာပါဘူးကွာ... လာ သွားရအောင်..."
ခညောင်းက ကားပေါ်ကဆင်းသွားပြီဖြစ်သဖြင့် သူလည်း အင်တင်တင်နဲ့ လိုက်ပြီးဆင်းသွားရတော့သည်။ သူ့ရင်ထဲမှာ တကယ်ပဲစိတ်ပူနေခဲ့တာဖြစ်သည်။ ခညောင်းက ကိုးကို လွယ်လွယ်နဲ့ ချစ်ခဲ့တာမဟုတ်တော့ လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်။ ပြဿနာမရှာပါစေနဲ့လို့သာ သူ ဆုတောင်းလိုက်မိတော့သည်။
"ဟာ ကင်း..."
"ဟင် စိမ်း..."
Taxi ပေါ်ကနေဆင်းလာတဲ့စိမ်းက လက်ပြရင်းနဲ့ ခညောင်းတို့ဆီ ရောက်လာလေသည်။
"စိမ်း ဘယ်လိုလုပ်ပြီး Taxi နဲ့ရောက်လာရတာလဲ..."
စိမ်းက ရှေ့သို့ကျလာတဲ့ ဆံပင်တစ်ချို့ကို နားရွက်နောက်သို့ ထိုးသွင်းလိုက်ရင်းနဲ့ ခညောင်းကိုကြည့်ရင်းပြံုးပြလိုက်ပြီးမှ ရာဇာ့ကိုကြည့်လိုက်ကာ
"လမ်းမှာ စိမ်းရဲ့ကားပျက်သွားတာနဲ့ Taxi ငှါးလာလိုက်ရတာ ရာဇာရဲ့..."
"စိမ်း ဒီနေ့ဝတ်ထားတာ အရမ်းလှတာပဲ..."
"ကျေးဇူးတင်ပါတယ် ရာဇာ..."
စိမ်း ဘယ်လောက်ပဲလှနေပါစေ ကင်းကတော့ စိမ်းကိုစိတ်မဝင်စားဘဲ ခန်းမထဲကိုသာ လှမ်းကြည့်နေလေသည်။
"ကင်း သွားရအောင်လေ..."
"အင်း..."
စိမ်းတို့ ခန်းမထဲဝင်လိုက်တော့ ခန်းမထဲမှာ တော်တော်များများ စုံနေကြပြီဖြစ်သည်။ စိမ်း ကိုးကိုလိုက်ရှာလိုက်တော့ ကိုးက ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့အတူ စားပွဲဝိုင်းတစ်ဝိုင်းကလူတွေနဲ့ စကားပြောနေကြလေသည်။ စိမ်း ကင်းကိုကြည့်လိုက်တော့လည်း ကင်းက ကိုးကိုပဲလှမ်းကြည့်နေလေသည်။ စိမ်း ကိုးကို ကြည့်နေတုန်းမှာပဲ ကိုးက စိမ်းတို့ကိုမြင်သွားကာ စိမ်းတို့ဆီကို လှမ်းလာ၏။ ကိုးရဲ့နောက်မှာ ဦးစဝ်ဘုန်းရိပ်ခေါင်ကလည်း လိုက်ပါလာလေသည်။
"စိမ်းတို့ရောက်ပြီပဲ..."
စိမ်း ခေါင်းငြိမ့်ပြလိုက်ပြီး ကင်းရဲ့လက်ကို တွဲလိုက်တော့ ကိုးရဲ့အ့ံသြတဲ့မျက်ဝန်းတွေက စိမ်းဆီကိုရောက်လာလေသည်။ နောက်ပြီး ကင်းရဲ့အကြည့်တွေကလည်း စိမ်းဆီသို့ရောက်လာခဲ့သည်။ ဒါပေမယ့် ခဏလေးပါပဲ... ချက်ချင်းပဲ ကင်းရဲ့အကြည့်တွေက ကိုးဆီသို့ ပြန်ရောက်သွားလေသည်။
လွမ်းလိုက်ရတာ ကိုးရယ်... ကိုယ် ကိုးကို အရမ်းလွမ်းနေခဲ့တာ... ကိုးက အဖြူရောင်ထိုင်မသိမ်းဝတ်စုံနဲ့ ဖြူစင်စွာလှပနေသည်။ လက်ထဲမှာလည်း အဖြူရောင်ရေမွှေးနှင်းဆီတွေက လှပစွာ နေရာယူထားပြန်သည်။ သူ ကိုးရဲ့လက်ဝါးတွေကိုမြတ်နိုးစွာ ငေးကြည့်နေတုန်းမှာပဲ လက်တစ်ဖက်က သူကြည့်နေတဲ့ ကိုးရဲ့လက်ဝါးကိုဆုပ်ကိုင်လိုက်လေသည်။ အဲ့ဒီ့လက်ပိုင်ရှင်ကို သူ မော့ကြည့်လိုက်တော့ ကျေနပ်စွာပြံုးနေတဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့မျက်နှာကို တွေ့လိုက်ရလေသည်။
"ခညောင်းရှင် နောက်ကျတယ်နော်..."
ကိုး ကိုကို့ရဲ့မျက်ဝန်းတွေထဲက နာကျင်တဲ့အရိပ်တွေကို မကြည့်ရက်နိုင်တော့ဘဲ အကြည့်တွေကို လွှဲလိုက်မိတော့သည်။ ခွင့်လွှတ်ပါ ကိုကိုရယ်...
"ဟုတ်ပါတယ်... ကျွန်တော် အလုပ်လေးတစ်ခုရှိနေလို့ပါ ကိုစဝ်ဘုန်းရိပ်ခေါင်..."
"ဟုတ်လား... ထိုင်ဦးလေ..."
"အင်း..."
သူတို့တွေ အနားမှာရှိနေတဲ့ စားပွဲဝိုင်းမှာ ဝင်ပြီးထိုင်လိုက်ကြလေသည်။
"ကိုး... မဒီရော..."
"မဒီ ရောက်နေပြီလေ စိမ်း... ဟိုဘက်ဝိုင်းမှာ သူ့ကောင်လေးလည်းပါတယ်..."
"ဟုတ်လား... ဒါနဲ့ ကိုး ဒီနေ့အရမ်းလှတယ်သိလား..."
"ကျေးဇူးပါ စိမ်း..."
ချာတိတ် ရုတ်တရက်ကြီး မျက်နှာမကောင်းဖြစ်သွားတာကို သူ သတိထားလိုက်မိသည်။ အဲ့ဒါ ခညောင်းရှင်ကြောင့်။ အဲ့ဒါကြောင့်လည်း သူ ခညောင်းရှင်ကိုမလာစေချင်တာ။
"ရာဇာနဲ့စိမ်း မဒီ့ဆီကိုသွားလိုက်ပါလား... ဟိုမှာ ခေါ်နေတယ်..."
စိမ်း မဒီရှိတဲ့စားပွဲကိုလှမ်းကြည့်လိုက်တော့ မဒီက တကယ်ပဲလက်ယက်ခေါ်နေလေသည်။ ကင်း စိမ်းတို့ကိုတမင်နှင်နေပေမယ့် စိမ်း ကင်းကိုမထားခဲ့ချင်ဘူး...။
"စိမ်း သွားရအောင်လေ..."
"ဪ... အင်း သွားမယ်လေ ရာဇာ..."
စိမ်းနဲ့ရာဇာတို့ထွက်သွားတော့ ဘုန်းရိပ်ရယ် ကိုးရယ် ခညောင်းတို့ရယ်ပဲ ကျန်ခဲ့ကြတော့သည်။ ဘုန်းရိပ် ခညောင်းကိုကြည့်လိုက်တော့ ခညောင်းက ချာတိတ်ရဲ့မျက်နှာကို သေချာကြည့်နေလေသည်။ နောက်ပြီး သူ့မျက်လုံးထဲမှာလည်း ယောကျာ်းလေးအချင်းချင်းသာ နားလည်နိုင်သော လွမ်းဆွတ်တမ်းတနေသော အကြည့်တွေ...
"ခညောင်းရှင်... မင်း ဘာစားမလဲ ဘူဖေးမို့လို့ မင်းစားချင်တာ သွားယူလို့ရတယ်..."
"ဟင့်အင်း... ကျွန်တော်မစားတော့ဘူး..."
ပါးစပ်ကသာ မစားဘူးပြောနေတာ သူ့အကြည့်တွေကတော့ ချာတိတ်ဆီကနေ မခွာပေ။
"မစားတော့ဘူးဆိုလည်း မင်းသဘောပါ... ဒါပေမယ့် မင်းရဲ့အကြည့်တွေကို ထိန်းသင့်တယ်လို့ ကျွန်တော်ထင်တယ် ခညောင်းရှင်..."
ကိုးက ခေါင်းငုံ့သွားသဖြင့် သူ ဦးစဝ်ဘုန်းရိပ်ခေါင်ကိုကြည့်လိုက်ကာ
"ကျွန်တော် ခင်ဗျားဆီက တစ်ခုလောက် ခွင့်တောင်းလို့ရမလား ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဘာများလဲ ပြောလေ..."
"ကျွန်တော် ကိုးကို စကားတစ်ခွန်းနှစ်ခွန်းလောက်ပြောချင်တယ်..."
"ရတယ် ပြောပါ... ဒါပေမယ့် ကျွန်တော် ချာတိတ်ရဲ့ဘေးမှာတော့ ရှိနေမယ် ခညောင်းရှင်..."
"ကောင်းပြီလေ..."
ကိုးရဲ့အကြည့်တွေက ဦးဆီသို့ ဦးစွာရောက်သွားလေသည်။ ပြီးတော့ ကိုကို့ဆီသို့ရောက်သွားတော့ ကိုကိုကလည်း ကိုးကိုကြည့်နေ၏။
"ကိုး ပျော်လား..."
ကိုကို့မေးခွန်းကြောင့် ကိုး ကြောင်အမ်းအမ်းဖြစ်သွားကာ ကိုကို့မျက်နှာကိုသေချာကြည့်လိုက်တော့ ပျော်ရွှင်မှုကင်းကာ နာကျင်ရိပ်တွေနဲ့သာ ပြည့်နှက်နေတဲ့ ကိုကို့ရဲ့မျက်နှာ... နောက်ပြီး ကိုးအပေါ် သံယောဇဉ်တွေမပျက်ပြယ်သေးသောအကြည့်တွေကို ကိုး ရင်ဆိုင်လိုက်ရလေသည်။
"ကိုး ကိုယ်မေးတာဖြေဦးလေ..."
ကိုး ကိုကို့ဆီကနေအကြည့်တွေကိုလွှဲလိုက်ပြီး ဦးကိုကြည့်ပြီးပြံုးလိုက်ကာ
"ကိုး ပျော်ပါတယ် ကိုခညောင်းရှင်..."
ချာတိတ်ရဲ့အဖြေကြောင့် ခညောင်းရှင်က နှုတ်ခမ်းကိုတွန့်ရုံသာပြံုးနေလေသည်။
"ကောင်းပြီလေ... ဒါဆို ကိုယ် ကိုးကို မေးခွန်းသုံးခုမေးမယ်... အဲ့ဒီ့မေးခွန်းသုံးခုကို ကိုးသာဖြေပြီးခဲ့ရင် ကိုယ် ကိုးတို့ရှေ့ကနေ ထွက်သွားပေးပါ့မယ်..."
"ဟုတ်ကဲ့ မေးပါ..."
"ကိုး ကိုယ်နဲ့လမ်းခွဲခဲ့တာ ကိုယ်ဝါသနာပါတဲ့ အနုပညာကြောင့်လား..."
"မဟုတ်ပါဘူး..."
"ဒါဆို ဘာလို့လဲ ကိုး..."
"ခညောင်းရှင်... မင်းမှာ မေးခွန်းသုံးခုပဲမေးပိုင်ခွင့်ရှိတဲ့အတွက် အခုမင်း ဘာလို့လဲလို့မေးလိုက်တာကို ချာတိတ်က ဖြေခဲ့ရင် မင်းမှာ နောက်ထပ်မေးခွန်းတစ်ခုပဲ မေးခွင့်ရှိတော့တယ်ဆိုတာ မမေ့ပါနဲ့..."
"ကျွန်တော်နားလည်တယ် ဦးစဝ်ဘုန်းရိပ်ခေါင်... ကိုး ကိုယ့်ကိုဖြေပေးပါ..."
"ကိုး... ကိုး..."
"ချာတိတ် ကိုယ့်ကိုအားမနာပါနဲ့ ဖြေလိုက်ပါ..."
အခြေအနေတွေက ဒီအထိရောက်လာတောင်မှ ကိုကိုက ကိုးအပေါ်မှာချစ်နေသေးတာလား။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုး ဦးအပေါ်မှာ သစ္စာရှိတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်။
"ကိုး... ကိုခညောင်းရှင်ကို တကယ်မချစ်ခဲ့ပါဘူး... ကိုး စိတ်ကစားခဲ့မိတာပါ..."
သူမရဲ့အဖြေကြောင့် သူ့ရင်ထဲမှာ ပြောမပြတတ်အောင်ကို နာကျင်သွားမိတော့သည်။
"စိတ်ကစားခဲ့တာ ဟုတ်လား ကိုး..."
"ဟုတ်ပါတယ် ကိုး စိတ်ကစားခဲ့တာပါ..."
"မင်း ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ကိုယ်မထင်ထားခဲ့ဘူး ကိုးအသင်္ချေ..."
ကိုး ကိုကို့ကို ဘာမှပြန်မပြောတော့ဘဲ ငြိမ်ခံလိုက်မိသည်။ ဝဲလာတဲ့မျက်ရည်တွေကိုလည်း ခပ်ကြမ်းကြမ်းမျက်တောင်ခတ်လိုက်ကာ ဖယ်ရှားလိုက်မိသည်။ ဦးရဲ့သိက္ခာ... ဦးရဲ့မျိုးနွယ်တွေကြားမှာ ကိုး မျက်ရည်ကျလို့မဖြစ်ပေ။
"ကိုယ် မင်းကိုဒီလောက်ချစ်ခဲ့တာတောင်မှ မင်းက..."
ပြောချင်ရာပြောပါ ကိုကိုရယ်... တစ်ချက်တစ်ချက် သူတို့စားပွဲကိုရောက်လာတဲ့ လူတွေရဲ့အကြည့်တွေကို ဘုန်းရိပ် အပြံုးတုတစ်ခုနဲ့သာ တုန့်ပြန်လိုက်မိလေသည်။ ဒါပေမယ့် စိုင်းအိုက်မော်ရဲ့စူးစမ်းတဲ့အကြည့်တွေကိုတော့ သူ မတုန့်ပြန်နိုင်ခဲ့ပါ။
"အခုတော့ ကိုယ်က အသည်းကွဲသမားဖြစ်ရပြီ ကိုး... ဒါပေမယ့် ကိုးမှာအပြစ်မရှိပါဘူး... သွေးတစိမ့်စိမ့်ယိုနေတဲ့ ကိုယ့်နှလုံးသားလေးမှာစိုက်နေတဲ့ဓားက မင်းထိုးခဲ့တဲ့ဓားမဟုတ်ပါဘူး ကိုးရယ်... ကိုယ်ကိုယ်တိုင်ထိုးခဲ့တဲ့ဓားပါ..."
စကားလုံးတွေနဲ့သာ ဒဏ်ရာတွေကို ပေးစေတဲ့ ကိုကို့ကို ကိုး မဝ့ံရဲစွာဖြင့် ကြည့်လိုက်မိလေသည်။ ကိုကို့မျက်ဝန်းတွေက ကိုးကဲ့သို့ မျက်ရည်တွေနဲ့ပြည့်နှက်နေခဲ့ပေမယ့် ကိုကိုက အံကြိတ်ကာ တင်းထားလေသည်။
"ကောင်းပြီလေ... ဒါဆို ကိုယ် နောက်ဆုံးမေးခွန်းတစ်ခုကို မေးမယ် ကိုး... အမှန်အတိုင်းဖြေပေးပါ..."
ကိုး ငြိမ်သက်စွာဖြင့် ကိုကို့မေးခွန်းကို စောင့်နေလိုက်မိသည်။
"ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်ကိုချစ်လား..."
"ဟင်..."
သူ အ့ံသြစွာဖြင့် ချာတိတ်ရဲ့မျက်နှာကိုကြည့်လိုက်သလို ချာတိတ်သည်လည်း အ့ံသြသည့်မျက်လုံးများဖြင့် ခညောင်းရှင်ကို ကြည့်နေလေသည်။
"ဖြေလေ ကိုး... ကိုးရဲ့အဖြေက ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ..."
သူ ကိုးရဲ့မျက်နှာကိုကြည့်နေတုန်းမှာပဲ ကိုးရဲ့အကြည့်တွေက ဦးစဝ်ဘုန်းရိပ်ခေါင်ဆီသို့ရောက်သွားလေသည်။ ချာတိတ် သူ့ကိုမချစ်မှန်းသိပေမယ့်လည်း ဘယ်လိုဖြေမလဲဆိုတာကို သူ ရင်ခုန်စွာနဲ့ နားစွင့်နေလိုက်မိသည်။
"ကိုး ဦးကိုချစ်တယ်..."
"ဟင်..."
"ဘာ..."
ကိုး ကိုကို့ဆီကနေအကြည့်တွေကိုလွှဲလိုက်ပြီး ဦးရဲ့မျက်နှာကို ကျေနပ်စွာကြည့်လိုက်ပြီးပြံုးလိုက်ကာ
"ဟုတ်တယ် ကိုခညောင်းရှင်... ကိုး ဦးကိုတကယ်ချစ်တယ်..."
"မင်း... တောက်..."
နာကျင်နေတဲ့နှလုံးသားတွေက ရင်ထဲမှာပဲ တစ်စစီပြုတ်ထွက်သွားကုန်ပြီလားထင်ရလောက်အောင်ကို နာကျင်သွားလေတော့သည်။ ရက်စက်လိုက်တာ ကိုးရယ်...။
"ခညောင်းရှင်..."
"ခင်ဗျားပြောစရာမလိုပါဘူး ကိုစဝ်ဘုန်းရိပ်ခေါင်... ကျွန်တော့်ကတိအတိုင်း ကျွန်တော်သွားတော့မှာပါ..."
ခညောင်း မတ်တပ်ရပ်လိုက်ကာ ခမ်းနားစွာလှပနေတဲ့ မင်္ဂလာခန်းမကြီးကို ဝေ့ဝိုက်ပြီးကြည့်လိုက်လေသည်။
"ကိုစဝ်ဘုန်းရိပ်ခေါင် ခင်ဗျားရဲ့မင်္ဂလာပွဲက တကယ်ကို ခမ်းနားတာပဲ... ကျွန်တော် ဂုဏ်ယူပါတယ်... နောက်ပြီး ကိုး... ဒီနေ့ ကိုး အရမ်းလှတယ်..."
ကိုး ကိုကို့ကိုမကြည့်မိသလို ဘာမှလည်းမပြောမိပါ။ ကိုး ကိုကို့နှုတ်ကပြောလာမယ့် ဘယ်လိုစကားမျိုးကိုမှ ကိုး မကြားချင်တော့ဘူး... ဟင့်အင်း မပြောပါနဲ့ ကိုကိုရယ်...။
"ကိုးရဲ့လက်ထပ်ပွဲအတွက် ကိုယ့်ရဲ့နှလုံးသားလေးကို လက်ဖွဲ့ပေးခဲ့ပါတယ် ကိုး..."
သူ အားလုံးရဲ့ရှေ့ကနေ ချက်ချင်းပဲ လှည့်ထွက်လိုက်မိတော့သည်။ ဟင့်အင်း ဒီအချိန်မှာ ရက်စက်တာတွေ လုပ်ရက်လိုက်တာဆိုတဲ့စကားလုံးတွေက သူ့အတွက် အသုံးမဝင်တော့ဘူး။ နာကျင်ပြီးရင်းနာကျင်... ကြေကွဲပြီးရင်းကြေကွဲနေတဲ့နှလုံးသားက ဘယ်သောအခါမှ အကောင်းအတိုင်း ပြန်ဖြစ်လာတော့မှာမဟုတ်တော့ဘူး... ကိုးရယ်... ကိုယ်မယုံဘူး... ကိုး ကိုစဝ်ဘုန်းရိပ်ခေါင်ကိုချစ်တယ်ဆိုတာ ကိုယ်မယုံဘူးကိုး... ကိုယ် ဘယ်တော့မှမယုံဘူး ကိုးရယ်...။
#######
ဆက်ရန် - အခန်း(၁၈)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Waar verhalen tot leven komen. Ontdek het nu