အခန်း(၈)

108 2 0
                                    

## အချစ်ဦးမဟုတ်ပါသို့သော်… ###
အခန်း(၈)

"နင် သူ့ကိုချစ်နိုင်ပါ့မလား ကိုး..."
ချက်ချင်းပဲ သူမခေါင်းကို ခါရမ်းလိုက်ပြီး
"ဟင့်အင်း ငါ သူ့ကို ဘယ်တော့မှချစ်လာနိုင်မှာမဟုတ်ဘူး..."
"ဘာလို့လဲ သူကရုပ်ဆိုးလို့လား..."
ကိုး စိမ်းရဲ့အမေးကိုမဖြေဘဲ စားပွဲပေါ်က လက်ဖက်သုပ်ပန်းကန်ကိုယူလိုက်ရင်းနဲ့ ခေါင်းရမ်းပြလိုက်လေသည်။
"ဒါဆို သူက ချောတယ်ပေါ့ ဟုတ်လား ကိုး..."
သူမ လက်ဖက်သုပ်တစ်ဇွန်းစားလိုက်ပြီး ပန်းကန်ကို စားပွဲပေါ် ပြန်တင်လိုက်လေသည်။
"အင်း သူချောတယ်... ချောတယ်ဆိုတာထက် ခန့်ခန့်ညားညားနဲ့ ယောကျာ်းလည်းပီသပြီး လူကြီးလူကောင်းလည်း ဆန်တယ်..."
"သြော်..."
"ငါ သူ့ကိုတွေ့ချင်လိုက်တာ ကိုးရာ..."
"မဒီကလည်း ကိုးကမှ သဘောမကျတာ... ဘယ်လိုလုပ်ပြီး ငါတို့နဲ့မိတ်ဆက်ပေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား..."
မဒီက ရေနွေးကြမ်းပန်းကန်ကိုယူပြီး မှုတ်သောက်လိုက်ကာ
"မဟုတ်ပါဘူးစိမ်းရယ် ငါက တွေ့ဖူးချင်လို့ပါ..."
"တကယ်တော့ ဒီလက်ထပ်ပွဲကို ငါ ငြင်းလို့ရမှာမဟုတ်ဘူး..."
"ဟင်..."
ကိုးရဲ့စကားကြောင့် မဒီ အ့ံသြသွားကာ ကိုးကိုကြည့်လိုက်တော့ ကိုးက ဖတ်နေတဲ့စာအုပ်ကိုပိတ်ထားလိုက်ပြီး ဧည့်ခန်းထဲက မိသားစုဓာတ်ပုံဆီသို့ အကြည့်တွေကို လွှဲလိုက်လေသည်။ မမဘွဲ့ရတော့ရိုက်ထားခဲ့တဲ့ မိသားစုဓာတ်ပုံလေး။
"ဖိုးဖိုးဖွားဖွားတို့လက်ထက်ကတည်းက ထားရှိခဲ့ကြတဲ့ကတိတွေ... နောက်ပြီး သူတို့က မြင့်မြတ်တဲ့မျိုးနွယ်တွေ..."
"ဘာဆိုင်လို့လဲ ကိုးရယ်... အဲ့ဒါတွေက ရှေးရှေးတုန်းကအယူအဆတွေပါဟာ..."
"ဒီကနေ့ခေတ်အထိ အဲ့ဒီ့အယူအဆတွေကိုပဲ သူတို့ကကျင့်သုံးနေကြတာ"
"သူတို့ဘယ်လိုပဲကျင့်သုံးကြပါစေ အဓိကက နင်နဲ့အဲ့ဒီ့လူ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နှစ်သက်ဖို့က အဓိကပဲမဟုတ်ဘူးလား..."
စိမ်းရဲ့စကားကြောင့် ကိုး ခေါင်းကိုအသာရမ်းလိုက်ကာ
"အခုလက်ထပ်ပွဲက အချစ်ဆိုတဲ့အရာမပါတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်က ချစ်ခင်နှစ်သက်တယ်ဆိုတဲ့အရာ မပါဘဲနဲ့ လက်ထပ်ရမှာ..."
"သူက နင့်ကို သဘောကျတာရောမဖြစ်နိုင်ဘူးလား ကိုး..."
မဒီ့စကားကြောင့် ကိုး သဘောကျစွာရယ်လိုက်မိကာ
"သူက တစ်ဦးတည်းသောသား... သူ့အတွက် ဘယ်အရာမှလိုအပ်တယ်လို့မရှိအောင်ကို ပြီးပြည့်စုံတဲ့သူတစ်ယောက်... သူလိုလူတစ်ယောက်က ငါ့ကိုချစ်တယ်ဆိုတာ ဟာသတစ်ခုလိုဖြစ်နေမှာပေါ့ မဒီရယ်..."
"ဟူး... ငါတို့လည်း စဉ်းစားရခက်လာပြီ ကိုးရယ်... နင့်အတွက်စဉ်းစားပေးနေတာတော်တော်ကြာနေပြီ... ဒီနေ့ကျောင်းပိတ်လို့သာပဲ..."
မဒီပြောတာမှန်သည် ဒီနေ့ကျောင်းပိတ်သည့်အတွက် သူတို့သုံးယောက် ကိုးတို့အိမ်မှာ စကားတွေပြောနေကြတာဖြစ်သည်။ စကားတွေပြောနေကြတာဆိုပေမယ့်လည်း အဓိကကတော့ ကိုးအတွက် ဝိုင်းစဉ်းစားပေးကြတာပဲဖြစ်သည်။
"ဟုတ်တယ် ကိုး... နင် ကင်းကိုပဲချစ်သလို ကင်းကလည်း နင့်ကိုပဲချစ်တာနော်... တကယ်လို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကင်းအတွက် ထည့်ပြီးစဉ်းစားပေါ့ဟာ..."
စိမ်း ကိုးကို ပါးစပ်ကနေပြောနေပေမယ့် စိတ်ထဲကတော့မပါပေ။
စိမ်းရဲ့စကားကြောင့် ကိုး ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လက်ညှိုးလေးကို နှုတ်ခမ်းပေါ်တင်လိုက်ကာ
"ရှူး... တိုးတိုးပြောပါ စိမ်းရယ်... အိမ်မှာ မေမေရှိတယ်..."
"ဟုတ်လား ဆောရီးပါဟာ..."
"အင်း..."
"တွီ..."
မက်ဆေ့စ်သံကြောင့် ကိုးရဲ့မျက်နှာကပြံုးသွားပြီး ဖုန်းကိုယူကြည့်လိုက်လေသည်။
💌💌💌
ကိုး ဘာတွေလုပ်နေတာလဲ... ကျောင်းပိတ်တော့လည်း လွမ်းရတာပဲ ကိုးရယ်... နောက်ပြီး ကိုးနဲ့ဖုန်းပြောချင်လိုက်တာ...
💌💌💌
"မယ်မင်းကြီးမ သာယာနေတာ..."
မျက်စောင်းထိုးကာပြောနေတဲ့ မဒီ့ကို ကိုးပြံုးပြလိုက်ကာ
"ဖုန်းမပြောရတော့လည်း မက်ဆေ့စ်လေးနဲ့ပဲ အလွမ်းသယ်ရတာပါဟာ..."
မျက်မှန်လေးကိုပင့်တင်ရင်းပြောလာတဲ့ကိုးကိုကြည့်ရင်းနဲ့ စိမ်းနဲ့မဒီ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ရယ်နေကြလေသည်။
"ကိုးရေ ဧည့်သည်လာတယ်ကွဲ့..."
ခြံစောင့်ဦးလေးကြီးက အိမ်ပေါက်ဝသို့ရောက်လာကာ လာပြောသဖြင့် ကိုးမျက်မှောင်ကုတ်သွားမိလေသည်။
"ဧည့်သည်... ဘယ်သူလဲ ဘဘကြီး..."
"မောင်စဝ်ဘုန်းရိပ်ခေါင်ပါ ကိုး..."
"ရှင်..."
"ဟင်..."
သူတို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အ့ံသြသွားကြလေသည်။
"သူကဧည့်သည်မဟုတ်ဘူးလေ ခြံစောင့်ကြီးရဲ့... ကိုးနဲ့သဘောတူထားတဲ့သူ... အိမ်ထဲကိုမြန်မြန်ခေါ်လိုက်လေ..."
မေမေက မီးဖိုခန်းထဲကနေ ပြောလိုက်သဖြင့် ခြံစောင့်ဦးလေးကြီးက ခေါင်းငြိမ့်ပြပြီး ပြန်ထွက်သွားလေသည်။
"ကိုး ငါတို့ သူ့အကြောင်းပြောနေလို့များ ရောက်လာတာလားမသိဘူး..."
"ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကိုတွေ့ချင်နေတာဆိုတော့ ငါ့ဆန္ဒပြည့်သွားပြီ..."
ကိုး ဧည့်ခန်းထဲကိုရောက်လာတဲ့အရိပ်တစ်ခုကြောင့် စိမ်းနဲ့မဒီကို ဘာမှပြန်မပြောဖြစ်လိုက်ပေ။ ကိုး သူ့ကိုတွေ့တော့ မတ်တပ်ရပ်လိုက်ကာ
"ကြွပါ ဦးစဝ်ဘုန်းရိပ်ခေါင်..."
"ဝိုး..."
ဘုန်းရိပ်ကိုမြင်တော့ မဒီ ပါးစပ်အဟောင်းသားဖြင့် အ့ံသြသွားလေတော့သည်။ စိမ်းက မဒီ့လောက် ဖြစ်မသွားပေမယ့်လည်း အ့ံသြသွားတာတော့အမှန်ပင်။
"ရတယ် ချာတိတ်... အေးအေးဆေးဆေးနေပါ ချာတိတ်က အခုမှနေကောင်းကာစလေ..."
သူ လက်ထဲကအထုပ်တွေကို စားပွဲပေါ်သို့ တင်လိုက်ပြီးမှ သူမနဲ့ မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်လေသည်။
"ဦးစဝ်ဘုန်းရိပ်ခေါင် တစ်ခုခုစားမလား... ကိုး ဘာလုပ်ပေးရမလဲ..."
"ရပါတယ် ကိုး... ကိုယ်က ကိုးကိုတွေ့ချင်လို့ တမင်လာခဲ့တာပါ..."
"ရှင်..."
"ဟောတော်..."
မဒီက ဟန်မဆောင်နိုင်စွာ အသံထွက်သွားမိသဖြင့် အားနာကာ ပါးစပ်ပိတ်သွားလေသည်။
"မောင်ဘုန်းရိပ်... ဘာသောက်မလဲ... အပူလား အအေးလား..."
အသံနဲ့အတူမေမေက ကိုးရဲ့အနားသို့ရောက်လာလေသည်။
"ကျွန်တော် ဘာမှမသောက်တော့ပါဘူး ဒေါ်လေး... ချာတိတ်သက်သာရဲ့လားလို့ ကျွန်တော် လာကြည့်တာပါ..."
"ကိုး သက်သာပါတယ်..."
မေမေက ရယ်ရင်းနဲ့ ကိုးရဲ့လက်ကိုကိုင်လိုက်ကာ
"မောင်ဘုန်းရိပ်ရဲ့ ဂရုစိုက်မှုကြောင့် သမီးလေး နေကောင်းသွားပါပြီ..."
စိမ်းနဲ့မဒီ အ့ံသြရာကနေ တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြလိုက်ကာ ကိုးကိုကြည့်လိုက်ပြီး
"ကိုး ငါတို့ပြန်တော့မယ်လေဟာ... နောက်မှဖုန်းဆက်လိုက်မယ်..."
"အေး... အေး သမီးတို့ သွားတော့လေ..."
ကိုးက တားမလို့လုပ်နေတုန်းမှာပင် မေမေက ဝင်ပြောလာသဖြင့် ကိုး ဘာမှပြန်မပြောတော့ဘဲ ခေါင်းပဲငြိမ့်ပြလိုက်ရတော့သည်။
ချာတိတ်ကို လက်ပြကာထွက်သွားကြတဲ့ ချာတိတ်ရဲ့သူငယ်ချင်းနှစ်ယောက်ကို သူ တစ်ချက်ကြည့်လိုက်ပြီးမှ ချာတိတ်ကိုပြန်ကြည့်လိုက်ကာ ပြံုးလိုက်မိလေသည်။
"ဒါနဲ့ မောင်ဘုန်းရိပ် ဘယ်လိုလုပ်ရောက်လာတာလဲ..."
"ချာတိတ်အတွက် ဟော်နန်းက သမားတော်ကြီးတွေ ဖော်စပ်ပေးလိုက်တဲ့ ဆေးတော်ကြီးတွေ လာပို့ပေးတာပါ... နောက်ပြီး ဒွေးတော်က ဒေါ်လေးတို့မိသားစုအတွက် မြန်မာမုန့်နည်းနည်းပါးပါးလည်း လုပ်ပေးလိုက်ပါတယ်..."
"အိုကွယ် အားနာစရာကောင်းလိုက်တာ..."
"အားမနာပါနဲ့ဒေါ်လေး ရပါတယ်..."
"သမီးလေးနဲ့ ဒေါ်လေးတို့မိသားစုအပေါ် အခုလိုဂရုစိုက်ပေးတဲ့အတွက် မာလာ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦးကွယ်..."
"ဟုတ်ကဲ့ ကျွန်တော်ပြောလိုက်ပါ့မယ်..."
"ကဲ ဒါဆို သားနဲ့သမီး စကားပြောကြဦးနော်... ဒေါ်လေး မီးဖိုထဲမှာ ချက်ပြုတ်လိုက်ဦးမယ်..."
"ဟုတ်ကဲ့..."
ချာတိတ်ရဲ့အမေ မီးဖိုထဲလည်းဝင်သွားရော သူ ချာတိတ်မျက်နှာကို မြတ်နိုးစွာကြည့်လိုက်ပြီး
"ချာတိတ် ဒီနေ့ကျောင်းပိတ်တယ်နော်..."
"ဟုတ်..."
"ခုနကမိန်းကလေးတွေက ချာတိတ်ရဲ့သူငယ်ချင်းတွေလား..."
"ဟုတ်ပါတယ်..."
"အဲ့ဒါ ဘာလို့ကိုယ်နဲ့မိတ်မဆက်ပေးတာလဲ ချာတိတ်ရယ်... ချာတိတ်ရဲ့သူငယ်ချင်းတွေကလည်း ကိုယ့်ရဲ့သူငယ်ချင်းတွေပဲလေ..."
"သူတို့က ဦးသိဖို့မလိုတဲ့လူတွေပါ..."
"ဟင်..."
သူမရဲ့စကားကြောင့် သူ အ့ံသြသွားတော့ သူမက ခေါင်းရမ်းလိုက်ကာ
"ကိုးပြောချင်တဲ့အဓိပ္ပါယ်ကို ဦး တစ်မျိုးမထင်ပါနဲ့... ဘာလို့လဲဆိုတော့ ကိုးရဲ့သူငယ်ချင်းတွေက ကိုးလိုမျိုးသာမန်လူတွေပါ ဦးတို့လို မြင့်မြတ်တဲ့ မျိုးနွယ်မဟုတ်တော့..."
"ချာတိတ်ရယ် ကိုယ်က ဒီလို မျိုးနွယ်က ဖွားမြင်တယ်ဆိုပေမယ့်လည်း ဒီမျိုးနွယ်မှာနေရတာ နည်းနည်းလေးမှ မပျော်ပါဘူး..."
"ဟင်..."
"ကိုးအမြင်မှာ ကိုယ်က အရာရာပြည့်စုံသူတစ်ယောက်လို့ ကိုး ထင်ရင်ထင်လိမ့်မယ်... ဒါပေမယ့် ကိုယ်က စံအိမ်တော်မှာတော့ တစ်ယောက်ထဲသမားပါ..."
သူ့ပုံစံက ခံစားချက်တွေကို မြိုသိပ်ပြီး တစ်ယောက်ထဲကြိတ်ကာခံစားတတ်ပုံပင်။ အပေါ်ယံကြည့်ရင်တော့ အပူအပင်မရှိ လိုအပ်ချက်မရှိတဲ့ လူတစ်ယောက်လို့ထင်ရသည်။
"ဟုတ်တယ် ချာတိတ်... ကိုယ်က တစ်ဦးတည်းသောသားဖြစ်သလို ဟော်နန်းရဲ့သခင်လေးလည်းဖြစ်တယ်... အားလုံးက သခင်လေးလို့ခေါ်ပြီး လိုလေသေးမရှိ အနီးကပ်ဂရုစိုက်ကြပေမယ့် တကယ်တမ်း ကိုယ်ချင်နေတဲ့ လွတ်လပ်မှုဆိုတဲ့အရာကိုတော့ သူတို့တွေမေ့လျော့နေကြတယ်..."
ကိုး သူ့ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိလေသည်။ သူ့လိုလူမှာ လွတ်လပ်မှုဆိုတဲ့အရာမရှိဘူးတဲ့လား။
"ဆောရီး ကိုယ့်ကြောင့် ချာတိတ် စိတ်ညစ်သွားပြီထင်တယ်..."
"ရပါတယ် ကိုး ဘာမှမဖြစ်ပါဘူး..."
သူ့မျက်နှာကိုကြည့်ကာ ပြောနေတဲ့ သူမကိုကြည့်ပြီး သူ့ရင်ခုန်သံတွေဟာ လေတံခွန်ကဲ့သို့ လေဟာနယ်ထဲမှာ အတားအဆီးမရှိ လွင့်နေတော့သည်။
"ကိုယ် ချာတိတ်ကိုချစ်တယ်..."
"ရှင်..."
မှန်ကြည်ကြည်လေးအောက်က ဝိုင်းစက်သွားတဲ့ သူမမျက်ဝန်းလေးတွေကိုကြည့်ကာ သူ သွားတက်လေးတွေပေါ်သည်အထိ ပြံုးလိုက်မိလေသည်။
ကိုး... ကိုး ရင်ထဲမှာ...
တစ်ယောက်ထဲပဲသိနိုင်တဲ့စကားလုံးတွေပြောဖို့အတွက်တောင်မှ ရင်ထဲကစကားလုံးတွေက ပေါ်ထွက်မလာတော့သည်အထိ ကိုး ဆွ့ံအသွားမိ၏။
"ဟုတ်တယ်... စူပါမားကတ်တစ်ခုမှာ ကိုယ် ချာတိတ်ကို စတွေ့တဲ့အချိန်ကတည်းက ချစ်ခဲ့မိတာ..."
"ဟင်..."
"ဟုတ်တယ် ချာတိတ် အဲ့ဒီ့အချိန်တုန်းက ကိုယ်လက်ထပ်ရမယ့်မိန်းကလေးက ချာတိတ်ဆိုတာ ကိုယ်လုံးဝမသိခဲ့သေးဘူး..."
"ဒါဆို ကိုးမှန်းသိလို့ ဦးက တမင်သက်သက် ကိုးကိုလက်ထပ်မှာလား..."
"အဲ့လိုဆိုလည်းမမှားဘူး... ဒါပေမယ့် အခုက ကိုယ် ချာတိတ်ကို တကယ်ချစ်လို့ လက်ထပ်မှာပါ... ချာတိတ်အထင်လွဲတာကိုတော့ ကိုယ် မခံနိုင်ဘူး..."
ကိုး ပြောစရာစကားလုံးတွေ ပျောက်ဆုံးနေခဲ့လေသည်။ လုံးဝမမျှော်လင့်ထားတဲ့အချိန်မှာ ရည်းစားစကားပြောခံရတာနဲ့ ကိုး သူနဲ့မတွေ့ခင်ကတည်းက သူက ကိုးကို စတွေ့ပြီးချစ်ခဲ့တယ်ဆိုတဲ့ စကားတွေက လုပ်ကြံပြောဆိုနေတဲ့စကားလုံးတွေလို့ ထင်ရပေမယ့်လည်း...
"ဘာလဲ ချာတိတ်မယုံဘူးမို့လား... ဒါဆိုလည်း ကိုယ့်မှာ သက်သေပြစရာပစ္စည်းတစ်ခုရှိတယ်... ဒါကိုမြင်ပြီးရင်တော့ ချာတိတ်ယုံမှာပါ..."
ပြောလည်းပြော သူ အိတ်ကပ်ထဲက လိပ်ပြာရင်ထိုးလေးကိုဆွဲထုတ်လိုက်ကာ သူမကိုပြလိုက်တော့ သူမက မျက်လုံးပြူးလေးနဲ့ကြည့်ကာ
"ဟင်... အဲ့ဒါ ကိုးကို မမမွေးနေ့လက်ဆောင် ပေးထားတဲ့ လိပ်ပြာရင်ထိုးလေးပဲ..."
ရင်ထိုးလေးပြန်တောင်းမှာစိုးသဖြင့် သူ အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ကာ
"ယုံပြီမို့လား..."
သူမက နှုတ်ကနေမဖြေဘဲ ခေါင်းငြိမ့်ပြလာသဖြင့် သူ သဘောကျစွာပြံုးလိုက်မိလေသည်။ ချစ်တယ်ချာတိတ်ရယ်...။
"ကဲပါ ကိုယ့်ကြောင့် ချာတိတ် စိတ်အနှောင့်အယှက်ဖြစ်သွားရပြီ... ချစ်တယ်လို့ ရုတ်တရက်ပြောလိုက်ရပေမယ့် ကိုယ့်ရင်ထဲကနေ နှစ်နှစ်ကာကာချစ်မိလို့ပြောလိုက်ရတာပါ... တကယ်တော့ ဒီစကားကို စတွေ့ခဲ့ကတည်းက ပြောချင်ခဲ့တာ... စကားပြောဖို့ အခွင့်အရေးက မရခဲ့ဘူး..."
ကိုးရဲ့မျက်လုံးထဲမှာ ကိုကို့ရဲ့မျက်နှာကို မြင်ယောင်လာမိသဖြင့် ကိုယ့်ကိုယ်ကို မုန်းတီးသွားမိလေသည်။ ငါက သစ္စာဖောက်မပဲ... ချစ်ရတဲ့သူရှိတာတောင် သူ့စကားထဲမှာ တဒင်္ဂနစ်မျောသွားသေးတယ်...။
"ဒါပေမယ့် ဒီထက်နောက်မကျသင့်ဘူးထင်လို့ ကိုယ် အခုလိုပြောလိုက်ရတာ ခွင့်လွှတ်ပေးစေချင်ပါတယ် ကြင်ယာတော်..."
"ရှင်..."
ကြင်ယာတော်ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ဝိုင်းစက်သွားတဲ့ သူမမျက်ဝန်းတွေကို သူ တမ်းတမက်မောစွာ ငေးကြည့်ရင်းနဲ့ သဘောကျစွာ ပြံုးလိုက်မိပြန်လေသည်။
"ချာတိတ် ကိုယ် ပြန်တော့မယ် ကျန်းမာရေးဂရုစိုက်နော်..."
"ဟုတ်..."
"စံအိမ်တော်ပြန်ရောက်ရင် ကိုယ် ချာတိတ်ကို လွမ်းနေရဦးမှာပဲ... ကိုယ့်ကို ဖုန်းနံပါတ်လေး ပေးပါလား ချာတိတ်..."
"ဖုန်းနံပါတ်..."
တကယ်လို့ ကိုး သူ့ကိုမပေးခဲ့ရင်လည်း ဖေဖေနဲ့မေမေတို့ဆီကနေ သူ ရအောင်တောင်းမှာပဲ။ အဲ့ဒီ့တော့မှ ဘာလို့မပေးတာလဲဆိုပြီး မေမေက ကိုးအပေါ်မှာ စိတ်ဆိုးဦးမှာ။
"ဘာလို့လဲ ချာတိတ်... ဖုန်းနံပါတ်မမှတ်မိလို့လား..."
ကိုး ခေါင်းရမ်းလိုက်ကာ
"မဟုတ်ပါဘူး ကိုး မှတ်မိပါတယ်..."
"အင်း... အဲ့ဒါဆို ပြောပြလေ..."
"09————————3"
"အင်း ကိုယ်မှတ်ထားလိုက်မယ်နော်..."
"ဟုတ်..."
သူ သူမရှေ့မှာပင် ဖုန်းနံပါတ်ကိုမှတ်လိုက်လေသည်။ ကြင်ယာတော်ဆိုပြီး နာမည်ပေးလိုက်တာကိုတော့ သူမမသိ။
"မောင်ဘုန်းရိပ် နေ့လည်စာ စားသွားပါလား..."
မေမေက ဘယ်လိုလုပ်ပြီး ရောက်လာမှန်း ကိုး မသိလိုက်ပေ။
"တော်ပါပြီ ဒေါ်လေး... ကျွန်တော် ကုမ္ပဏီကို သွားရဦးမှာမို့လို့ပါ..."
"ဟုတ်လား အဲ့ဒါဆိုလည်း နောက်မှပေါ့ကွယ်..."
"ဟုတ်ကဲ့..."
"နောက်ပြီး မာလာ့ကိုကျေးဇူးတင်ပါတယ်လို့လည်း ပြောလိုက်ပါဦး မောင်ဘုန်းရိပ်..."
"ဟုတ်ကဲ့ပါ ဒေါ်လေး... ကျွန်တော့်ကိုခွင့်ပြုပါဦး..."
"ကောင်းပါပြီကွယ်... သမီး လိုက်ပို့ပေးလိုက်ဦးလေကွယ်..."
"ဟင်..."
"ရပါတယ် ဒေါ်လေး... ချာတိတ်က ကောင်းကောင်းနေကောင်းသေးတာမဟုတ်ဘူး နေပါစေ ကျွန်တော်သွားတော့မယ်..."
ဒေါ်အိန္ဒြာထက် ပြံုးကာ ခေါင်းငြိမ့်ပြလိုက်လေသည်။ ဘုန်းရိပ် ကိုးကိုကြည့်လိုက်ကာ
"ချာတိတ် ကိုယ်ပြန်တော့မယ်နော်..."
"ဟုတ်ကဲ့..."
"နောက်ပြီး ကိုယ် ဖုန်းဆက်လို့ရတယ်မလား..."
"ရှင်... သြော် ဟုတ်ကဲ့..."
သူ သူမမျက်နှာလေးကို သဘောကျစွာ ငေးကြည့်ရာကနေ အိမ်ထဲကနေ ထွက်လာလိုက်တော့သည်။ ချစ်တယ် ချာတိတ်ရယ်။ ဝန်ခံရမယ်ဆိုရင် ကိုယ် မင်းကို အမြန်ဆုံးပိုင်ဆိုင်ချင်မိပြီ။
#####
"ဘာ..."
"ဟုတ်တယ် ကင်း... ကိုးက ကင်းကိုပြောပြဖို့အတွက် မရဲဘူးဖြစ်နေတာ..."
ချက်ချင်းဆိုသလို ပူလောင်လာတဲ့ ရင်ထဲကအစိုင်အခဲကို သူ ဘယ်လိုငြှိမ်းသတ်လိုက်ရမှန်းမသိခဲ့။ ဖုန်းပြောနေတဲ့လက်က တဆတ်ဆတ်တုန်လာသဖြင့် သူ စိတ်ကိုထိန်းလိုက်ရလေသည်။ ထို့နောက် ဆိုဖာမှာထိုင်လိုက်ပြီး
"အဓိပ္ပါယ်မရှိတာ စိမ်းရာ... တကယ်ဆိုရင် ဒီလိုကိစ္စကို တခြားလူတွေထက် ကိုး ကျွန်တော့်ကို အရင်ပြောပြသင့်တယ်..."
"တကယ်တော့ ကိုးလည်း အရမ်းခံစားနေရတာပါ ကင်းရယ်..."
"ခံစားနေစရာအကြောင်းမှမရှိတာဗျာ... ကိုးမှာ ချစ်သူတစ်ယောက်လုံးရှိနေတာပဲ... အဲ့ဒါကို အဲ့ဒီ့လူက မသိလူးလား..."
"ကိုးက သူ့မှာချစ်သူရှိပါတယ်လို့မှ အန်တီတို့ကိုမပြောတာ ကင်းရဲ့..."
"ဟင် မပြောဘူးလား..."
"ဟုတ်တယ် အဲ့ဒီ့အချိန်တုန်းက ကင်းကို ကိုးက အဖြေမှမပေးရသေးတာ... အဲ့ဒီ့တော့ ရှိတယ်လို့ မပြောခဲ့ရဘူးလေ..."
သူ အ့ံသြသွားသလို နားလည်းလည်သွားမိသည်။ အဲ့ဒီ့အချိန်တုန်းက သူ ကိုးဆီက အဖြေတောင်းထားတဲ့အချိန်ပဲရှိဦးမှာ။ အဲ့ဒါကြောင့်လည်း ကိုးကမပြောခဲ့တာနေမှာ။
"ဒါပေမယ့် အခုချိန်မှာ ကျွန်တော်က ကိုးရဲ့ချစ်သူတစ်ယောက်လေ. . ကျွန်တော် ကိုးကို ချစ်တယ်..."
"ကိုးလက်ထပ်ရမယ့်သူက ကိုးထက်ဆယ်နှစ်လောက်ကြီးတဲ့လူ... အဲ့ဒီ့လူက ကုမ္ပဏီပိုင်ရှင်တစ်ယောက်... နောက်ပြီးတော့ အရမ်းလည်းချောတယ် ကင်း..."
သူ့ရင်ထဲမှာ ပိုပြီးတောင်မှ နာကျင်သွားလေတော့သည်။ ဒါပေမယ့်
"သူ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ကျွန်တော် ကိုးကို အဆုံးရှုံးခံမှာမဟုတ်ဘူး စိမ်း... ဒါပေမယ့် စိမ်းတို့တွေ ကူညီပေးဖို့တော့ ကျွန်တော် တောင်းဆိုချင်ပါတယ်..."
ဖြစ်ရမယ်... ကိုယ်က သူတို့ကို ပြတ်စေချင်လို့ ကိုးမသိအောင် တမင်ဖုန်းဆက်ပြီးပြောပါတယ်ဆိုမှ ကူညီပေးရဦးမယ်။
"အင်းပါ စိမ်း ကူညီပေးပါ့မယ်... ဒါပေမယ့် စိမ်း ကင်းကို အခုလိုဖုန်းဆက်ပြောတာကို ဘယ်သူမှမသိပါဘူး..."
"သြော်... ကိုးလည်းမသိဘူးလား..."
"ဟုတ်ပါတယ်..."
"ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ မခံစားနိုင်တော့ဘူး စိမ်းရယ်... ကျွန်တော် အခု ကိုးနဲ့စကားပြောချင်တယ်... အဲ့ဒါကြောင့် ကျွန်တော် ကိုးကို ဖုန်းဆက်လိုက်ဦးမယ် စိမ်း... ကျွန်တော့်ကို အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်..."
"ဟင်... ကင်း... နေဦးလေ..."
"စိတ်ချပါ... ကျွန်တော့်ကြောင့် စိမ်းတို့သူငယ်ချင်းတွေကြားထဲမှာ မျက်နှာမပျက်စေရပါဘူး... တကယ်တော့ ဟိုတစ်နေ့က ကန်တင်းမှာ ကိုးရဲ့အမူအရာပျက်သွားကတည်းက တစ်ခုခုဆိုတာကို ရိပ်မိလိုက်ပါတယ်..."
စိမ်းလည်း အ့ံသြနေမိသည်။ ခညောင်းက ကိုးရဲ့စိတ်ကို အတွင်းကျကျသိနေတာဆိုတော့ တော်ရုံအချစ်တော့မဟုတ်ပေ။
"ကျွန်တော်က ကိုးရဲ့မျက်နှာတစ်ချက်ပျက်မှာကို ကမ္ဘာပြိုမတတ်ကြောက်ခဲ့ရသူပါဗျာ... အဲ့ဒါကြောင့် ကိုးရဲ့အရိပ်ကလေးကအစ အလွတ်ရအောင် ကျွန်တော်ချစ်တယ်..."
နောက်တော့မှ ဘာတွေဖြစ်လာမယ်ဆိုတာ မသိ။ အခုတော့ ကင်းက ကိုးအပေါ် ရူးရူးမိုက်မိုက်နဲ့ချစ်နေပြီဖြစ်သည်။ တော်ရုံနှောင့်ယှက်ရုံနဲ့ပျက်မှာမဟုတ်။ ဦးစဝ်ဘုန်းရိပ်ခေါင်က ချောတယ်ဆိုတာမှန်ပေမယ့် ကိုးကတော့ ကင်းကိုသာရွေးချယ်မယ်ဆိုတာ သူသိတယ်။ ဟူး... ဘယ်လိုလုပ်ရမလဲ။
"စိမ်းလည်းသိပါတယ် ကင်းရယ်... ကင်း ကိုးကို ဖုန်းဆက်ချင်ရင်ဆက်ပါ ဒါပေမယ့် စကားပြောရင် စဉ်းစားပြီးတော့တော့ ပြောစေချင်တယ်... စိမ်းကို ဆရာကြီးလုပ်တယ်လို့တော့ မထင်စေချင်ပါဘူး..."
"ဟုတ်ကဲ့... ဘာပဲပြောပြော ကျွန်တော် စိမ်းကို ကျေးဇူးတင်ပါတယ်..."
"ရပါတယ် ကင်း..."
"ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
သူ ဖုန်းချပြီးပြီးချင်း ကိုးကို ဖုန်းဆက်လိုက်လေသည်။
"တီ... တီ... တီ..."
ဖုန်းသံကြောင့် ကိုး ရင်တွေဒိန်းခနဲတုန်သွားမိလေသည်။ ဟိုလူများ ဆက်တာလားမသိ။ ကိုး ထိတ်လန့်စွာ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့
"ဟင်... ကိုကို..."
ရုတ်တရက်ဆိုတော့ ကိုး တကယ်ပဲလန့်သွားမိလေသည်။ ဘယ်တုန်းကမှ ဖုန်းမဆက်ခဲ့တဲ့ ကိုကို။ ဘယ်လိုလုပ်ပြီး ဒီနေ့မှ...။ ကိုး ဖုန်းကို အမြန်ကိုင်လိုက်ကာ
"ဟယ်လို ကိုကို..."
"ကိုး ဘာလို့ ကိုယ့်ကို အမှန်အတိုင်းမပြောပြရတာလဲ ကိုးရယ်..."
"ဟင်... ကိုကို ဘာပြောတာလဲ..."
"ကိုးမှာ မိဘတွေသဘောတူထားတဲ့သူရှိနေတာကိုလေ..."
"ကိုကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ..."
"ဘာလို့လဲကိုး... အဲ့ဒီ့ကိစ္စက ကိုယ်မသိသင့်တဲ့အရာမို့လို့လား..."
"မဟုတ်ဘူး ကိုကို... တကယ်တော့ အဲ့ဒီ့ကိစ္စကို ကိုး သိထားတာလည်း မကြာသေးပါဘူး... အဲ့ဒါကြောင့် ရုတ်တရက်ဆိုတော့ ကိုကို့ကိုပြောပြဖို့အတွက် ကိုးမှာ သတ္တိမရှိသေးလို့ပါ ကိုကိုရယ်..."
"ဘယ်လိုအခြေအနေပဲကြံုရကြံုရ ကိုယ် ကိုးကို စွန့်လွှတ်မှာမဟုတ်ဘူးနော် ကိုး... ကိုယ် ကိုးကိုချစ်တယ်..."
ကိုး တကယ်ပဲ ရင်တွေခုန်လာမိ၏။
"ကိုးလည်း ချစ်ပါတယ် ကိုကိုရယ်..."
"ဒေါက်... ဒေါက်..."
"သမီးရေ... ကိုး တံခါးဖွင့်ပါဦးကွယ်..."
"ဟင်..."
ကိုး ဖုန်းပြောနေရင်းကနေ ထိတ်လန့်ကာ ပြာယာခတ်သွားတော့သည်။
"ဟယ်လို ကိုကို... မေမေလာခေါ်နေလို့ ကိုး ဖုန်းချလိုက်တော့မယ်... ကိုး မနက်ခင်း ကျောင်းရောက်ရင် အကုန်လုံးရှင်းပြပါ့မယ် ကိုကိုရယ်..."
"အင်းပါ ဒါဆိုလည်း မနက်ဖြန်မှပြောမယ်နော်... ဒါပေမယ့် ဒီညတော့ ကိုယ်အိပ်ပျော်မှာ မဟုတ်တော့ဘူး ကိုး..."
"ကိုး... ကိုး တောင်းပန်ပါတယ် ကိုကို..."
"ဒေါက်... ဒေါက်..."
"သမီး... ကိုး..."
"ရှင် မေမေ..."
ထိတ်လန့်စွာထူးလိုက်တဲ့ သူမရဲ့အသံလေးကို သူ နှမြောတသ နားထောင်ရင်းနဲ့ ဖုန်းကို ချလိုက်ရတော့သည်။
"ကိုးရယ်..."
ဖုန်းချပြီးတာတောင်မှ ရင်ထဲမှာ ဝေဒနာက နာကျင်လာသလိုလို။ အခုမှပေါက်ဖွားလာခဲ့တဲ့ ဝေဒနာဆိုပေမယ့်လည်း သူ့ရင်ထဲမှာတော့ ဝေဒနာဟောင်းတစ်ခုကဲ့သို့ပင်။
အဲ့ဒီ့လူက ဘယ်လောက်တော်လို့ ဘယ်လိုပဲချောနေပါစေ သူ ကိုးကို အဆုံးရှုံးခံမှာမဟုတ်။ ကိုးက သူ့အတွက် နေရောင်... လရောင်ပဲ။ ကိုးမရှိဘဲနဲ့ သူ့ဘဝရှေ့လမ်းကို ကောင်းကောင်းလျှောက်နိုင်မှာမဟုတ်။ သူ့စိတ်ကူးထဲမှာ ကိုးနဲ့အတူရည်မှန်းထားခဲ့တဲ့ အနာဂတ်ပန်းတိုင်တွေက တစ်ခုနှစ်ခုမဟုတ်။ အများကြီးရှိတယ်။ အဲ့ဒီ့အတွက် ဘယ်လိုအခက်အခဲတွေပဲကြံုရကြံုရ သူ ကိုးကို စွန့်လွှတ်မှာမဟုတ်သလို အဆုံးရှုံးလည်းခံမှာမဟုတ်။ အဲ့ဒါ သူ ကိုးကိုချစ်တဲ့ သူ့ရဲ့သစ္စာပဲ...။
#######
"ကြင်ယာတော်..."
ကွန်တက်ထဲက ဖုန်းနံပါတ်လေးကို တစိမ့်စိမ့်ကြည့်ရင်း သူ ပြံုးနေမိလေသည်။ သူမအသံလေးကို ကြားချင်ပေမယ့်လည်း ဖုန်းမဆက်ရဲပေ။ ချာတိတ်ရယ် ကိုယ် မင်းကို ရုတ်တရက်ကြီး ဖွင့်ပြောခဲ့ရတယ်ဆိုပေမယ့်လည်း ကိုယ့်ရင်ထဲမှာ တကယ်ကိုမြတ်မြတ်နိုးနိုးချစ်မိခဲ့လို့ပါကွာ။ သူ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ လမင်းကြီးကိုကြည့်ကာ ပြံုးလိုက်ပြီး
သော်တာလမင်း ဘယ်ဆီပြေးလို့ ရှောင်းတိမ်းမလို့ ကြံရွယ်ကာနေသလဲ... ဒီလူမှာဖြင့် အလွမ်းတွေကာရံညှိရင်း အတွေးသံသရာလည်နေတော့မည်... ချစ်ရသူမျက်နှာ လမင်းထင်ကာ ငေးကြည့်ပါသော်လည်း လမင်းမှာကျီစယ်လို့ လရောင်နဲ့ဖျန်းပက်လေတယ်... အိုဘယ့်ချစ်သူ ကောင်မလေးရယ်...။
တစ်ယောက်ထဲတွေးကာ ကဗျာစပ်နေမိတဲ့ သူ့ကိုယ်သူ သဘောကျစွာ ရယ်လိုက်မိလေသည်။
ချာတိတ် မင်းသိလား... ကိုယ်က မင်းကိုချစ်မိမှ ရူးရတဲ့သူပါကွာ... မင်းကိုချစ်မိမှ ကာရံမညီတဲ့ကဗျာတွေ ကိုယ်ရေးစပ်နေမိတာကို ချာတိတ်ကတော့ သိမှာမဟုတ်ဘူး။ တကယ်တော့ ချာတိတ်ရယ် အချစ်မှာ ကိုယ်ကပဲ မင်းကိုတစ်ဖက်သတ်ချစ်နေသလိုမျိုးဖြစ်နေတာတော့ ကိုယ် တကယ်စိတ်မကောင်းဘူး။
ကိုယ်ယုံပါတယ် အခုချိန်မှာ မင်း ကိုယ့်ကို မချစ်နိုင်သေးရင်တောင်မှ နောင်တစ်ချိန်မှာတော့ မင်း ကိုယ့်ကိုချစ်လာမှာပါ။
"ဒေါက်... ဒေါက်..."
"တူတော်..."
"ဒွေးတော် ဝင်ခဲ့ပါ... ကျွန်တော် မအိပ်သေးဘူး..."
ဒွေးတော်က အခန်းထဲသို့ဝင်လာကာ ခုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ပြီး
"အချိန်မစောတော့ဘူးလေ တူတော်ရဲ့..."
"ဟုတ်ကဲ့ ကျွန်တော် တွေးစရာလေးတွေရှိနေလို့ပါ..."
"ဘယ်လို... တူတော့်မှာတွေးစရာတွေရှိနေတယ် ဟုတ်လား တူတော်..."
သူခေါင်းငြိမ့်ပြလိုက်တော့ ဒွေးတော်က အ့ံသြစွာဖြင့် သူ့မျက်နှာကို သေချာကြည့်နေလေသည်။
"ကြည့်ရတာ အလုပ်ကိစ္စကြောင့်တော့မဖြစ်နိုင်ဘူး တူတော်... ဒွေးတော်ကိုပြောပြပါ တူတော် ဘာဖြစ်လို့လဲ..."
ချာတိတ်နဲ့ပတ်သက်ပြီး ဒွေးတော်ကို မေးချင်တဲ့မေးခွန်းတစ်ခုရှိပေမယ့် သူ မဝ့ံရဲပေ။
"ပြောလေ တူတော်... ဘာလို့လဲ ကြင်ယာတော်နဲ့ပတ်သက်တဲ့မေးခွန်းလား..."
"ဗျာ ဒွေးတော် ဘယ်လိုသိလဲ..."
ဒွေးတော်က ပြံုးရင်း ခေါင်းငြိမ့်နေလေသည်။
"ဘာများလဲ တူတော် ပြောလေ..."
"ကြင်ယာတော်မှာ ချစ်သူရည်းစားမရှိဘူးမို့လား ဒွေးတော်..."
"သြော်... ဘာများလဲလို့တူတော်ရယ်... ကြင်ယာတော်မှာ ရည်းစားမရှိဘူးဆိုတဲ့မကြောင်း သူ့မိဘတွေကိုယ်တိုင်ပြောခဲ့တာပါကွယ်..."
သူ ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး ဘာမှမပြောဘဲ ငြိမ်ကာ စဉ်းစားနေမိလေသည်။ တော်သေးတာပေါ့... တော်ကြာ အခုချိန်မှ ချစ်ရတဲ့သူရှိပါတယ်ဆိုရင် သူရူးမှာပဲ။
"ဘာလို့လဲ တူတော် ဘာသတင်းတွေကြားထားလို့ခဲ..."
"ဗျာ... ဟင့်အင်း ဘာသတင်းမှ မကြားပါဘူး ဒွေးတော်..."
"တူတော့်မျက်နှာက စိုးရိမ်တဲ့အရိပ်တွေပေါ်နေတော့ ဒွေးတော်လည်း လန့်သွားတာပဲ တူတော်ရယ်..."
"ကျွန်တော့်ကြောင့် အခုလိုဖြစ်သွားလို့ တောင်းပန်ပါတယ် ဒွေးတော်..."
"ကဲပါ... တူတော်သိချင်တာလည်းသိရပြီမို့လား... အချိန်ကလည်းမစောတော့ဘူး အိပ်တော့လေ... တော်ကြာ အိပ်ရေးမဝရင် ခေါင်းကိုက်နေဦးမယ်..."
"ဟုတ်ကဲ့ပါ ဒွေးတော်..."
"ဒါဆို ဒွေးတော်လည်းသွားတော့မယ်..."
"ဟုတ်ကဲ့..."
ဒွေးတော် အခန်းထဲကထွက်သွားတော့မှပဲ သူ သက်ပြင်းချလိုက်မိတော့သည်။ ချာတိတ်မိဘတွေကိုယ်တိုင်ကပြောတယ်ဆိုတော့ မှန်မှာပါ။ မမှန်လို့မရဘူးချာတိတ်ရယ်... ကိုယ် ချာတိတ်ကို စွဲစွဲလန်းလန်းချစ်မိသွားတဲ့အတွက် အဲ့ဒီ့စကားက နည်းနည်းလေးမှ မှားလို့မဖြစ်ဘူး။ မဟုတ်ရင် ကိုယ် လက်ခံနိုင်မှာမဟုတ်ဘူး ချာတိတ်...။
#######
ဆက်ရန် - အခန်း(၉) Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now