### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၄)"ခွင့်လွှတ်ပါ ကိုကိုရယ်..."
ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ရင်းနဲ့ ကိုး မျက်ရည်တွေကျလာမိတော့သည်။ ကိုကိုနဲ့ ချစ်သူဖြစ်ပြီးချိန်မှာရိုက်ထားတဲ့ ဓာတ်ပုံလေးက ကိုးအတွက်တော့ အမှတ်တရပစ္စည်းတစ်ခုပါ။ မမှားခဲ့ပါဘူး ကိုကိုရယ်... ကိုး မှားခဲ့တာတွေပါ... မပြတ်သားတဲ့ကိုးကြောင့် ကိုး ကိုကိုနဲ့လမ်းခွဲရမှာ...။
"ကိုး... ကလေး..."
ကိုး မမရဲ့အသံကိုကြားပေမယ့် ပြန်မထူးမိဘဲ ကိုကို့အကြောင်းကို တွေးနေမိလေသည်။
"ကိုး..."
မမက အခန်းထဲသို့ဝင်လာကာ ဘာမှမပြောတော့ဘဲ ကိုးရဲ့အနားသို့ အပြေးလေးရောက်လာလေသည်။
"လာပါဦး ကလေးရေ... ဒီကိုလာကြည့်ပါဦး..."
မမကပြောလည်းပြော လက်တစ်ဖက်က ကိုးကိုဆွဲကာ နောက်လက်တစ်ဖက်က လက်ပ်တော့ကို ကိုင်ထားလေသည်။ ကိုးလက်ကိုဆွဲပြီး ခုတင်ပေါ်မှာအတူထိုင်ခိုင်းရင်းနဲ့ လက်တော့ပ်ကို ဖွင့်လိုက်ကာ
"ဒီမှာကြည့်ဦးကလေး... ခညောင်းရှင်က သူ့အသိတစ်ယောက်ရဲ့ပါတီမှာ သူ ချစ်ရသူအတွက်ပါဆိုပြီး သီချင်းဆိုပေးတာတဲ့..."
"ဟင်..."
ကိုး မျက်ရည်တွေကို ကမန်းကတမ်းသုတ်လိုက်ကာ မမရဲ့လက်တော့ပ်ကို သေချာကြည့်လိုက်လေသည်။
"ဒီသီချင်းလေးက ကျွန်တော့်ရင်ထဲကခံစားချက်တွေနဲ့ တိုက်ဆိုင်လွန်းလို့ပါ... နောက်ပြီး ကျွန်တော်ချစ်ရတဲ့ မိန်းကလေးအတွက်ပါ..."
ကိုးရဲ့အကြည့်တွေက မမလက်တော့ပ်ထဲက ကိုကို့ရဲ့မျက်နှာဆီမှာသာ ရောက်နေမိတော့သည်။ ကိုကို ဂစ်တာတီးလည်းကောင်းသဖြင့် ဂစ်တာကို ကိုယ်တိုင်တီးကာ သီချင်းဆိုရန် ဟန်ပြင်နေ၏။
🎻🎻🎻
မလွန်ဆန်နိုင် နှလုံးသားထဲရစ်နှောင်တွယ်
ပတ်လို့ဖြင့်ထားတော့လည်း အတွေးခက်တဲ့သံယောဇဉ်
ငယ်ရွယ်သူဖြစ်တော့လည်းချစ်တာပဲ
ဦးစားပေးသိနေတယ် အတွေးခက်တဲ့ဇာတ်လမ်းမှာ
ကြားလူတွေဖျက်လို့တော့ နောက်မဆုတ်ဘူး
စမိတဲ့အချစ်တွေကို ရုပ်သိမ်းဖို့ မတောင်းဆိုနဲ့
ငါ့အသိထဲ မင်းတစ်ယောက်ပဲ ငဲ့ညှာမယ်
ဒို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့ ငါ ဘယ်သူ့မှ ဂရုမစိုက်နိုင်...
🎻🎻🎻
ကိုကို့အသံမှာ ကြေကွဲနေတဲ့အသံတွေပါနေတာကို ကိုးသိတာမို့ ကိုးရင်ထဲမှာလည်း နာကျင်သွားမိလေသည်။
🎻🎻🎻
ရင်ခွင်မှာ ပစ်ပြီးလို့ စိုက်နေမှ ဆွဲနှုတ်ဖို့မလုပ်နိုင်ဘူး
ကိုယ့်အသက်ကိုယ် ကိုယ်သနားတယ်...
အကြင်နာတွေ ပေးပြီးလို့လက်လွန်မှ
မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး မေ့ရမှာမလွယ်လှပါ
ကြားလူတွေဖျက်လို့တော့ နောက်မဆုတ်ဘူး
စမိတဲ့အချစ်တွေကို ရုပ်သိမ်းဖို့ မတောင်းဆိုနဲ့
ငါ့အသိထဲ မင်းတစ်ယောက်ပဲ ငဲ့ညှာမယ်
ဒို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့ ငါ ဘယ်သူ့မှ ဂရုမစိုက်နိုင်...
ကြားလူတွေဖျက်လို့တော့ နောက်မဆုတ်ဘူး
စမိတဲ့အချစ်တွေကို ရုပ်သိမ်းဖို့ မတောင်းဆိုနဲ့
ငါ့အသိထဲ မင်းတစ်ယောက်ပဲ ငဲ့ညှာမယ်
ဒို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့ ငါ ဘယ်သူ့မှ ဂရုမစိုက်နိုင်...
🎻🎻🎻
ကိုး မျက်ရည်တွေ အဆက်မပြတ်ကျလာလေတော့သည်။ ကိုကို့မျက်နှာသည်လည်းမကောင်းပါ။
"ကလေးရယ်..."
မဏိလည်း ကိုးကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိတော့သည်။ ချစ်လျက်နဲ့ဝေးရတဲ့ဒုက္ခကို မဏိမခံစားဖူးပေမယ့်လည်း ကိုးကိုကြည့်ပြီး မဏိနားလည်လိုက်ပါပြီ။
"မမရယ်... ကိုးလေ ကိုး ကိုကို့အတွက် အခုလိုလုပ်ခဲ့တာပါ... ကိုကိုကောင်းစားဖို့အတွက်... ကိုကိုဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ဖို့အတွက် ကိုး ကိုကိုနဲ့လမ်းခွဲခဲ့တာပါ... ကိုး ကိုကို့ကိုမချစ်လို့မဟုတ်ပါဘူး..."
မဏိ လက်တော့ပ်ကိုပိတ်လိုက်ပြီး ကိုးရဲ့ပခုံးကို ဖက်လိုက်ကာ
"မငိုပါနဲ့ ကလေးရယ်... ကလေးရဲ့အချစ်တွေကို ခညောင်းရှင်နားလည်မှာပါကွယ်..."
ကိုး ကလေးတစ်ယောက်လိုမျိုး မမရဲ့ခါးကိုဖက်ထားလိုက်ကာ အားရပါးရငိုလိုက်မိတော့သည်။
"ကိုကိုက ကိုးကို နားမလည်သေးဘူး မမရယ်... ကိုကို ကိုးကို မုန်းသွားပြီ... ကိုးသိတယ် ကိုကိုက ကိုးအပေါ်မှာ စိတ်နာသွားခဲ့တာပါ..."
"သြော်... သူက အခုချိန်မှာ ကလေးရဲ့စေတနာကို နားမလည်သေးလို့ပါ ကလေးရယ်... တိတ်တော့ မငိုနဲ့တော့နော်... တော်ကြာ မနက်ခင်း ဦးစဝ်ဘုန်းရိပ်ခေါင် ကလေးဆီလာတဲ့အချိန် ကလေးမျက်လုံးတွေသာ မို့အစ်နေမယ်ဆိုရင် ငိုထားတာကို သိသွားလိမ့်မယ်..."
"အဟင့်... ဟင့်..."
မဏိပြောမှပဲ ကိုးက ပိုပြီး ငိုလာတယ်လို့ မဏိထင်မိတော့သည်။
"ကလေး... တော်ပါတော့ဆိုကွယ်..."
"မမရယ်... ကိုး အားရပါးရငိုချင်သေးတယ်..."
"ကလေး ခဏခဏငိုနေတာပဲလေ..."
"ကိုး သိပါတယ် မမရယ်... ကိုးလုပ်နေတဲ့အရာတွေအားလုံးက ကိုကို့အတွက်ဆိုတာ ကိုကိုမသိတာပဲကောင်းပါတယ်..."
"သြော် ကိုးရယ်... သူမသိရင် ကိုးအပေါ် ဘယ်လိုလုပ်နားလည်ပေးနိုင်ပါ့မလဲ..."
ကိုး ခေါင်းကိုဖြည်းညင်းစွာ ရမ်းလိုက်ပြီး
"သိသွားခဲ့ရင် ကိုကိုလည်း နာကျင်ရမှာ မမရယ်... ကိုကိုနာကျင်မှာကိုလည်း ကိုး မဖြစ်စေချင်ဘူး..."
မဏိ ညီမဖြစ်သူကိုကြည့်ကာ စိတ်ထဲမှာလည်း မကောင်းဖြစ်နေမိလေသည်။
"ကလေးရယ်..."
"တီ... တီ... တီ..."
စားပွဲပေါ်မှာ တုန်ခါနေတဲ့ဖုန်းကို ကိုး ဂရုမစိုက်နိုင် ပစ်ထားသဖြင့် မဏိ လှမ်းယူလိုက်လေသည်။ နာမည်ကိုကြည့်လိုက်ကာ မျက်လုံးပြူးသွားလေသည်။
"ကလေး... ဦးစဝ်ဘုန်းရိပ်ခေါင်ဆီက ဖုန်းလာနေတယ်..."
"ကိုး မပြောချင်ဘူး မမ... မမပဲပြောလိုက်ပါ ကိုးနေမကောင်းဘူးလို့..."
"ဖြစ်ပါ့မလား ကလေးရယ်..."
"ရပါတယ်..."
မဏိ ကိုးကိုကြည့်ရင်းနဲ့ ဖုန်းကိုကိုင်လိုက်ကာ
"ဟယ်လို..."
"ဟယ်လို... ကျွန်တော် ချာတိတ်နဲ့ ဖုန်းပြောချင်လို့ပါ..."
တော်တော်များများက မဏိနဲ့ကိုးကို အသံတူတယ်လို့ပြောကြပေမယ့်လည်း ဦးစဝ်ဘုန်းရိပ်ခေါင်ကတော့ ကိုးရဲ့အသံကို သေချာစွာ မှတ်ထားသည့်ပုံပင်... မဏိရဲ့အသံကိုကြားကြားချင်း ကိုးမဟုတ်မှန်းသိလေသည်။
"ဟို... ကိုး နေသိပ်မကောင်းလို့ အိပ်နေပါတယ်... ရှင် ကိုးကို ဘာများပြောစရာရှိလို့လဲ..."
"ဟုတ်လား... ဘယ်လိုဖြစ်တာလဲ..."
"အအေးမိတာပါ... ဒါနဲ့ ရှင်ပြောမယ့်စကားက အရေးကြီးလို့လား..."
"ဟုတ်ပါတယ် ချာတိတ်နဲ့ပြောမှဖြစ်မှာမို့လို့ပါ..."
"သြော်..."
မဏိ ဖုန်းကိုလက်နဲ့ပိတ်ထားရင်းနဲ့ ကိုးကိုကြည့်လိုက်ကာ အသံတိုးတိုးလေးဖြင့်...
"ကိုးနဲ့ပြောမှဖြစ်မှာတဲ့..."
"ဟင်..."
ကိုး မျက်ရည်တွေကိုကမန်းကတမ်းသုတ်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး မမလက်ထဲက ဖုန်းကို ယူလိုက်လေသည်။
"ဟယ်လို ဦး..."
"ချာတိတ် နေမကောင်းဘူးဆို..."
ဦးရဲ့စိုးရိမ်သံကြောင့် ကိုး လိပ်ပြာမလုံဖြစ်သွားမိလေသည်။
"ဟုတ် ကိုး အအေးမိနေတာပါ..."
"သက်သာရဲ့လား ချာတိတ်ရယ်..."
"ဟုတ်ကဲ့ ကိုး ဆေးသောက်ထားပါတယ်..."
"ကျန်းမာရေးဂရုစိုက်ပါ ချာတိတ်ရယ်... ကိုယ်က ချာတိတ်ကို အရမ်းစိတ်ပူတာ... အဲ့ဒါကြောင့်လည်း ချာတိတ်နဲ့ အမြန်ဆုံးနီးစပ်ချင်တာ..."
သူ့စကားကြောင့် ကိုး ရင်ခုန်သံတွေ မှားယွင်းသွားတော့သည်။ ဟင့်အင်း အဲ့ဒါ အချစ်မဟုတ်ပါ...။
"ဟို... ကိုးကို ဘာပြောစရာရှိလို့လဲ..."
"သတိရလို့..."
"ရှင်..."
သူ့စကားကြောင့် ကိုး အ့ံသြသွားလေသည်။
"ဟို အရေးကြီးတဲ့စကားပြောမလို့ဆို..."
"မဟုတ်ဘူး... အဲ့ဒါ ကိုးရဲ့မမယုံအောင်လို့လေ... ကိုယ် အဲ့လိုပြောလိုက်လို့ အခုလို ချာတိတ်ရဲ့အသံလေးကိုကြားရတာပေါ့ မဟုတ်ဘူးလား..."
"ဟင်..."
သူ့ရဲ့လူလည်ကျမှုကို ကိုး နားလည်မိသွားကာ ပြံုးလိုက်မိလေသည်။
"တကယ်ပြောတာ ချာတိတ်ရဲ့... တကယ်လို့ ချာတိတ်ရဲ့အသံကိုသာ မကြားရရင် ဒီည ကိုယ်အိပ်ပျော်မှာမဟုတ်ဘူး..."
သူ့စကားတွေကို သာယာမိတာမဟုတ်ပေမယ့်လည်း ကိုး သူ့ကို ဘာမှပြန်မပြောမိပါ။
"ကိုယ်တို့ရဲ့လက်ထပ်ပွဲကို ချာတိတ်ရဲ့ဆန္ဒအတိုင်း သာမန်ခန်းမလေးတစ်ခုမှာ သာမန်လေးလုပ်ကြမယ်နော်... ပြီးတော့ ကိုယ်တစ်ခုတောင်းပန်ချင်တာရှိတယ် ချာတိတ်..."
"ဟုတ်..."
"ကိုယ်တို့တွေ လက်ထပ်ပြီးရင် စံအိမ်တော်မှာပဲ နေရအောင်လေ... ဟို ကိုယ် ဒီလိုပြောလိုက်လို့ ချာတိတ်ရဲ့ဆန္ဒအတိုင်း မလုပ်ပေးဘူးလို့တော့ မထင်လိုက်နဲ့နော် ချာတိတ်..."
အမှန်အတိုင်းပြောရရင် သူ ရှင်းပြနေတာတွေကို ကိုး စိတ်မဝင်စားပေ... ဘာကြောင့်ပဲဖြစ်ဖြစ် သူနဲ့လက်ထပ်ဖို့ကိစ္စက ရှောင်လွှဲလို့ရတော့မှာမှ မဟုတ်တာ...။
"ခမည်းတော်နဲ့မယ်တော်လည်း စံအိမ်တော်မှာရောက်နေတာဆိုတော့ ခဏလောက်ပဲဖြစ်ဖြစ် ကိုယ်တို့တွေ စံအိမ်တော်မှနေကြမယ်လေ... တစ်လလောက်ပါပဲ... ပြီးတော့မှ ကိုယ်တို့တွေ သပ်သပ်နေကြမယ်နော် ချာတိတ်..."
"ဟုတ် ဦးရဲ့သဘောပါပဲ..."
"ကျေးဇူးပါ ချာတိတ်..."
"ဦး တခြားပြောစရာမရှိတော့ရင် ကိုး ဖုန်းချလိုက်တော့မယ်လေ... ကိုး အိပ်ချင်လို့ပါ..."
"အင်း... သြော် ဒါနဲ့ ကိုယ် ပြောစရာတစ်ခုရှိသေးတယ်..."
"ဟုတ်..."
"ချာတိတ်ရဲ့သူငယ်ချင်း ခညောင်းရှင်က ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားတယ် ချာတိတ်... သူက ကိုယ်တို့ကုမ္ပဏီရဲ့ ပင်တိုင်မော်ဒယ်ဖြစ်နေတော့ စာချုပ်အရဆိုရင်တော့ သူ လက်ခံလို့မရဘူး... ဒါပေမယ့် ချာတိတ်ရဲ့မျက်နှာကြောင့် ကိုယ် ခွင့်ပြုပေးလိုက်တယ် ချာတိတ်..."
"ဟင်..."
ကိုး အ့ံသြလည်းအ့ံသြ ဝမ်းလည်းဝမ်းသာသွားမိလေသည်။ အဲ့ဒါဆို မကြာခင် ကိုကိုက အောင်မြင်လာတော့မှာပဲ ဝမ်းသာလိုက်တာ။
"ချာတိတ် ပျော်နေတယ်မို့လား..."
"ရှင်..."
ကိုးရင်ထဲကခံစားချက်တွေကို သူ ဘယ်လိုသိနေတာလဲ...
"ချာတိတ်ပျော်ရင် ကိုယ် ကျေနပ်ပါတယ်..."
"ဟုတ် ကျေးဇူးတင်ပါတယ် ဦး..."
"အင်းပါ... ဒါဆို ချာတိတ်အိပ်တော့လေ... ကိုယ်တို့တွေ မနက်မှတွေ့တာပေါ့..."
"ဟုတ်..."
ကိုး ဖုန်းကိုချလိုက်တော့ မမက ကိုးကိုသေချာကြည့်လာကာ
"ဘာတဲ့လဲ ကိုး..."
"မမ... မကြာခင်မှာ ကိုကိုဖြစ်ချင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တော့မယ်..."
"ဟင်..."
"ဟုတ်တယ် မမ... အဲ့ဒါ ဦးကြောင့်ပါ..."
"သြော်... အဲ့ဒါကြောင့် ကလေးပျော်နေတာပေါ့..."
"ဟုတ်တယ် မမ... ကိုး အရမ်းပျော်တာပဲ..."
မဏိ ကိုးကိုကြည့်ပြီး သဘောကျစွာ ပြံုးလိုက်မိ၏။ သြော်... ခညောင်းရှင်ကိုချစ်တဲ့ ကိုးရဲ့အချစ်က နက်နဲသလို ကိုးကိုချစ်တဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်ရဲ့အချစ်ကလည်း မခေပါလားနော်... ဟူး... ရင်မောစရာပဲ...။
#######
"ငါ ချစ်ခဲ့တာ အပျော်မှမဟုတ်ခဲ့တာ..."
ရာဇာ့မျက်နှာကတော့ သိသာစွာပျက်ယွင်းနေတော့သည်။ စိမ်းကတော့ အပေါ်ယံစိတ်မကောင်းပေမယ့် ရင်ထဲမှာတော့ ကြိတ်ပြီးဝမ်းသာနေလေသည်။
"ကိုး အရမ်းလွန်တာပေါ့ကွာ..."
"ကိုးက အဲ့ဒီ့လူကို သဘောကျနေတဲ့ပုံပဲ ကင်း..."
"ဟင့်အင်း... ကိုးက အဲ့လိုလူမျိုးမဟုတ်ဘူး... ကိုး ကျွန်တော့်ကိုချစ်တယ်ဆိုတာ ကျွန်တော်သိတယ် စိမ်း..."
စိမ်း မသိမသာသက်ပြင်းချလိုက်ရင်းနဲ့ ခညောင်းကိုကြည့်လိုက်ကာ
"စိမ်းက ကိုးရဲ့သူငယ်ချင်းအရင်းကြီးပါ ခညောင်းရယ်... ကိုးရဲ့စိတ်ကို စိမ်းသိတယ်... ကိုးသာ ကင်းကို တကယ်ချစ်တာဆိုရင် ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ လက်ထပ်ဖို့ အလွယ်တကူလက်ခံပါ့မလား... ပြီးတော့ ကင်းကို အလွယ်တကူလမ်းခွဲစကားပြောပါ့မလား ကင်းရယ်..."
"အဲ့ဒါတော့ မှန်တယ် ခညောင်း... ကိုးသာ မင်းကို တကယ်ချစ်တယ်ဆိုရင် အခက်အခဲအားလုံးကို မင်းနဲ့အတူတိုင်ပင်ပြီး ဖြေရှင်းမှာပေါ့..."
"ဟုတ်တယ် စိမ်းပြောချင်တာလည်း အဲ့ဒါပဲ..."
"မသိဘူးကွာ... အခုတော့ ငါရူးချင်တာပဲ သိတယ်... ကိုး ငါ့ကို ဘယ်တော့မှ လမ်းခွဲစကားမပြောဘူးလို့ထင်ခဲ့တာ..."
"ခညောင်းရာ..."
"ကင်း... လက်မှတ်ထိုးပေးပါဦး..."
အနားသို့ရောက်လာတဲ့ မိန်းကလေးအုပ်စုကြောင့် ခညောင်းစိတ်ညစ်သွားမိလေသည်။
"ကင်းက ဗွီဒီယိုရိုက်နေတာဆို ဟုတ်လား ကင်း..."
သူ အတတ်နိုင်ဆုံးပြံုးလိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါတယ်..."
"အစကတည်းက သရဖီပြောပါတယ် ကင်းရယ်... ကင်းက မင်းသားလုပ်ရမှာပါဆို..."
သရဖီဆိုတဲ့တစ်ယောက်ကို သူ သေချာမသိပေမယ့် ခေါင်းပဲငြိမ့်ပြလိုက်မိလေသည်။
"ကင်းက မင်းသားလုပ်မှာကို ကိုးအသင်္ချေကရော လက်ခံလား... ကင်း..."
စာအုပ်ပေါ်မှာ လက်မှတ်ထိုးပေးနေရင်းကနေ သူ တွန့်ဆုတ်ကာ ရပ်တန့်သွားမိလေသည်။ ရင်ထဲမှာလည်း ဆစ်ကနဲ နာကျင်သွားမိ၏။
"ကိုးက လက်ခံတာပေါ့... တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်ကြလို့တောင် ချစ်သူတွေဖြစ်နေကြပြီပဲ..."
စိမ်းက ကြားထဲကနေ ဝင်ပြောပေးလာတော့မှ သူ လက်မှတ်ကိုဆက်ထိုးပေးလိုက်ကာ စာအုပ်ကို ပြန်ပေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ကင်း... နောက်လည်း လမ်းမှာတွေ့ရင် နှုတ်ဆက်ခွင့်ပြုနော်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
"ဒါဆို သရဖီတို့ကို ခွင့်ပြုပါဦး..."
"ဟုတ်ကဲ့..."
အနားကနေထွက်သွားကြတဲ့ သူတို့သုံးယောက်ကိုကြည့်ပြီး စိမ်း မျက်စောင်းထိုးလိုက်ကာ
"တော်တော်အာချောင်ကြတာပဲ..."
"ထားလိုက်ပါ စိမ်းရာ... သူတို့သုံးယောက်အကြောင်းကို စိမ်း သိရဲ့သားနဲ့... တကယ်လို့ ခညောင်းနဲ့ကိုးတို့ လမ်းခွဲပြီးတာသာသိသွားခဲ့ရင် သူတို့သုံးယောက်ကြောင့် ခညောင်းလည်း ရစရာမရှိအောင် အပြောခံနေရမှာ..."
"ပြောကြည့်ပါလား ငါနဲ့တွေ့သွားမှာပေါ့..."
စိမ်း မခံချင်စိတ်ဖြင့် ပြောလိုက်တော့ ရာဇာက ရယ်နေလေသည်။ စိမ်း ရာဇာ့ကို မျက်စောင်းထိုးလိုက်ပြီး
"နင်က ဘာရယ်တာလဲ... ငါ တကယ်ပြောနေတာ..."
"အေးပါဟာ... ငါ ယုံပါတယ်..."
သူတို့နှစ်ယောက်က ပြောကာ ရယ်နေကြပေမယ့်လည်း ခညောင်းကတော့ ငြိမ်သက်ကာနေလေသည်။ ကိုးရယ်... နင် ကင်းကိုလမ်းခွဲလိုက်လို့ ငါ ကျေးဇူးတင်ပေမယ့် ကင်း နာကျင်နေရတာကိုကြည့်ပြီး ငါ နင့်ကို မုန်းတယ်...။ ကင်းက နင့်ကို ဒီလောက်ချစ်ခဲ့တာတောင်မှ နင် ရက်စက်ရက်တယ်။ ဒါပေမယ့် ငါ့ရဲ့အချစ်တွေနဲ့ ကင်းရဲ့ဒဏ်ရာတွေကို ကုသပေးမယ်။ ငါ ကင်းကို သနားတယ်... ပြီးတော့ ချစ်တယ်...။
#######
"ဖိတ်စာက ဒီလောက်လှမယ်လို့ မာလာမထင်ထားခဲ့ဘူး အစ်မတော်ရယ်..."
"အစ်မတော်ရဲ့ မိတ်ဆွေက သားတော်အတွက် သီးသန့်ဒီဇိုင်းထွင်လိုက်တာ ညီမတော်ရဲ့... အစ်မတော်လည်း အရမ်းသဘောကျတယ်..."
ဒေါ်နန်းခမ်းမာလာက ဖိတ်စာကိုကြည့်ကာ ပြံုးနေသလို ဒေါ်နန်းဆက်ဧကရီကလည်း ဒေါ်နန်းခမ်းမာလာကိုကြည့်ကာ ပြံုးနေလေသည်။ ရွှေပုရပိုက်ပုံစံစာလိပ်လေးကို ယွန်းသေတ္တာလေးထဲမှာထည့်ထားသည့်ပုံမှာ သူတို့မျိုးနွယ်အတွက် အဆန်းတကြယ်မဟုတ်ပေမယ့်လည်း သူတို့တွေ သဘောကျနေကြတာအမှန်ပင်။ ပုရပိုက်ပေါ်မှာ နှစ်ဖက်စလုံးရဲ့နာမည်တွေကိုရေးကာ သတို့သားသတို့သမီးပုံကိုလည်း ခပ်ရေးရေးလေးပဲထည့်ထားလေသည်။ ခပ်ရေးရေးလေးပဲဆိုပေမယ့်လည်း သူမမျက်လုံးရှေ့မှာ အတူတွဲရိုက်ထားတာမို့ ဒေါ်နန်းဆက်ဧကရီ ယခုအချိန်ထိ မျက်လုံးထဲမှာ ထင်ထင်ရှားရှား မြင်နေမိသေးသည်။ ဒါပေမယ့် သူမပဲစိတ်ထင်လို့လားမသိ မိန်းကလေးရဲ့မျက်နှာက ရွှင်လန်းမှုမရှိဘူးလို့ထင်နေမိသည်။
"နှစ်ယောက်လုံးက တကယ်လိုက်ဖက်တာပဲနော် အစ်မတော်..."
"တစ်ယောက်နဲ့တစ်ယောက် နှစ်သက်မှုရော ရှိကြရဲ့လား ညီမတော်..."
"ရှင်..."
အစ်မတော်ရဲ့မေးခွန်းကြောင့် ဒေါ်နန်းခမ်းမာလာ အ့ံသြသွားမိလေသည်။
"အစ်မတော်ရဲ့မျက်လုံးထဲမှာတော့ ချွေးမတော်က သားတော်အပေါ် နှစ်သက်ပုံမပေါ်ဘူး..."
"တူတော်က အဲ့ဒီ့မိန်းကလေးကို အရမ်းချစ်တာ အစ်မတော်ဖုရားရဲ့..."
"အဲ့ဒါကို အစ်မတော် သိပါတယ်... သားတော်က ထိမ်းမြားမှုကို ချွေးမတော်ရဲ့ဆန္ဒအတိုင်း ဖြစ်စေချင်ကတည်းက အစ်မတော်သိတယ်... အစ်မတော်သိချင်တာက ချွေးမတော်က သားတော်ကို ချစ်ခင်ရဲ့လား..."
"ထိမ်းမြားမှုကိုလက်ခံတယ်ဆိုတော့ တူတော့်အပေါ် ချစ်ခင်တယ်လို့တော့ ညီမတော်လည်းထင်ပါတယ်..."
ဒေါ်နန်းဆက်ဧကရီ သက်ပြင်းချလိုက်သော်လည်း နုပျိုမှုကိုမဖုံးကွယ်နိုင်ခဲ့ပါ။ နက်မှောင်နေတဲ့ဆံကေသာတွေက မျက်ဝန်းတွေနဲ့အပြိုင် တောက်ပနေကြလေသည်။
"အဲ့ဒါဆိုလည်း ကောင်းပြီ ညီမတော်... ဒါပေမယ့် သားတော်ရဲ့ထိမ်းမြားမှုပြီးသွားရင် ချွေးမတော်ရဲ့ဆန္ဒအတိုင်း အားလုံးလုပ်ပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
ဒေါ်နန်းခမ်းမာလာ ရွှေပုရပိုက်ဖိတ်စာကို ယွန်းသေတ္တာရှည်လေးထဲသို့ စနစ်တကျပြန်ထည့်လိုက်လေသည်။
"ဖိတ်စာကမ်းရမယ့် လူဦးရေရော ရပြီလား ညီမတော်..."
"ဟုတ်ကဲ့ ရပြီးပါပြီ အစ်မတော်... ကိုးအသင်္ချေရဲ့မိဘတွေက သူတို့ဘက်ကဖိတ်ရမယ့်စာရင်းတွေကို လာပေးသွားပါတယ်..."
"အင်း..."
"သူတို့ကလည်း ဖိတ်စာကိုကြည့်ပြီး သဘောကျနေကြတာ..."
ဒေါ်နန်းဆက်ဧကရီ ပြံုးတယ်ဆိုရုံသာပြံုးလိုက်ပြီး အိန္ဒြေကို ပြန်ထိန်းလိုက်ကာ
"ဟုတ်လား... ဒီဖိတ်စာအကြောင်းရော မေးသေးလား..."
"ညီမတော်လည်း သေချာမသိလို့ မပြောပြဖြစ်ခဲ့ပါဘူး အစ်မတော်..."
"အင်း... ဒါဆို အစ်မတော်ပြောပြမယ်... နောက်နေ့ ညီမတော်အချိန်ရရင် ပြောပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
"အစ်မတော်ရဲ့မိတ်ဆွေတစ်ယောက်က ယွန်းထည်လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ကြတယ်... သူတို့က သားတော်ရဲ့ထိမ်းမြားမှုကို ခမည်းတော်နဲ့မယ်တော်ထက်တောင်မှ အများကြီးမျှော်လင့်ထားကြတာတဲ့..."
"သြော်... ဟုတ်ကဲ့ပါ အစ်မတော်..."
"ထိမ်းမြားမှုသတင်းကိုမကြားခင်ကတည်းက ဖိတ်စာအတွက်ရည်ရွယ်ပြီး ယွန်းသေတ္တာရှည်လေးတွေကို ကြိုပြီးလုပ်ထားခဲ့တာ လအတော်ကြာတယ်လို့ပြောတယ်..."
"သြော်... ကြာပြီပဲ..."
"အင်း... ဟုတ်တယ်... အဓိကကတော့ သူတို့ရဲ့ကျေးဇူးကြောင့် အခုလိုမျိုး အဆင်ပြေသွားတာပေါ့..."
"ဟုတ်တယ် အစ်မတော်... ညီမတော်တို့မျိုးရိုးအတွက် မျက်နှာလည်းပွင့်ရတာပေါ့..."
ဒေါ်နန်းဆက်ဧကရီ ထောက်ခံသည့်သဘောဖြင့် ပြံုးကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"သူတို့ကို ကျေးဇူးတင်စကားပြောရဦးမယ်..."
"ဟုတ်ကဲ့မမ..."
"မနက်ဖြန် ခမည်းခမက်တို့အတွက် ယွန်းထည်ပစ္စည်းတစ်ခုခု လက်ဆောင်ဝယ်ပေးရင်းနဲ့ ကျေးဇူးတင်စကားသွားပြောဖို့ အစ်မတော်စဉ်းစားမိတယ်... ဘယ်လိုလဲ ညီမတော်..."
"ကောင်းတဲ့အစီအစဉ်ပါ အစ်မတော်..."
"အဲ့ဒါဆိုရင် မနက်ဖြန် အစ်မတော်တို့ အတူတူသွားကြမယ်နော်..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
"ဒါနဲ့ သားတော်ဘယ်သွားလဲ..."
"ကုမ္ပဏီကိုသွားပါတယ် အစ်မတော်..."
"အင်း... ကောင်းပြီ ညီမတော်... အစ်မတော်ကတော့ ဒီထိမ်းမြားမှုကို အမြန်ဆုံးပြီးစေချင်တယ်... သားတော်ပျော်နေတာကိုမြင်ရတဲ့အတွက် အစ်မတော်လည်း ကျေနပ်မယ်... ဒါပေမယ့်..."
အစ်မတော်ပါးစပ်ကနေဆက်ပြောလာမယ့်စကားတွေကို ဒေါ်နန်းခမ်းမာလာစိတ်ထဲကနေ အလိုလိုသိနေမိသည်။
"စိတ်မပူပါနဲ့ အစ်မတော်ရယ်... ကိုးအသင်္ချေက တူတော့်အပေါ်မှာ မေတ္တာရှိပါတယ်... အဲ့ဒါကြောင့်ပဲ တူတော်ဘယ်သွားသွား တူတော်နဲ့အတူလိုက်တယ်လေ... အစ်မတော်က စိတ်အပူလွန်လို့ပါ တကယ်တော့ တူတော်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မေတ္တာရှိကြပါတယ်..."
"အစ်မတော်လည်း အဲ့လိုပဲထင်ပါတယ်လေ..."
"ဟုတ်ပါတယ်... စိတ်မပူပါနဲ့..."
"အင်းပါ ဟုတ်ပါပြီ... အဲ့ဒါဆို အစ်မတော် ဘုရားဝတ်ပြုဖို့ သွားလိုက်ဦးမယ်..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
အစ်မတော်ထွက်သွားတာကိုကြည့်ကာ ဒေါ်နန်းခမ်းမာလာ သက်ပြင်းချလိုက်မိတော့သည်။ အစ်မတော်ထင်ထားသလို သူမလည်း အဲ့လိုပဲထင်ထားခဲ့မိသည်။ ဒါပေမယ့် တူတော်လည်း ပျော်နေသဖြင့် သူမလည်း ငြိမ်နေခဲ့မိသည်။ ကိုးအသင်္ချေ တူတော့်အပေါ်မှာ ကောင်းဖို့ သူမလည်း မျှော်လင့်မိပါတယ်။
#######
ဆက်ရန် - အခန်း(၁၅)
Eain Mat Kyal
YOU ARE READING
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...