အခန်း(၂၂)

96 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၂)

"သူဆိုတာ သေချာလား..."
"သေချာတယ် သခင်လေး... သူက သခင်လေးစဝ်ဘုန်းရိပ်ခေါင်ရဲ့မဟာဒေဝီ ကိုးအသင်္ချေရဲ့ ရည်းစားဟောင်းပါ..."
"ပြီးတော့ရော..."
"သူက သရုပ်ဆောင် မော်ဒယ်တစ်ယောက်... သခင်လေးစဝ်ဘုန်းရိပ်ခေါင်ရဲ့ကုမ္ပဏီမှာ ပင်တိုင်မော်ဒယ်လုပ်နေတာပါ..."
သူသိထားတာတွေနဲ့ အထောက်တော်ဆီက သတင်းစကားတွေကြောင့် သူ သဘောကျသွားမိလေသည်။
"အင်း..."
"သူ့နာမည်က ခညောင်းရှင်... အခုလက်ရှိမှာတော့ နန်းမဟာမြိုင်ကုမ္ပဏီနဲ့ချုပ်ထားတဲ့စာချုပ်ကို ဖျက်သိမ်းခဲ့တယ်..."
"ဘယ်လို..."
"ဟုတ်တယ် သခင်လေးစိုင်းအိုက်မော်..."
သူ အ့ံသြသလို သဘောလည်းကျသွားမိတော့သည်။ နန်းမဟာမြိုင်စံအိမ်တော်က လျှို့ဝှက်ထားတဲ့ သူမသိသေးတဲ့ကိစ္စကိုတောင်မှ အထောက်တော်ကသိနေသည်။ သေချာတာတစ်ခုကတော့ စာချုပ်ဖျက်သိမ်းခြင်းအတွက် အကြောင်းပြချက်ကောင်းကောင်းတစ်ခုတော့ ရှိမည်ဖြစ်သည်။
"အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရော ဘာကြားထားသေးလဲ..."
အိုက်မော် ဝိုင်ခွက်ကိုအသာမြှောက်လိုက်ပြီး သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ အထောက်တော်ကိုကြည့်လိုက်လေသည်။ အထောက်တော်ကလည်း သူကြည့်နေတာကိုသိသဖြင့် သူ့ကိုမော့ကြည့်လာ၏။
"အဲ့ဒါက..."
အထောက်တော်က အကိုတော်စဝ်ဘုန်းရိပ်ခေါင်နဲ့လည်း အသိဖြစ်နေတော့ အမှန်အတိုင်းပြောဖို့အတွက် တွန့်ဆုတ်နေသည့်ပုံပင်။
"မင်းသိထားရမှာက အကိုတော်နဲ့ငါက အနွယ်တော်တွေဆိုပေမယ့် ရန်ဖက်တွေဆိုလည်းမမှားဘူး..."
"ဗျာ..."
အထောက်တော်က ထိတ်လန့်သော မျက်လုံးတွေဖြင့် သူ့ကိုကြည့်လာလေသဖြင့် သူ သဘောကျစွာပြံုးရင်းနဲ့ ဝိုင်ကိုသောက်လိုက်လေသည်။
"နောက်ပြီး မင်းရဲ့ဘိုးတော်ကလည်း အကိုတော်နဲ့ ရန်စရှိခဲ့တဲ့သူပဲ... အဲ့ဒါကြောင့် မင်း ပြောပြသင့်တယ်... မဟုတ်ဘူး ပြောကိုပြောပြရမယ် ဘီလူး..."
ဘီလူးဆိုတဲ့လူရဲ့မျက်နှာက တစ်ခုခုကိုဒေါသထွက်သွားကာ ဘီလူးဆိုတဲ့နာမည်နဲ့လိုက်အောင်ကို ကြောက်ဖို့ကောင်းသွားတော့သည်။ အိုက်မော် ဘီလူးရဲ့မျက်နှာကို အကဲခတ်မိသွားပြီး သဘောကျစွာပြံုးလိုက်ကာ
"ဘာလဲ... မင်း ငါ့ဆီလာခဲ့မိလို့ နောင်တရသွားတာလား..."
ဘီလူးက ဘာမှပြန်မပြောတော့ဘဲ ခေါင်းငုံ့သွားလေတော့သည်။ အိုက်မော် စားပွဲပေါ်မှာအသင့်ချထားတဲ့ ချက်လက်မှတ်ကို ဘီလူးရှေ့နားသို့ တိုးပေးလိုက်ကာ ဝိုင်ခွက်ထဲသို့ ဝိုင်တွေကို ငှဲ့ထည့်လိုက်လေသည်။
"မင်းအတွက် နောင်တမရလောက်တဲ့ပမာဏကို ငါရေးပေးထားတယ် ဘီလူး... မင်းသာ အားလုံးကို အမှန်အတိုင်းပြောပြမယ်ဆိုရင် အဲ့ဒီ့ချက်လက်မှတ်က မင်းအတွက်ပဲ..."
ဘီလူးရဲ့အကြည့်တွေက ချက်လက်မှတ်ဆီသို့ ရောက်သွားပြီးမှ အကြည့်တွေကို သူ့ဆီသို့လွှဲလာလေသည်။
"သခင်လေး..."
"အင်း ပြော..."
"ကျွန်တော်သိထားသမျှကို အကုန်ပြောပြမယ်... ဒါပေမယ့် သခင်လေးနဲ့ပတ်သက်တာ ဒါနောက်ဆုံးပဲဖြစ်ချင်ပါတယ်..."
အိုက်မော် နှုတ်ခမ်းကိုတွန့်ရုံသာပြံုးလိုက်ပြီး
"ကောင်းပြီလေ..."
"ခညောင်းရှင်က သခင်မလေး ကိုးအသင်္ချေကို ပြန်ပြီးပိုင်ဆိုင်ချင်နေတယ်... အခြေအနေအရတော့ သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အခုချိန်ထိ အရင်လို ခံစားချက်တွေ ရှိနေဆဲပဲ... သခင်လေး စဝ်ဘုန်းရိပ်ခေါင်ကလည်း မဟာဒေဝီမှာ ချစ်သူရှိရဲ့သားနဲ့ထိမ်းမြားခဲ့တာဆိုတော့ စွန့်လွှတ်မှာမဟုတ်ဘူး..."
"ဪ..."
အခုမှပဲ သူ ခရေစေ့တွင်းကျနားလည်သွားလေတော့သည်။ အဲ့ဒါကြောင့် ထိမ်းမြားပွဲမှာ ခညောင်းရှင်နဲ့ မဟာဒေဝီတို့ရဲ့မျက်နှာမှာ တူညီတဲ့ခံစားချက်မျိုးကို တွေ့ခဲ့ရတာလား။
"အဲ့ဒါကြောင့် ခညောင်းရှင်က စာချုပ်ကို ဖျက်သိမ်းခဲ့တာ..."
"အဲ့ဒီ့အကြောင်းကို အကိုတော်ရောသိလား..."
"ဟင့်အင်း မသိသေးဘူး..."
"မင်းပြောတာမဖြစ်နိုင်ဘူး ဘီလူး... အကိုတော်က မဟာဒေဝီကိုသိပ်ချစ်တယ်ဆိုရင် အဲ့ဒီ့အကြောင်းကို နှုတ်ကနေမပြောတာသာရှိမယ် သေချာပေါက်သိနေပြီ..."
ဘီလူးက သူပြောတဲ့စကားကို သေချာနားထောင်နေရင်းနဲ့ စဉ်းစားနေသလို ငြိမ်သက်နေလေသည်။
"တကယ်လို့ ပြဿနာတွေသာဖြစ်လာခဲ့မယ်ဆိုရင် ဘယ်သူ့ဘက်ကမှ အသာစီးရမှာမဟုတ်ဘူး သခင်လေး..."
"ဒါပေမယ့် ငါကတော့ အသာစီးရမှာသေချာတယ် ဘီလူး..."
"ဟင်..."
ဘီလူးက သူပြောတဲ့စကားကို အ့ံသြနားမလည်သည့်ပုံစံဖြင့် သူ့ကိုပြန်ကြည့်နေလေသည်။ သူ ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး အသာပြံုးလိုက်လေသည်။
"ကျေးဇူးပဲ ဘီလူး မင်းသွားလို့ရပြီ..."
ဘီလူးက ဘာမှပြန်မပြောတော့ဘဲ စားပွဲပေါ်ကချက်လက်မှတ်ကို ကောက်ယူပြီး သူ့ရှေ့ကနေ ထွက်သွားတော့၏။
အခုတော့ ကျွန်တော် အကိုတော့်ကို လက်စားချေလို့ရပြီ အကိုတော်... ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ အမြဲတမ်း ကျွန်တော်တစ်ယောက်ထဲကြောင့် ဖြစ်ခဲ့တာလို့ အနွယ်တော်တွေအားလုံးက ပြောကြတယ်... အကိုတော် ကျွန်တော့်ကို ခွင့်လွှတ်နားလည်ပေးခဲ့တာတောင်မှပေါ့... ဒါပေမယ့် အနွယ်တော်တွေပြောခဲ့သလိုပဲ ကျွန်တော်က အကိုတော်နဲ့ပတ်သက်ရင် အမြဲတမ်းပြဿနာကောင်ပဲဆိုတာ ကျွန်တော်လက်တွေ့ပြမယ်။ အကိုတော်... မဟာဒေဝီနဲ့ ခညောင်းရှင်တို့ကြားထဲကို ကျွန်တော် နည်းနည်းတော့ ဝင်နှောင့်ဦးမယ် အကိုတော်... ဒီတစ်ခါပြီးရင်တော့ ကျွန်တော်တို့တွေကြားက ရန်ငြှိုးတွေကြေပါပြီ... ဒါပေမယ့် ဒီကိစ္စက အကိုတော့်ဘဝ... အကိုတော့်သိက္ခာ... ဟော်နန်းရဲ့ဂုဏ်သိက္ခာတွေအားလုံး ပါဝင်ပတ်သက်နေတယ် အကိုတော်...။
#######
လေတိုးလိုက်တိုင်း တချွင်ချွင်မြည်နေတဲ့ Dream Catcher လေးကိုငေးကြည့်ရင်းနဲ့ ကိုး ပြံုးလိုက်မိသည်။ ဒီနေ့ နေဝင်ဆည်းဆာချိန်လေးက မြန်လိုက်တာ... တဖြည်းဖြည်းနဲ့ နေလုံးကြီးပျောက်ကွယ်လို့ ညရဲ့လမင်းနဲ့ကြယ်လေးတွေကိုပင် မြင်နေရလေပြီ။ လေသာဆောင်လေးရဲ့ အမိုးခုံးခုံးလေးတွေမှာ ချိတ်ဆွဲထားတဲ့ Dream Catcher လေးတွေက ကိုးတို့အခန်းထဲက Dream Catcher နဲ့တစ်ပုံစံထဲပင်ဖြစ်သည်။ ယိမ်းနွဲ့နေတဲ့ Dream Catcher လေးတွေကို ကြည့်နေရင်းနဲ့ ကိုးရဲ့မျက်လုံးတွေက မှေးစင်းလာခဲ့၏။ အနီရဲရဲနဲ့တွဲပြီးကျနေတဲ့ Dream Catcher လေးတွေကို ကိုးကြိုက်သည်။ ကိုးက အနီဆို ရဲနေမှကြိုက်တတ်သည်။ အဲဒါကို ဦး ဘယ်လိုများသိတာလဲ...။
"ချာတိတ် ကြိုက်လား..."
အနားသို့ရောက်လာတဲ့ ဦးရဲ့မျက်နှာကို ကိုး မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ
"ကိုး အရမ်းကြိုက်ပါတယ် ဦး..."
ဦးက ပြံုးနေရင်းကနေ ကိုးရဲ့နဖူးလေးကိုငုံ့နမ်းလာသဖြင့် ကိုး မျက်လုံးလေးကို အသာမှိတ်ကာ ငြိမ်သက်နေမိလေသည်။ အခုချိန်မှာ ကိုး ဦးကိုချစ်မိနေပြီလားဆိုတာကို ကိုး သံသယဝင်လာမိပြီဖြစ်သည်။
ဘုန်းရိပ် သူမဘေးနားမှာဝင်ထိုင်လိုက်ပြီး သူမပခုံးလေးကိုဆွဲဖက်လိုက်ကာ သူမရဲ့ခေါင်းလေးကို သူ့ပခုံးပေါ်မှာ မှီစေလိုက်လေသည်။
"ကိုယ်က အမှန်အတိုင်းပြောရရင် အနီရောင်ကိုမကြိုက်ဘူး ချာတိတ်ရဲ့..."
"ဒါဆို ကိုးရဲ့အကြိုက်ကို ဦးကဝယ်လာခဲ့တာပေါ့..."
"အင်း ဟုတ်တယ်... ချာတိတ်ကြိုက်တဲ့အရာတွေကို ကိုယ်ကြိုက်အောင် ကြိုးစားမယ်လေ... ဘာလို့လဲဆိုတော့ ချာတိတ်က ကိုယ့်ရဲ့ဘဝဖြစ်သွားလို့ပဲ..."
ချာတိတ်ရဲ့နွေးထွေးတဲ့အကြည့်တွေကို သူ မြတ်နိုးစွာ ခံယူနေမိ၏။ သူလိုချင်ခဲ့တဲ့အရာကိုလည်း မကြာခင်ရတော့မယ်ဆိုတာ သူ ယုံကြည်သည်။
"ဦးက ကိုးကို အဲ့လောက်တောင်ချစ်တာလား..."
သူ ချာတိတ်ရဲ့ပခုံးလေးကို တင်းကြပ်စွာဖက်ထားလိုက်ပြီး သူမရဲ့ဆံပင်လေးကို အသာနမ်းလိုက်ကာ
"ချစ်တာပေါ့ ချာတိတ်ရယ်... ချာတိတ်ကို ကိုယ့်ရဲ့ဘဝနဲ့ထပ်တူချစ်လွန်းလို့ အခုလိုမျိုး ထိမ်းမြားခဲ့တာပေါ့..."
"တကယ်လို့ ကိုးက ဦးအပေါ်မှာ အပြစ်တွေလုပ်ခဲ့မယ်ဆိုရင်ရော ဦးက ကိုးကို ချစ်ဦးမှာလား..."
"ထာဝရအတွက် ရည်ရွယ်ပြီးချစ်ခဲ့တာပါ ချာတိတ်ရယ်... ချာတိတ် ကိုယ့်အပေါ် ဘယ်လိုအပြစ်တွေပဲလုပ်လုပ် ကိုယ်ခွင့်လွှတ်ပြီးချစ်မှာ..."
ဦးရဲ့စကားတွေကြောင့် ကိုး ဦးကိုအားနာသွားမိလေသည်။
"ကိုးက ဦးချစ်သလောက်ချစ်နိုင်မှာမဟုတ်သေးဘူး ဦး..."
ဦးက နားလည်စွာဖြင့် ပြံုးနေလေသည်။
"ကိုယ်သိပါတယ် ချာတိတ်ရယ်... ချာတိတ် ကိုယ့်အပေါ် ကိုယ်ချစ်သလောက်မချစ်လည်း ကိစ္စမရှိပါဘူး... ကိုယ်လိုချင်တာက ချာတိတ် ကိုယ့်ကိုမမုန်းဖို့နဲ့ ကိုယ့်အပေါ် သစ္စာရှိဖို့ပါပဲ..."
လရောင်အောက်မှာ ကိုယ်ချစ်တဲ့သူနဲ့အတူ ရှိနေရတဲ့အချိန်လေးကို သူ တန်ဖိုးထားသည်။ သူ့ဘေးမှာ ချာတိတ်သာရှိနေမယ်ဆိုရင် လရောင်အောက်မှာပဲဖြစ်ဖြစ် နေရောင်အောက်မှာပဲဖြစ်ဖြစ် သူနေနိုင်သည်။ သူမကိုမြတ်နိုးစွာချစ်မိခဲ့ပြီးကတည်းက သူမရဲ့အကောင်းအဆိုးမှန်သမျှကို သူ မျှဝေခံစားဖို့ အဆင်သင့်ပဲဖြစ်သည်။ သူမကို သူ့ဘဝနဲ့ထပ်တူချစ်တယ်... ဟင့်အင်း မဟုတ်ဘူး သူ ချာတိတ်ကို သူ့အသက်ထက်ပိုချစ်တယ်...
"ချာတိတ်..."
သူ ချာတိတ်ကိုကြည့်လိုက်တော့ ချာတိတ်က သူ့ပခုံးကိုမှီကာ အိပ်ပျော်နေလေသည်။ မျက်မှန်လေးအောက်က သူမရဲ့မျက်တောင်မွှေးလေးတွေက ကော့နေတာကို သူ သဘောကျစွာ ငေးကြည့်နေမိ၏။ သူမရဲ့လက်ဝါးလေးကိုဆုပ်ကိုင်လိုက်မိတော့ လက်ထပ်လက်စွပ်လေးကို သူ တွေ့သွားပြီး သူမလက်ချောင်းလေးတွေကို နှုတ်ခမ်းနဲ့ အသာနမ်းလိုက်မိ၏။
"ချစ်တယ် ချာတိတ်ရယ်... ကိုယ် ချာတိတ်ကို ချစ်လွန်းလို့ ဘယ်လောက်ချစ်တဲ့အကြောင်း စကားလုံးနဲ့တောင်မှ မဖွဲ့ဆိုတတ်တော့ဘူး... ဒါပေမယ့် ချာတိတ်သိလား... ကိုယ်က ချာတိတ်အတွက်ဆို ကိုယ်ပိုင်ဆိုင်သမျှအရာအားလုံးကို စွန့်လွှတ်နိုင်တယ်... ကိုယ်က သခင်မျိုးရိုးပါ ချာတိတ်... ဒါပေမယ့် ချာတိတ်အတွက်ဆို ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ် ဒူးထောက်ဝ့ံတယ်..."
ချစ်တဲ့အကြောင်းတွေက ပြောလို့ကုန်တော့မှာမဟုတ်ဘူး ချာတိတ်ရယ်... ချာတိတ်ရဲ့အချစ်ကိုပြန်ရဖို့အတွက် ကိုယ့်တစ်ဘဝလုံးပေးဆပ်နေပါရစေ ကိုယ်ပေးဆပ်နိုင်တယ်... သူ သူ့ပခုံးပေါ့မှာ အိပ်ပျော်နေတဲ့ သူမရဲ့ခေါင်းလေးကို အသာလေးထိန်းထားလိုက်ကာ ထလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်လေသည်။ ထို့နောက် လေသာဆောင်ထဲကနေထွက်လာလိုက်ပြီး အခန်းထဲသို့ ဝင်လာလိုက်သည်။ ခုတင်ပေါ်မှာ သူမရဲ့ခန္ဓာကိုယ်လေးကို အသာအယာတင်ပေးလိုက်ပြီး စောင်ခြံုပေးလိုက်ကာ သူမရဲ့မျက်မှန်လေးကို ချွတ်ပေးလိုက်ပြီး ခုတင်ဘေးက စားပွဲပေါ်မှာ တင်ပေးထားလိုက်၏။ သူမနဖူးပေါ်မှာကျနေတဲ့ ဆံပင်လေးတွေကို ဖယ်ပေးလိုက်ကာ သူမရဲ့နဖူးလေးကို အသာငုံ့နမ်းလိုက်မိပြန်သည်။ ချစ်တယ် ချာတိတ်ရယ်...။
"တီ... တီ... တီ..."
ဖုန်းသံကြောင့် သူ ဖုန်းကိုအမြန်ကိုင်လိုက်ပြီး အခန်းထဲကနေထွက်လာလိုက်သည်။
"ဟယ်လို..."
"အစ်ကိုတော်... ကျွန်တော် အိုက်မော်ပါ..."
"အိုက်မော်..."
နာမည်ကိုရေရွတ်လိုက်ရင်းနဲ့ ဘုန်းရိပ် မျက်မှောင်ကြုတ်သွားမိလေသည်။
"ဟုတ်တယ် အစ်ကိုတော်... ကျွန်တော် စကားနည်းနည်းပြောချင်လို့ အစ်ကိုတော် အချိန်ရလား..."
"ငါနဲ့မင်းနဲ့ကြားမှာ ပြောစရာစကားရှိသေးလို့လား အိုက်မော်..."
"ဒါပေါ့ အစ်ကိုတော်ရယ်... ကျွန်တော်တို့က သူစိမ်းတွေမှမဟုတ်တာ..."
"ငါ့အနေနဲ့ကတော့ မင်းနဲ့မပတ်သက်ချင်ဘူး အိုက်မော်..."
"ဟာ... အစ်ကိုတော်ကလည်း အဲ့လောက်ကြီးတော့ ပြတ်ပြတ်သားသားမပြောပါနဲ့ဗျာ... ကျွန်တော်က အစ်ကိုတော့်ရဲ့ညီတော်ပါ..."
"မင်းက ငါ့ရဲ့ညီတော်လို့ ငါ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး စိုင်းအိုက်မော်..."
အိုက်မော်ရဲ့မျက်နှာမှာ မကျေနပ်တဲ့အပြံုးတွေ ရုတ်ချည်းဖြစ်ပေါ်လာတော့သည်။ မာနတွေနဲ့ရှင်သန်နေတဲ့ အစ်ကိုတော့်ကို သူ ပညာပေးဖို့အတွက်က မဟာဒေဝီကိုအသုံးချမှသာ ဖြစ်နိုင်မှာ။
"အစ်ကိုတော်ကလည်းဗျာ... ကျွန်တော်က အစ်ကိုတော့်ကိုစေတနာနဲ့စကားပြောချင်လို့ပါ..."
"အိုက်မော်..."
"မဟာဒေဝီက ခညောင်းရှင်ရဲ့ရည်းစားဟောင်းဆိုတာဟုတ်လား..."
"ဘာ..."
ဒေါသကထွက်လာကာ လက်သီးကအလိုလို ဆုပ်မိသွားတော့၏။ အိုက်မော် ဘယ်လိုလုပ်ပြီး သိသွားတာလဲ။
"စိတ်မတိုပါနဲ့ဦး အစ်ကိုတော်ရယ်... ကျွန်တော်က ကျွန်တော်ကြားထားတဲ့သတင်း မှန် မမှန်ဆိုတာ အစ်ကိုတော့်ဆီက အတည်ပြုရုံသက်သက်ပါပဲ... မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်..."
"မင်း မဟာဒေဝီရဲ့နောက်ကြောင်းတွေကို လိုက်စုံစမ်းနေတာလား အိုက်နော်..."
"ဗျာ... အဲ့လိုမဟုတ်ပါဘူး အစ်ကိုတော်ရယ်... ကျွန်တော် မထင်မှတ်ဘဲ သိခဲ့တာပါ..."
"မင်းရဲ့ကောက်ကျစ်မှုတွေကို ငါ မသိဘူးလို့များ မင်းထင်နေတာလား အိုက်မော်..."
"အစ်ကိုတော်..."
"မင်းကိုငါ သတိပေးလိုက်မယ် အိုက်မော်... ချာတိတ်နဲ့ပတ်သက်တဲ့ အကောင်းအဆိုးမှန်သမျှကို မင်း ငါ့ကိုပြောစရာမလိုဘူး... ချာတိတ် ဘယ်လိုပဲဖြစ်နေဖြစ်နေ ငါ ချာတိတ်ကိုကြည်ဖြူတယ်... အဲ့ဒါကြောင့် မင်း ငါတို့ကြားထဲကိုဝင်မရှုပ်ဘဲ ကိုယ့်ဘာသာကိုယ်နေပါ..."
"ကျွန်တော်က မဖြစ်သင့်တာတွေ ဖြစ်မလာအောင်လို့ စေတနာနဲ့သတိပေးတာပါ အစ်ကိုတော်..."
"မလိုဘူး အိုက်မော်... မင်းရဲ့စေတနာက ငါ့အတွက်တော့ ဝေဒနာပဲ... အနွယ်တော်ဆိုတဲ့ပတ်သက်မှုကြောင့်သာ မင်းနဲ့ငါမျက်နှာချင်းဆိုင်ခွင့်ရတာ... အဲ့ဒီ့ထက်တော့ပိုမလာပါနဲ့ မဟုတ်ရင် ငါ ဘယ်သူ့မျက်နှာမှ ထောက်မှမဟုတ်ဘူးနော်..."
သူ စိတ်တိုသွားကာပြောလိုက်တော့ အိုက်မော်ဘက်ကနေ အသံတိတ်သွားလေတော့သည်။ အိုက်မော် ဘယ်လိုလုပ်ပြီးသိသွားတာလဲ... သူ လိုက်ပြီးစုံစမ်းနေတာပဲဖြစ်ရမယ်... အဲ့ဒါကြောင့်သိတာ... မဟုတ်ရင် သိစရာအကြောင်းမရှိဘူး...
"တကယ်လို့ ခညောင်းရှင်ကသာ မဟာဒေဝီကို ပြန်ပြီးလုယူခဲ့မယ်ဆိုရင် အစ်ကိုတော် ဘယ်လိုလုပ်မလဲ..."
"အဲ့လိုမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး အိုက်မော်..."
"စကားကုန်မပြောရဘူးလေ အစ်ကိုတော်ရဲ့... မတော်တဆဖြစ်လာခဲ့မယ်ဆိုရင်..."
"ဘာတွေပဲဖြစ်လာဖြစ်လာ ငါ ချာတိတ်ဘက်မှာ အမြဲတမ်းရှိနေမှာ..."
"မဟာဒေဝီမှားနေခဲ့ရင်တောင်မှလား..."
"ဟုတ်တယ်..."
"ကောင်းပြီလေ... အဲ့ဒါဆို ကျွန်တော့်ဘက်က အစိုးရိမ်လွန်တာနေမှာပါ..."
"နောက်ဆိုရင် မင်း ငါနဲ့ကင်းကင်းရှင်းရှင်းနေပါ စိုင်းအိုက်မော်... အထူးသဖြင့် ချာတိတ်ရဲ့မပတ်သက်ပါနဲ့... မင်းကြောင့် မလိုအပ်ဘဲ ပြဿနာတွေဖြစ်လာခဲ့မယ်ဆိုရင် ငါ မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး..."
"စိတ်ချပါ... ကျွန်တော် ဘာမှမလုပ်ပါဘူး..."
"ပြီးရော..."
သူ အိုက်မော်ဆီက နှုတ်ဆက်စကားကို မစောင့်တော့ဘဲ ဖုန်းကိုချလိုက်လေသည်။ မလိုလားအပ်တဲ့ပြဿနာတွေသာဖြစ်လာခဲ့ရင် အဲ့ဒါ အိုက်မော်ကြောင့်ဆိုတာ မြေကြီးလက်ခတ်မလွဲ သူပြောရဲတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ သူ ချာတိတ်အပေါ်မှာ အချစ်တွေလျော့သွားမှာမဟုတ်ဘူး... အဲ့ဒါက ချာတိတ်အပေါ်ထားတဲ့ သူ့ရဲ့သစ္စာပဲဖြစ်သည်...။
#######
ကင်းကိုတွေ့မိတိုင်း စိမ်းရင်ထဲမှာ လှိုက်ဖိုမောရသည်။ ဒါဟာအချစ်ပဲလား... ကင်းကတော့ စိမ်းအပေါ်မှာ အရင်ကလိုပင် ဆက်ဆံပေးသည်။ ကင်း မသိလို့များလား... ဟင့်အင်း မဖြစ်နိုင်ပါဘူး...။
"ကိုး စားလေ..."
"ဟုတ် ကင်း..."
ကင်းက ရှမ်းခေါက်ဆွဲစားရင်းနဲ့ ကိုးကိုကြည့်နေ၏။ ကင်းက စိမ်းကိုကျော်ကာ ကိုးအပေါ်မှာ ခံစားချက်တွေ ရှိနေသေးတယ်ဆိုတာသိရလေ စိမ်း ဒေါသထွက်မိလေပဲဖြစ်သည်။
"စိမ်း စားလေဟာ ဘာတွေငေးနေတာလဲ..."
မဒီက စိမ်းကိုကြည့်ကာပြောလာသဖြင့် စိမ်း ခေါင်းငြိမ့်ပြလိုက်မိ၏။ ရာဇာကတော့ စိမ်းနဲ့ကင်းရဲ့အကြောင်းကို သိနေသည့်အလား စိမ်းကို ဘာမှမပြောဘဲ ဂရုဏာသက်စွာကြည့်နေလေသည်။ စိမ်း ရှမ်းခေါက်ဆွဲကို စိတ်မပါဘဲ စားနေရင်းနဲ့ ကိုးအပေါ်ကိုလည်း စိတ်တိုလာမိတော့သည်။ တကယ်ဆိုရင် သူ့မှာအိမ်ထောင်ရှိနေပြီပဲ ကင်းရဲ့ဂရုစိုက်မှုကို သူယူစရာလား... တောက်...။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို စိမ်း အပြေးအလွှားစဉ်းစားလိုက်မိလေသည်။ ချက်ချင်းပဲ ခေါင်းထဲမှာ အကြံတစ်ခုက လင်းလက်လာခဲ့သဖြင့် စိမ်း ကျေနပ်စွာပြံုးလိုက်ပြီး
"ကင်း... စိမ်းတို့မင်္ဂလာဆောင်ရင် အနောက်တိုင်းဆန်ဆန်ပဲ ဆောင်ရအောင်နော်..."
"ဟင်..."
မဒီ့ရဲ့အာမေဍိတ်သံကြောင့် စိမ်း ပြံုးလိုက်မိပေမယ့် ခညောင်းကတော့ မျက်နှာပျက်သွားလေသည်။ ကိုးရဲ့အကြည့်တွေကလည်း ခညောင်းဆီတစ်လှည့် စိမ်းဆီကိုတစ်လှည့် နားမလည်စွာ ရောက်သွားတော့သည်။
"နင်တို့နှစ်ယောက်ကလည်း လက်ထပ်တော့မှာပေါ့ ဟုတ်လား စိမ်း..."
စိမ်း မဒီ့ကို ခေါင်းငြိမ့်ပြလိုက်ရင်းနဲ့ ကင်းကိုကြည့်လိုက်လေသည်။
"ဟုတ်တယ် မဒီရဲ့... စိမ်းရဲ့အဒေါ်နဲ့ ကင်းရဲ့မိဘတွေက မိတ်ဆွေတွေလေ... အဲ့ဒါကြောင့် စိမ်းတို့ကို ဟိုးအရင်ကတည်းက မိဘချင်းသဘောတူထားခဲ့ကြတာ... အခု ကျောင်းလည်းပြီးခါနီးပြီဆိုတော့ အမြန်ဆုံးလက်ထပ်စေချင်နေပြီလေ..."
"တကယ်ကြီးလား... ဝါး... နင် ကံကောင်းလိုက်တာ စိမ်းရာ..."
စိမ်းက ပြံုးနေပေမယ့် ကင်းကတော့ တည်နေလေသည်။
"အင်း ငါလည်း အဲ့လိုပဲထင်ပါတယ် မဒီရယ်..."
"နင်နဲ့ကိုးကတော့ အိမ်ထောင်တွေကျတော့မယ် နောက်ဆုံးငါပဲကျန်ခဲ့တော့မှာပေါ့... ဘာပဲဖြစ်ဖြစ် ငါတို့တွေ နင့်အတွက်ဝမ်းသာတယ် စိမ်း... ဟုတ်တယ်နော် ကိုး..."
"ဟင်... ဪ အင်း ဟုတ်တယ် စိမ်း... နင်နဲ့ကင်းကမှ တကယ်လိုက်ဖက်တာဟ..."
"ကျေးဇူးပဲ ကိုး... နင်နဲ့ ဦးစဝ်ဘုန်းရိပ်ခေါင်လည်း အရမ်းလိုက်ဖက်ပါတယ်..."
ခညောင်း စိမ်းရဲ့စကားကြောင့် မျက်နှာပျက်သွားကာ ကိုးကိုကြည့်လိုက်မိတော့ ကိုးရဲ့မျက်နှာကလည်း မကောင်းပေ။
"ကျေးဇူးပါ စိမ်း..."
ဒီမင်္ဂလာပွဲကို သူ လက်မခံပါဘူးလို့ပြောခဲ့တာတောင်မှ မေမေက စီစဉ်ဖြစ်အောင် စီစဉ်ဦးမယ်... ကျွတ်...။ သူ စိတ်ညစ်သွားမိကာ ထိုင်နေရာကနေထလိုက်တော့သည်။
"ခညောင်း ဘယ်သွားမလို့လဲ..."
"ငါ ဒီနေ့ရိုက်ကွင်းရှိလို့ အတန်းမတက်တော့ဘူး ရာဇာ..."
"ဪ... အေး အေး ခညောင်း... ကားကို ဂရုစိုက်မောင်းနော်..."
"အင်း... ကိုး... ကိုယ်သွားနှင်တော့မယ်နော်..."
"ဟုတ်ကဲ့ ကင်း..."
ကိုး ကန်တင်းထဲကနေထွက်သွားတဲ့ ကင်းရဲ့ကျောပြင်လေးကိုကြည့်နေရင်းနဲ့ ကျန်ခဲ့လေတော့သည်။ ကင်းရယ် ကိုးတို့က ဟိုးစစကတည်းက ဖူးစာမပါခဲ့တဲ့သူတွေပါ။ အခုတော့ အချစ်ဆိုတာ ဘာလဲ ကိုးသိပြီ ကင်း... တကယ်တော့ အချစ်ဆိုတာ နာကျင်မှုသက်သက်ပါပဲ... ချစ်မိတဲ့သူရော အချစ်ခံရတဲ့သူရော နာကျင်ရတာပါပဲ...။
ငါ အဲ့ဒါတွေကြောင့် နင့်ကိုမုန်းတာ ကိုး... နင့်ကိုမုန်းလို့ ကင်းကို ငါ ရအောင်ယူပြမယ်... သူငယ်ချင်းအချင်းချင်း ဘာလို့သစ္စာဖောက်တာလဲလို့ နင်မမေးနဲ့... ဘာလို့လဲဆိုတော့ ငါ နင့်ကိုမနာလိုလို့ပဲ...။
#######
ဆက်ရန် - အခန်း(၂၃)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now