အခန်း(၃)

149 2 0
                                    

💜အချစ်ဦးမဟုတ်ပါ သို့သော်…💜
💜အခန်း(၃)💜

ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကန်တင်းမှာ လူတွေစုံနေကြလေသည်။ စိမ်းနဲ့မဒီက အစားအသောက်တွေစားနေရင်းနဲ့ စကားတွေပြောနေပေမယ့် ကိုးကတော့ ထုံးစံအတိုင်း စာအုပ်ကိုဖတ်နေ၏။
“တကယ်လို့များ ငါသာ ရည်းစားထားမယ်ဆိုရင် ငါ့ထက်အရပ်ရှည်ပြီး ငါ့ထက်အသက်လည်းကြီးရမယ်… ပိုက်ဆံလည်းရှိရမယ်… ပညာလည်းတော်ရမယ်… ချောလည်းချောရမယ်… ငါ့အပေါ်လည်း နားလည်မှုပေးရမယ်… အဲ့လိုလူမျိုးကို ငါလက်ထပ်မှာ…”
“အဲ့လိုလူမျိုးနဲ့မှ နင်လက်ထပ်မယ်ဆိုရင်တော့ ဒီတစ်သက် နင်လုံးဝယောက်ျားမရတော့ဘူး မဒီ…”
စိမ်းရဲ့စကားကြောင့် မဒီမျက်နှာက စူပုတ်သွားကာ စိမ်းကိုမျက်စောင်းထိုးလိုက်ပြီး
“ပြောလို့ရမလားဟ … ငါ့ဖူးစာရှင်က အဲ့လိုလူမျိုးဖြစ်ရင်ဖြစ်နေမှာပဲလေ…”
“ဟား… ဟား…”
စိမ်းကရယ်တော့ မဒီက စိတ်ဆိုးသွားကာ နှုတ်ခမ်းပါစူသွားလေတော့သည်။ စိမ်းကတော့ စားပွဲပေါ်မှာရှိတဲ့ ဆန်းကစ်ဗူးထဲက အချိုရည်တွေကို ဖလားထဲသို့ထည့်လိုက်ပြီး မော့သောက်လိုက်ကာ
“ဟုတ်တယ်လေ… ပြောပါဦး… အဲ့လိုလူမျိုးဆိုတာ တကယ်ရှိပါ့မလား…”
မဒီ စိမ်းကို မကျေမချမ်းဖြစ်ကာ မျက်စောင်းထိုးရင်းကနေ မေးငေါ့ပြလိုက်ပြီး
“ပြောပါဦး… နင်ကရော ဘယ်လိုလူမျိုးနဲ့ လက်ထပ်ချင်လဲ…”
မဒီ့စကားကြောင့် စိမ်း စဉ်းစားသလိုလုပ်လိုက်ကာ
“အင်း… အဓိကကတော့ ငါချစ်ဖို့ပါပဲ…”
စိမ်းရဲ့အဖြေကြောင့် မဒီ့မျက်နှာမှာ အလိုမကျသလိုဖြစ်သွားကာ
“ဟင်း.. နင့်အဖြေကြီးကလည်း ဘယ်လိုကြီးလဲ…”
“ဟုတ်တယ် ငါကတော့ အဲ့လိုခံယူထားတာပဲ…”
မဒီက ဘာမှမပြောတော့ဘဲ အကြည့်တွေကလည်း ကိုးရဲ့ရှေ့ကစားပွဲပေါ်မှာတင်ထားတဲ့ စာအုပ်ဆီသို့ ရောက်သွားပြီး စာအုပ်ကို ကောက်ကိုင်လိုက်ကာ “ဟင်… ကိုး… ဒီစာအုပ်ကို ငါ နင့်ဆီမှာ တစ်ခါမှမမြင်ဖူးပါဘူး…”
ကိုးက စာအုပ်ဖတ်နေရင်းကနေ မဒီ့ကိုမကြည့်ဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး
“အင်း ဟုတ်တယ် မဒီ… ငါ့ကို ကိုခညောင်းရှင် လက်ဆောင်ပေးထားတာ…”
“ဘယ်လို… ဒါဆို နင်တို့အခြေအနေ တော်တော်တိုးတက်နေပြီပေါ့ ဟုတ်လား ကိုး…”
ကိုးက စာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းကိုအသာရမ်းလိုက်ကာ မဒီ့ကိုကြည့်လိုက်လေသည်။
“မဟုတ်ပါဘူးဟာ… အဲ့စာအုပ်ပေးတုန်းက ငါ သူ့ကို ငြင်းသေးတယ်… ဒါပေမယ့် ငြင်းလို့မရပါဘူး… အနောက်ကနေ အတင်းလိုက်ပေးနေလို့ မမမြင်သွားမှာစိုးလို့ ငါယူလိုက်ရတာ…”
မဒီ့မျက်နှာမှာတော့ အပြံုးတွေ ဝေနေလေသည်။ အားကျတဲ့အပြံုးလိုလို… ကျေနပ်နေသလိုလိုဖြင့်။
“ဘယ်လိုပဲပြောပြော ဒါတိုးတက်လာတာပဲလေ ကိုးရဲ့…”
ကိုးရဲ့မျက်နှာပေါ်မှာ သာမန်အပြံုးတစ်ခုကိုသာ တွေ့လိုက်ရလေသည်။ စိမ်းရဲ့မျက်နှာကတော့ အလိုမကျစွာ ပျက်ယွင်းနေသည်။ ဒါကို ကိုးရော မဒီရော နှစ်ယောက်လုံးမသိကြ။
ဘယ်လိုလုပ်ရမလဲ…? ခညောင်းရှင်က ကိုးကို တကယ်ချစ်နေခဲ့တာဆိုရင် ငါက အသည်းကွဲပေးရတော့မှာလား…? ဟင့်အင်း… ငါ ခညောင်းရှင်ကိုချစ်တယ်…? ကိုးက ဘယ်လိုပဲ ငါ့သူငယ်ချင်းဖြစ်နေပါဦးတော့ ငါ အရှုံးမပေးနိုင်ဘူး…။ ငါ ခညောင်းရှင်ကို မစွန့်လွှတ်နိုင်ဘူး…။ အဲ့တော့ ငါ ဘယ်လိုလုပ်ရမလဲ…? မဖြစ်ဘူး… ငါ တစ်ခုခုတော့လုပ်ရမယ်… ငါ့အနာဂတ်ခင်ပွန်းလောင်းဟာ ခညောင်းရှင်ပဲဖြစ်ရမယ်… ဒါဟာ သစ္စာပဲ…။
“စိမ်း… ဘာတွေတွေးနေတာလဲ…”
အတွေးတွေက လက်ရှိပစ္စုပ္ပန်သို့ ပြန်ရောက်လာကာ စိမ်း မဒီ့ကို ခေါင်းရမ်းပြလိုက်လေသည်။
“ဟင့်အင်း…”
“စိမ်း… နင်ဘယ်လိုထင်လဲ…”
“ဘာကိုလဲဟ…”
မဒီ့အမေးကို စိမ်းက နားမလည်သလိုပြန်မေးလိုက်တော့ မဒီက တုံးလိုက်တာဆိုသည့်အကြည့်ဖြင့် စိမ်းကို ကြည့်လိုက်ပြီး
“ကိုခညောင်းရှင်နဲ့ ကိုးက လိုက်ဖက်တယ်လို့ မထင်ဘူးလား…” “ဟင့်အင်း… မထင်ပါဘူး…”
“ဟင်… ဘာလို့လဲ…”
မဒီက နားမလည်သလိုပြန်မေးလာသဖြင့် စိမ်းက ရယ်လိုက်ကာ
“အလကားစတာပါဟာ… ဘယ်လိုပဲလိုက်ဖက်လိုက်ဖက် ဖူးစာပါမှ ညားတာလေဟာ… ငါတို့က လိုက်ဖက်တယ်လို့ပြောပြီး သဘောတူခဲ့လည်း ဖူးစာမပါတော့ အလကားပဲပေါ့ မဟုတ်ဘူးလား ကိုး…”
စိမ်းပြောတာကိုနားထောင်ပြီး ကိုးက ခေါင်းငြိမ့်လိုက်လေသည်။
“ဟုတ်တယ်… စိမ်းပြောတာလည်းမှန်တယ်… တကယ်တော့ ဘယ်လောက်ချစ်တဲ့ချစ်သူတွေပဲဖြစ်ဖြစ် ဖူးစာပါမှ ညားတာမို့လား…”
“ဪ… ကိုးရယ် ဖူးစာပါလို့ဆုံနေပြီပဲဟာကို…”
“ဒါပေမယ့် ဘာမှမှမတော်သေးဘူးလေ မဒီရဲ့…”
မဒီက ကိုးကိုကြည့်ကာ ခေါင်းရမ်းနေရင်းနဲ့ ငြိမ်သွားပြန်လေသည်။ မဒီငြိမ်နေတော့ ကိုးနဲ့စိမ်းလည်း ငြိမ်ကာ မဒီ ဘာဆက်ပြောမလဲဆိုတာကို နားစိုက်ထောင်နေ၏။
“ငါကတော့ နင်တို့နှစ်ယောက် ဖူးစာပါတယ်လို့ပဲ ထင်နေတယ် ကိုး…”
“နင်က တစ်ဖက်သတ်ကြီးပါလား မဒီရာ…”
စိမ်းရဲ့စကားကြောင့် မဒီ ရယ်လိုက်ကာ
“ခိခိ… မသိဘူးဟာ ငါကတော့ ကိုခညောင်းရှင်နဲ့ ကိုးကို သဘောတူတယ်…”
စိမ်းရဲ့မျက်စောင်းတစ်ချို့က မဒီ့ဆီ ရောက်သွားတာကိုတော့ မဒီရော ကိုးပါ မသိကြပေ။ မဒီက သူ့အတွေးနဲ့သူ သဘောကျစွာပြံုးနေပြီး ကိုးကလည်း သူ့စာသူ ဆက်ဖတ်နေလေသည်။ ကြားထဲမှာ စိမ်းသာလျှင် စိတ်တွေလှုပ်ရှားက ခညောင်းနဲ့ပတ်သက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့၏။
#######
“ရှင်…”
ဆွံ့အနေတဲ့သူမကိုကြည့်ကာ သူအသည်းတွေယားလာမိလေသည်။ မျက်မှန်အောက်က ညိုလဲ့လဲ့မျက်ဝန်းအစုံဟာ ကောင်းကင်ပေါ်က ကြယ်လေးတွေလိုမျိုး လင်းလက်တောက်ပနေတယ်လို့လည်း သူထင်လိုက်မိသည်။
“ဟုတ်တယ် ကိုး… ကိုယ် ကိုးကိုချစ်တယ်…” ရုတ်တရက် အံ့သြနေရာကနေ ပြံုးသွားတဲ့ သူမမျက်နှာကအပြံုးကို တွေ့လိုက်ရသဖြင့် ဒီတစ်ခါ အံ့သြရသူကတော့ ခညောင်းကိုယ်တိုင် ဖြစ်သွားလေတော့သည်။
“ကိုး… ကျွန်တော့်ကိုမယုံလို့များလား…”
ရင်ခုန်တယ်လို့ပြောရလောက်အောင်လည်း သူမရင်ထဲမှာ စိတ်လှုပ်ရှားသွားတာကလွဲပြီး ဘာခံစားချက်မှ ထူးထူးခြားခြားခံစားသွားခြင်းမျိုးမရှိခဲ့။ ဒါပေမယ့် စိတ်လှုပ်ရှားမှုကြောင့်တော့ နှလုံးသားလေးက လှိုင်းခတ်သွားတာကို သူမ သတိထားမိလိုက်ပါသည်။ အဲ့ဒါ အချစ်လား…?
“မဟုတ်ပါဘူး…”
မဟုတ်ပါဘူးလို့ဆိုလိုက်တဲ့ သူမရဲ့မျက်နှာကို နေကြာပန်းတစ်ပွင့် နေကိုမျှော်လင့်သလိုမျိုး သူ ငေးကြည့်လိုက်မိလေသည်။ ဒီနေ့ သူမ ခေါင်းလျှော်လာခဲ့သည်ထင်၏။ ဆံပင်လေးတွေကို ဒီအတိုင်းချထားပုံမှာ နန်းဆန်လွန်းလှသည်။
“အဲ့ဒါဆို ကိုယ့်ကို စဉ်းစားပေးပါလား ကိုး…”
စိမ်းနဲ့ မဒီပြောထားသလိုဖြစ်လာသဖြင့် ကိုး ပြံုးလိုက်မိတာဖြစ်သည်။ ဒါကို သူက တလွဲထင်သွားပုံပင်။ သူ ကိုးကို တကယ်ချစ်နေတာလား။ ဒါမှမဟုတ် အပျော်… အို မဟုတ်ပါဘူး။ သူ့လိုလူမျိုးက ဘာလို့ မိန်းကလေးတစ်ယောက်ကို အပျော်တွဲမှာလဲ။ အဲ့ဒါဆိုရင် သူ ကိုးကို တကယ်ချစ်လို့များလား။ “ကိုး…”
ရင်ခုန်သံတွေဟာ သံစဉ်တေးသွားကဲ့သို့ စည်းချက်မညီညာသလို ကဗျာကဲ့သို့လည်း ကာရံမညီခဲ့ပါ။ ဒါပေမယ့် ရင်တွေခုန်လာတာကိုတော့ သူမ သိပါသည်။ ဒါဟာ အချစ်မဟုတ်ဘူးဆိုရင်တောင်မှ အချစ်နဲ့ ပတ်သက်ဆက်နွယ်နေသော ခံစားမှုတစ်ခုလို့ သူမ အဓိပ္ပာယ်သတ်မှတ်လိုက်ချင်ပါသည်။ သူမ သူ့မျက်ဝန်းထဲသို့ စူးစူးစိုက်စိုက်ကြည့်လိုက်ကာ
“ကောင်းပါပြီ ကိုး ကိုခညောင်းရှင်ကို စဉ်းစားပေးပါ့မယ်…”
“ဟင်… ကိုး… ကိုး တကယ်ပြောတာနော်…”
သူမ ခေါင်းအသာငြိမ့်လိုက်၏။ သူ့မျက်ဝန်းထဲက အ့ံသြဝမ်းသာရိပ်တွေကို ကိုးရဲ့ဘဝမှာ ဘယ်သူ့ဆီကမှ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ဒါဟာ လူတွေပြောနေကြတဲ့ အချစ်မျက်ဝန်းဆိုတာလား…။ အို… ငါ ဘာတွေလျှောက်တွေးနေမိပါလိမ့်။ သူငါ့ကိုချစ်တယ်ဆိုတာနဲ့ပဲ ငါ့စိတ်တွေဟာ ဟိုရောက် ဒီရောက်ဖြစ်ကုန်စရာလား။ မဒီနဲ့စိမ်းသာသိရင် ငါ့ကို ဘာတွေများ ပြောဆိုနေမလဲ။ အို မတတ်နိုင်ဘူးလေ… အခြေအနေက ဒီလိုဖြစ်လာမှတော့ မဒီပြောသလိုပဲ သူနဲ့ငါ ဖူးစာပါလို့များလား…။
#######
“သမီး…”
“ရှင် မေမေ…”
မနက်စာ စားပွဲဝိုင်းမှာ မမကလွဲလို့ အားလုံးရှိနေသည်။ ဖေဖေက လက်ဖက်ရည်ကို ငြိမ်သက်စွာသောက်နေပြီး မေမေကတော့ ဘာကိုမှမစားသေးဘဲ ကိုးကို ကြည့်ကာ စကားပြောဖို့ ဟန်ပြင်နေလေသည်။ ကိုးကို ခေါ်ပြီးတော့လည်း မေမေက စကားပြောဖို့အတွက် စဉ်းစားကာနေပြန်လေသည်။
“ထက်… စားပြီးသောက်ပြီးမှ ပြောတာမကောင်းဘူးလား… ဒီနေ့ သမီးလေးလည်း ကျောင်းပိတ်တာပဲ…”
ဦးမြတ်အာကာရဲ့စကားကြောင့် ဒေါ်အိန္ဒြာထက် ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်ပါပြီ… စား သမီး… မေမေ ပြီးမှပြောတော့မယ်…”
“ဟုတ်ကဲ့… မေမေ…”
မေမေပြောမယ့်စကားကို ကိုး စိတ်ဝင်စားနေမိသည်။ ဘာစကားမို့လို့ မနက်စာစားချိန်မှာ မေမေက ကိုးကို စကားပြောချင်ရတာလဲ။ အစားအသောက်စားနေရင်းနဲ့ စကားပြောတာကို ဖေဖေကမကြိုက်ပေ။ အဲ့ဒါကြောင့် အရေးမကြီးရင် ဘယ်သူကမှ စားရင်းသောက်ရင်း စကားမပြောကြ။ ကိုး ဖေဖေ့မျက်နှာကို အကဲခတ်လိုက်တော့ ဖေဖေ့မျက်နှာက မေမေ့ထက်တောင်မှ ပိုပြီးတည်ငြိမ်နေလေသည်။  ဒါပေမယ့်လည်း ဖေဖေ့မျက်နှာမှာ တစ်ခုခုကို ဖုံးကွယ်ထားသလို နေရခက်နေ၏။ ကြည့်ရတာ မေမေပြောချင်တာထက် ဖေဖေက ပိုပြီး ပြောချင်နေသည့်ပုံပင်။
စားသာစားနေရတာ ကိုး မနက်စာကို ဘယ်လိုလုပ်ပြီး စားပြီးသွားမှန်းမသိခဲ့။ ဒါပေမယ့်လည်း ဗိုက်တော့ ပြည့်ခဲ့ပါသည်။ စားပြီးတော့ ကိုးနဲ့ဖေဖေက ဧည့်ခန်းထဲသို့ ထွက်လာကြသည်။ မေမေကတော့ထမင်းစားခန်းထဲမှာ ပန်းကန်တွေသိမ်းကာ ကျန်ခဲ့သည်။ ကိုး ထိုင်နေရင်းကနေ ဖေဖေ့မျက်နှာကို ကြည့်လိုက်ကာ
“ဖေဖေ… မေမေက ကိုးကို ဘာပြောစရာရှိလို့လဲဟင်…”
ဖေဖေက သတင်းစာဖတ်နေရင်းကနေ ကိုးကို မော့ကြည့်လိုက်ကာ ခေါင်းကို ငြိမ့်တယ်ဆိုရုံသာ တစ်ချက်ငြိမ့်လိုက်ပြီး သတင်းစာကို စားပွဲပေါ်တင်လိုက်လေသည်။
“တကယ်တော့ သမီးမေမေပြောမယ့်စကားကို ဖေဖေပြောချင်တာ… ဒါပေမယ့် ဖေဖေမပြောသင့်ဘူးထင်လို့ သမီး မေမေကို ပြောခိုင်းရတာပါ…”
“ရှင်…”
ကိုး နားမလည်သလို ဖေဖေ့ကိုကြည့်လိုက်တော့ ဖေဖေက နားလည်သည့်ပုံဖြင့် ကိုးကို ခေါင်းပဲငြိမ့်ပြကာ
“သမီး မေမေပြောပြတဲ့အခါ သမီးနားလည်ပါလိမ့်မယ်…”
“သမီး ဖေဖေ့ကို ဘာတွေမေးနေတာလဲ…” မေမေက ကိုးရဲ့ဘေးမှာဝင်ထိုင်လိုက်ရင်းနဲ့မေးလိုက်တော့ ကိုး မေမေ့ကိုမော့ကြည့်လိုက်ပြီး
“မေမေပြောမယ့်စကားကို ဖေဖေ့ကိုမေးကြည့်နေတာ…”
“ဘာတွေလောနေတာလဲ သမီးရယ်… မေမေ ပြောပြမှာပေါ့…”
ကိုး စိတ်တွေလောနေတာကို မေမေကသိနေပုံပင်။ ဒါပေမယ့်လည်း မေမေပြောလာမယ့်စကားတွေကို ကိုး စိတ်ဝင်စားစွာဖြင့် မေမေ့မျက်နှာကိုသာ ကြည့်နေမိတော့သည်။
“ကိုမြတ်…”
မေမေက ဖေဖေ့ကိုခေါ်လိုက်တော့ ဖေဖေက မေမေ့ကိုကြည့်လိုက်ကာ
“ထက်… သမီးလေးကို အရင်ဆုံး မေးမြန်းကြည့်ပါဦး…”
မေမေက ဖေဖေ့ကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်ပြီးမှ ကိုးဆီသို့ အကြည့်တွေရောက်လာလေသည်။
“ကိုး… သမီး…”
“ဟုတ်ကဲ့ မေမေ…”
“မေမေ သမီးကို မေးစရာရှိတယ်… သမီး ပွင့်ပွင့်လင်းလင်းပြောနော်…”
“ဟုတ်ကဲ့ပါ မေမေ…”
မေမေ့ရဲ့စကားချီက ကိုးရင်ကို ခုန်စေခဲ့၏။
“သမီးမှာ ချစ်ရမယ့်သူရှိနေပြီလား…”
“ရှင်…”
မထင်မှတ်ထားတဲ့စကားမို့လို့ ကိုး အ့ံသြသွားလေသည်။ ဖေဖေရောမေမေရောရဲ့မျက်နှာက တည်ကြည်စွာဖြင့် ကိုးကိုကြည့်နေကြ၏။ ချစ်ရမယ့်သူဆိုသဖြင့် ကိုးရဲ့မျက်နှာထဲမှာ ကိုခညောင်းရှင်ရဲ့မျက်နှာကို မြင်ယောင်လာလေတော့သည်။ ကိုး သူ့ကိုအဖြေမပေးရသေးပေမယ့် စဉ်းစားနေဆဲပင်ဖြစ်သည်။ တကယ်တော့ သူ့ကိုသာ ကိုးရဲ့ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ဖေဖေမေမေတို့အနေနဲ့ ကန့်ကွက်မှာမဟုတ်ဘူးလို့ ကိုးစိတ်ထဲမှာ အလိုလိုသိနေလေသည်။
“သမီး… သမီးက တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေပြီ… သမီးမှာ မမ ရှိပေမယ့် မမက သမီးအတွက် အချိန်မပေးနိုင်တော့ သမီးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်တွေဆိုတာ သမီးရဲ့သူငယ်ချင်းတွေပဲရှိမယ်ဆိုတာ မေမေသိပါတယ်… ဒါပေမယ့် မေမေ့ကိုလည်း သမီးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်တစ်ယောက်အဖြစ် သမီး သတ်မှတ်လို့ရတယ် သမီး… သမီးမှာချစ်ရမယ့်သူ ဒါမှမဟုတ် ဘဝအတွက်လက်တွဲဖော်ကို သမီးတွေ့နေပြီလား…”
ကိုး တွေဝေနေတာမဟုတ်ပေမယ့်လည်း တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် ကိုးနဲ့ ကိုခညောင်းရှင်က ချစ်သူတွေမှမဖြစ်သေးတာ။ အဲ့တော့ မေမေ့ကို ကိုး ရှိတယ်လို့တော့ ပြောလို့မဖြစ်ပေ။
“ကိုးမှာ မေမေပြောသလိုမျိုး မရှိသေးပါဘူး မေမေ…”
ကိုးရဲ့စကားကြောင့် ဖေဖေနဲ့မေမေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြံုးလိုက်ကြလေသည်။ နှစ်ယောက်လုံးရဲ့အပြံုးတွေမှာ အဓိပ္ပာယ်တွေပါနေတာကိုတော့ နှစ်ယောက်လုံးသာ သိကြသည်။
“ကိုယ် မပြောဘူးလား…. သမီးလေးက လိမ်မာပါတယ်… အဲ့လိုမျိုးမရှိလောက်သေးပါဘူးဆို…”
“ထက်လည်းသိပါတယ် ကိုမြတ်ရယ်… သမီးလေးကို အရင်ဆုံးမေးမြန်းကြည့်ရသေးတယ်လေ… တော်ကြာ မျက်နှာပျက်စရာတွေဖြစ်လာမှာပေါ့…”
ဖေဖေက မေ့မေ့ကိုကြည့်ကာ ပြံုးပြီး ခေါင်းငြိမ့်ပြနေ၏။
“ကဲပါ ဒါဆိုလည်း သမီးလေးကို ကျန်တာတွေ နောက်မှပဲပြောရအောင် ကိုမြတ်… ထက်တို့လည်း တိုင်ပင်စရာလေးတွေရှိသေးတယ်မို့လား…”
မေမေ ဘာပြောနေတယ်ဆိုတာ ဖေဖေနဲ့မေမေတို့ကလွဲပြီး ဘယ်သူမှနားလည်မည်မဟုတ်။ ကိုး ကိုယ်တိုင်လည်း နားမလည်ပေ။ မေမေပြောချင်တာ ဘာကိုလဲ… ဘာကိုတိုင်ပင်ဖို့အတွက် ကိုးကိုပြောချင်တဲ့ စကားကို အခုမပြောရတာလဲ။ ဘာဖြစ်လို့ ချစ်သူရှိလားလို့လည်း မေမေက မေးရတာလဲ။ သိချင်စိတ်တွေက များလာခဲ့ပေမယ့် ကိုး ဘာမှပြန်မမေးဖြစ်ခဲ့ပေ။ ဖေဖေနဲ့မေမေမှာလည်း အကြောင်းရှိလို့ ကိုးကို မပြောသေးတာနေမှာပေါ့။ ကိုးမှာ ချစ်သူရှိလားလို့မေးတာဟာလည်း တစ်ခုခုတော့တစ်ခုခုပဲ။ ဒီမေးခွန်းက ကိုးရဲ့စကားကို အတည်ပြုကာ ကိုးနဲ့ပတ်သက်ပြီး တစ်ခုခုကို လုပ်စရာရှိလို့ပဲဖြစ်ရမယ်။
“ဖေဖေတို့ဘာတွေလုပ်နေကြတာလဲ…”
မမရဲ့အသံကိုကြားလိုက်ရသဖြင့် ကိုးတို့အားလုံး အ့ံသြစွာဖြင့် မမကိုလှည့်ကြည့်လိုက်ကြလေသည်။ မမက အိမ်ထဲသို့ဝင်လာကာ ဆလင်းဘတ်အိတ်ကို ခုံပေါ်တင်လိုက်ပြီးမှ ကိုးရဲ့ဘေးကိုဝင်ထိုင်လိုက်၏။
“ကိုး… ကျောင်းမသွားသေးဘူးလား…”
“ဒီနေ့ ကျောင်းပိတ်တယ်လေ မမ…”
ကျောင်းပိတ်ရက်ကိုတောင်မှမသိတော့ဘဲ မမရဲ့စိတ်တွေက အလုပ်ထဲမှာပဲ နစ်မျောနေခဲ့၏။
“သမီး… အိမ်မှာ တစ်ခုခုကျန်ခဲ့လို့ ပြန်လာယူတာလား…” မမက မေမေ့ကိုကြည့်လိုက်ပြီးမှ ခေါင်းရမ်းလိုက်ကာ
“မဟုတ်ဘူး မေမေ… မဏိ ခေါင်းထဲမှာသိပ်မကြည်လို့ အိမ်ပြန်လာတာ…”
“ဟင်… ဘယ်လိုဖြစ်တာလဲ သမီးရယ်…”
မမက ဒူပေဒဏ်ပေခံသူဖြစ်တာကြောင့် အခုလိုမျိုး အိမ်ကိုပြန်လာသဖြင့် မေမေအံ့သြစိုးရိမ်သွားကာ မမအနားသို့ကပ်လာပြီး မမလက်တွေကိုဆုပ်ကိုင်ကာ မေးလိုက်လေသည်။ မမက ခေါင်းကို အသာရမ်းလိုက်ပြီး
“ရတယ် မေမေ… မဏိ ခဏနားလိုက်ရင် သက်သာသွားမှာပါ…”
“မဟုတ်တာ သမီးရယ်… သမီး ဒီနေ့တော့ အေးအေးဆေးဆေးအနားယူလိုက်ပါ…”
မမက ခေါင်းပဲရမ်းကာ မေမေ့ကိုကြည့်လိုက်လေသည်။
“မဖြစ်ဘူး မေမေရဲ့… မဏိ လုပ်လက်စတွေထားခဲ့ရတာ… နေ့လည်ပိုင်းတော့ ပြန်သွားမှရမယ်…”
“မမရယ်… ဒီနေ့တော့ နားလိုက်ပါလား… ကိုးလည်း တစ်နေကုန်အိမ်မှာရှိနေမှာပဲ မမကိုအဖော်လုပ်ပေးချင်လို့ပါ…”
မမရဲ့မျက်နှာမှာ ခန့်မှန်းရခက်တဲ့အပြံုးတွေကို ကိုး တွေ့လိုက်ရသည်။ မမက ပြံုးခဲတော့ မမရဲ့အပြံုးတွေကို ကိုး မလွတ်တမ်းလိုက်ကြည့်နေမိသည်။ ဒီအိမ်ကြီးမှာ မဏိရတနာနဲ့ ကိုးအသင်္ချေဆိုပြီး ညီအစ်မနှစ်ယောက်ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းမတူကြသလို စိတ်ဓာတ်ချင်းဟာလည်း မတူကြ။ အကြီးဖြစ်သူ မဏိက စိတ်ဓာတ်မာကြောသလို မာနကလည်းကြီးသည်။ အငယ်ဖြစ်သူ ကိုးကတော့ မဏိလိုမဟုတ်ဘဲ အရာရာမှာ အေးချမ်းစွာဖြင့် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတစ်ယောက်။ အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်သလို သည်းခံနားလည်ပေးသူဖြစ်သည်။ မဏိကတော့ ငယ်ငယ်ကတည်းက သီးသန့်နေတတ်သူတစ်ယောက်။ အပေါင်းအသင်းရှိပေမယ့် ရွေးပြီးပေါင်းတတ်သူမို့လို့ နှစ်ယောက် သုံးယောက်ထက်မပို။ အဲ့ဒီ့နှစ်ယောက်ကလည်း သူမလိုလူမျိုးတွေပင်ဖြစ်ကြသည်။
“ဟုတ်သားပဲ သမီးရယ်… နားလိုက်ပါ…”
မေမေကပါ ၀င်ပြောတော့မှ မမရဲ့မျက်နှာက အနည်းငယ်ပြေလျော့သွားသည့်ပုံဖြင့် ခေါင်းကိုပဲ အသာငြိမ့်ပြနေလေသည်။
“ဒါဆို သမီး အပေါ်တက်တော့မယ် ဖေဖေနဲ့မေမေ…”
“အင်း… ခဏနေ သံပုရာရည်လာပို့ပေးမယ်နော် သမီး…”
မမက ခေါင်းငြိမ့်ပြပြီး အပေါ်ထပ်ကိုတက်သွားသဖြင့် ကိုးလည်း မမနောက်ကနေ အသာလေးလိုက်သွားလိုက်ရသည်။ ဒီနေ့တော့ ကိုး မမနဲ့ စကားတွေများ ပြောဖြစ်မလားပဲ။
အခန်းထဲရောက်တော့ မမက ခုတင်ဘေးက ကျောမှီကုလားထိုင်ပေါ်မှာ အသာထိုင်ကာ မှေးနေလေသည်။ ကိုး မမထိုင်နေတဲ့ခုံဘေးက ခုတင်ပေါ်မှာ ထိုင်လိုက်ကာ မမမျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်မိ၏။ မမရဲ့မျက်နှာက အလုပ်ပင်ပန်းသော်လည်း ကျသွားခြင်းမရှိဘဲ တင်းတင်းပြည့်ပြည့်နဲ့ လှပနေဆဲပင်။ မမက ဘယ်လောက်ပဲအလုပ်များများ အလှပြင်ခြင်းကိုတော့ ပျက်ကွက်ခြင်းမရှိခဲ့။
“မမ…”
“ကိုး… ဘာဖြစ်လို့လဲ…”
“မမ ပင်ပန်းနေပြီလား…”
ကိုးရဲ့အမေးကြောင့် မမမျက်နှာမှာ ပြံုးယောင်သမ်းသွားလေသည်။ မျက်လုံးကတော့ ဖွင့်မလာသေး။
“မပင်ပန်းပါဘူး ကိုးရယ်… မမ နားလိုက်ရင် သက်သာသွားမှာပါဆို မေမေကလည်း စိတ်ပူနေတယ်…”
“မမရယ်… မေမေက မိဘပဲလေ စိတ်ပူတာပေါ့… ဖေဖေမေမေရော ကိုးရော မမဆိုရင် အရမ်းစိတ်ပူတတ်တာ ဘာလို့လည်းဆိုတာ မမသိပါတယ်…”  “ဘာလို့လဲ မမ တကယ်မသိဘူးကိုး… မမကို ပြောပြပါလား…”
ကိုး မမ မသိအောင် သက်ပြင်းတစ်ခုကို အသာချလိုက်ပြီးမှ မမရဲ့လက်ဝါးနုနုလေးတွေကို ဆုပ်ကိုင်လိုက်ကာ
“မမက အရမ်းအလုပ်ကြိုးစားတော့ မမ ပင်ပန်းရတယ်လေ… တကယ်ဆိုရင် ကိုးရော မမရော ဖေဖေမေမေတို့ကြောင့် ဘာအလုပ်မှ လုပ်စရာမလိုဘူးလေ မမရဲ့… ကိုးက ကျောင်းတက်နေတုန်းမို့လို့ သိပ်မပင်ပန်းပေမယ့် မမကတော့ အပြင်လောကမှာ အလုပ်လုပ်နေရတော့ မမက ပိုပင်ပန်းတာပေါ့… အဲ့ဒါကို ဖေဖေရော မေမေရော ကိုးရော နားလည်ကြတယ်လေ… အဲ့ဒါကြောင့် မမကို အားလုံးက စိတ်ပူနေကြတာပေါ့…”
ကိုးလည်းပြောပြီးရော မမက မျက်လုံးဖွင့်လာကာ ကိုးကိုကြည့်ပြီး ပြံုးနေလေတော့သည်။
“ဒါဆို မမကြောင့် ကိုးရော ဖေဖေနဲ့မေမေရော ပင်ပန်းနေကြမှာပေါ့…”
“ဟာ မဟုတ်တာမမရယ်… ကိုးတို့က မပင်ပန်းပါဘူး… မမသာ ပင်ပန်းနေတာလေ… အဲ့ဒါကြောင့် မမအတွက် နားရမယ့်အချိန်လေးကို သေချာလေးရှိစေချင်တာ…”
မမက ကိုးရဲ့ခေါင်းကို အသာပုတ်လိုက်ကာ
“စကားတတ်တဲ့ သာလိကာမလေးပဲ…”
မမက အခုလိုမျိုး ရင်းရင်းနှီးနှီးပြောလာတော့လည်း ကိုးရဲ့ရင်ထဲမှာ စိတ်ချမ်းသာပြီး ကြည်နူးနေမိပြန်လေသည်။
“ကဲ ပြောပါဦး… ကိုးမှာ ချစ်ရမယ့်သူရှိနေပြီလား…”
“ရှင်…”
မမရဲ့အမေးကြောင့် ကိုး မျက်လုံးပြူးသွားကာ မမကိုကြည့်လိုက်တော့ မမရဲ့မျက်နှာက ပြံုးနေဆဲပင်။
“စောစောကပဲ မေမေမေးနေတာကို မမကြားလိုက်ပါတယ်…”
“ကိုးမှာ မရှိသေးပါဘူး မမရယ်… မေမေက ဘာလို့မေးတာလဲဆိုတာ ကိုး နားမလည်ဘူး…”
“ကိုးကို အိမ်ထောင်ချပေးမလို့နေမှာပေါ့…”
“ဟင်…”
မမရဲ့စကားကြောင့် ကိုး ပိုပြီးအ့ံသြသွားမိပြန်လေသည်။ မမတွေးသလို ကိုး မတွေးမိခဲ့။ တကယ်ပဲ မမပြောသလိုများလား။ ဟင့်အင်း မဖြစ်နိုင်ပါဘူး… ကိုးက အခုထိ ကျောင်းမှမပြီးသေးတာ။ အိမ်ထောင်ချမယ့်ချတော့ မေမေက မမကိုပဲ အိမ်ထောင်ချပေးမှာပေါ့။
“ဘာတွေ တွေးနေတာလဲ ကောင်မလေး… မမပြောတာကို တွေးနေတာလား…”
ကိုး အင်တင်တင်ဖြင့် ခေါင်းငြိမ့်ပြလိုက်တော့ မမက ရယ်နေ၏။
“မမက စ နေတာပါ ကိုးရယ်… ကိုးက ငယ်သေးတာကို ဘာလို့အိမ်ထောင်ချပေးရမှာလဲ မဟုတ်ဘူးလား…”
“ဟုတ်တယ်နော် မမ… ဒါဆို မေမေက ဘာလို့ ကိုးကို မေးတာလဲမသိဘူး…”
မမက စိတ်မပါသည့်ပုံဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး မျက်လုံးပြန်မှိတ်သွားလေသည်။
“စိတ်ထဲမထားပါနဲ့ ကိုးရယ်… မေမေက ဒီအတိုင်း သိချင်လို့မေးလိုက်တာနေမှာပါ…”
“သမီး ကိုးရေ… ဒီမှာ သမီးမမအတွက် သံပုရာရည်လာယူပါဦးကွယ်…”
“ဟုတ်ကဲ့ မေမေ…”
ကိုး ချက်ချင်းပဲထလိုက်ပြီး တံခါးပေါက်နားသို့ ထသွားလိုက်လေသည်။ တံခါးဖွင့်လိုက်တော့ မေမေက အပေါက်ဝမှာ မတ်တပ်ရပ်နေ၏။
“မေမေ…”
“သမီး ရော့…”
ကိုး မေမေ့လက်ထဲက သံပုရာရည်ဖလားကိုယူလိုက်ပြီးတော့ မေမေ့ကိုပြန်ကြည့်လိုက်ကာ
“ဘာဖြစ်လို့လဲ မေမေ…”
မေမေ့မျက်နှာ တစ်ခုခုကိုအရေးကြီးနေသည့်ပုံပေါ်နေသဖြင့် ကိုးမေးလိုက်တော့ မေမေက အိမ်အောက်ထပ်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ “အရေးကြီးတဲ့ဖုန်းလာနေလို့ သမီးရဲ့… မေမေ သွားလိုက်ဦးမယ်နော်…”
“ဟုတ်ကဲ့…”
ဘယ်လောက်တောင်မှ အရေးကြီးတဲ့ဖုန်းမို့လို့ မေမေ့ပုံစံက အခုလိုဖြစ်နေတယ်ဆိုတာကို ကိုးနားမလည်ပေ။ မေမေ့ကို အခုလိုပုံစံမျိုး တစ်ခါမှ မတွေ့ဖူးတာတော့အမှန်ပါ။ ကိုး သံပုရည်ရည်ဖလားလေးကိုယူပြီး မမရှေ့ကို ပြန်ရောက်လာလေသည်။ မမက ကိုးကိုမျက်လုံးဖွင့်ပြီး ကြည့်လိုက်ကာ
“မေမေက ဘာဖြစ်လို့လဲ ကိုး…”
“သံပုရာရည်လေး အရင်သောက်လိုက်နော် မမ…”
မမက ခေါင်းငြိမ့်ပြီး ကိုးလက်ထဲက သံပုရာရည်ဖလားလေးကိုယူပြီး သောက်လိုက်လေသည်။ မမ တစ်ငုံသောက်ပြီးတော့ ဘေးက စားပွဲပေါ်တင်လိုက်ကာ
“ဘာတဲ့လဲ့ ကိုး…”
“ဘာမှမဟုတ်ပါဘူး မမရယ်… အရေးကြီးတဲ့ဖုန်းဆိုလို့ ကိုးအ့ံသြနေတာ…”
“ဟင်…”
မမဆီက ဘာသံမှထွက်မလာတော့ဘဲ တစ်ခုခုကို စဉ်းစားနေပုံဖြင့် ငြိမ်သွားပြန်လေသည်။ ဒါပေမယ့် ချက်ချင်းပဲ တစ်ခုခုကိုနားလည်သွားပုံဖြင့် ဘာမှတော့မပြောတော့။ “မမ… သက်သာရဲ့လား… သံပုရာရည်လေးသောက်လိုက်ဦးလေ…”
မမက ကိုးကိုမကြည့်ဘဲ ခေါင်းရမ်းပြပြီးတော့
“တော်ပြီ မမ သက်သာပြီ ကိုး…”
“ဟုတ်…”
“မမ စာအုပ်ဗီရိုထဲမှာ ကိုးအတွက် စာအုပ်တစ်အုပ်ဝယ်ထားသေးတယ်… မမ မအားတာနဲ့ မပေးဖြစ်တာ… အရမ်းကောင်းတယ်…”
မမစကားကြောင့် ကိုးရဲ့မျက်လုံးတွေဟာ အရောင်လက်သွားလေသည်။
“ဟုတ်လား မမ… စာရေးဆရာ ဘယ်သူလဲ…”
“မမအကြိုက်ပဲ…”
“ဆရာ မင်းခိုက်စိုးစန်…”
မမက ပြံုးပြီးခေါင်းငြိမ့်ပြနေလေသည်။ ကိုး ချက်ချင်းပဲထလိုက်ကာ မမစာအုပ်ဗီရိုရှိရာသို့ အမြန်လေးသွားလိုက်ပြီး ဗီရိုကိုဖွင့်ကြည့်လိုက်သည်။ ဆရာ မင်းခိုက်စိုးစန်ရဲ့ “သုည”ဆိုတဲ့ဝတ္ထုစာအုပ်လေးကို ပလတ်စတစ်နဲ့ မိုးမစိုအောင် သေချာလေးထုပ်ပိုးထား၏။ ပါကင်လိုမျိုးလေးပိတ်ထားတော့ ကြည့်ရတာ လိုချင်စဖွယ်လေးဖြစ်နေလေသည်။ ကိုး ချက်ချင်းပဲယူလိုက်ပြီး မမရှေ့မှာ ပြန်ထိုင်လိုက်ကာ  “မမ ဖတ်ပြီးသွားပြီလား…”
“အင်း… သူငယ်ချင်းတစ်ယောက် အရင်တုန်းက လက်ဆောင်ပေးဖူးတယ်… အရမ်းကောင်းတာ… အဲ့ဒါကြောင့် ညီမလေးအတွက် မမဝယ်လာတာ…”
“ကျေးဇူးပါ မမ…”
ကိုးက စာပေရူးသွပ်သူဆိုတာ မမကအသိဆုံးပင်။ ကျောင်းတက်နေတဲ့အရွယ်ကတည်းက မမရဲ့ ၀တ္ထုစာအုပ်တွေကို ကိုးက ခိုးခိုးပြီး ဖတ်ခဲ့သူတစ်ယောက်ဆိုတော့ မမက တစ်ခါတစ်လေ စာအုပ်တွေ မဖတ်ဖို့ တားခဲ့သည်။ ကိုးကလည်း ကျောင်းပိတ်ရက်တွေမှာသာ ဖတ်တာဆိုတော့ နောက်တော့လည်း မမက မပြောတော့ပေ။ တစ်ခါတစ်လေ ကိုးအတွက်တောင်မှ စာအုပ်တစ်ချို့ကို ၀ယ်ပေးခဲ့သည်။
“ဒါဆို မမနားလိုက်ဦးမယ်… ညီမလေးလည်း စာအေးအေးဆေးဆေးဖတ်လေ…”
“ဟုတ်ကဲ့ပါ မမ… ဒါဆို ကိုး သွားတော့မယ်နော်… မမ တစ်ခုခုလိုတာနဲ့ ကိုးကို လှမ်းခေါ်လိုက်နော် မမ..”
မမက စကားမပြောတော့ဘဲ ခေါင်းပဲငြိမ့်ပြကာ မျက်လုံးကိုမှိတ်ထားလေသည်။ ကိုး မမအခန်းထဲကနေ ထွက်လာပြီး ကိုယ့်အခန်းကိုယ် ၀င်လိုက်သည်။ ထို့နောက် စာအုပ်စင်ဘေးက စာကြည့်စားပွဲလေးမှာထိုင်လိုက်ပြီး မမလက်ဆောင်ပေးလိုက်တဲ့စာအုပ်လေးကို ပါကင်ဖွင့်လိုက်ပြီးဖတ်နေလိုက်သည်။ စာအုပ်ဖတ်နေရင်းကနေ ဘာလို့လဲမသိဘဲ ကိုခညောင်းရှင်ကို ကိုး သတိရသွားမိ၏။ သူ ကိုးဆီကအဖြေတောင်းထားတာ ကြာနေပြီဖြစ်သည်။ ကိုးက စဉ်းစားပေးမယ်လို့ ပြောထားသဖြင့် သူ့ဘက်ကလည်း အတင်းမတောင်းဆိုဘဲ ကိုးရဲ့အဖြေကို စောင့်နေခဲ့သည်။
မဒီရော စိမ်းရော နှစ်ယောက်လုံးကလည်း ကိုခညောင်းရှင်ဘက်ကပင်။ စိမ်းက သိပ်ပြီးမတိုက်တွန်းပေမယ့် မဒီကတော့ အတင်းပဲတိုက်တွန်းနေ၏။ မဒီတိုက်တွန်းလည်း တိုက်တွန်းချင်စရာပါ။ ကိုခညောင်းရှင်မှာ ငြင်းစရာအကြောင်းတစ်ခုမှမရှိ။ ကိုးကိုလည်း အလေးထားသည်။ ဂရုလည်းစိုက်သည်။ ကိုးမကြိုက်တာဆို ဘာတစ်ခုမှမလုပ်။ သူ ကိုးကိုတကယ်ချစ်တယ်ဆိုတာ ကိုးသိသည်။
သူ့လို ပညာတတ်၊ ရုပ်ချောပြီး ပြည့်စုံကြွယ်ဝတဲ့လူကို ဘယ်လိုမိန်းကလေးကမှ ငြင်းမှာမဟုတ်။ ကိုး ကိုယ်တိုင်လည်း နားလည်ပေမယ့် အခုချိန်ထိ အကဲခတ်နေတုန်းပင်။အခုလို ကျောင်းပိတ်ရက်တွေဆိုရင်လည်း သူ ကိုးကိုတွေ့ချင်တယ်လို့ပြောပေမယ့် ကိုးက ခေါင်းတစ်ချက်ရမ်းလိုက်တာနဲ့ သူ့ဘက်က ဆက်မပြောတော့။ အဲ့လောက်ထိတောင်မှ သူ ကိုးအပေါ် နားလည်မှုရှိတာပါ။ “တီ… တီ… တီ…”
ဖုန်းသံကြောင့် ကိုး အတွေးစတွေပြတ်တောက်သွားကာ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်ကြည့်လိုက် လေသည်။ ဖုန်းနံပါတ်ကိုကြည့်ပြီးလည်း မျက်လုံးပြူးသွားမိ၏။ ဟင်… စိတ်ချင်းပဲဆက်နေတာများလား။ ကိုး သူ့အကြောင်းတွေးနေချိန်မှာ သူ့ဆီက ဖုန်းဝင်လာ၏။
“ဟယ်လို…”
“ကိုး ဘာတွေလုပ်နေတာလဲ…”
“ကိုး… စာဖတ်နေတာပါ…”
“ဟုတ်လား… စာပဲ ဖတ်မနေနဲ့ဦးလေ ကိုးရဲ့… ကိုယ့်အတွက်လည်း စဉ်းစားပေးပါဦး…”
“ဟင်…”
“ကိုးကြောင့် ကိုယ်တော့ ရူးရတော့မယ်ထင်တယ်… ကိုယ့်ကို ဘယ်အချိန်မှ အဖြေပေးမှာလဲ ကိုးရဲ့…”
“ကိုး စဉ်းစားနေပါတယ်…”
“အင်းပါ… ကိုး စိတ်ညစ်အောင် ကိုယ် အတင်းတိုက်တွန်းနေတာမဟုတ်ဘူးနော် ကိုး… အဲ့လိုဖြစ်သွားရင် ကိုယ် တောင်းပန်ပါတယ်…”
“ကိုး နားလည်ပါတယ်…”
“ဟုတ်ပါပြီ… ဒါဆိုလည်း ကိုး စာဖတ်နေတာ အနှောက်အယှက်ဖြစ်သွားဦးမယ်… ကိုယ် ဖုန်းချလိုက်တော့မယ်နော်… ကိုယ့်ကို စဉ်းစားပေးထား…”
“ဟုတ်ကဲ့…”
“ကျောင်းမပိတ်ခင်တော့ ကိုယ့်ကို အဖြေပေးမယ်မို့လား ကိုး…”
ကျောင်းပိတ်ဖို့က သိပ်တောင်မှ မလိုတော့။ ကိုး တွေဝေသွားတာမဟုတ်ပေမယ့် ငြိမ်သက်သွားမိလေသည်။ သူ့ဘက်က တောင်းဆိုချက်ကလည်း မလွန်ပါ။ ကျောင်းစဖွင့်ကတည်းက သူ ကိုးဆီကအဖြေတောင်းထားခဲ့တာ။ကိုးကသာ အင်တင်တင်နဲ့ သူ့အချစ်ကို လက်မခံခဲ့။ တခြားသူတွေကတော့ ကိုးနဲ့သူ့ကိုကြည့်ကာ အားကျပြီး အတွဲတွေတောင်ဖြစ်ကုန်ကြပြီ။ ကိုးကတော့ အခုချိန်ထိ သူ့ကို စဉ်းစားပေးနေဆဲပင်ဖြစ်သည်။
“ဟုတ်… ကိုး ကျောင်းမပိတ်ခင် အဖြေပေးပါ့မယ်…”
“တကယ်နော် ကိုး… ကိုယ် အရမ်းပျော်သွားပြီ ကိုးရယ်…”
သူ့ အပျော်တွေအားလုံး ကိုးဆီသို့ ကူးစက်လာတယ်လို့ ကိုး ထင်လိုက်မိလေသည်။ သူ ကိုးကို အဲ့လောက်တောင်မှ ချစ်တာလား။ စိတ်ချင်းဆက်နေတော့ သူ့အကြောင်းတွေးနေတုန်း သူ့ရဲ့ဖုန်းဝင်လာသလို… သူပျော်သွားတော့လည်း သူ့အပြံုးတွေဟာ ကိုးဆီသို့ ကူးစက်လာခဲ့တာဟာ ကိုးလည်း သူ့ကို ချစ်နေမိလို့များလား။
“ဟုတ်ကဲ့…”
“အဲ့ဒီ့နေ့ကို ကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့စောင့်နေမယ်နော် ကိုး… အဲ့ဒီ့နေ့က ဒီနေ့ထက် ပိုပြီးပျော်ရမယ်လို့ ကိုယ် ယုံကြည်နေပါ့မယ်…”
“ဟုတ်ကဲ့ပါ ကိုခညောင်းရှင်…”
“တကယ်လို့များ ကိုယ်နဲ့ကိုး ချစ်သူတွေဖြစ်သွားရင် ကိုး ကိုယ့်ကို ကိုကိုလို့ခေါ်ရမယ်နော်…”
“ရှင်…”
အံ့သြသွားတဲ့ သူမအသံလေးကိုနားထောင်က သူ့ဘက်ကနေ သဘောကျစွာရယ်မောနေတော့သည်။
“ကဲပါ ဒါဆို ကိုယ်ဖုန်းချလိုက်ပြီ…”
သူ့ဘက်က ဖုန်းချသွားတာတောင်မှ ကိုးဖုန်းမချမိသေးဘဲ ရင်ခုန်သံတွေဟာ အတိုင်းအဆမရှိ မြန်ဆန်သွားရလေတော့သည်။ သေချာပါပြီ… ကိုး သူချစ်သလောက် သူ့ကိုမချစ်ရင်တောင်မှ ကိုးလည်းပဲ သူ့ကိုချစ်နေမိပါပြီ…။

ဆက်ရန် - အခန်း(၄)
💜 အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now