အခန်း(၂)

207 3 0
                                    

### အချစ်ဦးမဟုတ်ပါ သို့သော်… ###
အခန်း(၂)

ဘေးလွယ်အိတ်လေးကိုလွယ်ကာလက်တစ်ဖက်ကလည်းစာအုပ်လေးတစ်အုပ်ကိုကိုင်ထားပြီးလမ်းလျှောက်လာတဲ့သူမကိုကြည့်ကာသူ့ရင်ခုန်သံတွေဟာကပြောင်းကပြန်တွေဖြစ်သွားလေတော့သည်။ပန်းနုရောင်စကတ်အရှည်ကိုပန်းနုရောင်အကျႌနဲ့တွဲဝတ်ထားတဲ့သူမပုံစံကပျားပိတုန်းလေးတွေကြားထဲမှာလှပစွာပွင့်လန်းနေတဲ့ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။သူမဝံ့မရဲဖြင့်သူမလာနေတဲ့လမ်းကြောင်းပေါ်မှာပိတ်ရပ်လိုက်ကာ
“ကိုး…”
ခေါ်သံနဲ့အတူသူမရှေ့တည့်တည့်မှာမတ်တပ်ရပ်နေတဲ့လူတစ်ယောက်ကိုကိုးမော့ကြည့်လိုက်ကာ
“ဟင်… ကင်း…”
ပါးစပ်ကနေအမှတ်မထင်ထွက်သွားတဲ့ကင်းဆိုတဲ့အခေါ်အဝေါ်ကြောင့်ခညောင်းရဲ့မျက်နှာမှာပြံုးယောင်သမ်းသွားလေတော့သည်။
“ကိုယ့်နာမည်ကခညောင်းရှင်ပါ… ကိုး… ကိုယ့်ကိုသိတယ်ပေါ့…”
သူမေးလိုက်တော့သူမကခေါင်းလည်းမညိမ့်ခေါင်းလည်းမခါဘဲသူ့ကိုသေချာကြည့်နေလေသည်။မျက်မှန်အောက်ကသူမရဲ့မျက်ဝန်းတွေမှာသိပ်ပြီးထူးဆန်းနေတဲ့ပုံမဟုတ်ပါဘဲနဲ့သူ့ရင်တွေအခုန်မြန်နေလေသည်။ရင်ခုန်သံတွေကိုပြန်တည်ငြိမ်အောင်လုပ်ဖို့အတွက်လမ်းကြောင်းလွှဲလိုက်ကာသူမလက်ထဲကစာအုပ်ဆီသို့အကြည့်တွေကိုခညောင်းလွှဲလိုက်မိလေသည်။
“ကိုးကစာဖတ်ဝါသနာအရမ်းဝါသနာပါပုံပဲနော်…”
“ဟုတ်ကဲ့… ဒါနဲ့ကိုးကိုဘာပြောစရာရှိလို့လဲ…”
“ကိုယ်လေကိုးကို…” ဆက်ပြောချင်တဲ့စကားကရုတ်တရက်ထွက်မလာခဲ့။ “ကိုးကို… ဘာပြောချင်လို့လဲကိုခညောင်းရှင်…”
“ဟိုလေ… ကျွန်တော့်ကိုကိုးနဲ့ခင်ခွင့်ပေးပါလားကိုး…”
သူပြောလိုက်တဲ့စကားကြောင့်သူမရဲ့မျက်လုံးတွေမှာစူးစမ်းတဲ့အရိပ်အယောင်တွေဖြစ်ပေါ်လာကာသူ့ကိုနားမလည်စွာပြန်ကြည့်နေလေသည်။
“ကိုယ်ကိုးနဲ့ခင်မင်ချင်လို့ပါ…”
သူ့ကိုယ်သူကိုယ်လို့ပြောလိုက်ကျွန်တော်လို့ပြောလိုက်နဲ့ကိုးထက်သာအသက်ကြီးတာသူ့ပုံစံကအရမ်းကိုစိတ်လှုပ်ရှားနေတဲ့ပုံပင်။မျက်လုံးတွေကလည်းကိုးရဲ့မျက်နှာနဲ့ကိုးလက်ထဲကစာအုပ်ဆီသို့သာအပြန်အလှန်ရောက်နေတာကိုကိုးမြင်နေရသည်။
“ဟုတ်ကဲ့ ရပါတယ်…”
“ဟင်… ကိုးတကယ်ပြောတာလား…”
သူ့မျက်နှာကအရမ်းကိုအံ့သြဝမ်းသာသွားသည့်ပုံပင်။
“ဟုတ်…”
“ကျေးဇူးတင်လိုက်တာကိုးရယ်… ကိုယ်လေကိုးကိုစတွေ့တွေ့ကတည်းကအရမ်းကိုခင်ခဲ့မိတာ… ဒါပေမယ့်ကိုးမကြိုက်မှာစိုးလို့မပြောရဲခဲ့ဘူး…”
ကိုးသူ့ကိုနားလည်စွာနဲ့ခေါင်းငြိမ့်ပြလိုက်လေသည်။ကိုးတို့ဘေးကနေဖြတ်သွားကြတဲ့ကောင်မလေးတွေရဲ့အကြည့်ကခညောင်းဆီမှာသာရှိနေကြသည်။ခညောင်းအားလုံးကိုဥပေက္ခာပြုထားလိုက်ပြီးကိုးဆီသို့သာအာရုံစိုက်ထားလိုက်၏။သူကိုးကိုချစ်တယ်…အဲ့ဒီ့အတွက်ဘယ်သူ့ကိုမှဂရုစိုက်နေစရာမလိုပေ။
“ကိုးအခန်းထဲကိုသွားမှာမို့လား… အတူတူသွားရအောင်လေ…”
သူမအကြည့်တွေကသူမလက်မှာပတ်ထားတဲ့ပန်းနုရောင်နာရီလေးဆီသို့ရောက်သွားကာ
“အတန်းတက်ဖို့ကအချိန်နည်းနည်းလိုနေသေးတယ်… ကိုးသူငယ်ချင်းတွေနဲ့ကန်တင်းမှာချိန်းထားသေးတယ်… အဲ့ဒါသွားတွေ့လိုက်ဦးမယ်…”
“သြော်ဟုတ်လား…အင်း…အင်း… ဒါဆိုကိုယ်တို့နောက်မှတွေ့မယ်နော်…”
“ဟုတ်ကဲ့…”
သူမထွက်သွားတာတောင်မှသူမရဲ့အရိပ်လေးပျောက်သွားတဲ့အထိခညောင်းကြည်နူးစွာပြံုးရင်းနဲ့ငေးကြည့်နေမိသေးသည်။ချစ်တယ်ကိုးရယ်…။
#####
“အခြေအနေဘယ်လိုလဲကိုး…”
ကိုးစာအုပ်ကိုစားပွဲပေါ်သို့တင်လိုက်ပြီးမှခုံမှာဝင်ထိုင်လိုက်လေသည်။စိမ်းနဲ့မဒီကတော့ကိုးဘာပြန်ပြောမလဲဆိုတာကိုစိတ်ဝင်တစားနားထောင်နေ၏။
“ဘာကိုလဲဟ…”
“နင်နဲ့ကိုခညောင်းရှင်တို့ရဲ့အခြေအနေလေ…”
“ပုံမှန်ပဲလေ ဘာလို့လဲ…”
စိမ်းရဲ့အကြည့်တွေက ကိုးဆီသို့ သင်္ကာမကင်းစွာရောက်ရှိလာသဖြင့် ကိုး စိမ်းကို သေချာပြန်ကြည့်လိုက်ကာ
“စိမ်း… ဘာဖြစ်လို့လဲ…”
“သူ နင့်ကို အခုချိန်ထိ ဖွင့်မပြောသေးဘူးလား ကိုး…” ကိုး ခေါင်းကို အသာခါရမ်းလိုက်ကာ
“ဟင့်အင်း… ငါ့ဆီက ခင်မင်မှုပဲသူကလိုချင်တာထင်ပါတယ်ဟာ…”
ကိုးရဲ့စကားကြောင့် စိမ်းက ခေါင်းတခါခါဖြင့် ငြိမ်သက်သွားပြန်လေသည်။ အဲ့ဒီ့နေ့က ခညောင်းရှင်ပြောပုံအရဆိုရင်တော့ သူ ကိုးကိုသဘောကျနေတဲ့ပုံပါ။ အခုချိန်ထိ ဖွင့်မပြောရသေးဘူးတဲ့လား။ သူ့လို ဥစ္စာပေါ ရုပ်ချောကို ဘယ်မိန်းကလေးက ငြင်းမှာမို့လို့လဲ။ စိမ်းသာဆိုရင်တော့ သူ့ကို ငြင်းမှာမဟုတ်။ ဒါပေမယ့် သူချစ်နေတဲ့သူက စိမ်းမဟုတ်ဘဲ ကိုးဖြစ်နေခဲ့တာလေ။ “တကယ်လို့ သူက ချစ်ခွင့်ပန်လာရင် နင်လက်ခံမှာလား ကိုး…”
မဒီ့မေးခွန်းကြောင့် သူမအကြည့်တွေက မဒီ့ဆီသို့ ရောက်သွားလေသည်။ ဒါပေမယ့် မဆိုင်းမတွပင် သူမ ရယ်လိုက်ပြီး
“သူက ဖွင့်ပြောလာပါစေဦး မဒီရယ်…”
သူမ ပေါ့ပေါ့ပါးပါးရယ်နေနိုင်ပေမယ့် စိမ်းကတော့ သိသာစွာငြိမ်သက်နေ၏။
“အေးပါ… ဖွင့်ပြောလာမှ နင် ဘယ်လိုပြန်ဖြေမလဲဆိုတာ ငါတို့တွေစိတ်လှုပ်ရှားစွာစောင့်နေမယ် ကိုး…”
“အင်း… ဒါနဲ့ နင်တို့တွေ စားဖို့ဘာမှာထားလဲ…”
“မှာထားတာ ကြာနေပြီ အခုချိန်ထိ မလာသေးဘူး…”
မဒီကပြောလည်းပြော ကောင်တာမှာထိုင်နေတဲ့ ဆိုင်ရှင်ကိုလှမ်းကြည့်လိုက်လေသည်။
“အဒေါ်ရေ… သမီးတို့မှာထားတာလေးတွေ မရသေးဘူးလားရှင့်...”
“ခဏလေးစောင့်ပါ သမီးလေး… အခုလာပို့လိုက်မယ်နော်…”
“ဟုတ်ကဲ့… မြန်မြန်လာပေးပါ အဒေါ်…”
ဆိုင်ရှင်က တခြားစားပွဲဝိုင်းမှာ စားပွဲထိုးနေတဲ့ စားပွဲထိုးလေးကို လှမ်းကြည့်လိုက်ကာ
“ဟိုကောင်လေး… ပြီးရင် စားပွဲနံပါတ်(၃)ကို မှာထားတဲ့မုန့်လေးတွေ သွားချပေးလိုက်ဦး…”
“ဟုတ်ကဲ့…”
ခဏနေတော့ အစားအသောက်တွေရောက်လာသဖြင့် သူတို့သုံးယောက် စကားမပြောဖြစ်ကြတော့ဘဲ အစားကိုသာစားတော့သည်။ ကိုးက နာရီကိုတကြည့်ကြည့်ဖြင့်… အဲ့ဒါကို မဒီကမြင်သွားရာ
“ကိုးရယ်… အစားကိုဖြောင့်ဖြောင့်စားပါဟာ… အတန်းချိန်နောက်ကျလည်း ရပါတယ်… ဆရာက ဆူပဲဆူတာပါ ရိုက်တာမှမဟုတ်တာ…”
မဒီ့စကားကြောင့် ကိုး ရယ်ချင်သွားကာ အသံမထွက်အောင်ရယ်လိုက်မိလေသည်။
“မဒီရယ်… ကိုးတို့အရွယ်က ရိုက်ရမယ့်အရွယ်မှမဟုတ်တာ… နောက်ပြီး သင်ခန်းစာတွေနောက်ကျမှာစိုးလို့ပါ…”
“နောက်ကျလည်းဘာဖြစ်လဲဟ… နင့်နားမှာ ခညောင်းရှင်တစ်ယောက်လုံးရှိနေတာပဲဟာ… နော် စိမ်း…”
ပြောလည်းပြော စိမ်းကိုလည်း အားကိုးသလို ဆွဲထည့်လိုက်တော့ စိမ်းက ဘာမှပြန်မပြောဘဲ ပြံုးပဲပြံုးနေ၏။
“ကဲ စားပါ… နောက်ကျနေမှာစိုးလို့ပါဆို…”
ကိုးက ပြောပြီးတာပဲ မှာထားတဲ့ ရှမ်းခေါက်ဆွဲကို ဆက်စားနေလိုက်၏။ ဒီနေ့မှ အိမ်ကနေ ဘာမှမစားလာမိသဖြင့် ကန်တင်းမှာ ရှမ်းခေါက်ဆွဲကိုလာစားနေမိတာဖြစ်သည်။ တကယ်တော့ ကိုးက အပြင်စာကို သိပ်ပြီးမစား။ ဖေဖေနဲ့မေမေကလည်း အပြင်မှာစားတာမကြိုက်။ မမကတော့ အပြင်မှာစားတာသာများသည်။ မမကိုတော့ ဖေဖေနဲ့မေမေက သိပ်ပြီးမပြောပါ။ ဒါပေမယ့်လည်း လွှတ်ထားတာတော့မဟုတ်။ မမက ဖေဖေနဲ့မေမေတို့ရဲ့ပြောသမျှတွေကို သူ့ရဲ့စီးပွားရေးအလုပ်နဲ့သာ နှိုင်းယှဉ်ပြီး ပြန်ပြောလေသည်။
အလုပ်ကအရေးကြီးသည်… အဲ့ဒါကြောင့် အိမ်မှာ မိသားစုနဲ့အတူ breakfast စားဖို့တောင်မှ မမမှာ အချိန်မပေးနိုင်ခဲ့။ ဖေဖေနဲ့မေမေလည်း အလုပ်ကိုယ်စီနဲ့ပါပဲ ဒါပေမယ့် မိသားစုနဲ့တော့ breakfast စားဖို့အချိန်ပေးကြသည်။ မမတစ်ယောက်သာ မိသားစုထဲမှာ သင်းကွဲဖြစ်နေလေသည်။ ဒါပေမယ့်လည်း မမက ကိုး ကိုတော့ အရမ်းချစ်သည်။ ကိုး လိုချင်တာ ဖြစ်ချင်တာအားလုံးကို မမက ဖြည့်ဆည်းပေးသည်။ အချိန်မပေးနိုင်တာတစ်ခုကလွဲလို့ပေါ့။ ကိုး ဖေဖေ့ရောမေမေ့ရောမမရော အားလုံးကိုချစ်ပါသည်။မောင်နှမသားချင်းလည်းနည်းပါးသည့် ကိုးတို့မိသားစုမှာ မမတစ်ယောက်သာ ကိုးရဲ့အဖော်ဖြစ်ခဲ့ပေမယ့် မမကတော့ ကိုးနဲ့အတူ ရင်ဖွင့်တိုင်ပင်ဖို့ အချိန်မပေးနိုင်ခဲ့ပါ။ အခုချိန်မှာတော့ ကိုးရဲ့တစ်ခုတည်းသော အဖော်ကတော့ ကိုးချစ်တဲ့စာအုပ်တွေသာဖြစ်ခဲ့လေသည်။ ကိုးကိုအမြဲတမ်းအဖော်ပြုပေးတဲ့ စာအုပ်တွေကို ကိုးချစ်တယ်… မြတ်နိုးတယ်… တန်ဖိုးထားတယ်…။ ဘာလို့လဲဆိုတော့ သူတို့က ကိုးကို ဘယ်တော့မှ ဥပေက္ခာပြုထားမယ့်အရာတွေမှမဟုတ်တာ။
#####
“မဖြစ်သေးဘူးလေ တူတော်ရဲ့…”
အလိုလိုနေရင်း စိတ်ထဲမှာ တင်းကြပ်လာသဖြင့် ဒွေးတော်ကို သူ ဘယ်လိုပြန်ပြောလိုက်ရမလဲ စဉ်းစားလို့ မရခဲ့။ ဒွေးတော်က ဧည့်ခန်းမကြီးထဲက ဆိုဖာပေါ်မှာ ခန့်ညားထည်ဝါစွာထိုင်ကာ သူ့ကိုပဲကြည့်နေ၏။ ဒွေးတော်ရဲ့မျက်နှာမှာလည်း ဖိုးဖိုးရဲ့စကားကြောင့် ခံစားချက်တစ်ခုကို မနှစ်မြို့စွာ ခံစားရနေပုံပင်။
“ကမ္ဘာကြီးပြောင်းပြန်လည်ပတ်ဖို့က ဖြစ်နိုင်ပေမယ့် တူတော်ရဲ့ထိမ်းမြားမှုကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး…”
သူ ခေါင်းငြိမ့်လိုက်ပြီး လက်ထဲက ဖိုင်ကိုလည်း စားပွဲပေါ်သို့ လှမ်းတင်လိုက်လေသည်။
“ကျွန်တော်သိတယ် ဒွေးတော်… ကျွန်တော် မငြင်းပါဘူး… ဒါပေမယ့် ကျွန်တော်တောင်းဆိုတာကိုတော့ လိုက်လျောပေးသင့်တယ်…”
ဒွေးတော်ရဲ့မျက်နှာသည်လည်း အပျက်ပျက်ဖြင့် စကားတစ်ခုပြောဖို့အတွက် စဉ်းစားနေပုံရသည်။ ဒါပေမယ့်လည်း သူ့တောင်းဆိုချက်ကိုတော့ မလိုက်လျောလို့မဖြစ်ပေ။ “တူတော်တောင်းဆိုတာကို ဒွေးတော်နားလည်တယ်… လိုက်လည်းလိုက်လျောပေးနိုင်တယ်… ဒါပေမယ့် ခမည်းတော်ရဲ့အမိန့်ဆိုတော့…”
“လာပြန်ပြီလား ဒီအမိန့်… ဟူး… ဒွေးတော်ရယ်… ထိမ်းမြားဆိုလို့ ကျွန်တော်ထိမ်းမြားမယ်လို့ပြောပြီးပြီပဲ… ကျွန်တော်တောင်းဆိုတဲ့ အချိန်တစ်ခုကိုတော့ ဒွေးတော်တို့လည်း လိုက်လျောပေးမယ်လို့ထင်ခဲ့တာ…”
သူ့ အသံကြောင့် ဒွေးတော်ရဲ့မျက်နှာမှာ စိတ်မကောင်းတဲ့အရိပ်အယောင်တွေ ထင်ဟပ်သွားလေတော့သည်။
“ဖြစ်နိုင်ရင် ခမည်းတော်က တူတော့်ကို အခုချက်ချင်းတောင်မှ ထိမ်းမြားပေးချင်တာ တူတော်ရယ်… တူတော်ပြောတဲ့ အချိန်နှစ်နှစ်ကိုစောင့်ပေးဖို့ဆိုရင် ပိုတောင်မှဆိုးဦးမယ် ခမည်းတော် လက်ခံမှာမဟုတ်ဘူး…” “ဒွေးတော် မပြောကြည့်ရသေးဘူးမို့လား… ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ပြောလိုက်မယ်…”
ဒွေးတော်က ဘာမှမပြောဘဲ ငြိမ်သက်ကာ သူ့ကိုပဲ စိုက်ကြည့်နေလေသည်။ သူ ဖုန်းကိုကိုင်လိုက်ပြီးမှ နာရီကိုကြည့်လိုက်မိကာ ဖုန်းကိုပြန်ပိတ်လိုက်၏။
“ဘာဖြစ်လို့လဲ တူတော်…”
“ဒီအချိန်ဆို ဖိုးဖိုး တရားထိုင်နေတဲ့အချိန်ပဲ…”
ဒွေးတော်ကသူ့ကိုကြည်နေရင်းနဲ့ ခေါင်းငြိမ့်လိုက်ပြီး
“အင်း… ခဏနေမှဆက်လိုက်ပါ… ဒါပေမယ့် ဒွေးတော်သတိပေးချင်တာတစ်ခုတော့ရှိတယ် တူတော်…”
သူ ဒွေးတော်ရဲ့မျက်နှာကို စူးစမ်းသလိုကြည့်လိုက်ကာ “ဘာကိုသတိပေးချင်တာလဲ ဒွေးတော်…”
ဒွေးတော်က သူ့ဆီကအကြည့်တွေကိုလွှဲလိုက်ပြီး ဧည့်ခန်းမှာချိတ်ထားတဲ့ လေးပေလောက်ရှိသော ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့ မှန်ဘောင်ဓာတ်ပုံကြီးကို ကြည့်လိုက်ကာ
“ခမည်းတော်ကို အာခံစကားတော့မပြောမိပါစေနဲ့ တူတော်ရယ်… အခုရက်ပိုင်း ခမည်းတော် ကျန်းမာရေးသိပ်မကောင်းဘူး…"
“ဗျာ… ဘယ်လိုဖြစ်တာလဲ ဒွေးတော်…”
သူ ဖိုးဖိုးအတွက် စိုးရိမ်သွားကာဒွေးတော်ကို မေးလိုက်တော့ ဒွေးတော်ရဲ့မျက်နှာကမကောင်းပေ။
“နှလုံးရောဂါ ပြန်ထနေတယ် ဒွေးတော်… တိုင်းရင်းဆေးသမားတော်တွေနဲ့ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေရတယ်… အကိုတော်နဲ့ ဦးရီးတော်တွေလည်း ခမည်းတော်ဘေးမှာ အချိန်ပြည့်ရှိနေကြတယ်…”
“ဗျာ…”
စိုးရိမ်စိတ်က အထွဋ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။ ဖိုးဖိုးရဲ့အခြေအနေက အဲ့လောက်တောင်မှ ဆိုးနေခဲ့တာလား။
“ဖိုးဖိုး အဲ့လောက်ထိဖြစ်တာတောင်မှ ဘာလို့ ကျွန်တော့်ကို မပြောပြခဲ့တာလဲ ဒွေးတော်ရယ်… ”
“ဒွေးတော်ပြောခဲ့ရင်လည်း တူတော်က ဟော်နန်းကိုပြန်မှာမှမဟုတ်တာ… နောက်ပြီး ခမည်းတော်ကလည်း တူတော့်ကိုမသိစေချင်ဘူး… ခမည်းတော်ကြောင့် တူတော်စိတ်ပူနေမှာကို ခမည်းတော်လည်းမလိုလားဘူး… အဲ့ဒါကြောင့် ဒွေးတော်မပြောပြခဲ့တာပါ…”
“ဖိုးဖိုးရယ်…”
သူသည်လည်းပဲ မဟော်ဂနီရောင် ကျွန်းခုံမြင့်ကြီးပေါ်မှာ ခန့်ညားစွာထိုင်နေတဲ့ ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့ မျက်နှာကိုကြည့်လိုက်ကာ စိတ်မကောင်းဖြစ်သွားလေတော့သည်။
“အဲ့ဒါကြောင့်မို့လို့ ဒွေးတော်ပြောတာနားထောင်ပါ တူတော်ရယ်… ခမည်းတော်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်စကားတွေ လုံးဝမပြောပါနဲ့နော်…”
သူ ခေါင်းကို လေးပင်စွာဖြင့် ငြိမ့်ပြလိုက်မိတော့သည်။
“ကျွန်တော် နားလည်ပါပြီ ဒွေးတော်…”
“တီ… တီ… တီ…” ဖုန်းအသံကြောင့် သူဖုန်းကိုကြည့်လိုက်ရာ မျက်လုံးပြူးသွားပြီး ဖုန်းကိုအမြန်ကိုင်လိုက်၏။
“ဖိုးဖိုး..”
“မင်္ဂလာပါ မြေးတော်…”
ဒါကတော့ သူတို့စံနန်းတော်မှာ သုံးနေကျနှုတ်ဆက်စကားပင်ဖြစ်သည်။ ဘုန်းရိပ်ကလွဲပြီး ကျန်တဲ့လူတွေအားလုံး အနွယ်တော်တွေနဲ့ဖုန်းပြောတဲ့အခါဖြစ်ဖြစ် အချင်းချင်းတွေ့ဆုံတဲ့အခါပဲဖြစ်ဖြစ် နှုတ်ဆက်တဲ့စကားလုံး။ သူကတော့ အဲ့လိုမပြောတတ်ပါ။ ပြောဖို့ဝန်လေးတာမဟုတ်ပေမယ့် သူ ဘယ်သူ့ကိုမှ ထိုကဲ့သို့ မနှုတ်ဆက်ခဲ့။
“နေကောင်းရဲ့လား ဖိုးဖိုး…”
ဒွေးတော်က ဖုန်းပြောနေတဲ့သူ့ကိုစိုးရိမ်စွာဖြင့်အရိပ်တကြည့်ကြည့်ဖြင့်ကြည့်နေလေသည်။
“အိမ်း… ကောင်းပါတယ် မြေးတော်…”
ဖိုးဖိုးစကားပြောရင် အိမ်း…ဆိုတာကတော့ အာလုတ်စကားပင်ဖြစ်သည်။ ဖိုးဖိုးက အသက်ကိုးဆယ်သာကျော်တာ အခုချိန်ထိ နှလုံးရောဂါရှိတာကလွဲရင် ခန္ဓာကိုယ်တစ်ခုလုံး ဖျတ်ဖျတ်လတ်လတ်ရှိနေတုန်းပင်။
“ကျွန်တော် အခုပဲ ဖိုးဖိုးကိုဖုန်းဆက်မလို့…”
“ဘာလဲ ထိမ်းမြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလို့လား မြေးတော်…”
“ဟုတ်ပါတယ် ဖိုးဖိုး…”
ဟုတ်ပါတယ်ဆိုပေမယ့်လည်း ဆက်ပြောဖို့အတွက် သူ တွန့်ဆုတ်သွားမိသည်။ ဖိုးဖိုးက ကျန်းမာရေးကောင်းတာမဟုတ်။
“ဘာပြောချင်လို့လဲ မြေးတော်…”
“ကျွန်တော့်ကို…”
ဒွေးတော်ရဲ့စိုးရိမ်တဲ့အကြည့်တွေကိုမြင်လိုက်ရတော့လည်း သူ့စိတ်ထဲမှာ ၀မ်းနည်းလာသလိုလိုပင်။ ဒါပေမယ့်လည်း မပြောဘဲနဲ့သူနေလို့မှမရတာ။
“မြေးတော် ထိမ်းမြားမှုနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်လို့လဲ ဖိုးဖိုးကိုပြောလေ…” ဖိုးဖိုးရောဖွားဖွားရော သူ့ကိုသိပ်ချစ်ကြသည်။ သိပ်ချစ်သလို အလိုလည်းလိုက်ကြသည်။ ဒါပေမယ့် တရားလွန်အလိုလိုက်တာတော့မဟုတ်။
“ကျွန်တော့်ကို အချိန်နှစ်နှစ်ပေးလို့ရမလားဖိုးဖိုး… အဲ့ဒီ့နှစ်နှစ်ကို ကျွန်တော် လွတ်လွတ်လပ်လပ်နဲ့ ဖြတ်သန်းချင်လို့ပါ… အဲ့ဒီ့အချိန်တွေကုန်သွားတဲ့အခါ ဖိုးဖိုးတို့သဘောတူတဲ့သူနဲ့ပဲ ကျွန်တော် လက်ထပ်ပါ့မယ်…” ဖိုးဖိုးဘက်က အသံတိတ်သွားလေသည်။ ဖိုးဖိုးစဉ်းစားနေတာလား။ ဖိုးဖိုးက အဲ့လိုလူမျိုးမဟုတ်။ ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတတ်သူဖြစ်သည်။ စဉ်းစားပြီးရင်လည်း ချက်ချင်းပဲအကောင်အထည်ဖော်တတ်သူ… လုပ်မယ်လို့ဆုံးဖြတ်ပြီးတာနဲ့ ဘာကိုမှ စဉ်းစားတွေဝေနေတတ်သူမဟုတ်။ အခု ဖိုးဖိုး စဉ်းစားနေတာတော့မဟုတ်ပေ။
“အဟွတ်… အဟွတ်…”
ဖုန်းထဲကနေ ဖိုးဖိုးရဲ့ချောင်းဆိုးသံကိုကြားလိုက်ရသဖြင့် သူ စိုးရိမ်သွားမိတော့သည်။
“ဖိုးဖိုး…”
“မြေးတော်…”
“ဟုတ်ကဲ့ ပြောပါ ဖိုးဖိုး…” “ဖိုးဖိုးရဲ့ရောဂါက နေ့လား ညလားဆိုတာ မကွဲပြားတော့ဘူး မြေးတော်… အဲ့ဒါကြောင့် ဖိုးဖိုး ဘဝကူးကောင်းအောင်လုပ်ဖို့ ဆန္ဒတစ်ခုပဲရှိတော့တယ်… အဲ့ဒါကတော့ ဖိုးဖိုး မြစ်ကလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ်… အဲ့ဒါကြောင့် မြေးတော်ကို အမြန်ဆုံးထိမ်းမြားပေးချင်တာ…”
ဖိုးဖိုးရဲ့အသံတွေဟာ ဖျော့တော့နေလေသည်။ သူသာ ဖိုးဖိုးရှေ့မှာရှိနေမယ်ဆိုရင် ဖိုးဖိုးမျက်လုံးထဲကအကြည့်တွေဟာလည်း ဖျော့တော့နေမှာပဲဆိုတာ သူသိနေပါသည်။ ဖိုးဖိုးရဲ့ ကျန်းမာရေးက…
“မြေးတော်ပြောတာကို ဖိုးဖိုး နားလည်ပါတယ်… မြေးတော်ရဲ့အသက်ကလည်း ငယ်တော့တာမှမဟုတ်တာ မြေးတော်ရယ်… အခုလိုတစ်ယောက်ထဲနေရတာ ဘယ်လောက်တောင်မှ အထီးကျန်ဆန်နေမလဲ…”
ဖိုးဖိုးက သူ့အတွက်စဉ်းစားကာပြောနေတာဖြစ်သလို ဖိုးဖိုးအတွက်လည်း စဉ်းစားကာပြောနေခြင်းဖြစ်သည်။ ပုံမှန်အချိန်တွေမှာဆို စကားပြောရင်တောင်မှ လေသံပြင်းပြင်းနဲ့ပြောတတ်တဲ့ဖိုးဖိုးက အခုချိန်မှာတော့ သူ့ကို ညင်သာစွာတောင်းဆိုသလိုပြောနေသဖြင့် သူ့ရင်ထဲမှာ နွေးထွေးနေသလိုလိုပင်။
“မြေးတော်နဲ့ထိမ်းမြားမယ့် မိန်းကလေးက မြေးတော် သဘောကျမယ့်ပုံစံမျိုးပဲမြေးတော်… မြေးတော်ထက် ရှစ်နှစ်လောက်ငယ်တယ်…”
“ဟင်…”
ငယ်တယ်ဆိုတော့ ဖိုးဖိုးရွေးချယ်ထားတဲ့မိန်းကလေးက ဘယ်လိုမျိုးမို့လို့လဲ…။ အဲ့ဒီ့မိန်းကလေးက အနွယ်တော်တွေထဲက မဟုတ်တာတော့ သေချာနေပြီ။
“တစ်ခုပဲပြောစရာရှိတာက အနွယ်တော်ထဲကမဟုတ်ဘူး မြေးတော်…”
သူတွေးသလိုပင် ဖိုးဖိုးကလည်းပြောလာသဖြင့် သူ ပိုပြီးအံ့သြသွားမိတော့သည်။ ကိုယ့်အနွယ်တော်မဟုတ်ဘဲနဲ့ ဘာလို့ ဖိုးဖိုးက ထိမ်းမြားပေးချင်ရတာလဲ။ အနွယ်တော်ကလွဲပြီး ကျန်တဲ့လူတွေနဲ့မပတ်သက်ရဘူးလို့ အမိန့်ပေးခဲ့တာလဲဘယ်သူမို့လို့လဲ။ သူ့ခေါင်းထဲမှာ စဉ်းစားစရာလေးတွေက ပိုပြီးများလာတော့သည်။
“ဒီထိမ်းမြားမှုဟာ ကတိတစ်ခုကြောင့်ဆိုလည်းမမှားဘူး…”
ဖိုးဖိုးပြောတဲ့စကားက သူ့နားထဲမှာ မရှင်းမလင်းဖြစ်သွားလေသည်။
“ဖိုးဖိုးပြောချင်တဲ့ အဓိပ္ပာယ်က…”
ဒွေးတော်သည်လည်း သူပြောနေတာတွေကို စိတ်ဝင်စားစွာ နားစိုက်ထိုင်နေတာကို သူ သိလိုက်ရသည်။
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ကတိတစ်ခုကြောင့်ပဲ မြေးတော်… အဲ့ဒီ့မိန်းကလေးရဲ့ ဖိုးဖွားတွေနဲ့ ဖိုးဖိုးတို့ကြားမှာ ထားခဲ့တဲ့ကတိကြောင့်ပဲ…”
ကတိတစ်ခုကြောင့် သူ့ဘဝဟာ သူများလက်ထဲကိုရောက်ရတော့မယ်ဆိုတဲ့သဘောလား။ စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ်ဆိုတာ အဓိပ္ပာယ်ဖော်လို့မရခဲ့။
“ဒါဆိုရင် ကျွန်တော့်ဘဝက ကတိတစ်ခုကြောင့် မိန်းကလေးတစ်ယောက်ကို ထိမ်းမြားရမယ့်သဘောလား ဖိုးဖိုး…”
“မြေးတော်…”
ဖိုးဖိုးအသံက သူ့ကိုတစ်ခုခုပြောဖို့အတွက် အားယူလိုက်သည့်ပုံပင်။ ဒါပေမယ့် ဖိုးဖိုးဆက်မပြောနိုင်အောင် သူ ကြားထဲကနေဖြတ်ပြောလိုက်လေသည်။
“အဲ့လိုအဓိပ္ပာယ်ဆိုရင်တော့ ကျွန်တော် မထိမ်းမြားနိုင်ဘူး ဖိုးဖိုး…”
“ဟင်… တူတော်…”
ဒွေးတော်ရဲ့အလန့်တကြားရေရွတ်သံနဲ့အတူ ဖိုးဖိုးရဲ့အသံကလည်းထွက်လာလေတော့သည်။
“မြေးတော်…”
ဖိုးဖိုးရဲ့အသံကတော့ ဒွေးတော်ရဲ့အသံထက် ပိုပြီးကျယ်လောင်တယ်ဆိုတာ သူသိပါတယ်။
“ဖိုးဖိုးကို အမြန်ဆုံးကံတော်ကုန်စေချင်တာလား…”
သူ ဖိုးဖိုးကို ဘာပြန်ပြောလိုက်ရမှန်းမသိ။ သူ အဲ့လိုတော့ မဖြစ်စေချင်ပါ။
“ဖိုးဖိုးရဲ့အကြောင်းကို မြေးတော်သိပါတယ်… မျိုးရိုးဂုဏ်သိက္ခာနဲ့ ကတိသစ္စာအတွက် ဖိုးဖိုးအသက်ကိုအဆုံးရှုံးခံနိုင်တယ် မြေးတော်…”
ဖိုးဖိုးရဲ့ပြတ်သားတဲ့စကားကို ခွန်းတုန့်ပြန်ဖို့အတွက် သူ စကားလုံးတွေကို အမြန်ရွေးချယ်လိုက်လေသည်။ ဒါပေမယ့် ထွက်လာတဲ့စကားလုံးတွေကတော့ အစီအစဉ်မကျတော့။
“ဖိုးဖိုးရဲ့မာနအတွက်နဲ့ ဖိုးဖိုးရဲ့အသက်ကို အဆုံးရှုံးခံဖို့မလိုပါဘူး… ကျွန်တော်ရဲ့ဘဝကိုပဲ အဆုံးရှုံးခံရမှာပါ…”
“မြေးတော်…”
“တူတော်…”
ဖိုးဖိုးနဲ့ဒွေးတော်တို့ရဲ့အသံက တူညီစွာထွက်ပေါ်လာတာနဲ့အတူ သူ့ရင်ထဲက အစိုင်အခဲတစ်ခုသည်လည်း တင်းမာခက်ထန်လာလေတော့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မြေးတော် အဲ့ဒီ့မိန်းကလေးနဲ့ပဲ ထိမ်းမြားရမယ်…”
“ကျွန်တော် မငြင်းဘူးဖိုးဖိုး… ဒါပေမယ့် ကျွန်တော် ထိမ်းမြားပြီးမှ ဖိုးဖိုးတို့တွေ နောင်တမရမိပါစေနဲ့…”
“မင်း ဖိုးဖိုးကို တစ်ခုခုဖြစ်စေချင်တာလား မြေးတော်…”
ခံစားချက်တွေ ပြင်းထန်လာတာနဲ့အတူ နာခံတတ်တဲ့ နှလုံံးသားနဲ့ ရင်ထဲက နူးညံ့ခြင်းတွေဟာလည်း ဘယ်ကိုရောက်ကိုမှန်းမသိတော့။ အမိန့်တွေ စကားတွေကို သွေဖယ်ကာ သူ ဖိုးဖိုးကို တစ်ခွန်းမခံ ပြန်ပြောနေခဲ့လေသည်။ ဘယ်တုန်းကမှ ပြန်မပြောခဲ့သူမို့ ဒွေးတော်သည်လည်း သူ့ကို အံ့သြတကြီး စူးစမ်းစွာ ကြည့်နေ၏။
“ဟင့်အင်း… မဖြစ်စေချင်ပါဘူး… ဖိုးဖိုးကို အသက်ထက်ဆုံး ကျွန်တော့်အနားမှာရှိစေချင်တာ… ဒါပေမယ့် ဖိုးဖိုးပြောတဲ့ ကတိဆိုတဲ့စကားကတော့ ကျွန်တော့်ကို စိတ်ထိခိုက်သွားစေတာအမှန်ပဲ ဖိုးဖိုး… ကျွန်တော် ထိမ်းမြားခဲ့ရင်လည်း ဘယ်သူမှ ပျော်ရွှင်ရမှာမဟုတ်ဘူး ဖိုးဖိုး… ဒါပေမယ့် ဖိုးဖိုးတို့ရဲ့ကတိတွေကတော့ ခိုင်မြဲသွားမှာပါ…”
“အဟွတ်… အဟွတ်…”
အဆက်မပြတ်ထွက်လာတဲ့ ချောင်းဆိုးသံကြောင့် သူ ဖိုးဖိုးအတွက် စိုးရိမ်သွားလေတော့သည်။
“ဖိုးဖိုး… ဖိုးဖိုး…”
ဖိုးဖိုးဆီက ပြန်ပြီးထူးသံကို သူမကြားရတော့ပေ။ တိတ်ဆိတ်သွားသဖြင့် သူ ပိုပြီးစိုးရိမ်သွားတော့သည်။
“ဖိုးဖိုး… ကျွန်တော့်ကို တစ်ခုခုပြန်ပြောပါဦး …” “တူတော်… ခမည်းတော် ဘာဖြစ်တာလဲ…”
ဒွေးတော်ရဲ့အမေးကိုလည်း သူ မဖြေနိုင်တော့။ ဖိုးဖိုးဆီကထွက်လာမယ့်အသံကိုပဲ နားစိုက်ထိုင်နေမိတော့သည်။ ဒါပေမယ့် ဖုန်းကျသွားတာမဟုတ်သလို အသံသည်လည်း ထွက်မလာခဲ့ပါ။ “ဖိုးဖိုး…”
“မြေးလေး…”
“ဟင်… ဖွားဖွား…”
ဖိုးဖိုးက သူ့ကို နန်းသုံးအခေါ်အဝေါ်ဖြစ်တဲ့ မြေးတော်လို့သာခေါ်တာ ဖွားဖွားကတော့ မြေးလေးလို့ ခေါ်သည်။ “မြေးလေးရဲ့ဖိုးဖိုး စကားပြောရင်းမောလာလို့…”
“ဗျာ…”
ဖိုးဖိုးရဲ့အနားမှာ ဖွားဖွားလည်းရှိနေတာလား။ ဒါကို ဘာလို့ ဖွားဖွားတစ်ခွန်းမှ ၀င်မပြောရတာလဲ။
“ဖွားဖွား… ဖိုးဖိုး ကျန်းမာရေးက…”
“ချူချူချာချာပဲ မြေးလေး… အဲ့ဒါကြောင့် ဖိုးဖိုးကို မြေးလေး အာမခံပါနဲ့ မြေးလေးရယ်… ဖိုးဖိုးကို ပျော်အောင်ထားပေးလို့မရဘူးလားဟင်…”
သူ ဆွံ့အတွေဝေသွားလေတော့သည်။
“အဲ့ဒီ့မိန်းကလေးက သိပ်ချစ်စရာကောင်းတာ… သူ့ကို မြင်မြင်ချင်း တစ်ယောက်ယောက်နဲ့တူတယ်လို့ ဖွားဖွားစိတ်ထဲမှာ ထင်နေခဲ့တယ် မြေးလေး… တကယ်တော့ သူမက မြေးလေးရဲ့မယ်တော်နဲ့တူနေတာပဲ…”
“ဗျာ…”
“ဟုတ်တယ် မြေးလေး… မြေးလေးလည်းသဘောကျမယ်လို့ ဖွားဖွားယုံကြည်တယ်… အဲ့ဒါကြောင့်လည်း ဖွားဖွား မကန့်ကွက်ခဲ့တာပေါ့ မြေးလေးရယ်…”
ဖွားဖွားပြောတဲ့စကားတွေက သူ့အတွက် ဆန်းကြယ်နေတယ်လို့ သူ့စိတ်ထဲမှာ ထင်နေမိသည်။ ဟုတ်တယ် စံအိမ်တော်တစ်ခုလုံးမှာ သူ့စိတ်ကိုနားလည်တဲ့လူ နှစ်ယောက်သာရှိသည်။ အဲ့ဒါကတော့ ဖွားဖွားနဲ့ဒွေးတော်တို့ပဲဖြစ်သည်။ ဟော်နန်းမှာ ဖွားဖွားရောက်သွားတော့ သူနဲ့အလှမ်းဝေးကွာသွားခဲ့သည်။ ဒါပေမယ့်လည်း ဖွားဖွားက အခုချိန်ထိ သူ့ခံစားချက်တွေကို နားလည်သူတစ်ယောက်ပါပဲ။ အခု ဖွားဖွားပြောတဲ့စကားတွေကို သူယုံကြည်သည်။ မယ်တော်နဲ့တူတဲ့အဲ့ဒီ့မိန်းကလေးကို ဖွားဖွားသာသဘောကျမယ်ဆိုရင် သူလည်းပဲ သဘောကျမည်ဖြစ်သည်။ အဲ့ဒါဟာ သူ့စိတ်ကို ဖွားဖွားက နားလည်နေလို့ပဲဖြစ်သည်။
“အဲ့ဒါကြောင့် ဖိုးဖိုးကို အာမခံပါနဲ့တော့ မြေးလေး… နောက်ပြီး သူမက အနွယ်တော်ထဲကမဟုတ်ဘူး မြေးလေး… အဲ့ဒါကလည်း မြေးလေးရဲ့အကြိုက်ပဲလို့ ဖွားဖွားထင်တယ်…”
အနွယ်တော်ထဲကလူကို သူ ဘယ်တော့မှ မထိမ်းမြားဘူးဆိုတာ ဖွားဖွား ဘယ်လိုသိနေလဲတော့မသိ။ ဒါပေမယ့် ဖွားဖွားကတော့ သူ့စိတ်ကို သိရှိနားလည်နေလေတော့သည်။
“ဟုတ်ကဲ့ပါ ဖွားဖွား…”
“မြေးလေးက လိမ်မာပါတယ်ကွယ်… ဖိုးဖိုးကို စိတ်ချမ်းသာအောင်ထားပေးမယ်မို့လား…”
“ကျွန်တော် ဟော်နန်းကိုလာခဲ့မယ် ဖွားဖွား…” “ဟင့်အင်း မလာပါနဲ့ မြေးရယ်… ဒီနေရာက မြေးလာချင်တဲ့နေရာမှမဟုတ်တာ ဖွားဖွားသိတာပေါ့… ဖိုးဖိုးအတွက် မြေးလေး စိတ်ပူနေတယ်မို့လား…”
“ဟုတ်ပါတယ် ဖွားဖွား…”
ဟော်နန်းကို သူမလာချင်မှန်းလည်း ဖွားဖွားသိသည်။ အဲ့ဒါကြောင့်လည်း ဖွားဖွားက သူ့စိတ်ကိုနားလည်သူ ဖြစ်နေခဲ့တာပေါ့။
“အဲ့ဒါဆို ဖိုးဖိုးရဲ့စကားကိုသာ လက်ခံလိုက်ပါကွယ်…” “ဟုတ်ကဲ့ ဒီထိမ်းမြားမှုကို ကျွန်တော် လက်ခံပါ့မယ် ဖွားဖွား… ဖိုးဖိုးကိုလည်း ပြောပြပေးပါ…”
“မြေးလေးရဲ့ဖိုးဖိုးက ပြံုးနေတယ်ဆိုတာ မြေးကိုမြင်စေချင်လိုက်တာ…”
ဖိုးဖိုးပြံုးနေတယ်ဆိုသဖြင့် သူလည်း ကြည်နူးသွားမိလေသည်။ သူ့ကိုကြည့်နေတဲ့ ဒွေးတော်ရဲ့မျက်နှာမှာလည်း အပြံုးတွေနဲ့ ဝေနေလေတော့သည်။
“ဖိုးဖိုးကို ကျန်းမာရေးဂရုစိုက်ပေးနော် ဖွားဖွား…”
“သမားတော်ကြီးတွေက အချိန်ပြည့်ရှိနေပါတယ် မြေးလေးရယ်…”
“ဟုတ်ကဲ့ပါ ဖွားဖွား…”
“ဒါဆို ဖွားဖွား ဖုန်းချလိုက်တော့မယ်နော်…”
“ဟုတ်ကဲ့…”
ဖွားဖွားလည်း ဖုန်းချပြီးရော သူလည်း ဖုန်းချလိုက်ကာ ကြည်နူးစွာဖြင့် ပြံုးလိုက်မိတော့သည်။
“အနွယ်တော်တွေထဲက မဟုတ်ဘူးတဲ့လား တူတော်…”
“ဟုတ်တယ် ဒွေးတော်… ဖိုးဖိုးရဲ့ကတိစကားကြောင့်တဲ့…”
“ဟုတ်မယ်… ခမည်းတော်က ဘယ်တုန်းကများ အပြင်လူတွေနဲ့ပတ်သက်ခဲ့လို့လဲ… ထိမ်းမြားမှုအတွက်ဆိုရင် ပိုလို့တောင်မှဆိုးဦးမယ်… အခုက ကတိစကားကြောင့်ဆိုတော့ ခမည်းတော်လည်း ဘယ်နေသာတော့မလဲ တူတော်ရယ်…”
“ဟုတ်ကဲ့…”
“ဖုန်းပြောနေရင်းနဲ့ ခမည်းတော် ဘာဖြစ်သွားတာလဲ တူတော်…”
“ချောင်းတွေအရမ်းဆိုးလာပြီး စကားမပြောနိုင်တော့တာ ဒွေးတော်…”
သူ့စကားကြောင့် ဒွေးတော်က သူ့ရင်ဘတ်သူဖိလိုက်ကာ
“ဘုရား… ဘုရား… ခမည်းတော် ဘာမှမဖြစ်ပါစေနဲ့…”
“အခုတော့ သမားတော်တွေက အချိန်ပြည့်စောင့်ရှောက်ပေးနေတယ်တဲ့…”
“တော်ပါသေးရဲ့…”
ဖိုးဖိုးအတွက် သူ စိုးရိမ်နေသလို ဒွေးတော်သည်လည်း စိုးရိမ်နေသဖြင့် စိတ်သက်သာရာရအောင် သူ ပြောပေးလိုက်ရလေသည်။
“ဖိုးဖိုး အမြန်ဆုံးပြန်ကောင်းမှာပါ ဒွေးတော်…”
“ဟုတ်မယ်… တူတော်က ထိမ်းမြားမှုကို လက်ခံလိုက်တော့ ခမည်းတော် အမြန်ဆုံးကျန်းမာရေးကောင်းလာမှာပါ…”
အခုမှပဲ ဒွေးတော်ရဲ့မျက်နှာမှာလည်း အပြံုးတွေပြန်ရောက်လာတော့သည်။ အဲ့ဒီ့မိန်းကလေးက မယ်တော်နဲ့ တူတယ်တဲ့လား… မင်းက ဘယ်လိုမိန်းကလေးမို့လို့လဲ…။ မယ်တော်နဲ့တူတယ်ဆိုတော့ မင်းက မယ်တော့်ထက် ပိုပြီးများလှပနေလို့လား… ဒါမှမဟုတ် မင်းက မယ်တော့်ထက် စိတ်ထားမြင့်မြတ်တဲ့သူလား…။
မမြင်ရသေးတဲ့ သူမကို သူ မှတ်ချက်တွေချနေမိလေသည်။ သူမက ဖွားဖွားပြောသလို တကယ်ပဲချစ်စရာကောင်းသလား…။ သူမကရော သူ့ကို ချစ်ပါ့မလား…။ ဖိုးဖိုးရဲ့ကတိစကားကြောင့် သူ ထိမ်းမြားရမှာဖြစ်သလို သူမလည်း သူ့လိုပဲ သူ့ဖိုးဖိုးဖွားဖွားတွေရဲ့စကားကြောင့် သူ့ကို ထိမ်းမြားမှာပဲ နေမှာပေါ့…။ ကတိတစ်ခုကြောင့် သူတို့နှစ်ယောက်က ထိမ်းမြားကြမယ့်သူတွေပဲ အချစ်ဆိုတာ လိုမှမလိုတာ။ ရှေးဘိုးစဉ်ဘောင်ဆက်လိုမျိုး သစ္စာရှိနေဖို့အတွက်ပဲ သူတို့မှာလိုအပ်တာ…။ ဒါပေမယ့် မင်း ဘယ်လိုမိန်းကလေးဆိုတာတော့ ကိုယ်တကယ်သိချင်နေမိပြီ ချာတိတ်ရာ။

ဆက်ရန် - အခန်း(၃)
💜အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Tempat cerita menjadi hidup. Temukan sekarang