အခန်း(၁၃)

86 2 0
                                    

ဆက်ရန် - အခန်း(၁၃)
Eain Mat Kyal

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၃)

"ကလေး... အခုလိုကြီး နေသွားလို့မဖြစ်ဘူးလေကွယ်..."
ကိုး မမကို ပြန်လှည့်မကြည့်ဘဲ ပြတင်းပေါက်ကနေ ကောင်းကင်မှာသာနေတဲ့ လမင်းကြီးကို လှမ်းကြည့်နေမိ၏။
"ကိုး ဘာဆက်လုပ်ရမှာလဲ မမ... ကိုး ကိုကို့ကို ပြောမထွက်ဘူး..."
"ပွင့်ပွင့်လင်းလင်းပြောရမှာကိုပြောလိုက်လေ ကလေးရဲ့..."
"ဟူး..."
ကိုး သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ရင်းနဲ့ မမကို လှည့်ကြည့်လိုက်ကာ
"ကိုးသိပါတယ် မမ..."
"ကိုး အခုလိုမပြတ်မသားလုပ်နေမယ်ဆိုရင် ကိုးရော ခညောင်းရှင်ရော ဦးစဝ်ဘုန်းရိပ်ခေါင်ရော ထိခိုက်လိမ့်မယ် ကိုး... အဲ့ဒါကြောင့် အချိန်မလွန်ခင် အခုကတည်းက ခညောင်းရှင်ကို ပြောထားတော့လေကွယ်..."
"ကိုကိုက ကိုးကို သိပ်ချစ်တာ... ကိုးလည်း ကိုကို့ကို သိပ်ချစ်တယ်... အခုချိန်မှ နောက်ဆုတ်ဖို့သွားပြောရင်လည်း ထိခိုက်ရမှာ ကိုးတစ်ယောက်ထဲမဟုတ်ဘူး..."
"ကလေးရယ်..."
ကိုး ကိုကိုလက်ဆောင်ပေးထားတဲ့စာအုပ်လေးကို ရင်မှာပိုက်ထားရင်းနဲ့ မျက်ရည်တွေက ဝဲလာလေတော့သည်။
မဏိကတော့ ညီမဖြစ်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိ၏။
"တကယ်ဆိုရင် အစကတည်းက ကလေး ပြတ်သားခဲ့ရမှာ..."
"ဟုတ်တယ် ကိုး မှားခဲ့တာတွေပါ မမရယ်... ဒါပေမယ့် ကိုးဘက်က ငြင်းခဲ့ရင်တောင် ဦးက လက်လျှော့မှာမဟုတ်ဘူး... ကိုးမှာ ချစ်သူရှိနေရင်တောင်မှ ဦးက လုံးဝလက်မလျှော့ဘူးတဲ့..."
"ဟင်..."
ကိုးရဲ့စကားကြောင့် မဏိဘာပြန်ပြောရမှန်းမသိဖြစ်သွားလောက်အောင်ကို အ့ံသြသွားမိလေသည်။
"ဟုတ်တယ် မမ... ဦးက အဲ့လိုပြောတယ်..."
"ဒါဆို ကိုးနဲ့ခညောင်းရှင်အကြောင်းကို ဦးစဝ်ဘုန်းရိပ်ခေါင်က သိနေခဲ့တာလား ကိုး..."
ကိုး ခေါင်းကိုအသာရမ်းလိုက်ကာ
"မပြောတတ်ဘူး မမ.. ကိုးစိတ်ထဲမှာလည်း ဦးသိနေတယ်လို့ ခံစားနေမိတယ်..."
"ဒါဆို ဦးစဝ်ဘုန်းရိပ်ခေါင်က ကလေးကို ချစ်ပါတယ် ကလေးရယ်..."
"ကိုကိုလည်း ကိုးကိုချစ်တယ်လေ မမရဲ့..."
"ဟင်း..."
မမက သက်ပြင်းချရင်းနဲ့ ကိုးအနားသို့ရောက်လာကာ
"ကလေး... ဆုံးဖြတ်ချက်တစ်ခုကို နှစ်ခါချဖို့အတွက် ကလေး မစဉ်းစားပါနဲ့... ကလေး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့လက်ထပ်မယ်ဆိုတာ ခညောင်းရှင်အတွက်မို့လား..."
မမပြောစကားကို တိတ်တိတ်နေခြင်းဖြင့် ကိုး လက်ခံနေမိလေသည်။
"အဲ့ဒါဆိုရင် ကလေး ခညောင်းရှင်ကို အခုကတည်းက အဆက်ဖြတ်လိုက်ပါ... တကယ်လို့ ရှေ့မတိုး နောက်မဆုတ်သာ လုပ်နေမယ်ဆိုရင် နောက်ဆုံးထိခိုက်ရမယ့်သူက ကလေးပဲဖြစ်လိမ့်မယ်..."
"ကိုကိုနဲ့ အဆက်ဖြတ်ရမယ် ဟုတ်လား မမ..."
"ဟုတ်တယ် ကလေး..."
တကယ်တော့ အချစ်ဆိုတဲ့အရာက ဘာလဲဆိုတာသိရဖို့အတွက် ကိုး ကြိုးစားနေခဲ့တာ... အခုချိန်ထိ ကိုးမသိသေးပေ။ အဲ့ဒါကို ကိုးက အခု စွန့်လွှတ်ရတော့မှာလား... ကိုးသိချင်တဲ့ အချစ်ဆိုတာကိုသိရဖို့ ကိုး ဦးနဲ့လက်ထပ်လိုက်ရုံနဲ့သိရမှာမဟုတ်ဘူး... ဘာလို့လဲဆိုတော့ အဲ့ဒါ ကိုး ဦးကို မချစ်နိုင်လို့ပဲ...။
########
"တကယ်လို့ လူကြီးမင်းတို့အနေနဲ့ နန်းမဟာမြိုင်ကုမ္ပဏီက ပရိဘောဂပစ္စည်းတွေကိုသာ ဝယ်ယူသုံးစွဲမယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာလေးက နန်းတော်ကြီးလို ခန့်ညားလှပသွားမှာအမှန်ပါပဲ..."
"ကတ်..."
ဆလိုက်မီးတွေရော မှန်ထောင်ထားသူတွေရော အနောက်သို့ဆုတ်သွားကြလေသည်။ ခညောင်းက ကျွန်ထိုင်ခုံကနေထလိုက်ကာ ဒါရိုက်တာကြီးကိုကြည့်လိုက်တော့ ဒါရိုက်တာကြီးက လက်မထောင်ကာ ပြံုးပြနေလေသည်။
"အရမ်းဂွတ်တယ် ခညောင်းရှင်... မင်း တကယ်တော်တာပဲ..."
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး..."
ဒါရိုက်တာကြီးက သူ့ပခုံးကို ဖက်လိုက်ပြီး
"ငါ ဗွီဒီယိုတစ်ကားရိုက်စရာရှိတယ် ခညောင်းရှင်... တကယ်လို့ နန်းမဟာမြိုင်ကုမ္ပဏီဆီကနေ ခွင့်တောင်းလို့ရမယ်ဆိုရင် မင်းကို အဓိကဇာတ်ဆောင်အဖြစ် တင်ရိုက်ချင်တယ်..."
"ဗျာ... တကယ်ပြောတာလား ဒါရိုက်တာကြီး..."
"ဟုတ်တယ်... မင်းရဲ့သရုပ်ဆောင်ပုံက တခြားသရုပ်ဆောင်တွေနဲ့မတူဘူး... အတော်လေးကွဲပြားတယ်..."
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး..."
"ကောင်းပြီ... ကြိုးစားထား ကောင်လေး... အခုတော့ နားလိုက်ပါဦး..."
ဒါရိုက်တာကြီးက အားပေးသည့်သဘောဖြင့် သူ့ပခုံးကိုရိုက်ကာပြောပြီး သူ့ရှေ့ကနေထွက်သွားလေတော့သည်။
"ခညောင်းရှင်..."
ခေါ်သံနဲ့အတူ မန်နေဂျာကိုသက်က သူ့အနားသို့ ရောက်လာလေသည်။
"မန်နေဂျာကြီး..."
"အင်း ဘာပြောစရာရှိလို့လဲ..."
"ကျွန်တော် ကိုစဝ်ဘုန်းရိပ်ခေါင်နဲ့တွေ့ချင်လို့ပါ..."
"ဘာများပြောစရာရှိလို့လဲ... သခင်လေးက အရေးကြီးကိစ္စရှိလို့ စံအိမ်တော်ကနေ ကုမ္ပဏီကိုမလာပါဘူး..."
"ဟင်..."
"တကယ်လို့ အရေးကြီးတယ်ဆိုရင် ကျွန်တော်ပြောပေးပါ့မယ်... အဲ့လိုမှမဟုတ်ရင်လည်း ခညောင်းရှင်က ဖုန်းဆက်လိုက်ပါ..."
နှစ်ယောက်စလုံးမျက်နှာချင်းဆိုင်ပြီးပြောမှဖြစ်မယ့်စကားတွေက သူ့မှာရှိနေခဲ့တာဖြစ်သည်။
"ရပါတယ်... ကျွန်တော်တို့ဆုံကြဦးမှာပဲ... အဲ့ဒီ့တော့မှ ပြောလိုက်တော့မယ်..."
"ကောင်းပါပြီ... ဒါနဲ့ ခညောင်းရှင်က အခု ဘယ်ကိုသွားမှာလဲ..."
"ကျွန်တော် တခြားတော့ သွားစရာမရှိပါဘူး..."
"ဟုတ်လား... သခင်လေးက ဒီရက်ပိုင်းတွေမှာ ကုမ္ပဏီကိုလာမှာမဟုတ်ဘူး ခညောင်းရှင်... တကယ်လို့ ပြောပေးစရာရှိမယ်ဆိုရင်လည်း ကျွန်တော်ပြောပေးလို့ရပါတယ်..."
တကယ်ပြောချင်ခဲ့တာက ကိုးနဲ့ပတ်သက်တာတွေဖြစ်ပေမယ့်လည်း ခညောင်း ဒါရိုက်တာကြီးရဲ့စကားကို သတိရသွားမိလေသည်။
"သြော်... ဒီလိုပါ မန်နေဂျာ..."
မန်နေဂျာကိုသက်က သူပြောတာကို စိတ်ဝင်တစားနားထောင်နေလေသည်။
"ဒါရိုက်တာကြီးကပြောတယ်... သူ ဗွီဒီယိုတစ်ကားရိုက်စရာရှိတာ ကျွန်တော့်ကို ခေါင်းဆောင်မင်းသားမဖြစ် တင်ရိုက်ချင်တယ်လို့ ပြောနေလို့ပါ... အဲ့ဒါ ကျွန်တော် လက်ခံလို့ရ မရဆိုတာ ကိုစဝ်ဘုန်းရိပ်ခေါင်ကို မေးပေးလို့ရမလား..."
မန်နေဂျာက သူမေးတာကို ချက်ချင်းပြန်မဖြေဘဲ စဉ်းစားသလိုလုပ်လိုက်လေသည်။ ပြီးတော့မှ သူ့မျက်နှာကိုကြည့်လာကာ
"စည်းကမ်းအရဆိုရင်တော့ လက်ခံလို့မရပါဘူး ခညောင်းရှင်..."
"ဟင်..."
ပထမဆုံးရလာတဲ့အခွင့်အရေးကို လက်လွတ်ရမလိုဖြစ်သွားသဖြင့် သူ စိတ်မကောင်းဖြစ်သွားမိလေသည်။ စာချုပ်အရဆိုရင်တော့ မန်နေဂျာပြောတာမှန်သည်။
"ဒါပေမယ့် ကျွန်တော် သခင်လေးကိုမေးပေးပါ့မယ်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
မျှော်လင့်လို့မရတော့မှန်းသိလိုက်ပေမယ့်လည်း သူ မန်နေဂျာကိုသက်ကို ကျေးဇူးတင်စကားပြောလိုက်မိလေသည်။
"ကောင်းပါပြီ ဒါဆို ခညောင်းရှင်နားပါဦး... ကျွန်တော် ကိစ္စလေးတွေရှိလို့ သွားလိုက်ပါဦးမယ်..."
"ဟုတ်ကဲ့..."
မန်နေဂျာထွက်သွားတော့ သူ တစ်ယောက်ထဲ မတ်တပ်ရပ်ကာ စဉ်းစားရင်းနဲ့ ကျန်ခဲ့လေတော့သည်။ ဟူး... ဘာလို့ အခုရက်ပိုင်းအတွင်းမှာမှ အရာရာခက်ခဲနေရတာလဲ...။
#######
"အစ်မတော်ဖုရား..."
"ညီမတော် မာလာ... အစ်မတော်ကို ဘာပြောစရာရှိလို့လဲ..."
ဒေါ်နန်းခမ်းမာလာက စကားပြောဆောင်ထဲသို့ ဖြည်းဖြည်းချင်းဝင်လာပြီး ဒေါ်နန်းဆက်ဧကရီရဲ့ မျက်စောင်းထိုးအနေအထားက ခုံမှာဝင်ထိုင်လိုက်လေသည်။
"တူတော်ရဲ့ထိမ်းမြားမှုအတွက် မင်္ဂလာနေ့ရက်နဲ့ မင်္ဂလာအချိန်ကို ဟော်နန်းက ပုရောဟိတ်ဆရာက စာပို့ပေးလိုက်ပါတယ်..."
ဒေါ်နန်းဆက်ဧကရီရဲ့ အကြည့်တွေက ညီမတော်လက်ထဲက စာအိတ်ဆီသို့ရောက်သွားကာ ခေါင်းကိုအသာငြိမ့်လိုက်ပြီး လက်ထဲက တရားစာအုပ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီးမှ လက်လှမ်းလိုက်လေသည်။ ဒေါ်နန်းခမ်းမာလာက ဒေါ်နန်းဆက်ဧကရီရဲ့လက်ထဲသို့ ပေးလိုက်ရင်းနဲ့
"တူတော်နဲ့ အစ်မတော် စကားပြောပြီးပြီလား..."
"အင်း ပြောပြီးသွားပြီ... ဒါပေမယ့် အကြမ်းဖျင်းပဲပြောရသေးတာ... ခဏနေ စံအိမ်တော်ကိုပြန်လာမှ သေချာပြောမယ်တဲ့..."
"တူတော်က အစ်မတော်ဖုရားကို ဘာပြောလဲ..."
ဒေါ်နန်းခမ်းမာလာ အစ်မတော်ဖြစ်သူရဲ့မျက်နှာကို သေချာစူးစမ်းစွာကြည့်ပြီး မေးလိုက်လေသည်။
"သားတော်က ထိမိးမြားမှုကို ကြင်ယာတော်ရဲ့သဘောအတိုင်းပဲ ဖြစ်စေချင်နေတာ..."
"ဟင်..."
ဒေါ်နန်းခမ်းမာလာ အ့ံသြသွားပြီး အစ်မတော်ရဲ့မျက်နှာကို သေချာကြည့်လိုက်တော့ အစ်မတော်သည်လည်း မျက်နှာမကောင်းပေ။ အစ်မတော်က မျိုးရိုးဂုဏ်ကို ပိုပြီးထိန်းသိမ်းသူမို့ အခုလိုဖြစ်တာမဆန်းပေ။
"ဟုတ်တယ် ညီမတော်... အဲ့ဒါကြောင့် ဖိတ်စာကိုအမြန်ဆုံးလုပ်ရမယ်... ပုရောဟိတ်ကြီးပြောတဲ့ အချိန်အတိုင်း အတိအကျလုပ်မယ်... ဒီနေ့ပဲ ဖိတ်စာကိစ္စကို ညီမတော် စုံစမ်းလိုက်ပါ..."
"ဟုတ်ကဲ့ပါ အစ်မတော်..."
အစ်မတော်ရဲ့မျက်နှာက အလျင်လိုနေတာကိုမြင်လိုက်ရသဖြင့် အချိန်ကနီးကပ်နေပြီဆိုတာကို ဒေါ်နန်းခမ်းမာလာ သတိထားလိုက်မိတော့သည်။
"မယ်တော်..."
"ဟော သားတော်ပြန်လာပြီ..."
အစ်မတော်ရဲ့မျက်နှာက ချက်ချင်းပဲ ဝင်းပသွားတော့သည်။ အစ်မတော်က ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ တူတော်ရဲ့အသံကိုကြားလိုက်ရရင်ပဲဖြစ်ဖြစ် တူတော့်မျက်နှာကို မြင်လိုက်ရရင်ပဲဖြစ်ဖြစ် ချက်ချင်းပဲ ပြောင်းလဲသွားလေတော့သည်။
ဘုန်းရိပ် မယ်တော့်အနားမှာထိုင်ရင်းနဲ့ ပြံုးလိုက်ကာ အကြည့်တွေကလည်း မယ်တော့်လက်ထဲက စာရွက်ဆီသို့ ရောက်သွားလေသည်။
"မယ်တော် အဲ့ဒါဘာစာရွက်လဲ..."
မယ်တော်က သူ့မျက်နှာကိုကြည့်ရင်းနဲ့ ပြံုးလိုက်လေသည်။
"ထိမ်းမြားဖို့အတွက် အချိန်ကို ပုရောဟိတ်ကြီးက တွက်ချက်ပေးလိုက်တာ သားတော်..."
"သားတော်ကို ပြပါဦး..."
သူ စိတ်ဝင်စားသွားကာ မယ်တော့်ဆီက တောင်းလိုက်တော့ မယ်တော်က ခေါင်းငြိမ့်ကာ သူ့လက်ထဲသို့ ထည့်လာ၏။ အချိန်ကိုကြည့်ကာ သူ အ့ံသြသွားမိပေမယ့် သဘောကျသွားမိသည်။
"မလိုတော့ဘူးပဲ..."
"ဟုတ်တယ် သားတော်... ဒါနဲ့ ထိမ်းမြားအြီးရင် သားတော် ဘယ်မှာနေမှာလဲ... ဟော်နန်းမှာလား... ဒါမှမဟုတ် စံအိမ်တော်မှာလား..."
"ဟင်... သားတော်တို့က အပြင်မှာပဲ ခွဲနေကြမလို့ပါ မယ်တော်..."
"ဟင်... မဟုတ်သေးဘူးလေ သားတော်ရဲ့... အဲ့လိုထုံးစံမှမရှိတာ အပြင်မှာမနေရပါဘူး..."
"ဟုတ်တယ် တူတော်... အဲ့ဒါကို ဒွေးတော်လည်း ကန့်ကွက်တယ်... တူတော်သာ အပြင်လောကမှာနေမယ်ဆိုရင် အပြင်လူတွေနဲ့ အတူတူဖြစ်သွားမှာပေါ့... အဲ့လိုအဖြစ်မခံနိုင်ပါဘူး..."
"ဒွေးတော်ကလည်း ကျွန်တော်က ကိုးနဲ့တိုင်ပင်ပြီးသွားပြီလေ..."
"ဘာပဲဖြစ်ဖြစ် သားတော်...အဲ့ဒါကို မယ်တော်လည်း သဘောမတူဘူး... တခြားအရာတွေအားလုံးက အဲ့ဒီ့မိန်းကလေးသဘောအတိုင်းဖြစ်ပြီးခဲ့ပြီပဲ... နေတာကတော့ မယ်တော်တို့ ဆုံးဖြတ်ရမယ်..."
တူတော့်မျက်နှာ ချက်ချင်းပဲ ညှိုးကျသွားတာကို ဒေါ်နန်းခမ်းမာလာ သတိထားလိုက်မိလေသည်။
"မယ်တော်ရယ်... အရာအားလုံးကို ကိုးရဲ့ဆန္ဒအတိုင်း တသွေမတိမ်း သားလုပ်ပေးချင်တယ်..."
"ဘာ... စဝ်ဘုန်းရိပ်ခေါင် မင်းက ဘယ်သူလဲ... မင်းက ဘယ်သူမို့လို့ အဲ့ဒီ့မိန်းကလေးရဲ့ ဆန္ဒတွေအားလုံးကို လိုက်လုပ်ပေးနေရတာလဲ..."
"သားတော်... ကိုးကို ချစ်တယ်..."
မယ်တော့်မျက်နှာ တင်းမာလာတာကို ဘုန်းရိပ် သတိထားမိလိုက်လေသည်။
"မိန်းမတစ်ယောက်ကိုချစ်တာနဲ့ပဲ ဓလေ့ထုံးစံတွေကို မင်း စွန့်ပစ်တော့မှာလား..."
"သားတော် တောင်းပန်ပါတယ် မယ်တော်..."
မချစ်ဖူးလို့ ရူးတယ်လို့ပြောရအောင်လည်း မင်းက သူငယ်နှပ်စားအရွယ်မဟုတ်ဘူး သားတော်..."
"သားတော် သိပါတယ် မယ်တော်ရယ်... ဒါပေမယ့် သားတော် ကိုးကို ပျော်အောင်ထားပေးချင်တယ်..."
ဒေါ်နန်းဆက်ဧကရီ အလိုမကျစွာဖြင့် ဘာမှပြန်မပြောဘဲ ငြိမ်သက်နေမိလေသည်။
"တူတော်ရယ်... အစ်မတော်ဖုရားက တူတော့်ကို ဘယ်လိုလုပ်ပြီး စိတ်ချမှာလဲ... ဟော်နန်းမှာမနေဘူးဆိုရင်လည်း စံအိမ်တော်မှာတော့ လာနေပါကွယ်..."
သူ ဒွေးတော်ကိုကြည့်ကာ ခေါင်းကိုအသာရမ်းလိုက်မိလေသည်။
"ကိုးက နေနိုင်မှာမဟုတ်ဘူး ဒွေးတော်... ကျွန်တော်တို့အပြောအဆို အပြုအမူတွေကြားမှာ ကိုး ပျော်မှာမဟုတ်ဘူး... ကိုး မပျော်ရင် ကျွန်တော်လည်း မပျော်နိုင်ဘူး... အဲ့ဒါကြောင့် ကျွန်တော် ကိုးကို စိတ်ချမ်းသာအောင် ထားပေးချင်တာ..."
"ကောင်းပြီလေ... အဲ့ဒါဆိုလည်း သားတော်နဲ့ကိုးအသင်္ချေတို့တိုင်ပင်ထားသလိုပဲ လုပ်ကြပါ..."
"ဟုတ်ကဲ့ မယ်တော် ကျေးဇူးတင်ပါတယ်..."
"ခမည်းတော်ကလည်း သားတော်တို့ကို အမြန်ဆုံးလက်ဆက်ပေးချင်နေပြီ... သားတော်က ကြင်ယာတော်မိန်းကလေးကို အချိန်ပြောပြထားလိုက်ပါ... မယ်တော်တို့လည်း လူကြီးချင်းတွေ့ပြီး ပြောလိုက်မယ်..."
"ဟုတ်ကဲ့ပါ မယ်တော်..."
သူ အရမ်းပဲပျော်သွားတော့သည်။ ပုရောဟိတ်ကြီး တွက်ချက်ပေးထားတဲ့အချိန်အတိုင်းဆိုရင်တော့ သူနဲ့ကိုး နီးစပ်ဖို့ အချိန်ဘယ်လောက်မှမလိုတော့ပေ။ ပျော်လိုက်တာ ချာတိတ်ရယ်... ကိုယ် ချာတိတ်နဲ့ အမြန်ဆုံးနီးချင်နေပြီကွာ... ကိုယ်... ကိုယ် ချာတိတ်ကို အရမ်းချစ်တယ်...။
"တီ... တီ... တီ..."
သူ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ မယ်တော့်အကြည့်တွေကလည်း သူ့ဖုန်းဆီသို့ရောက်လာလေသည်။ မျှော်လင့်ထားတဲ့ဖုန်းမဟုတ်သဖြင့် သူ ပြံုးလိုက်ကာ မယ်တော့်ကိုကြည့်လိုက်ပြီး
"ကုမ္ပဏီက မန်နေဂျာပါ မယ်တော်..."
မယ်တော်က ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလာသဖြင့် သူ ဖုန်းကိုကိုင်ကာ မယ်တော့်ရှေ့ကနေ ထွက်လာလိုက်လေသည်။
"ဟယ်လို ကိုသက်..."
"သခင်လေး... ကျွန်တော်စကားပြောလို့ရမလား..."
သူ အခန်းထဲဝင်လိုက်ပြီးမှ တံခါးကိုပြန်ပိတ်လိုက်လေသည်။
"အင်း ပြောလေ..."
"ဒါရိုက်တာတစ်ယောက်က ခညောင်းရှင်နဲ့ ဗွီဒီယိုရိုက်ချင်တယ်လို့ ပြောနေပါတယ်..."
"ဘာ..."
"အဲ့ဒါ ခညောင်းရှင်ကလည်း ဗွီဒီယိုရိုက်လို့ရမလားဆိုပြီး ကျွန်တော့်ကို လာမေးနေပါတယ် သခင်လေး..."
သူ ခုတင်ဘေးက ကျွန်ပက်လက်ကုထားပေါ်မှာထိုင်ရင်းနဲ့ နောက်သို့မှီချလိုက်လေသည်။
"စာချုပ်စည်းကမ်းအရဆိုရင် မရဘူး ကိုသက်..."
"ဟုတ်ပါတယ် သခင်လေး... အဲ့ဒါကြောင့် ကျွန်တော် သခင်လေးကို ဖုန်းဆက်မေးကြည့်တာပါ... အဲ့ဒါဆို မရဘူးလို့ ကျွန်တော် ခညောင်းရှင်ကို ပြောလိုက်ရမလား..."
"ဟင့်အင်း... ရတယ်လို့ပြောလိုက်ပါ..."
"ဗျာ..."
ကိုသက်ရဲ့ အ့ံသြတဲ့အသံကိုနားထောင်ရင်းနဲ့ သူ သဘောကျစွာ ပြံုးလိုက်လေသည်။
"ဟုတ်တယ် ကိုသက်... ငါ သဘောတူပေးရမယ်... ဘာလို့လဲဆိုတော့ ခညောင်းရှင်က သာမန်လူမဟုတ်ဘူး... သူက ချာတိတ်အရင်းနှီးဆုံးလူတစ်ယောက်ဆိုတာ မင်းလည်းသိပါတယ်..."
"သြော်... ဟုတ်ကဲ့ပါ သခင်လေး... ကျွန်တော်နားလည်ပါပြီ..."
"အင်း... သူ့ကိုပြောလိုက်... သူ ဗွီဒီယိုပဲရိုက်ရိုက် ကြော်ငြာပဲရိုက်ရိုက် ငါ လက်ခံတယ်လို့..."
"ဟုတ်ကဲ့ပါ သခင်လေး ကျွန်တော်ပြောလိုက်ပါ့မယ်..."
"အင်း... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
သူ ဖုန်းချလိုက်ပြီး ဖုန်းကို မေးစေ့အောက်မှာ ထောက်ထားရင်းနဲ့ သဘောကျစွာပြံုးလိုက်လေတော့သည်။ ဒီအချိန်မှာ မင်း ဘာဖြစ်ချင်ချင် ငါ လက်ခံပေးမယ် ခညောင်းရှင်။ ဘာလို့လဲဆိုတော့ မင်းက ချာတိတ်ရဲ့ချသ်သူဖြစ်နေလို့ပဲ...။ မင်းဖြစ်ချင်တာဖြစ်ရလို့ ချာတိတ်ပျော်တဲ့အခါ ချာတိတ် ငါ့ကိုကျေးဇူးတင်လိမ့်မယ်။ အဲ့ဒီလိုသာဆိုရင် ချာတိတ်က ငါနဲ့ထိမ်းမြားမယ့်ကိစ္စအပေါ် အရင်ထက်ပိုပြီး ကြည်ဖြူလာမယ်... တဖြည်းဖြည်းနဲ့ ချာတိတ်က ငါ့ကို ချစ်ရင်တောင်ချစ်လာဦးမယ်။ အ့ဒီအချိန်ရောက်ရင်လည်း ငါ မင်းရဲ့ကျေးဇူးကို လုံးဝမမေ့ပါဘူး ခညောင်းရှင်...။
#######
"ဘာ... ကိုး ဘာပြောလိုက်တယ်..."
"ဟုတ်တယ် ကိုကို... ကိုးတို့ လမ်းခွဲရအောင်..."
သူ့မျက်နှာကိုမကြည့်ဘဲ ကိုးက ခေါင်းကိုအောက်သို့ငုံ့ကာပြောနေသဖြင့် သူ ထိုင်နေရာကနေထလိုက်ပြီး ကိုးရဲ့ထိုင်ခုံအနားကပ်ထိုင်လိုက်ကာ
"ကိုး ကိုယ့်ကို နောက်နေတာမို့လား..."
"မဟုတ်ဘူး ကိုကို... ကိုး တကယ်ပြောနေတာပါ ကိုးတို့လမ်းခွဲရအောင်..."
"ဘာလို့လဲ... ဘာလို့ ကိုယ်တို့လမ်းခွဲရမှာလဲ ကိုး..."
"ကိုး တခြားလူနဲ့လက်ထပ်တော့မှာမို့လို့ပါ..."
"ဘာ... ကိုး လက်ထပ်မယ် ဟုတ်လား..."
ကိုး နာနာကျင်ကျင်နဲ့ ကိုကို့ကို ခေါင်းငြိမ့်ပြလိုက်တော့သည်။
"ကိုးရယ်... ကိုယ့်ကို တခြားစကားတွေနဲ့စရင်စပါ... အခုလိုစကားမျိုးနဲ့တော့ မစနောက်ပါနဲ့ ကိုယ် တကယ်မခံစားနိုင်ဘူး..."
ကိုးရင်ထဲမှာ ပြောမပြတတ်အောင်ကို နာကျင်သွားကာ မျက်ရည်တွေက ကျလာတော့သည်။ ခေါင်းငုံ့ထားတော့ ကိုး မျက်ရည်ကျတာကို ကိုကိုကတော့မမြင်ပါ။
"ကိုး တကယ်ပြောတာပါ ကိုကို... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ လက်ထပ်တော့မယ်..."
"ဟင်... ဘယ်သူနဲ့ ကိုး..."
"ဟုတ်ပါတယ်... နန်းမဟာမြိုင်ကုမ္ပဏီပိုင်ရှင် ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ပါ..."
"အဓိပ္ပါယ်မရှိတာ ကိုးရယ်... ကိုယ်က ကိုးရဲ့ချစ်သူလေ... ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာ ကိုယ်တို့သူငယ်ချင်းတွေလည်းသိကြတာပဲ... အခုမှ ဘာလို့ ကိုယ့်တို့လမ်းခွဲရမှာလဲ... ဟင့်အင်း လမ်းမခွဲဘူး ကိုး..."
"ကိုး တောင်းပန်ပါတယ် ကိုကိုရယ်... ကိုကို ကိုးကိုမေ့လိုက်ပါတော့..."
"ဟင့်အင်း... ကိုယ် ကိုးကို ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး... ကိုယ် ကိုးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ကိုးသိပါတယ် ကိုးရယ်... ကိုယ့်ကို မရက်စက်ပါနဲ့..."
ကိုးရဲ့ပခုံးလေးတွေ တသိမ့်သိမ့်ရှိုက်လာတာကို သူ သတိထားလိုက်မိလေသည်။ ကိုး ငိုနေတယ်ဆိုတာကိုလည်း သိလိုက်တာမို့ သူ ထိတ်လန့်သွားမိတော့သည်။
"ကိုး မငိုပါနဲ့ကိုးရယ်..."
"ကိုးတို့လမ်းခွဲမယ် ကိုကို..."
"ဘာလို့လဲ ကိုယ့်မှာဘာအပြစ်ရှိလို့လဲ ကိုး..."
ကိုကို့မေးခွန်းရဲ့အဖြေကို ကိုး သိနေပေမယ့်လည်း မဖြေရက်ခဲ့ပါ။ ကိုကို့မှာ ဘာအပြစ်မှမရှိပါဘူးလို့ ကိုး မပြောရက်ခဲ့။ ကိုကို ကိုးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ကိုးသိပါတယ်။ ဒါပေမယ့် ကိုး ဥပေက္ခာပြုထားပါရစေ ကိုကိုရယ်။
"ဘာလဲ ကိုယ်က ဦးစဝ်ဘုန်းရိပ်ခေါင်လို ပိုက်ဆံမချမ်းသာလို့လား... သူ့လိုမျိုး ဆွေမျိုးအသိုင်းအဝိုင်းတွေ မျိုးရိုးဂုဏ်တွေ မမြင့်မားလို့ ကိုးက လမ်းခွဲမယ်လို့ပြောတာလား... ကိုး..."
သူ့ရဲ့စကားကြောင့် ကိုးက သူ့ကို ဆတ်ကနဲမော့ကြည့်လာကာ ခေါင်းရမ်းရင်းနဲ့ ငိုနေလေသည်။
"မဟုတ်ဘူး ကိုကို... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်ကို လက်ထပ်မယ်ဆိုတာ ဘိုးဘွားတွေထားခဲ့တဲ့ ကတိစကားတစ်ခုကြောင့်ပါ... အဲ့ဒါကြောင့် ကိုး လက်ထပ်မှာ..."
ကိုကိုက ကိုးရဲ့စကားကိုနားထောင်ပြီး ခေါင်းရမ်းလိုက်လေသည်။
"အဓိပ္ပါယ်မရှိတာကိုးရယ်... အဲ့ဒီ့ရှေးရိုးစွဲကတိစကားတွေကြောင့် ကိုယ်ချစ်ရတဲ့သူကို ကိုး လမ်းခွဲမှာပေါ့ ဟုတ်လား ကိုး..."
"ဟင့်အင်း... ကိုးကို ဘာမှမမေးပါနဲ့... အခုချိန်မှာ ကိုကို့အတွက် တခြားဖြေစရာမရှိဘူး ကိုကို..."
"ကိုယ်လက်မခံနိုင်ဘူး ကိုး... ကိုယ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ရဲ့သားနဲ့ ဘာလို့လမ်းခွဲရမှာလဲ..."
ကိုကို့ရဲ့စကားလုံးတိုင်းက ကိုးရဲ့နှလုံးသားလေးကို ဘယ်လောက်တောင်မှ နာကျင်စေတယ်ဆိုတာ ကိုကိုမသိပါဘူး ကိုကိုရယ်...။
"ကိုးရယ်... ကိုး အဲ့ဒီ့လူကိုမချစ်ဘူးမို့လား... ကိုယ်တို့တွေ အခုပဲခိုးပြေးကြမယ် ကိုး..."
ပြောလည်းပြော ကိုကိုက ကိုးရဲ့လက်တွေကို ဆွဲကိုင်လာသဖြင့် ကိုး လန့်ဖျပ်သွားကာ ကိုကို့လက်တွေကို ရုန်းလိုက်လေသည်။
"ဟင့်အင်း မဖြစ်ဘူး ကိုကို... ကိုး ဦးစဝ်ဘုန်းရိပ်ခေါင်ကိုပဲ လက်ထပ်ရမယ်... ကိုးတွေတွေ ခိုးပြေးလို့မရဘူး..."
"ကိုး... ကိုးရာ..."
ကိုကို့အကြည့်တွေက ထူးဆန်းစွာပင် တင်းမာလာလေတော့သည်။
"သိပါပြီ... ကိုယ် သေချာသိသွားပြီ ကိုး... မင်းက အစကတည်းက ကိုယ့်ကို တကယ်ချစ်ခဲ့တာမှမဟုတ်တာ... အဲ့ဒါကြောင့်လည်း လမ်းခွဲစကားကို အခုလိုမျိုး လွယ်လွယ်နဲ့ ပြောထွက်ခဲ့တာပေါ့..."
မဟုတ်ဘူး... မဟုတ်ပါဘူး ကိုကိုရယ်... ကိုး... ကိုကို့ကို ရင်ထဲကနေ နှစ်နှစ်ကာကာချစ်ခဲ့တာပါ ကိုကိုရယ်...။ ပြောချင်တဲ့စကားလုံးတွေက ရင်ထဲမှာဆို့နင့်နေသဖြင့် အပြင်သို့ထွက်မလာတော့ပေ။
"ဟုတ်တယ်မို့လား... ကိုယ့်ဘက်က ဒီလောက်ထိချစ်တာတောင်မှ မင်းဘက်က လမ်းခွဲဖို့ပြောထွက်တယ်... အခုတော့ ကိုယ် သေချာသိသွားပါပြီ... မင်းက ကိုယ့်ကို ဘယ်တုန်းကမှ တကယ်ချစ်ခဲ့တာမဟုတ်ဘူး... ခဏတာစိတ်လှုပ်ရှာခဲ့တာကို အချစ်လို့ထင်ပြီး မင်းက ကိုယ့်အချစ်ကိုလက်ခံခဲ့တာ..."
ရင်ထဲမှာ နာကျင်လွန်းသဖြင့် ကိုး ကိုကို့စကားတွေကို ပြန်ပြီးမချေပနိုင်တော့ပေ။ စွပ်စွဲပါ ကိုကိုရယ်... ကိုကို့စိတ်ထဲရှိတဲ့အတိုင်း ကိုးကို စွပ်စွဲလိုက်ပါ။ ဒါပေမယ့် ကိုး လုပ်ခဲ့တာတွေအားလုံးက ကိုကို့အတွက်ဆိုတာ ကိုး ကျိန်ရဲတယ် ကိုကို...။ ကိုကိုဖြစ်ချင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ကိုး ဦးရဲ့အချစ်ကိုလက်ခံခဲ့တာ။ အဲ့ဒါတွေ ကိုကိုမသိပါဘူး...။ ဟုတ်ပါတယ် ကိုးကမှ ကိုကို့ကြိ မပြောပြခဲ့တာ။
"မင်းက မထင်ရလောက်အောင်ကို သွေးအေးတဲ့မိန်းကလေးပါလား ကိုးရယ်..."
ကိုကိုက ကိုးမျက်နှာကို သေချာကြည့်ကာ ပြောနေပေမယ့်လည်း ကိုးကတော့ ကိုကို့မျက်နှာကို မကြည့်ရက်ခဲ့ပါဘူး။ ကိုကို့မျက်နှာကိုကြည့်ပြီး ကိုးစိတ်တွေ ပြောင်းလဲသွားလို့မဖြစ်ဘူး ကိုကို။
"အင်းပေါ့... ဟိုလူနဲ့ကိုယ်က မိုးနဲ့မြေလို ကွာခြားနေခဲ့တာကိုး..."
စကားနာတွေထိုးပြီး ကိုးကို ရင်နာအောင်မလုပ်ပါနဲ့တော့ ကိုကိုရယ်... ကိုးလုပ်နေတာတွေအားလုံးက ကိုကို့အတွက်ဆိုတာ ကိုကိုသိတဲ့တစ်နေ့တော့ ကိုး ကိုကို့ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ကိုကိုနားလည်မှာပါ။ ဒါပေမယ့် အခု ကိုကိုမုန်းမယ်ဆိုလည်း ကိုကို့အမုန်းကို ကိုး ကျေနပ်စွာ ခံယူပါ့မယ် ကိုကို...။
"ကိုယ်မှန်တာတွေပြောနေလို့ မင်းမှာ ပြောစရာစကားတောင်မရှိတော့ဘူးမို့လား ကိုးအသင်္ချေ... အင်းပေါ့လေ... နောက်ဆုံးတော့လည်း ကိုယ်က မင်းကိုချစ်ခဲ့မိတော့ အချစ်ရူးရူးရပြီပေါ့ ကိုးရယ်... ဘဝမှာ ဘယ်မိန်းကလေးကိုမှ မချစ်ခဲ့ဖူးဘဲ မင်းကို ချစ်ခဲ့မိမှ အခုလိုခံစားရတာ ကိုယ်ကံဆိုးတယ်ပဲပြောရမလား..."
ကိုကိုရယ်... ကိုကို့ရင်ထဲမှာ အဲ့လောက်ခံစားနေရမယ်ဆိုရင် ကိုးရင်ထဲမှာလည်း ဘယ်လောက်ထိခံစားနေရမယ်လို့ ကိုကိုထင်လဲ။ ကိုးရင်ထဲက နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေနေပြီဆိုတာ ကိုကိုမသိဘူးမို့လား...။
"မင်းလို ခေါင်းမာတဲ့မိန်းကလေးတစ်ယောက်ကို ထပ်ပြီးပြောနေရင်လည်း မင်းဘက်က ဘာမှထူးခြားလာမှမဟုတ်ဘူးဆိုတာ ကိုယ်သိပါတယ်... အဲ့ဒါကြောင့် ကိုယ်သွားတော့မယ် ကိုး... မင်းဘဝမှာ မင်းကြောင့်ကိုယ်နာကျင်ခဲ့ရသလိုမျိုး မင်းကိုနာကျင်အောင်လုပ်မယ့်လူမျိုးနဲ့ မဆုံပါစေနဲ့လို့တော့ ကိုယ် ဆုတောင်းပေးခဲ့ပါရစေ..."
ကိုကို ကိုးရှေ့ကလှည့်ထွက်သွားတောင်မှ ကိုး ကိုကို့ကျောပြင်ကို မကြည့်ရဲခဲ့ပါ။ ပြောပါ ကိုကို... ကိုးက ကိုကို့ကျိန်စာတွေနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ပါ။ ကိုကို့ကျန်စာတင်မဟုတ်ဘူး... ကိုကို့အမုန်း... ကိုကို်နာကြည်းချက်တွေအားလုံးနဲ့ ထိုက်တန်တဲ့မိန်းကလေးတစ်ယောက်။ ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကိုး ကိုကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကိုသိလာမှာပါ။ အဲ့ဒီ့အချိန်ရောက်ရင်တော့ ကိုးအပေါ်မှာတင်ရှိနေတဲ့ ကိုကို့အမုန်းကျိန်စာတွေ ပြေပျောက်ကောင်းပါရဲ့ ကိုကိုရယ်...။
ဆက်ရန် - အခန်း(၁၄)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Where stories live. Discover now