အခန်း(၁၀)

107 2 0
                                    

## အချစ်ဦးမဟုတ်ပါသို့သော်… ###
အခန်း(၁၀)

"နန်းမဟာမြိုင်မြန်မာ့လက်မှုပရိဘောဂကုမ္ပဏီ" ပန်းကနုတ်များဖြင့် ထွင်းထားတဲ့ကုမ္ပဏီနာမည်က ဝ့ံကြွားထည်ဝါစွာဖြင့် လှပတင့်တယ်နေလေသည်။ ကုမ္ပဏီကလည်း ကျယ်ပြန့်ကာ ပရိဘောဂပစ္စည်းတွေကလည်း သူ့နေရာနဲ့သူ လှပခန့်ညားစွာ နေရာယူထားကြ၏။
"ခညာင်းရှင်..."
အသံနဲ့အတူ အနားကိုရောက်လာတဲ့ မန်နေဂျာကိုကြည့်လိုက်ပြီး ခညောင်း နေကာမျက်မှန်ကိုချွတ်လိုက်ကာ
"မန်နေဂျာ..."
"အကိုတို့ကုမ္ပဏီရဲ့ ကမ်းလှမ်းမှုကို လက်ခံတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်..."
"ဟုတ်ကဲ့... ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်..."
"ကဲပါ အထဲဝင်ဦးလေ... ကျွန်တော်တို့သခင်လေးလည်း အခုလာနေပါပြီ..."
"သခင်လေး ဟုတ်လား..."
မန်နေဂျာရဲ့အခေါ်အဝေါ်ကို ခန့်ညားအံသြသွားတော့ မန်နေဂျာက ပြံုးလိုက်ကာ
"အဲ့ဒီ့အခေါ်အဝေါ်က ကျွန်တော်တို့အတွက်ပါ... ခညောင်းရှင်ကတော့ အဆင်ပြေသလိုခေါ်ပါ..."
သူ ခေါင်းငြိမ့်လိုက်တော့ မန်နေရာ ကိုသက်က လက်ကနာရီကို မြှောက်ပြီးကြည့်လိုက်လေသည်။
"ကိုးနာရီထိုးတော့မှာပဲ... ဒါဆိုသခင်လေး ရောက်တော့မှာပါ ရုံးခန်းထဲမှာစောင့်ရအောင်လေ... အဆင်ပြေမလား ခညောင်းရှင်..."
"ဟုတ်ကဲ့... အဆင်ပြေပါတယ်..."
မန်နေဂျာကိုသက်ကာ အရှေ့ကနေသွားသဖြင့် သူ နောက်ကနေ လိုက်သွားလိုက်သည်။ ကုမ္ပဏီထဲဝင်ဝင်ချင်း ကော်ဇောခင်းထားတဲ့ကြမ်းပြင်ကိုကြည့်ကာ သူ အ့ံသြသွားမိလေသည်။ နောက်ပြီး မြန်မာဝတ်စုံဝတ်ဆင်ကာ ကတ္တီပါဖိနပ်ကိုသာ စီးထားကြတဲ့ ဝန်ထမ်းတွေအားလုံးကလည်း သူ့ကိုမြင်တော့ ဖော်ရွေစွာပြံုးပြနေကြ၏။ သူ ကုမ္ပဏီရဲ့အပြင်အဆင်ကို သဘောကျသွားမိတော့သည်။ နံရံမှာချိတ်ထားတဲ့ ကျောက်ပန်းချီကားတွေကလည်း အရောင်တဖိတ်ဖိတ်လက်ကာ တောက်ပနေကြသလို မဟော်ဂနီရောင် ပရိဘောဂပစ္စည်းတွေကလည်း ကျောက်ပန်းချီကားတွေနဲ့အပြိုင် ခန့်ညားစွာလှပနေလေသည်။
"ခဏထိုင်ဦးနော် ခညောင်းရှင်... ကျွန်တော်စီမံစရာလေးတွေရှိသေးလို့ ခဏသွားခိုက်ပါဦးမယ်..."
အခန်းတစ်ခန်းထဲက ကျွန်းကုလားထိုင်ကိုလက်ညှိုးထိုးကာပြောနေတဲ့ မန်နေဂျာကို ခညောင်းခေါင်းငြိမ့်ပြလိုက်ပြီး ခုံမှာဝင်ထိုင်လိုက်လေသည်။
"ဟုတ်ကဲ့ ရပါတယ်..."
"ခညောင်းရှင် ဘာသုံးဆောင်မလဲ... အပူလား အအေးလား... ဒါမှမဟုတ် ကျွန်တော်တို့ကုမ္ပဏီက လက်ဖက်ရည်ကိုသုံးဆောင်မလား..."
"ကုမ္ပဏီက လက်ဖက်ရည်ဟုတ်လား..."
"ဟုတ်ပါတယ်... သခင်မကြီးနန်းမဟာမြိုင်ကိုယ်တိုင် ဖော်စပ်ထားတဲ့ လက်ဖက်ရည်ပါ..."
ကြာလာရင် ဒီအခေါ်အဝေါ်တွေကြားထဲမှာ သူ ရူးသွားလိမ့်မယ်။
"ဟုတ်ကဲ့... ဒါဆို ကျွန်တော် အဲ့ဒီ့လက်ဖက်ပဲသောက်ပါတော့မယ်..."
"ဒါဆို ခဏစောင့်ပေးပါ... ခဏနေရင် လာပို့ပေးပါလိမ့်မယ်..."
"ဟုတ်ကဲ့ ရပါတယ်..."
"ကျွန်တော့်ကို ခွင့်ပြုပါဦး..."
သူခေါင်းငြိမ့်ပြလိုက်တော့ မန်နေဂျာက ခေါင်းငြိမ့်ပြကာထွက်သွားလေသည်။ သူ အခန်းထဲကို သေချာကြည့်လိုက်တော့ နံရံမှာချိတ်ထားတဲ့ဓာတ်ပုံတစ်ပုံကြောင့် မှင်သက်သွားမိတော့သည်။ တိုင်းရင်းသားဝတ်စုံနဲ့ လူကြီးတစ်ယောက်က ခေါင်းပေါင်းပေါင်းကာ ဓားရှည်တစ်လက်ကိုလည်း စလွယ်သိုင်းထားသေးသည်။ ကြည့်ရတာ စော်ဘွားကြီးတစ်ယောက်ဖြစ်မယ့်ပုံပင်။ ထို့နောက် တခြားပန်းချီကားပုံများစွာကိုလည်း တွေ့ရသည်။ ဓာတ်ပုံမဟုတ်ဘဲ ပန်းချီဖြစ်နေသဖြင့် သူ အ့ံသြသွားမိတာဖြစ်သည်။ အဲ့ဒီ့လူကြီးရဲ့ဘေးမှာ မိန်းမကြီးတစ်ယောက်။ ဆံထုံးထုံးကာ စိန်တစ်လုံးနဲ့ဆံထိုးကိုလည်း ခေါင်းမှာထိုးထားသေးသည်။ ဝတ်စုံကတော့ ရှမ်းလူမျိုး စော်ဘွားတို့ဝတ်စုံပင်။ ရင်ဖုံးလက်ရှည်ခါးတိုအကျႌဖြင့်... ဘေးနားမှာလည်း တခြားအမျိုးသမီးတွေရော ပါကြသည်။ ကြည့်ရတာ သူတို့သခင်မကြီးဖြစ်မယ့်ပုံပဲ။ ဒါဆို သခင်လေးက ဘယ်သူလဲ...။
"ဪ... ဧည့်သည်ရောက်နေပြီလား..."
အသံနဲ့အတူ အထဲသို့ဝင်လာတဲ့လူတစ်ယောက်... ခြေသံကိုမကြားရသဖြင့် သူ လုံဝမသိခဲ့ပေ။ သူ အဲ့ဒီ့လူကိုကြည့်လိုက်တော့ အဲ့ဒီ့လူက သူ့ကိုပြံုးပြကာ သူ့ရှေ့ကခုံမှာဝင်ထိုင်လာ၏။
"ဆောရီး... ကျွန်တော် နည်းနည်းနောက်ကျသွားတယ်..."
"ရပါတယ် တကယ်တော့ ကျွန်တော်က စောသွားခဲ့တာ..."
အဲ့ဒီ့လူက နာရီကိုကြည့်ရင်းနဲ့ သဘောကျစွာပြံုးနေ၏။ ကြည့်ရတာ သခင်လေးဆိုတဲ့လူ ဖြစ်ရမယ်။
"ကျွန်တော်က ခညောင်းရှင်ပါ..."
"ကျွန်တော့်နာမည်က စဝ်ဘုန်းရိပ်ခေါင်... ခညောင်းရှင် အဆင်ပြေသလို ခေါ်လို့ရပါတယ်... နာမည်မခေါ်ချင်လည်း အဆင်ပြေသလိုခါ်ပါ..."
"ဟုတ်ကဲ့ ကိုစဝ်ဘုန်းရိပ်ခေါင်..."
မြန်မာဝတ်စုံနဲ့သူ့ပုံစံက ခညောင်းနဲ့ အသက်ချင်းသိပ်မကွာပေမယ့်လည်း လူကြီးတစ်ယောက်လို တည်ငြိမ်နေလေသည်။ နောက်ပြီး ခညောင်းစိတ်ထဲမှာ သူ့ကို တစ်နေရာရာမှာ မြင်ဖူးနေသလ်ုလိုလည်း ခံစားနေမိ၏။
"အလုပ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ခညောင်းရှင်က ကျွန်တော်တို့ကုမ္ပဏီက ပရိဘောဂပစ္စည်းတွေကို သာမန်ကြော်ငြာပေးဖို့ပါပဲ..."
"ဟုတ်ကဲ့..."
"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်က နာမည်ကြီးသရုပ်ဆောင်တွေကို မငှါးချင်ဘူး... မငှါးချင်ဘူးဆိုတာကလည်း ငွေရေးကြေးရေးကြောင့်မဟုတ်ပါဘူး..."
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်..."
စကားပြောတာလည်း ဖော်ဖော်ရွေရွေရှိလှတဲ့သူ့ကို ခညောင်း သဘောကျမိသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ သူ့ကို ခညောင်း အားကျမိသည်။
"ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ပစ္စည်းတွေကို တော်တော်များများလည်း သုံးဖူးကြပါတယ်... အဲ့ဒါကြောင့် အထွေအထူးကြော်ငြာဖို့မလိုလောက်ဘူးထင်ပါတယ်..."
"ဟုတ်ကဲ့... ကျွန်တော့်ရဲ့မေမေလည်း နန်းမဟာမြိုင်ကုမ္ပဏီကပရိဘောဂပစ္စည်းတွေကိုပဲ ဝယ်သုံးခဲ့တာပါ..."
သူ့မျက်နှာမှာ ကျေနပ်သဘောကျတဲ့အပြံုးတစ်ခုကို တွေ့လိုက်ရတယ်လို့ ခညောင်းထင်လိုက်မိသည်။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
နာရီဝက်လောက်ကြာသည်အထိ သူတို့နှစ်ယောက် စကားပြောဖြစ်ကြပြီးနောက် စကားဝိုင်းကို ဘုန်းရိပ်ဘက်ကပဲ စတင်ပြီး အဆုံးသတ်လိုက်လေသည်။ ခညောင်းစိတ်ထဲမှာသူ့ကိုတစ်နေရာရာမှာမြင်ဖူးနေသလိုလိုလည်း ဖြစ်နေခဲ့သဖြင့် သေချာစဉ်းစားရင်းနဲ့ စကားပြောနေခဲ့ပေမယ့်လည်း စဉ်းစားလို့ကတော့ ထွက်မလာခဲ့ပါ။
"ကျန်တဲ့ကိစ္စကိုတော့ ကျွန်တော့်မန်နေဂျာကိုသက်ကပဲပြောပါလိမ့်မယ် ခညောင်းရှင်... အနုပညာကြေးအပါအဝင် စာချုပ်ကိစ္စကိုလည်း သူပဲပြောမှာပါ..."
"ဟုတ်ကဲ့ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး ကိုစဝ်ဘုန်းရိပ်ခေါင်..."
"ကောင်းပါပြီ..."
စကားပြောရတာ တစ်ခွန်းတစ်လေမှ လေသံမပြောင်းဘဲ အေးဆေးတည်ငြိမ်စွာပြောနေတဲ့ သူ့ကို ခညောင်းစိတ်ထဲမှာ လူကြီးလူကောင်းတစ်ယောက်လို သတ်မှတ်လိုက်လေတော့သည်။
#######
"အကိုတော်... ကိစ္စကို အလျင်စလို မဆုံးဖြတ်သေးဘဲ တူတော်နဲ့အရင်ဆုံး ဆွေးနွေးပါဦးလား..."
"ဘာကိုဆွေးနွေးရမှာလဲ နန်းခမ်း..."
ဒေါ်နန်းခမ်းမာလာရဲ့မျက်နှာက ပျက်ယွင်းသွားလေသည်။ ဦးစဝ်ခွန်ဖရဲ့မျက်နှာကတော့ အရာရာကို ဆုံးဖြတ်ထားပြီးသလို တည်ငြိမ်နေလေသည်။
"မကြာခင်မှာ ယောက်ဖတော်နဲ့ နှမတော်တို့ တရားရိပ်သာကနေ ပြန်လာကြတော့မယ်..."
"ထိမ်းမြားမှုကို ချက်ချင်းကြီးလုပ်ပစ်ဖို့အတွက်က မိန်းကလေးရှင်ဘက်ကို အရင်ဆုံးတိုင်ပင်သင့်တယ် အကိုတော်... ပြီးရင် တူတော့်ကိုလည်း ပြောသင့်တယ်နော်..."
သနပ်ခါးရောင် ချည်ဝမ်းဆက်နဲ့တူညီစွာ ဒေါ်နန်းခမ်းမာလာရဲ့မျက်နှာက နုဖတ်နေလေသည်။ ခေါင်းကသနပ်ခါးပန်းနံ့ကလည်း မွှေးကြိုင်နေ၏။
"မိန်းကလေးရှင်ရဲ့မိဘတွေနဲ့က စေ့စပ်တဲ့နေ့ကတည်းက တိုင်ပင်ခဲ့ပြီးသား... သူတို့ကလည်း အကိုတော်တို့ရဲ့စီမံမှုကို သဘောကျတယ်..."
"အဓိကက သူတို့မဟုတ်ဘူးလေ အကိုတော်ရဲ့..."
ဦးစဝ်ခွန်ဖရဲ့မျက်နှာက နားမလည်နိုင်အောင် ဖြစ်သွားလေသည်။
"နန်းခမ်း ပြောချင်တဲ့အဓိပ္ပါယ်က ဘာအဓိပ္ပါယ်လဲ..."
"အို အကိုတော်ရယ်... ပိန်းလွန်းလိုက်တာ..."
ဒေါ်နန်းခမ်းမာလာရဲ့အကြည့်တွေက စံနန်းတော်အနှံ့ရောက်သွားလေသည်။ ပြီးတော့မှ တစ်ခုခုကိုသတိရသွားပုံဖြင့် ဦးစဝ်ခွန်ဖကိုကြည့်လိုက်ကာ
"အခု တူတော် အပြင်ကိုသွားတယ်... အဲ့ဒါကြောင့် မာလာပြောချင်တာက တကယ်တော့ ထိမ်းမြားတဲ့ကိစ္စက တူတော့်သဘောဆန္ဒအတိုင်းပဲ ဖြစ်ရမယ်လေ..."
ဦးစဝ်ခွန်ဖ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး
"အဲ့ဒါကို အကိုတော် နားလည်ပါတယ် နန်းခမ်းရယ်... ဒါပေမယ့်..."
"ဒါပေမယ့် လုပ်မနေနဲ့ အကိုတော်... တူတော်စိတ်မကျေမနပ်ဖြစ်ရအောင်တော့ မလုပ်မိပါစေနဲ့... တကယ်လို့ အကိုတော့်ကြောင့် တူတော့်ဆုံးဖြတ်ချက်တွေသာ ပြောင်းလဲသွားခဲ့ရင် ခမည်းတော်တစ်ခုခုဖြစ်သွားဦးမယ်..."
ဒေါ်နန်းခမ်းမာလာရဲ့စကားကြောင့် ဦးစဝ်ခွန်ဖရဲ့မျက်နှာက အနည်းငယ်ပျက်ယွင်းသွားကာ ခုံမှာပြန်ထိုင်လိုက်လေသည်။
"အင်း... အဲ့ဒါလည်း ဟုတ်ပေသားပဲ..."
"ဟုတ်တယ် အကိုတော်..."
"ဒါပေမယ့် အကိုတော်စီမံထားတဲ့ကိစ္စက တူတော်လည်း ငြင်းမှာမဟုတ်လောက်ဘူး..."
"ဒါတော့ဒါပေါ့ အကိုတော်ရယ်... ဒါပေမယ့် တူတော့်သဘောထားကိုလည်း မေးပါဦး.. ပြီးမှ တိုင်ပင်ပြီး ထိမ်းမြားမှုကို ဆက်လုပ်တာပေါ့..."
ဦးစဝ်ခွန်ဖ ခေါင်းကိုအသာငြိမ့်လိုက်ကာ
"ဒါနဲ့ တူတော်က ဘယ်ကိုသွားတာလဲ နန်းခမ်း..."
"ကြင်ယာတော်မိန်းကလေးရဲ့အစ်မနဲ့သွားတွေ့တယ်..."
"ဟင်... ဘာကိစ္စအတွက် သွားတွေ့တာလဲ..."
"အဲ့ဒီ့မိန်းကလေးက ပြောစရာရှိလို့ဖြစ်ရမယ်..."
"တူတော်ကရော ဘာပြောသွားသေးလဲ..."
ဦးစဝ်ခွန်ဖရဲ့အမေးကို ဒေါ်နန်းခမ်းမာလာ ခေါင်းရမ်းကာ ဖြေလိုက်လေသည်။
"ဒါဆို တူတော်ပြန်လာတဲ့အချိန် အကိုတော့်ကိုအကြောင်းကြားပေး..."
"အကိုတော်က ဘယ်သွားမလို့လဲ..."
"ကုမ္ပဏီကိုသွားမလို့..."
"သြော်... ဟုတ်ကဲ့ အကိုတော်..."
"ထားလိုက်ပါတော့ တူတော်ပြန်လာရင် ကုမ္ပဏီကို လာခဲ့ဖို့ပဲပြောလိုက်... အကိုတော် ကုမ္ပဏီကပဲ စောင့်နေလိုက်တော့မယ်..."
"ဟုတ်ကဲ့ပါ အကိုတော်..."
ဦးစဝ်ခွန်ဖ ညီမဖြစ်သူ ဒေါ်နန်းခမ်းမာလာကို မှာစရာရှိတာမှာပြီးနောက် စကားပြောဆောင်ကနေ ထွက်သွားလေတော့၏။ ဒေါ်နန်းခမ်းမာလာ အကိုတော်ရဲ့ကျောပြင်ကို ငေးကြည့်ရင်းနဲ့ ကျန်ခဲ့လေတော့သည်။
#######
"ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စများပါလဲ..."
မဏိရဲ့အကြည့်တွေက ဖြူဖြူသန့်သန့်သူ့မျက်နှာဆီသို့ရောက်သွားလေကာ
"ထိုင်ပါဦး ဦးစဝ်ဘုန်းရိပ်ခေါင်..."
ဘုန်းရိပ် ခေါင်းငြိမ့်ပြလိုက်ပြီး သူမရှေ့ကခုံမှာ ဝင်ထိုင်လိုက်၏။
"တစ်ခုခုစားမလား..."
"တော်ပါပြီ... ကျွန်တော် နေ့လည်စာစားပြီးသွားပါပြီ..."
"ကောင်းပြီလေ ဒါဆိုရင်တော့ မဏိ လိုရင်းကိုပဲ ပြောပါတော့မယ်..."
"ဟုတ်ကဲ့ ပြောပါ မဏိရတနာ..."
သူမမျက်နှာကိုကြည့်ကာ ဘုန်းရိပ်စိတ်ထဲမှာ အလိုလိုနေရင်း စိတ်ပူသွားသလိုလိုဖြစ်သွားမိလေသည်။
"ရှင် ကိုးကို ချစ်လား..."
သူမအမေးကြောင့် သူ ပြံုးတယ်ဆိုရုံသာ ပြံုးလိုက်ပြီး အကြည့်တွေကိုလည်း တခြားဘက်သို့ လှည့်လိုက်လေသည်။
"ကျွန်တော် ချာတိတ်ကိုချစ်တယ်ဆိုတာ ချာတိတ်သိပါတယ်... တကယ်တော့ ကျွန်တော် ချာတိတ်ကိုချစ်တဲ့အကြောင်း မဏိရတနာမသိလည်းဖြစ်ပါတယ်... ဒါပေမယ့် မဏိရတနာက ချာတိတ်ရဲ့အစ်မဖြစ်နေတဲ့အတွက် ကျွန်တော်အခုလိုပြောပြတာပါ... ကျွန်တော် ချာတိတ်ကို စတွေ့တဲ့အချိန်ကတည်းက ချစ်ခဲ့တာ..."
တစ်ချက်တစ်ချက် သူ့အပြံုးတွေက သာမန်မိန်းကလေးတစ်ယောက် ကြွေသွားနိုင်လောက်တဲ့အပြံုးတွေဖြစ်နေခဲ့ပေမယ့် ကလေးက သဘောမကျပေ။ သူ့ပုံစံကတော့ ကလေးကို တကယ်ချစ်တဲ့ပုံပါပဲ။
"ရှင်က ကိုးကိုချစ်ပေမယ့် ကိုးက ရှင့်ကိုချစ်မယ်လို့ ရှင်ထင်ထားလား ဦးစဝ်ဘုန်းရိပ်ခေါင်..."
သူ့မျက်နှာ အနည်းငယ်ပျက်ယွင်းသွားတာကို မဏိသတိထားမိလိုက်လေသည်။
"ဟင့်အင်း ကျွန်တော်မထင်ထားပါဘူး... တကယ်တော့ ကျွန်တော်ကသာ ချာတိတ်နဲ့ပတ်သက်ပြီး ချာတိတ်အကြောင်း ဘာတစ်ခုမှမသိဘဲ ချာတိတ်ကို တစ်ဖက်သတ်ချစ်ခဲ့တာ..."
"ဟုတ်မှာပါ... ဒါပေမယ့် တကယ်လို့ ကိုးမှာသာ ချစ်သူရှိတယ်ဆိုရင် ရှင် နောက်ဆုတ်မှာလား..."
သူ ခေါင်းကို ချက်ချင်းရမ်းလိုက်ကာ
"ဟင့်အင်း ကျွန်တော် ချာတိတ်ကို စွန့်လွှတ်မှာမဟုတ်ဘူး..."
မဏိရဲ့မျက်နှာမှာ အပြံုးတစ်ခု စွန်းထင်းသွားလေသည်။
"ချာတိတ်မှာ ချစ်သူရှိတာလား..."
မဏိ ဘာမှပြန်မပြောဘဲ သူ့မျက်နှာကို သေချာကြည့်လိုက်တော့ သူကလည်း မဏိဘာပြန်ပြောမလဲဆိုပြီး စိတ်ဝင်တစားနားထောင်နေလေသည်။
"အဲ့ဒါတွေထားလိုက်ပါ... ကိုး ရှင့်ကိုမချစ်ဘူးဆိုတာတော့ ရှင်သိတယ်မို့လား..."
သူ့ပုံစံက လူကြီးလူကောင်းတစ်ယောက်ရဲ့ပုံစံဆိုတော့ ကိုး သူ့ကိုမချစ်ဘူးဆိုတာသိရဲ့နဲ့ ကြိတ်မှိတ်ကာခံစားနေရသည့်ပုံပင်။ မျက်နှာကလည်း အတော်လေး ပျက်ယွင်းနေ၏။
"ကျွန်တော်သိတယ်..."
"အိမ်ထောင်ပြုတယ်ဆိုတာကို... ဆောရီး ရှင့်အတွက်တော့ ထိမ်းမြားခြင်းပေါ့... အဲ့ဒါကို ရှင်ဘယ်လိုထင်လဲ... ကိုးက ရှင့်ကိုမချစ်တာကိုသိရဲ့သားနဲ့ ရှင် ကိုးကို လက်ထပ်မှာပဲလား..."
"ချာတိတ်က ကျွန်တော့်ရဲ့ ကြင်ယာတော်ပဲ... အဲ့ဒါကို မင်းတို့အသိုင်းအဝိုင်းလည်းသိသလို ကျွန်တော်တို့ဟော်နန်းကလည်း သိခဲ့ပြီးသားပါ... အဲ့ဒါကြောင့် ကျွန်တော် ချာတိတ်ကိုပဲ ထိမ်းမြားမယ် မဏိရတနာ..."
တင်းမာနေတဲ့ သူ့မျက်နှာကိုကြည့်ကာ မဏိ ဘာပြန်ပြောရမှန်းမသိဖြစ်သွားမိလေသည်။ သူက တကယ်ခေါင်းမာတဲ့လူပဲ။ နောက်ပြီး ကိုးကိုလည်း တကယ်ချစ်တဲ့ပုံပေါ်တယ်။ ကိုးမှာချစ်သူရှိတာကိုလည်း သူ မသိဘူးပဲ။ အင်းပေါ့ ကိုးက မေမေတို့ကိုတောင် ပြောတာမဟုတ်ဘူး။ ဟူး... သူ့ပုံစံက ကိုးကို တကယ်ပဲ လက်လျှော့မှာမဟုတ်။
"ကျွန်တော်အလုပ်ရှိသေးလို့ ခွင့်ပြုပါဦး... အခုလိုခေါ်ပြီးဆွေးနွေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်... ဒါပေမယ့် မဏိရတနာကိုသိစေချင်တာကတော့ ချာတိတ်မှာ ချစ်သူရှိရင်တောင် ကျွန်တော် လုံးဝနောက်မဆုတ်ဘူး..."
သူမ ဘာမှပြန်မပြောရသေးခင် သူ အမြန်ထွက်လာလိုက်သည်။ ချာတိတ်မှာ ချစ်သူရှိတယ်ဆိုတဲ့အဓိပ္ပါယ်လား။ ဟင့်အင်း မယုံပါဘူး... ချာတိတ်က ချာတိတ်က ဖြူစင်တဲ့သူတစ်ယောက်။ ချာတိတ် သူ့အချစ်ကို အလေးထားမယ်ဆိုတာ သူယုံတယ်။ ဒါပေမယ့်... ဒါပေမယ့် ချာတိတ်နဲ့ပတ်သက်ပြီး သူ့မှာလုပ်စရာတွေရှိလာပြီ။ ချာတိတ်မှာ ချစ်သူ ရှိ မရှိ သူ စုံစမ်းဖို့လိုလာပြီ။ ဟူး... ချာတိတ်ရယ်... မချစ်ဖူးလို့ အချစ်ရူးတယ်လို့ပြောလည်း ကိုယ်ခံပါတယ်။ ချာတိတ်အစ်မပြောခဲ့တဲ့စကားလုံးတွေကြောင့် ကိုယ့်ရင်ထဲမှာ တစ်ခါမှမခံစားဖူးခဲ့တဲ့ နာကျင်မှုတွေကို ခံစားခဲ့ရပြီ။ ကိုယ် သူ့ရှေ့မှာ မြိုသိပ်နိုင်ခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာတော့ ဗလောင်ဆူနေပြီ ချာတိတ်ရယ်။ ချာတိတ်မှာချစ်သူရှိတယ်ဆိုတဲ့စကားက ကောလဟာလဖြစ်ပါစေလို့ပဲ ကိုယ်ဆုတောင်းနေမိပြီ။ ဒါပေမယ့် ချာတိတ်မှာ ချစ်သူရှိတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ... အဲ့ဒီ့လူကို ချာတိတ်နဲ့မပတ်သက်ဖို့ သွားပြောရမှာလား... ဒါမှမဟုတ် ချာတိတ်ကို စွန့်လွှတ်... ဟင့်အင်း မဖြစ်နိုင်ပါဘူး... ငါ ဘာလို့ ချာတိတ်ကို စွန့်လွှတ်ရမှာလဲ...။ အတွေးနဲ့တင် ရင်ထဲမှာ ဗလောင်ဆူသွားလေတော့သည်။ ဟုတ်တယ် သူ ချာတိတ်ကို လုံးဝစွန့်လွှတ်နိုင်မှာမဟုတ်ဘူး... သူ့ဘဝမှာ ချာတိတ်သာမရှိတော့ရင်... အဲ့ဒီ့အချိန်က သူ့ဘဝရဲ့ နေဝင်ချိန်ပဲ ဖြစ်ပါလိမ့်မယ်...။
#######
"နန်းမဟာမြိုင်ကုမ္ပဏီ..."
သူမစိတ်ထဲမှာ ဒီနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေပေမယ့်လည်း မမှတ်မိပေ။ မျက်မှန်ကိုပင့်တင်လိုက်ကာ ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုကလည်း သူမမျက်နှာကိုကြည့်ကာ အားတက်သရောပြောနေသဖြင့် ကိုး ပြံုးပြလိုက်လေသည်။
"အင်း ဟုတ်တယ် ရာဇာ..."
"မင်းအတွက် ဂုဏ်ယူတယ် ခညောင်းရာ... အဲ့ဒီ့ကုမ္ပဏီက ငါတို့နိုင်ငံမှာ နာမည်ကြီး ကုမ္ပဏီတစ်ခုပဲ... အရင်ကဆို နာမည်ကြီးသရုပ်ဆောင်တွေပဲ ငှါးတာ... ဒီနှစ်မှ မင်းလိုမျိုး တက်သစ်စမော်ဒယ်ကို ငှါးတာကွ..."
"ဟုတ်တယ် ကင်းရဲ့... စိမ်းရဲ့အသိတစ်ယောက်လည်း အဲ့ဒီ့ကုမ္ပဏီမှာ အလုပ်လုပ်တာ..."
"သြော်..."
ခညောင်းစိတ်ထဲမှာ တကယ်ပဲ အ့ံသြသလို သဘောခည်းကျနေမိ၏။
"ဒါဆို ငါ ကံကောင်းတာပေါ့..."
"ဒါပေါ့ကွ..."
ခညောင်း ပြံုးလိုက်ကာ ကိုးရဲ့ပခုံးကို ဖက်လိုက်ပြီး
"ဒါတွေအားလုံးက ကိုးကြောင့်ပဲ..."
"ဟင်... ကိုးနဲ့ဘာဆိုင်လို့လဲ ကိုကိုရဲ့... ကိုကိုတော်လို့ပါ..."
အားလုံးရဲ့မျက်စောင်းတွေက အပြံုးမကင်းစွာဖြင့် ခညောင်းဆီရောက်နေကြပေမယ့်လည်း စိမ်းရဲ့မျက်စောင်းတွေကတော့ ကိုးဆီသို့ မနာလိုစွာဖြင့် ရောက်ရှိနေလေသည်။
"ဆိုင်တာပေါ့ ကိုးရဲ့... ကိုးနဲ့ချစ်သူတွေမဖြစ်ခင်တုန်းကဆို ကိုယ်က အနုပညာရှင်ဖြစ်ဖို့ အရမ်းကြိုးစားခဲ့တာ... ကိုးနဲ့ချစ်သူတွေလည်းဖြစ်ပြီးရော ကိုးကလွဲပြီး ကိုယ် ဘာကိုမှ စိတ်မဝင်စားတော့ဘူးလေ... ဒါပေမယ့် ကိုယ်မကြိုးစားတော့တဲ့အချိန်မှရလာတယ်ဆိုတော့ ကိုးက ကိုယ့်အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတဲ့ နတ်သမီးလေးတစ်ပါးပဲလေ မဟုတ်ဘူးလား..."
ကိုး ရှက်ပြံုးပြံုးလိုက်ကာ ကိုကို့ကို မျက်စောင်းထိုးလိုက်မိလေသည်။
"ဘာပဲပြောပြောခညောင်းရာ မင်း တော်တော်လေးကံကောင်းတယ်... ပိုပြီးကံကောင်းတာက မင်းကို သူတို့ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်ထားမယ်ဆိုတာပဲ..."
"ဟုတ်တယ် ကင်း... အဲ့ဒါ ကင်းအတွက် တက်လမ်းတွေအများကြီးရှိတယ်နော်..."
မဒီက ခညောင်းဘက်ကနေ အားတက်သရော ဝင်ပြောနေလေသည်။ စိမ်းကတော့ စိတ်ထဲမှာမကြည်ပေ။ ခညောင်းပြောသလိုပဲ ကိုးက ခညောင်းအတွက် ကံကောင်းခြင်းတွေကို သယ်ဆောင်လာခဲ့သူများဖြစ်နေမလား...?
"တကယ်တော့ အဲ့ဒါက မသေချာသေးပါဘူး... ပထမဆုံးကြော်ငြာရိုက်တာကိုကြည့်ပြီးမှ အကဲခတ်ပြီး စာချုပ်ချုပ်မှာ..."
"ဟုတ်လား... စာချုပ်နဲ့ဆို ပိုကောင်းတာပေါ့..."
"ဘာပဲဖြစ်ဖြစ် မင်းကတော်ပြီးသားပါ ခညောင်းရာ..."
"ဟုတ်တယ် ကိုကိုက အရမ်းတော်တာ... အဲ့တော့ ကိုကိုအောင်မြင်မှာ သေချာပါတယ်..."
ခညောင်း သူမမျက်နှာကို စေ့စေ့ကြည့်လိုက်ကာ
"ကိုယ့်အတွက် အောင်မြင်မှုဆိုတာ ဘာမှမဟုတ်ပါဘူး ကိုးရယ်... ကိုယ် အောင်မြင်မှုမရမှာမကြောက်ပါဘူး... ကိုယ် ကိုးနဲ့ဝေးရမှာကိုပဲ ကြောက်တာ..."
"ဟာ... သူများတွေ ရိုကုန်ပြီ..."
"ကင်း မဒီတို့ရှောင်ပေးရမှာလား ပြောနော် အားမနာနဲ့..."
ကိုး မဒီ့ကို မျက်စောင်းထိုးလိုက်ကာ
"မဒီနော်..."
"ဟား... ဟား... ကိုးရာ နင်ကလည်း ရှက်နေသေးတယ်... ငါကအကောင်းပြောတာပါဟ..."
"အေးလေ..."
"အဲ့ဒါ ကိုကို့ကြောင့်..."
မျက်စောင်းထိုးကာပြောလာတဲ့ ကိုးရဲ့မျက်နှာလေးကိုကြည့်လိုက်ကာ ခညောင်း သဘောကျစွာ ပြံုးလိုက်လေသည်။
"ကိုးကလည်း ကိုယ်က ကိုးကိုချစ်တာကို... ကိုယ်ပြောနေတာတွေက အမှန်တရားတွေပါ ကိုးရယ်... အောင်မြင်မှုနဲ့ ကိုးနဲ့ ဘယ်အရာကိုရွေးမလဲဆိုရင် ကိုယ် အောင်မြင်မှုကို စွန့်လွှတ်နိုင်တယ်... ဒါပေမယ့် ကိုးကိုတော့ လုံးဝမစွန့်လွှတ်နိုင်ဘူး... အဲ့ဒါ ကိုး ယုံတယ်မို့လား..."
ကိုး ကိုးရဲ့နှလုံးသားနဲ့ထပ်တူ ကိုကို့နှလုံးသားလေးကိုယုံပါတယ် ကိုကိုရယ်။ ကိုးဘဝမှာ မိသားစုကလွဲရင် အချစ်ဆုံးက ကိုကိုပါ...။ ကိုကိုသာ ကိုးရဲ့အချစ်ဦးပါ...။
"တွေ့လား... သူတို့အချင်းချင်းက အဆင်ပြေနေပြီးသား... ငါတို့ ဘာပဲပြောပြော ဘောင်ဝင်မှာမဟုတ်တော့ဘူး..."
"ဟုတ်ပ တစ်ယောက်နဲ့တစ်ယောက် ဒီလောင်ထိ နားလည်မှုရှိနေတာ ဘယ်သူမှလည်း ဖျက်လို့ရမယ့်ပုံမပေါ်ပါဘူး..."
"ဒါပေါ့... ငါနဲ့ကိုးက တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာ... သိကြားမင်းကြီး ဆင်းပြီးဖျက်ရင်တောင် ပြတ်မှာမဟုတ်ဘူးကွ..."
"အေးပါကွာ... ဟုတ်ပါပြီ ဟုတ်ပါပြီ..."
ရာဇာရဲ့ အလိုမကျတဲ့အသံကြီးကြောင့် သူတို့တွေ သဘောကျစွာ ရယ်လိုက်ကြလေတော့သည်။ ဟုတ်ပါတယ်... သူတို့အချစ်ကို သိကြားမင်ူဆင်းဖျက်ရင်တောင် ပြတ်မှာမဟုတ်ဘူးဆိုတာ စိမ်းသိသည်။ ဒါပေမယ့် ကိုးရဲ့မိဘတွေ ဒါမှမဟုတ် ကိုးလက်ထပ်ရမယ့်လူကသာ ဝင်ဖျက်မယ်ဆိုရင်ရော... ဟင်း... ဟင်း... မပျက်ဘဲမနေပါဘူး ကင်းရယ်... မယုံရင် စောင့်ကြည့်ထားလိုက်... ကင်းနဲ့ကိုး ဘယ်တော့မှ ပေါင်းရမှာမဟုတ်ဘူး...။
#######
ဆက်ရန် - အခန်း(၁၁)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Dove le storie prendono vita. Scoprilo ora