အခန်း(၂၉)

116 1 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၉)

ဒေါ်နန်းဆက်ဧကရီ အပေါ်ထပ်သို့ ဖြည်းဖြည်းချင်းတက်လာလိုက်ကာ သားတော်နဲ့ချွေးမတော်ရဲ့အခန်းထဲသို့ ဝင်လာလိုက်လေသည်။ ညတုန်းက သားတော်အတွက်ဆိုပြီး ချွေးမတော်က သံပုရာရည်လာဖျော်ကာ အပေါ်ကိုပြန်တက်သွားပြီး ဖန်ခွက်ကို အောက်သို့ပြန်လာမထားပေ။ အဲ့ဒါကြောင့် အခုမနက်မှ သူမ လာယူတာဖြစ်သည်။ သားတော်က ကုမ္ပဏီကိုသွားပြီဖြစ်သလို ချွေးမကလည်း ကျောင်းကိုသွားပြီဖြစ်သည်။ အခန်းထဲမှာကတော့ သန့်ရှင်းသပ်ရပ်နေလေသည်။ ခုတင်ပေါ်မှာလည်း ခေါင်းအုံးတွေ စောင်တွေက သူ့နေရာနဲ့သူရှိနေကြသည်။ ဗေဒါရောင်ခန်းဆီလိုက်ကာတွေကလည်း လေအဝေ့မှာ ဝဲလွင့်နေကြ၏။ ဒေါ်နန်းဆက်ဧကရီ ကျေနပ်စွာပြံုးလိုက်ပြီး လေသာဆောင်ဘက်သို့ ထွက်လိုက်၏။ လေသာဆောင်မှာချိတ်ထားတဲ့ အနီရဲရဲ Dream catcher လေးတွေကို အသာကိုင်ကြည့်လိုက်ကာ
"အင်း... ချွေးမတော်က အနီရောင်ကြိုက်တာပဲ... ချွေးမလေးအတွက် တစ်ခုခုတော့ ဝယ်ပေးဦးမှပါ..."
သားတော်က ချွေးမလေးကို သိပ်ချစ်သလို သူမတို့လည်း ချွေးမလေးကို ချစ်ပါတယ်။ ချွေးမလေးက တည်ငြိမ်အေးဆေးကာ သားတော်နဲ့လိုက်ဖက်လွန်းသည်။ အစကတော့ အနွယ်တော်ဝင်မဟုတ်တဲ့အတွက် သူမလည်း သဘောမတူနိုင်ခဲ့ပေ။ ဒါပေမယ့် ချွေးမတော်က အစ်မတော်နဲ့ စိတ်ဓာတ်ချင်းရော မျက်နှာသွင်ပြင်ပါ တူတယ်လို့ ညီမတော် နန်းခမ်းကပြောခဲ့သလို သူမကိုယ်တိုင်ကလည်း ချွေးမလေးကို မြင်မြင်ချင်း ချစ်ခဲ့မိသည်။ ချွေးမလေးကလည်း သူမအပေါ်မှာ ရိုသေလေးစားခဲ့ပါတယ်။ နောက်ပြီး စာပေကိုဝါသနာပါတဲ့ချွေးမလေးက သားတော်နဲ့တော့ ဝါသနာချင်းတူတော့ လိုက်ဖက်သည်။
သူမ လေသာဆောင်ကနေ အခန်းထဲသို့ ပြန်ဝင်လာလိုက်ကာ ခုတင်အနားက စားပွဲအနားသို့ ကပ်သွားလိုက်လေသည်။ စားပွဲပေါ်က သံပုရာရည်ဖလားကိုယူလိုက်ရာ သူမအကြည့်တွေက စားပွဲမှာရှိနေတဲ့ ပွင့်နေတဲ့အံဆွဲဆီသို့ ရောက်သွားလေသည်။ အံဆွဲထဲကနေ အစနည်းနည်းထွက်နေတဲ့စာအိတ်လေးကိုကြည့်လိုက်ကာ သူမ အံဆွဲကိုဖွင့်လိုက်ပြီး
"သားတော်ကလည်း ပစ္စည်းတွေကို သေချာမထည့်ဘူးကွယ်..."
အစထွက်နေတဲ့စာအိတ်လေးကို သူမ သေချာပြန်ထည့်လိုက်ပြီးမှ အကြည့်တွေက စာအိတ်မှာရေးထားတဲ့နာမည်ဆီသို့ရောက်သွားကာ မျက်လုံးပြူးသွားတော့သည်။
"ဟင်... ဒါ..."
စာအိတ်မှာရေးထားတဲ့နာမည်က သူမရဲ့နာမည်ဖြစ်နေ၏။ သူမအံ့သြသွားကာ စာအိတ်ကိုထုတ်ယူလိုက်ပြီး ကြည့်လိုက်လေသည်။
"ဒီစာအိတ်က အိုက်မော်ပြောတဲ့ ဘီလူးလာပေးတယ်ဆိုတဲ့စာအိတ်လား..."
သူမ စိတ်ဝင်စားသွားကာ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတွေက ထွက်ကျလာ၏။ အမှတ်မထင် ဓာတ်ပုံတစ်ပုံဆီသို့အကြည့်တွေရောက်သွားကာ ဒေါ်နန်းဆက်ဧကရီ မျက်လုံးပြူးသွားတော့သည်။
"အို... ဒါ... ဒါ..."
ချွေးမတော်နဲ့ ယောကျာ်းလေးတစ်ယောက်တို့ စကားပြောနေကြတဲ့ပုံတစ်ပုံ။ ပုံထဲမှာ ချွေးမတော်ရဲ့လက်ကို အဲ့ဒီ့ကောင်လေးက ဆွဲကိုင်ထားလေသည်။ သူမ ထိတ်လန့်သွားကာ ဓာတ်ပုံတွေအကုန်လုံးကိုကြည့်လိုက်တော့ ချွေးမတော်နဲ့ အဲ့ဒီ့ကောင်လေးရဲ့ပုံတွေကြည့်ပဲဖြစ်သည်။
"ဒါဆို ဘီလူးက ဒီဓာတ်ပုံတွေကို အဓိပ္ပါယ်ရှိရှိနဲ့ ငါ့နာမည်ရေးပြီး ငါ့ဆီကို တမင်သက်သက်လာပို့ခဲ့တာပေါ့... စံအိမ်တော်ရဲ့နောက်ကွယ်က ချွေးမတော်ရဲ့အကြောင်းတွေကို သိစေချင်လို့လား..."
သူမ ဓာတ်ပုံတွေကိုကြည့်ရင်းကနေ ရင်ထဲမှာ ဘယ်လိုခံစားလာမိမှန်းမသိတော့ပေ။ ရင်ထဲမှာ မကောင်းတဲ့ခံစားချက်တစ်ခုခုကို ခံစားမိနေသလိုလို။
"ဒီဓာတ်ပုံတွေက သားတော်ဆီကိုရောက်သွားတာပဲဖြစ်ရမယ်... ဒါဆို ဒီအကြောင်းကို သားတော်လည်းသိနေတာလား..."
သူမခေါင်းထဲမှာလည်း အတွေးပေါင်းများစွာဖြင့် ဖြစ်နေလေသည်။ သားတော်က သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီးနေနေတာလား... မဟုတ်သေးပါဘူး ဒီဓာတ်ပုံကိစ္စကို သားတော်တစ်ယောက်ထဲပဲ ရှိတဲ့ပုံပဲ။
"ချွေးမတော်က သားတော်ရဲ့နောက်ကွယ်မှာ တစ်ခြားယောကျာ်းလေးနဲ့တစ်ယောက်နဲ့... ဟင် နေပါဦး ဒီကောင်လေးကိုမြင်ဖူးသလိုပဲ..."
သူမ ဓာတ်ပုံထဲကကောင်လေးရဲ့မျက်နှာကို သေချာကြည့်ရင်းကနေ အံ့သြလွန်းပြီး ပါးစပ်ကို လက်နဲ့အုပ်ထားလိုက်ကာ
"ဟင် သူ... သူက ခညောင်းရှင်..."
#######
"မင်းနဲ့ခညောင်းရှင်တို့ပေါင်းပြီး ဘာတွေကြံစည်နေတာလဲ အိုက်မော်..."
"ကျွန်တော် ဘာလုပ်လို့လဲ အစ်ကိုတော်ရဲ့..."
အိုက်မော်ရဲ့အမူအရာက အပြစ်မရှိသူကဲ့သို့ဖြစ်နေသဖြင့် ဘုန်းရိပ် စိတ်တိုနေမိလေသည်။ ရုံးခန်းထဲမှာ သူ အလုပ်တွေလုပ်နေတဲ့အချိန် အိုက်မော်ရောက်လာခြင်းဖြစ်သည်။
"ငါ့ဘဝထဲကနေ ငါ့ရဲ့ကြင်ယာတော်ကို ဆွဲထုတ်သွားမယ့် မင်းတို့ရဲ့အကြံတွေကို ငါမသိဘူးလို့ထင်နေတာလား..."
"ဟား... ဟား... ဟား... အစ်ကိုတော်ရယ် ဘာလို့ အဲ့လိုမျိုးတွေ တွေးနေရတာလဲ... ကျွန်တော့်မှာ ဘာအကြံအစည်မှမရှိပါဘူးဗျာ..."
"ဟုတ်လား... ဒါဆို မင်းတို့တွေရိုးသားကြတယ်ပေါ့..."
သူ ခနဲ့တဲ့တဲ့မေးလိုက်တော့မှ အိုက်မော်ရဲ့ မျက်နှာက တည်တ့ံသွားလေတော့သည်။
"အစ်ကိုတော်..."
ဘုန်းရိပ် သူ့ရှေ့မှာရှိနေတဲ့လက်တော့ပ်ကို အိုက်မော်ဘက်သို့လှည့်ပေးလိုက်ကာ အိုက်မော်ကိုကြည့်လိုက်ပြီး
"ဒါ မင်းရဲ့လက်ချက်ဆိုတာ ငါသိတယ် အိုက်မော်..."
လက်တော့ပ်ထဲက ဓာတ်ပုံတွေကိုကြည့်ကာ အိုက်မော်က ဘာမှမဖြစ်သလိုပုံစံဖြင့် သူ့မျက်နှာကိုမော့ကြည့်လာလေသည်။
"ဒီပုံတွေက ကျွန်တော့်လက်ချက် ဟုတ်လား အစ်ကိုတော်..."
"ငါတစ်ယောက်ထဲသိရုံနဲ့မလုံလောက်လို့ မယ်တော်အပါအဝင် စံအိမ်တော်တစ်ခုလုံးကို မင်းသိစေချင်တာလား..."
သူ့စကားကြောင့် အိုက်မော် ငြိမ်သက်သွားတော့သည်။ သူ့စိတ်ထဲမှာ ဘီလူးကိုသာ စိတ်တိုနေမိတော့၏။ ဒါတွေအားလုံးက အဲ့ဒီ့ဘီလူးကြောင့်ပဲ။
"ဒီဓာတ်ပုံတွေကို ဘာရည်ရွယ်ချက်နဲ့ ပို့တယ်ဆိုတာလည်း ငါသိတယ် အိုက်မော်..."
"ကျွန်တော့်လက်ချက်ဆိုတာကို အစ်ကိုတော်က ဘယ်လိုသက်သေပြမှာလဲ..."
"မင်းနဲ့ခညောင်းရှင်တို့ပူးပေါင်းပြီးလုပ်ထားတာမို့လား..."
"အဲ့လိုမျိုးတော့ ကျွန်တော့်ကို မစွပ်စွဲပါနဲ့ အစ်ကိုတော်... ကျွန်တော် ခညောင်းရှင်နဲ့တွေ့တယ်ဆိုတာလည်း အလုပ်ကိစ္စအတွက်ပါပဲ..."
"အဲဒါဆို ဘာလို့ ဒီဓာတ်ပုံတွေမှာ ခညောင်းရှင်နဲ့ကြင်ယာတော်ရဲ့ပုံတွေပဲပါရတာလဲ... အဲ့ဒါ မင်းမှာ ရည်ရွယ်ချက်ရှိနေလို့ပဲမဟုတ်လား..."
"သူတို့နှစ်ယောက်ထဲပါရုံနဲ့ အဲဒါက ကျွန်တော်ရိုက်တာပါလို့ အစ်ကိုတော်က တထစ်ချပြောနိုင်တာလား..."
"ဟင့်အင်း... အဲ့လိုနဲ့တော့ ငါ တထစ်ချမပြောနိုင်ပါဘူး အိုက်မော်..."
"ဒါဆို ရှင်းနေတာပဲလေ...ဒီကိစ္စက ကျွန်တော်လုပ်တာဟုတ်ချင်မှဟုတ်မှာပေါ့... အဲဒါကို အစ်ကိုတော်က ဘာလို့..."
သူ မတ်တပ်ရပ်လိုက်ကာ အိုက်မော်အနားသို့သွားလိုက်တော့ လက်တော့ပ်ထဲက ဓာတ်ပုံတစ်ပုံကို ထောက်ပြလိုက်ကာ
"မင်းရဲ့လုပ်ရပ်တွေက ပိရိတယ်လို့ မင်းထင်နေတာလား အိုက်မော်... ဓာတ်ပုံတွေအားလုံးရဲ့ ဘယ်ဘက်ထောင့်ကိုကြည့်လိုက်... အဲ့ဒါက အဲ့ဒီ့ဓာတ်ပုံကိုရိုက်တဲ့ကင်မရာအမျိုးအစားပဲ... ဒီကင်မရာကို ဒီနိုင်ငံမှာ အသုံးပြုနိုင်တဲ့လူတွေကို လက်ချိုးရေလို့ရတယ်ဆိုတာရော မင်းသိလား... အဲ့ဒီ်လူတွေထဲမှာ မင်းလည်း အပါအဝင်ပဲ..."
"ဟင်..."
အိုက်မော်ဆီကထွက်လာတဲ့ အာမေဍိတ်သံကြောင့် ဘုန်းရိပ် သဘောကျစွာပြံုးလိုက်မိလေသည်။
"မင်း နိုင်ငံခြားကသင်လာတဲ့ ဓာတ်ပုံပညာနဲ့ အဲ့ဒီ့ကဝယ်လာတဲ့ကင်မရာကြောင့်သာမဟုတ်ရင်ရော ငါမသိဘူးများ မင်းထင်နေလား..."
အစ်ကိုတော့်ကို လျှော့တွက်မိတာ သူမှားပြီပဲ။ အစ်ကိုတော်က ဉာဏ်ပြေးသည်... ဖြတ်ထိုးဉာဏ်လည်းကောင်းပြီး အရာရာမှာသူ့ထက်သာတယ်ဆိုတာကို သူ မမေ့ပေမယ့် အထင်မကြီးခဲ့ပေ။ အခုတော့...
"အိုက်မော်... မင်း အခုလိုလုပ်တာ မင်းအတွက်ဘာအကျိုးရှိမှာမို့လို့လဲ... နောက်ပြီး ခညောင်းရှင်နဲ့မင်းကြားမှာ ဘာအပေးအယူတွေရှိမှန်းငါမသိပေမယ့် အခုကိစ္စက မင်းအတွက် တော်တော်လေးကိုအကျိုးအမြတ်ရှိလို့လား အိုက်မော်..."
သူမေးတာတွေကို အိုက်မော်က တစ်ခုမှပြန်မဖြေဘဲ ငြိမ်သက်နေလေသည်။ ကြည့်ရတာ သူ့ဘက်က ပြန်လည်ချေပစရာစကားမရှိတော့ဘူးထင်သည်။ ဒါပေမယ့် အိုက်မော်မှာ ဘာအကြံရှိနေတယ်ဆိုတာကိုတော့ သူ သေချာသိသေးတာမဟုတ်ပေ။ သူ သေချာသိတာဆိုလို့ အိုက်မော်နဲ့ခညောင်းရှင်တို့ အတူတူကြံစည်လုပ်ကိုင်နေကြခြင်းပဲဖြစ်သည်။
"အစ်ကိုတော်..."
"ဘာလဲ အိုက်မော်..."
"ကောင်းပြီလေ... ဒီကိစ္စတွေကျွန်တော်လုပ်တယ်ဆိုတာ ကျွန်တော်မငြင်းတော့ပါဘူး... ဒါပေမယ့် ကျွန်တော်ဆက်လုပ်နေဦးမှာပဲ..."
"ဘာ..."
အိုက်မော်က ထိုင်နေရာကနေထလာပြီး သူ့ကိုလှည့်ကြည့်လာကာ
"ဘာလို့လဲဆိုတာရော အစ်ကိုတော်သိလား..."
"အိုက်မော်... မင်း ငါနဲ့ကြင်ယာတော်ကို လမ်းခွဲစေချင်နေတာလား..."
"အမှန်အတိုင်းပြောရမယ်ဆိုရင် ဟုတ်တယ် အစ်ကိုတော်... ဘာလို့လဲဆိုတာ အစ်ကိုတော် သိချင်တယ်မို့လား.... ကျွန်တော်ပြောပြမယ်... ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ နာကျင်ရတဲ့ခံစားချက်ကို အစ်ကိုတော့်ကိုသိစေချင်လို့ပဲ..."
"ဟင်..."
သူ အိုက်မော်ကို အ့ံသြနားမလည်စွာကြည့်နေမိတော့သည်။ အိုက်မော်ရဲ့မျက်လုံးတွေထဲမှာ နာကြည်းနေတဲ့ခံစားချက်တွေကိုလည်း သူမြင်နေရ၏။
"ဟုတ်တယ်... ကျွန်တော်ခံစားခဲ့ရတုန်းကခံစားချက်က ဘယ်လိုလဲဆိုတာကို အစ်ကိုတော့်ကိုသိစေချင်တယ်... အဲ့အချိန်ကျရင်တော့ ကျွန်တော် ဘာလို့အခုလိုလုပ်ရတယ်ဆိုတာ အစ်ကိုတော် ကိုယ်ချင်းစာတတ်လာမှာပါ..."
သူ အိုက်မော်ကိုကြည့်ကာ ခေါင်းရမ်းပြလိုက်ပြီး
"မဟုတ်ဘူး အိုက်မော်... နိုင်ငံခြားမှာဖြစ်ခဲ့တဲ့ကိစ္စတွေက ဖြစ်သင့်လို့ဖြစ်ခဲ့တာတွေပဲလေ... မင်း အဲ့ဒီ့အတွက် ငါ့အပေါ်မှာ အထင်လွဲနေခဲ့တာပဲ..."
"အထင်လွဲတယ် ဟုတ်လား အစ်ကိုတော်..."
သူ အားပေးနှစ်သိမ့်သည့်သဘောဖြင့် အိုက်မော်ရဲ့ပခုံးကို အသာဆုပ်ကိုင်လိုက်ကာ
"အိုက်မော်..."
အိုက်မော်က ပခုံးပေါ်က သူ့လက်ကိုဆွဲခွာချလိုက်ကာ
"အနွယ်တော်မဟုတ်ရင် လက်မဆက်ရဘူးဆိုတဲ့အမိန့်တစ်ခုကြောင့် ကျွန်တော်ချစ်ရတဲ့မိန်းကလေးကို ကျွန်တော် စွန့်လွှတ်ခဲ့ရတာ ဘယ်လောက်တောင်မှ နာကျင်တယ်ဆိုတာကို အစ်ကိုတော်သိရဲ့လား..."
သူ အိုက်မော်ရဲ့ခံစားချက်ကို နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်မိလေသည်။
"ဟင့်အင်း အစ်ကိုတော်မသိပါဘူးဗျာ... ခံစားဖူးမှ ကိုယ်ချင်းစာတတ်တာတဲ့ အဲ့ဒါကြောင့် အစ်ကိုတော်သေချာသိအောင်လို့ ကျွန်တော်ကဆက်ပြီးလုပ်ဦးမှာ အစ်ကိုတော်..."
"အိုက်မော် မင်းချစ်တဲ့မိန်းကလေးက ကိုယ့်အနွယ်တော်မဟုတ်တဲ့အပြင် နိုင်ငံခြားသူတစ်ယောက်ပါ ဖြစ်နေခဲ့လို့ လူကြီးတွေက အခုလိုလုပ်ခဲ့ကြတာကို မင်း ဘာလို့ အထင်တွေလွဲနေခဲ့တာလဲ..."
"အစ်ကိုတော်ရဲ့ ကြင်ယာတော်ကရော အနွယ်တော်ဝင်ဟုတ်ခဲ့လို့လား..."
အိုက်မော်ရဲ့နာကျင်နေတဲ့နှလုံးသားကို သူ ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိအောင်ကိုဖြစ်သွားတော့သည်။ အိုက်မော်က တခြားလူတွေထက် သူတစ်ယောက်ထဲအပေါ်မှာ ပိုပြီးနာကြည်းနေသည့်ပုံပင်။
"ချာတိတ်က အနွယ်တော်ဝင်မဟုတ်ပေမယ့် မြန်မာလူမျိုးတစ်ယောက်ဖြစ်သလို ဖိုးဖိုးဖွားဖွားတွေရဲ့ ကတိကြောင့် အစ်ကိုတော် လက်ဆက်ခဲ့တာ အိုက်မော်... ဒါပေမယ့် အစ်ကိုတော် ဝန်ခံချင်တာတစ်ခုကတော့ ချာတိတ်က ဖိုးဖိုးဖွားဖွားတွေသဘောတူထားတဲ့မိန်းကလေးဆိုတာမသိခင်ကတည်းက အစ်ကိုတော် ချစ်ခဲ့မိသူတစ်ယောက်ပါ... တကယ်လို့ ဘယ်သူမှသဘောမတူရင်လည်း အစ်ကိုတော် ချာတိတ်ကို ရအောင်လက်ထပ်မှာပဲ..."
"အဟင်း..."
ခနဲ့တဲ့တဲ့ရယ်သံကြောင့် သူ အိုက်မော်ကို နားလည်စွာဖြင့် ဘာမှမပြောဘဲ ငြိမ်သက်နေလိုက်မိသည်။
"အဲ့ဒါတွေကို ကျွန်တော်စိတ်မဝင်စားဘူး... ကျွန်တော်စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ကျွန်တော်ဆက်လုပ်မယ် အစ်ကိုတော်..."
"အိုက်မော် မင်း ခညောင်းရှင်နဲ့ပေါင်းပြီး မဟုတ်တာတွေဆက်ပြီးမလုပ်ပါနဲ့တော့လား..."
"အခုမှ လာကြောက်ပြနေတာလား အစ်ကိုတော်... ဒါပေမယ့် နောက်ကျသွားပြီ ကျွန်တော်ကတော့ ဆက်ပြီးလုပ်မှာပဲ..."
"အိုက်မော်..."
အစ်ကိုတော့်ဆီကနေ ဘာအသံမှမကြားရခင် သူ အစ်ကိုတော့်ကိုကျောခိုင်းကာ သူ ထွက်လာလိုက်တော့သည်။ ဘယ်လိုပဲပြောပြော အစ်ကိုတော်က အားလုံးကိုသိနေပြီဆိုတော့ သူ ဘာဆက်လုပ်ရမလဲ။ မဖြစ်ဘူး ခညောင်းရှင်နဲ့ တိုင်ပင်ရမယ်။ သူ ကုမ္ပဏီထဲကနေ အမြန်ထွက်လာပြီး ကားပေါ်တက်လိုက်ကာ ကုမ္ပဏီဝန်းထဲကနေ ထွက်လာလိုက်၏။ ကားမောင်းရင်းနဲ့ ခညောင်းရှင်ကို ဖုန်းဆက်လိုက်လေသည်။
"တီ... တီ... တီ..."
"ဟယ်လို..."
"ခညောင်းရှင်... မင်း ဘယ်မှာလဲ..."
"ကျွန်တော် ရှူတင်မှာ ကိုစိုင်းအိုက်မော်..."
"အရေးကြီးကိစ္စတိုင်ပင်စရာရှိတယ် ငါ မင်းနဲ့ဆွေးနွေးမှဖြစ်တော့မယ် ခညောင်းရှင်..."
"ကိုးနဲ့ပတ်သက်နေတာလား..."
"ဟုတ်တယ် အစ်ကိုတော်က အားလုံးကိုသိသွားပြီ..."
"ဟင် ဘယ်လိုလုပ်ပြီးတော့သိသွားတာလဲ..."
"အဲ့ဒါတွေ ငါတို့တွေ့မှ ပြောကြတာပေါ့... မင်း အခု ငါနဲ့တွေ့လို့ရလား..."
"ကောင်းပြီ... ကျွန်တော် အခုထွက်ခဲ့မယ် ကျွန်တော်တို့ဆုံနေကျဆိုင်မှာတွေ့တာပေါ့..."
"အင်း... ငါလည်း ထွက်လာပြီ..."
"အင်း..."
သူ ဖုန်းချလိုက်ကာ ခညောင်းရှင်နဲ့တွေ့နေကျ Foods & Drink ဆိုင်ကို ထွက်လာလိုက်လေသည်။ အစ်ကိုတော်က အားလုံးကိုသိနေပြီဆိုတော့ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ဝှူး... သိနေပြီဆိုမှတော့ မထူးတော့ပါဘူး ပေါ်တင်ပဲလုပ်လိုက်တော့မယ်...။
#######
"ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ..."
"တစ်ခါထဲနဲ့ ပွဲပြတ်အောင်လုပ်မယ်လို့ ငါ စဉ်းစားထားတယ် ခညောင်းရှင်... မင်းရော ဘယ်လိုစိတ်ကူးလဲ..."
ခညောင်းရှင်က သေချာစဉ်းစားနေသလိုငြိမ်သက်နေသဖြင့် သူ စားပွဲပေါ်က အအေးဖလားကိုယူကာသောက်လိုက်လေသည်။
"ကျွန်တော် ကိုးကိုပိုင်ဆိုင်ရမယ်ဆိုတာ သေချာတယ်မို့လား..."
"အစ်ကိုတော့်ကို ကိုယ်ချင်းစာတတ်အောင်လို့ ငါလုပ်မှာ... မင်း ကိုးအသင်္ချေကို ပိုင်ဆိုင်နိုင် မပိုင်ဆိုင်နိုင်ဆိုတာတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ် ခညောင်းရှင်..."
"ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ..."
အိုက်မော်က ဖလားကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ခညောင်းရှင်ကိုကြည့်လိုက်ကာ
"ကိုးအသင်္ချေကို မင်းလက်ထဲရောက်အောင်အထိ ငါလုပ်ပေးနိုင်တယ်... ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းကိစ္စကိုတော့ မင်းကိုယ်တိုင်ပဲ ဖြေရှင်းရမယ် ဘယ်လိုလဲ..."
"အိုခေ အဲ့ဒါဆိုရတယ်လေ..."
"တစ်ပတ်အတွင်းမှာ အားလုံးကိုပြီးအောင်လုပ်မယ်... အသေးစိတ်ကိုတော့..."
စကားပြောနေရင်းကနေရပ်သွားတဲ့အိုက်မော်ကိုကြည့်ကာ ခညောင်း သင်္ကာမကင်းဖြစ်သွားလေသည်။
"ဘာဖြစ်လို့လဲ ကိုစိုင်းအိုက်မော်..."
"ငါတို့ကိုစောင့်ကြည့်နေတဲ့သူရှိတယ် ခညောင်းရှင်... အဲ့ဒါ မင်းရဲ့လူလား... ဦးထုပ်ကိုသေချာဆောင်းပြီး နောက်ကိုလှည့်ကြည့်လိုက်... ဝင်ပေါက်နားက ပန်းအိုးရဲ့အနောက်မှာ..."
"အင်း..."
ခညောင်း ဦးထုပ်ကို ငိုက်ပြီးဆောင်းလိုက်ကာ ကိုစိုင်းအိုက်မော်ပြောတဲ့နေရာကိုလှည့်ကြည့်ပြီး ချက်ချင်း ပြန်လှည့်လိုက်၏။
"ဟင့်အင်း မဟုတ်ဘူး..."
"ကျွတ်... မင်း အရင်ပြန်နှင့်လိုက်တော့..."
"အဲ့ဒါ ဘယ်သူမို့လို့လဲ..."
"အစ်ကိုတော်ရဲ့လူ..."
"ဟင်..."
"ဟုတ်တယ်... ငါ့ကိုနောက်ယောင်ခံပြီးလိုက်လာတာ... အဲ့ဒါကြောင့် မင်းအရင်သွားနှင့်လိုက်တော့... မင်းက ခညောင်းရှင်ဆိုတာကို သူသိသွားလို့မဖြစ်ဘူး သေချာဂရုစိုက်သွား..."
"အင်း ဒါဆို ကျွန်တော်သွားတော့မယ်..."
"အင်း... နောက်မှဖုန်းဆက်လိုက်မယ်..."
ခညောင်း ခေါင်းငြိမ့်ပြလိုက်ပြီး mask တပ်လိုက်ကာ ဦးထုပ်ကိုသေချာဆောင်းပြီး ထလာခဲ့လိုက်သည်။ အပေါက်ဝနားရောက်တော့ ခုနကလူကိုမတွေ့ရတော့ပေ။ သူ ကားပေါ်ကိုတက်လိုက်ပြီးတော့မှ နောက်ကြည့်မှန်ထဲကနေကြည့်လိုက်တော့လည်း ဘယ်သူ့ကိုမှမတွေ့ရသဖြင့် ကားမောင်းကာ ထွက်လာလိုက်တော့သည်။ ကိုစိုင်းအိုက်မော်ကတော့ အဆင်ပြေမှာပါ။
ဦးစဝ်ဘုန်းရိပ်ခေါင်က အကုန်လုံးသိနေတာတောင် ကိုးကို ဘာမှမပြောဘူးလား... အခုရက်ပိုင်း ကိုးရဲ့မျက်နှာကိုကြည့်ရတာတော့ ပုံမှန်ပါပဲ... ပုံမှန်ထက်တောင်မှ ပျော်ရွှင်နေသည့်ပုံပင်။ ဒါဆို ဓာတ်ပုံကိစ္စကို ကိုးမသိသေးတာလား... ဦးစဝ်ဘုန်းရိပ်ခေါင်က တမင်မပြောတာလား။ သူ့ရင်ထဲမှာ နည်းနည်းတော့ စိုးရိမ်မိသည်။ ကိုစိုင်းအိုက်မော်ပြောတဲ့ တစ်ခါထဲ အပြတ်လုပ်မယ်ဆိုတဲ့စကားက သူ့အတွက် ဘယ်လိုအဓိပ္ပါယ်မျိုးလဲ... ဝှူး... အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတော့မယ်... သူ ကိုးကိုသိပ်ချစ်တယ်... ကိုးကတော့ ဟိုလူနဲ့လက်ထပ်ပြီးမှ ပိုပြီးပျော်လာသည့်ပုံစံဖြင့် တက်ကြွလန်းဆန်းနေလိုက်တာ... တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတယ်လို့လည်း သူ့စိတ်ထဲမှာထင်နေမိသည်။ ဆုံးရှုံးသွားမှပဲ ပိုပြီးချစ်မိလာသလိုလို... အခုတော့ သူ ကိုးကို အရင်ကထက်ပိုပြီး ပိုင်ဆိုင်ချင်လာမိတော့တာအမှန်ပဲဖြစ်သည်...။
#######
"ဟယ်လို..."
"သခင်လေး ကျွန်တော်ပါ..."
သူ ရုံးခန်းအပေါ်ထပ်က မှန်ပြတင်းပေါက်နားမှာမတ်တပ်ရပ်လိုက်ကာ လိုက်ကာစကိုအသာဆွဲလိုက်ပြီး မှန်ကို နည်းနည်းဖွင့်လိုက်ကာ လေကိုတစ်ဝကြီးရှူသွင်းလိုက်၏။
"ကိုသက် အခြေအနေဘယ်လိုလဲ... ငါထင်တဲ့အတိုင်းပဲလား..."
"ဟုတ်တယ် သခင်လေး သူက ခညောင်းရှင်ပဲ..."
"မင်း ငါပြောခဲ့တဲ့အတိုင်း လုပ်ခဲ့တယ်မို့လား..."
"ဟုတ်ကဲ့... ကျွန်တော် သခင်လေးပြောတဲ့အတိုင်းလုပ်ခဲ့တာပါ..."
"ကိုသက်... မင်း မဟာဒေဝီကိုလည်း စောင့်ကြည့်ပေးထားပါ... ငါ ချာတိတ်ကိုယုံတယ်... သူတို့နှစ်ယောက်ကိုပဲမယုံတာ..."
"အခုချိန်ဆို မဟာဒေဝီက ကျောင်းမှာပဲရှိနေမှာ... ကျွန်တော် သွားကြိုလိုက်ရမလား သခင်လေး..."
"အင်း မင်း ကျောင်းသွားကြိုပြီး မဟာဒေဝီကို ဒီကိုပဲခေါ်ခဲ့လိုက် ကိုသက်..."
"ဟုတ်ကဲ့ပါ သခင်လေး..."
"မဟာဒေဝီကို သူတို့နှစ်ယောက်အကောက်ကြံမှာ ငါ စိုးရိမ်တယ်..."
"စိတ်ချပါ သခင်လေး... ကျွန်တော့်အသက်နဲ့လဲပြီး မဟာဒေဝီကို ဂရုစိုက်လိုက်ပါ့မယ်..."
ကိုသက်ရဲ့စကားကြောင့် သူလည်း ချာတိတ်အတွက် စိတ်ချသွားမိတော့သည်။
"အင်း... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
ဘုန်းရိပ် ဖုန်းချလိုက်ကာ လိုက်ကာစကိုဆုပ်ကိုင်လိုက်ရင်းနဲ့ အံကြိတ်လိုက်မိလေသည်။ ဘာအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် သူ ချာတိတ်ကိုမစွန့်လွှတ်နိုင်ပေ။ အိုက်မော်က သူ့အပေါ် နာကြည်းချက်ရှိနေတာကြောင့် အခုလိုတွေလုပ်နေသလို ခညောင်းရှင်ကတော့ ချာတိတ်ကိုပြန်ပြီးပိုင်ဆိုင်ချင်တဲ့အတွက် အခုလိုတွေလုပ်နခဲ့တာ။ နှစ်ယောက်စလုံးက တစ်စိတ်ထဲတစ်ဉာဏ်ထဲဆိုတော့ စိုးရိမ်ရသည်။ နောက်ပြီး မယ်တော်သိသွားမှာလည်း စိုးရိမ်မိတယ်။ မယ်တော်သာသိရင် နားလည်ပေးမှာမဟုတ်ဘူး...။
#######
ဆက်ရန် - အခန်း(၃၀)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Tahanan ng mga kuwento. Tumuklas ngayon