အခန်း(၂၈)

107 1 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၂၈)

"အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဆိုတာ ညကြီးအချိန်မတော်အထိ အပြင်မှာရှိမနေသင့်ဘူးလေ ချွေးမတော်..."
"ဟုတ်ကဲ့ ကိုး သိပါတယ် မေမေ..."
"မယ်တော်တို့ အမျိုးသမီးတွေဆိုတာ မိဘမောင်ဘွားတွေမပါဘဲ အပြင်ကိုထွက်သင့်တဲ့သူတွေမဟုတ်ဘူး ချွေးမတော်ရဲ့... တကယ်ဆိုရင် သမီးဘယ်သွားသွား သားတော်ကိုခေါ်သွားသင့်တယ်လို့ မထင်ဘူးလား..."
ဦးက ကုမ္ပဏီကိုသွားနေတော့ စံအိမ်တော်မှာမရှိပေ။ မေမေ ကိုးကို ဆုံးမစကားရှိတယ်ဆိုတာလည်း ဦး ကိုးကို သေချာမှာခဲ့သည်။ နောက်ပြီး မေမေဘာပြောပြော ကိုး စိတ်မညစ်ပါနဲ့တဲ့... ဦးက ကိုးဘက်မှာအမြဲတမ်းရှိနေမှာလို့ သေချာမှာခဲ့တာဖြစ်သည်။
"သူငယ်ချင်းရဲ့မွေးနေ့ဆိုတော့ ဦးကိုခေါ်သွားဖို့ မသင့်တော်ဘူးလို့ ကိုးထင်လို့ပါ..."
"သားတော်က သမီးကိုသိပ်ချစ်တယ်ဆိုတာ သမီးလည်းသိတယ်နော်..."
"ဟုတ်ကဲ့..."
"သမီးက ဘယ်လိုပဲ သားတော်အပေါ်မေတ္တာမမျှနိုင်ဘူးပဲဆိုဆို သားတော်က သမီးရဲ့ခင်ပွန်းပဲလေ..."
"ကိုး ဦးအပေါ် မေတ္တာမမျှနိုင်ဘူးလို့ ဘယ်သူကပြောခဲ့လို့လဲ... ကိုးလည်း ဦးအပေါ်မှာ မေတ္တာရှိနိုင်အောင် ကြိုးစားနေတာပါ မေမေ..."
မေမေ့ရဲ့မျက်နှာ ကျေနပ်တဲ့အပြံုးတစ်ခုကို ကိုး တွေ့လိုက်ရ၏။ အိမ်နေရင်းနဲ့တောင်မှ မေမေ့ရဲ့ပုံစံက ခန့်ညားစွာလှပနေသေးသည်။
"ဟုတ်ပါပြီ ချွေးမတော်အခုလိုပြောတာကို သားတော်သာသိခဲ့ရင် မယ်တော့်ထက်တောင်မှ ကျေနပ်ဝမ်းသာသွားမှာအမှန်ပဲ..."
မေမေ့စကားကြောင့် ကိုးစိတ်ထဲမှာလည်း ကျေနပ်သွားမိလေသည်။ မေမေပြောသလိုပဲ ကိုးလည်းထင်မိပါတယ်။
"ညက သမီးပြန်ရောက်တော့ မိုးချုပ်နေပြီဆိုတာ မယ်တော်သိပါတယ်... ဒါပေမယ့် နောက်ဆို အဲ့လိုနောက်မကျနဲ့နော် သမီး..."
"ဟုတ်ကဲ့ပါ မေမေ..."
ချွေးမတော်ရဲ့စကားကို ဒေါ်နန်းဆက်ဧကရီ ကျေနပ်သွားမိတာဖြစ်သည်။ ချွေးမတော်က သားတော်အပေါ် အပြည့်အဝမေတ္တာမပေးနိုင်သေးပေမယ့်လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ သားတော်လိုချင်တာထက်တောင်မှ ပိုပြီးပေးလာနိုင်မယ်ဆိုတာတော့ သူမယုံသည်။ ဘယ်လိုပဲ အနှောင်အဖွဲ့တွေကြားထဲမှာ ရှင်သန်နေရတယ်ဆိုပေမယ့် ချွေးမတော်က သားတော်ရဲ့အချစ်နဲ့အေးချမ်းလုံခြံုနေတဲ့သူတစ်ယောက်ပါ။  သားတော်ရဲ့ကြင်ယာတော်ဖြစ်ရတာ ချွေးမတော်အင်မတန်ကံကောင်းတယ်ဆိုတာကို သူမသိသည်။ ချွေးမတော်က သူမထက်တောင်မှ ကံကောင်းသေးသည်။
"ဒွေးတော်..."
"ဟင် အိုက်မော်..."
ကိုး ကြည့်လိုက်ကာ သူ့ကိုမှတ်မိသွားတော့ သူကလည်း ကိုးကိုပြံုးပြနေ၏။
"ကျန်းမာရဲ့လား ဒွေးတော်..."
မေမေက ကိုစိုင်းအိုက်မော်ကို ခေါင်းငြိမ့်ပြလိုက်ကာ
"အင်း ကောင်းပါတယ်... ဒါနဲ့ ဘာကိစ္စရှိလို့လဲ အိုက်မော်..."
"ကျွန်တော် အစ်ကိုတော်နဲ့စကားပြောချင်လို့ပါ ဒွေးတော်..."
"သားတော်က ကုမ္ပဏီမှာလေ အိုက်မော်ရဲ့... ရောက်တုန်းလေး တစ်ခုခုစားသွားပါဦး... အိုက်မော် ဘာစားမလဲ..."
"အဲ့ဒါဆိုရင် ကျွန်တော် ဒွေးတော်လက်ရာ လက်ဖက်သုပ်စားချင်တယ်..."
"ဟုတ်ပါပြီ ဒါဆို ဒွေးတော် သွားသုပ်လိုက်မယ်... မင်းမရီးနဲ့စကားပြောနှင့်ဦး..."
"ဟုတ်ကဲ့ ဒွေးတော်..."
ဒွေးတော် မီးဖိုဆောင်ထဲဝင်သွားတော့ သူ ကိုးအသင်္ချေကိုကြည့်လိုက်ကာ ပြံုးပြလိုက်တော့ သူမကလည်း ပြန်ပြံုးပြလာ၏။
"ကြင်ယာတော်... နေရတာအဆင်ပြေရဲ့လား..."
သူ့မေးခွန်းကို သူမက နားမလည်သလိုဖြစ်သွားသည့်ပုံပင်။
"ကိုစိုင်းအိုက်မော်က ဘာကိုမေးချင်တာလဲမသိဘူး..."
"ဪ... အစ်ကိုတော့်ရဲ့အနွယ်တော်တွေနဲ့ စကားပြောရဆိုရတာ ကြင်ယာတော့်အနေနဲ့ အဆင်ပြေရဲ့လားလို့ပါ..."
"ဟုတ်ကဲ့ ပြေပါတယ်..."
"ကျွန်တော် ကြင်ယာတော့်ကို တစ်ခုလောက်မေးလို့ရမလား..."
"ဟုတ်ကဲ့ ရပါတယ် မေးပါ..."
"သရုပ်ဆောင်ခညောင်းရှင်နဲ့ ကြင်ယာတော်တို့က ချစ်သူတွေဖြစ်ခဲ့ကြသေးတယ်ဆို..."
သူ့မေးခွန်းကြောင့် ကြင်ယာတော့်ရဲ့မျက်နှာက သိသာစွာ ပျက်ယွင်းသွားလေသည်။ သူ့မေးခွန်းကို ပြန်ဖြေဖို့အတွက် အဖြေတစ်ခုကို အပြေးအလွှားစဉ်းစားနေလေသည်။ ထို့နောက် မျက်မှန်ကိုပင့်တင်လိုက်ကာ သူ့ကိုကြည့်လာပြီး
"ကိုစိုင်းအိုက်မော်ကို ဘယ်သူပြောတာလဲတော့ ကိုး မသိပါဘူး... ဒါပေမယ့် အဲ့ဒါအမှန်မဟုတ်ပါဘူး... ကိုးတို့က ချစ်သူတွေမဟုတ်ဘူး..."
"ဗျာ..."
သူ အံ့သြတဲ့ပုံစံလုပ်ပြလိုက်တော့ သူမက နားမလည်သလိုဖြစ်သွားသည့်ပုံဖြင့် သူ့ကိုကြည့်လာကာ
"ဟုတ်ပါတယ် ကိုးတို့ကချစ်သူတွေမဟုတ်ဘူး..."
"ခညောင်းရှင်ပြောတာက ကြင်ယာတော်နဲ့သူက ချစ်သူတွေတဲ့... အခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသေးတယ်လို့ ကျွန်တော့်ကိုပြောပြလို့ပါ..."
"ဟင်..."
သူ့စကားကြောင့် ကိုး အံ့သြသွားသလို ရှက်လည်းရှက်သွားမိ၏။ ကင်း ဘာလို့အဲ့လိုပြောရတာလဲ... တကယ်ဆိုရင် ကိုးရဲ့ခံစားချက်တွေကို ကင်း သိပြီးသားပင်။
"ကြင်ယာတော်က ငြင်းနေပြီဆိုတော့ ကျွန်တော် ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး... ဒါပေမယ့် ကြင်ယာတော်ပြောတာမှန်မယ်ထင်ပါတယ်... ဘာလို့လဲဆိုတော့ ညက ခညောင်းရှင် ကျွန်တော့်ကိုဖုန်းဆက်တော့ အသံကမူမမှန်ဘူးဗျ... ကြည့်ရတာ သောက်ထားတဲ့ပုံပဲ... အဲ့ဒါကြောင့်ပဲ အခုလိုမဟုတ်တာတွေပြောတာထင်ပါတယ်..."
ကိုး ဖြေရှင်းချက်မပေးချင်တော့သဖြင့် ငြိမ်သက်နေမိတော့သည်။ ကင်းက အရက်မူးတိုင်း အခုလိုမျိုးတွေ ပြောတတ်သူလား... ကိုးနဲ့ချစ်သူတွေဖြစ်တုန်းကတော့ ကင်းက အရက်ရောဆေးလိပ်ပါ မသောက်တတ်တော့ ကင်းအရက်မူးတတ်တာကို ကိုးမသိ။
"ကျွန်တော်နဲ့ခညောင်းရှင်က မိတ်ဆွေတွေပါ... တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်လေ့ရှိတယ်... အဲ့ဒါကြောင့် သူ ကျွန်တော့်ကို ရင်ဖွင့်လာခဲ့တာကို ကျွန်တော်က တကယ်ထင်ခဲ့မိတာ တောင်းပန်ပါတယ် ကြင်ယာတော်..."
"ဟုတ် ရပါတယ်... အထင်လွဲခဲ့တာပဲ ကိစ္စမရှိပါဘူး..."
ရပါတယ်လို့သာပြောလိုက်တာ ကိုးရဲ့ရင်ထဲမှာတော့ အနေရကြပ်သွားတော့သည်။ ဘယ်လိုလုပ်ပြီး သူနဲ့ကင်းက မိတ်ဆွေတွေဖြစ်သွားရတာလဲ...။
"အိုက်မော်..."
"ဒွေးတော်..."
ဒေါ်နန်းဆက်ဧကရီက လက်ဖက်သုပ်ပန်းကန်ကို အိုက်မော်ရဲ့ရှေ့မှာချပေးလိုက်ကာ
"ကဲ စားဦး အိုက်မော်..."
"ဟုတ်ကဲ့ ကျေးဇူးပါ ဒွေးတော်..."
အိုက်မော် လက်ဖက်သုပ်ပန်းကန်ကိုယူပြီး စားကြည့်လိုက်ကာ မျက်နှာကို ပြံုးလိုက်ပြီး
"အရသာရှိလိုက်တာ ဒွေးတော်ရယ်..."
ဒေါ်နန်းဆက်ဧကရီ ပြံုးလိုက်ကာ အိုက်မော်ကိုကြည့်လိုက်ပြီး
"ဒါနဲ့ သားတော်ကိုတွေ့ချင်တာ ဘာကိစ္စရှိလို့လဲ အိုက်မော်..."
အိုက်မော်က လက်ဖက်သုပ်ပန်းကန်ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး တစ်ရှူးပုံးထဲကတစ်ရှူးစတစ်စကိုယူလိုက်ကာ ပါးစပ်ကိုသုတ်လိုက်လေသည်။
"ကျွန်တော် အစ်ကိုတော်ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ချင်လို့ပါ ဒွေးတော်..."
"ဪ..."
"အစ်ကိုတော့်ဆီက လုပ်ငန်းအတွေ့အကြံုယူပြီးမှ ကျွန်တော်ကိုယ်ပိုင်ကုမ္ပဏီထူထောင်ရင်ကောင်းမလားလို့ စဉ်းစားမိလို့ပါ..."
"အင်း ကောင်းသားပဲ..."
"ဟုတ်ကဲ့..."
"အဲ့ဒါဆို အိုက်မော် ညနေမှ စံအိမ်တော်ကို တစ်ခေါက်လာခဲ့လိုက်ပါလား... ဒါမှမဟုတ် ကုမ္ပဏီကိုလိုက်သွားမလား..."
"အင်း... အဲ့ဒါဆို ကျွန်တော် ကုမ္ပဏီကိုပဲ လိုက်သွားလိုက်ပါ့မယ်..."
"အင်း... ကောင်းပြီ..."
သူ့စကားတွေကိုနားထောင်ကာ ကိုး စဉ်းစားမရဖြစ်နေမိသည်။ သူလိုလူမျိုးက ဦးရဲ့လက်အောက်မှာ လုပ်ငန်းအတွေ့အကြံုလိုချင်တယ်တဲ့... ဦးပြောတာတော့ ဦးနဲ့သူက ရန်ဘက်တွေလို့ပြောဖူးသည်... အဲ့ဒါကို သူက ဦးရဲ့ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုတော့ သူ့မှာ ဘာအကြံအစည်ရှိနေလို့လဲ... ရိုးရိုးသားသားတော့မဖြစ်နိုင်ဘူး... သူ့မှာ အကြံတစ်ခုခုရှိမယ့်ပုံပဲ...။
"ဒါနဲ့... အခုရက်ပိုင်း ဒွေးတော်ဆီကို စာတွေဘာတွေလာသေးလား..."
"စာ... ဟင့်အင်း ဘာစာမှမလာပါဘူး အိုက်မော် ဘာဖြစ်လို့လဲ..."
သူ မျက်နှာအမူအရာကိုထူးဆန်းသလိုလုပ်လိုက်ကာ ဒွေးတော်ကိုကြည့်လိုက်လေသည်။
"ဟိုတစ်လောက ကျွန်တော် စံအိမ်တော်ရှေ့မှာ ဘီလူးနဲ့တွေ့ခဲ့တယ် ဒွေးတော်... သူ့ကို ဘာလာလုပ်တာလဲလို့ ကျွန်တော်မေးလိုက်တော့ သူက ဒွေးတော်ကို စာအိတ်တစ်အိတ်လာပို့တာတဲ့..."
"ဟင်..."
သူ့စကားကိုကြားကာ ဒွေးတော်က အံ့သြသွား၏။
"ဘာစာလဲလို့ ကျွန်တော်ထပ်မေးလိုက်တော့ သူလည်းသေချာမသိဘူးတဲ့ ဓာတ်ပုံတွေလို့ထင်တယ်လို့ပြောတယ် ဒွေးတော်... အဲ့ဒါ ဒွေးတော်ဆီရောက်မလာဘူးလား..."
"ဟင့်အင်း မရောက်ဘူး အိုက်မော်..."
"တစ်ခြားတစ်ယောက်ဆီကိုရော မရောက်ဘူးလား..."
ဒွေးတော်ရဲ့အကြည့်တွေက ကိုးအသင်္ချေဆီသို့ရောက်သွားကာ
"ချွေးမတော်ရော သိလား..."
"ဟင့်အင်း ကိုး မသိပါဘူး မေမေ..."
"ထူးဆန်းလိုက်တာ... အဲ့ဒါဆို ဘယ်ရောက်သွားတာလဲ... ဓာတ်ပုံတွေဆိုတော့ ကျွန်တော်က နန်းမဟာမြိုင်ကုမ္ပဏီရဲ့ ပရိဘောဂဒီဇိုင်းတွေလို့ထင်လိုက်တာ... အစ်ကိုတော့်ဆီရော မရောက်ဘူးလား ဒွေးတော်..."
"သားတော်ဆီ ရောက် မရောက်တော့ ဒွေးတော်လည်း မသိဘူး အိုက်မော်... အလုပ်ကိစ္စဆိုရင်တော့ သားတော်ပြန်ရောက်လာရင် အသိပေးရမယ်..."
"ဟုတ်ကဲ့ ပြောလိုက်ပါဦး ဒွေးတော်... ဒွေးတော်လက်ထဲမရောက်ဘူးဆိုရင် အစ်ကိုတော့်လက်ထဲကို ရောက်မယ်ထင်တယ်..."
"အေး... အေး... ဒွေးတော် မေးလိုက်မယ် အိုက်မော်..."
"ဟုတ်ကဲ့... အဲ့ဒါဆိုရင် ကျွန်တော် ပြန်လိုက်ပါဦးမယ် ဒွေးတော်... တစ်ခြားလုပ်စရာလေးတွေလည်း ရှိနေသေးလို့ပါ..."
"ကောင်းပါပြီ တူတော်..."
အိုက်မော် ကျေနပ်စွာပြံုးလိုက်ပြီး စံအိမ်တော်ထဲကနေ ထွက်လာလိုက်တော့သည်။ အဲ့ဒါဆို အဲ့ဒီ့ဓာတ်ပုံတွေ ဒွေးတော်လက်ထဲရောက်မသွားဘူးပဲ... ဒီလောက်ကြာနေပြီဆိုတော့ သူလည်း သံသယဝင်နေခဲ့တာ။ နောက်ဆုံးတော့ သစ္စာဖောက်က ဘီလူးဆိုတာကို သိလိုက်ရပြီဖြစ်သည်။ တွေ့ကြသေးတာပေါ့ ဘီလူးရာ...။
#######
လက်က နာရီကိုကြည့်လိုက်ကာ သူ လုပ်လက်စအလုပ်တွေကို အမြန်သိမ်းလိုက်လေသည်။ ဖွင့်ထားတဲ့လက်တော့ပ်ကိုပိတ်မလို့လုပ်ပြီးမှ မေးလ်တစ်စောင်ဝင်နေသဖြင့် သူ မေးလ်ကိုဖွင့်ကြည့်လိုက်တော့ folder တစ်ခုကိုတွေ့လိုက်ရသည်။ folder ကိုဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံတွေကိုတွေ့လိုက်ရပြန်သည်။ အဲ့ဒီ့ဓာတ်ပုံတွေကိုကြည့်ကာ သူ မျက်လုံးပြူးသွားမိတော့သည်။
"ဟင်..."
ခညောင်းရှင်က ချာတိတ်ကို ဝိုင်ဖန်ခွက်ကိုကမ်းပေးနေတဲ့ပုံတွေ... ချာတိတ်ကမသောက်ဘူးငြင်းနေတဲ့ပုံတွေ... နောက်ပြီး ခညောင်းရှင်က ဝိုင်ခွက်ကို ချာတိတ်ပါးစပ်နားသို့ အတင်းကပ်ပေးနေတဲ့ပုံတွေရော ချာတိတ်က သောက်နေတဲ့ပုံတွေရော... ခညောင်းရှင်ပုံစံက အတော်မူးနေတယ်ဆိုတာကို သူ့မျက်လုံးကိုကြည့်တာနဲ့ သိသာနေလေသည်။
"တောက်... ခညောင်းရှင်... စိုင်းအိုက်မော်... မင်းတို့နှစ်ယောက်လုံးပဲ..."
သူ လက်တော့ပ်ကိုပိတ်လိုက်ပြီး ပစ္စည်းတွေကို သူ့အိတ်ထဲထည့်လိုက်တော့ ကိုသက်က အခန်းထဲကိုဝင်လာ၏။
"သခင်လေး ပြန်တော့မှာလား..."
"ဟုတ်တယ် ငါပြန်တော့မယ်..."
သခင်ဖြစ်သူရဲ့စကားပြောတဲ့လေသံကိုနားထောင်ကာ ကိုသက် ခေါင်းငြိမ့်ကာ ငြိမ်သက်နေမိတော့သည်။ အခန်းထဲကနေ ခြေသံပြင်းပြင်းနဲ့ထွက်သွားတဲ့ သခင်လေးရဲ့ကျောပြင်ကိုကြည့်ရင်းနဲ့ ကိုသက် သက်အြင်းချရင်း ကျန်ခဲ့တော့၏။
#######
"ဦး မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လို့လဲ..."
သူ ခေါင်းရမ်းလိုက်ရင်းနဲ့ သံပုရာရည်ဖလားကို စားပွဲပေါ်သို့ အသာတင်လိုက်၏။ ထို့နောက် ချာတိတ်ကိုကြည့်လိုက်ကာ
"ချာတိတ် ညတုန်းက..."
"ဟုတ်ကဲ့ ဘာဖြစ်လို့လဲ ဦး..."
ကျွတ်... မေးဖို့တောင်မှ သူ ချာတိတ်ကို မမေးရက်နိုင်အောင်သွားတော့သည်။ ခညောင်းရှင်နဲ့ပတ်သက်ပြီး သူ့မှာ သုံးကြိမ်တိတိ ခညောင်းရှင်နဲ့ ချာတိတ်တို့ရဲ့ဓာတ်ပုံတွေ ရှိနေပြီဖြစ်သည်။ ပထမတစ်ခါက စာကြည့်ခန်းထဲက ကိုးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ ဓာတ်ပုံတစ်ပုံ... အဲ့ဒီ့ပုံကတော့ သူနဲ့မထိမ်းမြားခင်တုန်းက ဓာတ်ပုံဆိုတော့ သူ အရှင်းနားလည်ပေးနိုင်သည်။ ဒုတိယတစ်ခါက အိုက်မော်လှမ်းပို့ထားတဲ့ပုံတွေ... မေးလ်နဲ့ရော မယ်တော်သိအောင်ပါ အိမ်အထိလာပို့ခဲ့တာ။ ချာတိတ်ရဲ့ကျောင်းမှာ ချာတိတ်နဲ့ခညောင်းရှင်တို့ စကားပြောနေတာကို ရိုက်ထားတဲ့ပုံ... အဲ့ဒီ့ပုံကတော့ သူ့ရင်ကို အတော်လေးနာကျင်စေသည်။ တတိယကတော့ ဒီနေ့ သူ ကုမ္ပဏီက ပြန်လာခါနီးမှ မေးလ်နဲ့လှမ်းပို့လိုက်တဲ့ပုံ... တောက်... သူ ချာတိတ်အပေါ်မှာ အပြစ်မယူပါဘူး... ဒါတွေအားလုံးက စိုင်းအိုက်မော်နဲ့ ခညောင်းရှင်ကြောင့်ဆိုတာကို သူသိသည်... အဲ့ဒါကြောင့်လည်း ချာတိတ်ကိုအပြစ်မယူတာ... အဲ့ဒီ့ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ချာတိတ်ကို သူ မေးလိုက်မယ်ဆိုရင်လည်း သူ ကျေနပ်လက်ခံနိုင်လောက်တဲ့အဖြေတစ်ခုကို ချာတိတ်ပေးနိုင်တယ်ဆိုတာ သူယုံတယ်...။
"ဦး..."
"ဟင်... ချာတိတ်..."
"သံပုရာရည်သောက်ပြီးတာတောင် ဦးရဲ့ခေါင်းထဲမှာ မကြည်ဘူးလားဟင်... ဦး နေမကောင်းလို့များလား..."
ပြောလည်းပြော နဖူးပေါ်သို့ရောက်လာတဲ့ နွေးထွေးနူးည့ံတဲ့ ချာတိတ်ရဲ့လက်ဝါးလေးကြောင့် သူ သက်ပြင်းတစ်ခုကို ချာတိတ်မသိအောင်ချလိုက်မိလေသည်။
"ကိုယ် နေကောင်းပါတယ် ချာတိတ်... ကိုယ့်စိတ်ထဲမှာ မကြည်လင်စရာလေးတစ်ခုရှိနေလို့ပါ..."
"ဘကိစ္စမို့လို့လဲ ကိုးကိုပြောပြပါလား..."
သူ ချာတိတ်ရဲ့မျက်နှာကို သေချာစိုက်ကြည့်လိုက်ပြီး ချာတိတ်ရဲ့လက်ဝါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ
"ကိုယ် ချာတိတ်ကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ချာတိတ်သိတယ်နော်..."
ကိုး ခေါင်းငြိမ့်ပြလိုက်တော့ ဦးက ကျေနပ်သလိုပြံုးရင်းနဲ့ စာကြည့်ခန်းထဲက စာအုပ်စင်တစ်ခုအနားသို့ ထသွားလိုက်ကာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ကိုးရဲ့အနားသို့ယူလာ၏။ ကိုး ကြည့်လိုက်တော့ ဆရာမင်းခိုက်စိုးစန်ရဲ့ "သုည"ဆိုတဲ့ဝတ္ထုစာအုပ်လေး။ အဲ့ဒီ့စာအုပ်လေးက မမ ကိုးကိုလက်ဆောင်ပေးခဲ့တဲ့စာအုပ်လေးလည်းဖြစ်သည်။
"ကိုယ် ချာတိတ်ကိုချစ်သလောက် ချာတိတ် ကိုယ့်ကိုပြန်မချစ်နိုင်သေးပေမယ့် ကိုယ့်ကို အရင်လိုမမုန်းတော့ဘူးဆိုတာကိုလည်း ကိုယ်သိပါတယ် ချာတိတ်...
"ကိုး ဦးကို ဘယ်တုန်းကမှမမုန်းခဲ့ပါဘူး ဦးရယ်... အရင်ကမုန်းခဲ့တယ်ဆိုတာကလည်း ဦးရဲ့အချစ်တွေကို ကိုး အထင်လွဲခဲ့မိလို့ပါ..."
စာအုပ်ကိုကိုင်ထားရင်းကနေပြောနေတဲ့ ဦးရဲ့စကားတွေက ကိုးရဲ့ရင်ထဲမှာ ထူးဆန်းနေလေတော့သည်။
"ကောင်းပြီ ချာတိတ်... အခုရက်ပိုင်းမှာ ချာတိတ်နဲ့ပတ်သက်ပြီး ကိုယ့်မှာ စိတ်ဒဏ်ရာတွေ ခံစားနေရတယ်..."
"ဟင်... ဦး ဘာပြောလိုက်တယ်..."
ဦးက ကိုးကို ခေါင်းပဲငြိမ့်ပြလာလေသည်။ ဦးမျက်နှာက တကယ်ပဲ စိတ်ဒဏ်ရာကိုခံစားနေရသလို ညှိုးနွမ်းနေ၏။
"ချာတိတ် ကိုယ့်ဘဝထဲရောက်လာပြီးမှ ဖြစ်လာခဲ့တဲ့ပြဿနာတွေကို ကိုယ်တစ်ယောက်ထဲ ဖြေရှင်းနိုင်တယ် ချာတိတ်... ဒါပေမယ့် ဒီစာအုပ်ထဲကဓာတ်ပုံကိစ္စကိုတော့ ချာတိတ်ကိုယ်တိုင်ပဲ ဖြေရှင်းပေးပါလား..."
ကိုး ဦးကမ်းပေးလာတဲ့စာအုပ်ကိုယူလိုက်ပြီး စာအုပ်ကိုလှန်ကြည့်လိုက်ရာ ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရလေသည်။ ကိုးရဲ့စိတ်ထဲမှာ တကယ်ပဲ ထိတ်လန့်သွားမိ၏။ ချစ်သူဘဝတုန်းက ကင်းနဲ့ကိုးတို့ အတူရိုက်ထားခဲ့တဲ့ဓာတ်ပုံ။ ဒီဓာတ်ပုံက ဘယ်လိုလုပ်ပြီး ဒီအထိရောက်လာရတာလဲ။ ကိုးကြောင့် စိတ်ဒဏ်ရာတွေခံစားနေရတဲ့ဦးကို ကိုး အားနာသနားသွားမိတော့သည်။ ကိုး ဓာတ်ပုံကိုကိုင်လိုက်ကာ အလယ်ကနေဆွဲဖြဲဲလိုက်ကာ
"ကိုး ဦးကိုတောင်းပန်ပါတယ် ဦး..."
"ဟင်..."
ကိုး ဓာတ်ပုံကိုတစ်စစီဆွဲဖြဲတာကို ဦးက အ့ံသြကာကြည့်နေလေသည်။ ကိုး ဖြဲလိုက်ပြီးတော့မှ အနားမှာရှိနေတဲ့ စက္ကူပုံးထဲသို့ထည့်လိုက်၏။
"ချာတိတ်..."
"ဒီဓာတ်ပုံအတွက်နဲ့တော့ ဦး စိတ်ညစ်မခံပါနဲ့ ဦးရယ်... ဒါတွေက အတိတ်ကအရိပ်တွေပါ... အဲ့ဒီ့အရိပ်တွေက ဖျောက်ဖျက်ပစ်လို့လွယ်ပါတယ်... အခုချိန်မှာ ကင်းက ကိုးရင်ထဲမှာမရှိတော့ဘူးဆိုတာအကြောင်း ဦးယုံကြည်အောင် ကိုး သစ္စာဆိုပြဝ့ံပါတယ် ဦး..."
"ကျေးဇူးပါ ချာတိတ်..."
ဦးက ကိုးရဲ့မျက်နှာကို အ့ံသြဝမ်းသာစွာကြည့်ပြီးပြံုးနေလေသည်။ ဦးရဲ့မျက်ဝန်းထဲမှာ တစ်ခြားမကောင်းတဲ့ကိစ္စတွေရှိနေသလို ထိုင်းမှိုင်းနေတာကို ကိုးစိတ်ထဲကနေ အလိုလိုသိနေသလိုလိုပင်။
"ကိုယ်က ချာတိတ်ကိုယုံပါတယ်... ချာတိတ်ရဲ့သစ္စာတရားကို ကိုယ် အကြွင်းမဲ့ယုံကြည်ပါတယ်..."
"ကိုး ဦးစိတ်ကိုနားလည်ပါတယ် ဦး..."
"ဘာကိစ္စတွေပဲဖြစ်လာဖြစ်လာ ချာတိတ် ကိုယ့်ဘေးမှာရှိနေရင် ကိုယ် အရာအားလုံးကို ဖြေရှင်းနိုင်တယ် ချာတိတ်..."
ဦးရဲ့စကားလုံးတွေက ကိုးအပေါ် အကြွင်းမဲ့ယုံကြည်နေတယ်ဆိုတာကို ကိုးသိပါတယ်။
"နောက်ပြီးတော့ ကိုယ်မရှိတဲ့အချိန် စံအိမ်တော်ကို သူစိမ်းတွေရောက်လာခဲ့ရင် ချာတိတ် ကိုယ့်ကိုအရင်ဖုန်းဆက်နော် ချာတိတ်..."
"ဟုတ်... သူစိမ်းတော့မလာဘူး ဦး... နေ့ခင်းကတော့ ကိုစိုင်းအိုက်မော်လာသေးတယ်... သူ ဦးဆီကိုလာတယ်မို့လား..."
"ဟင် အိုက်မော် ဟုတ်လား ချာတိတ်..."
"ဟုတ်တယ် ဦး..."
"သူ ကိုယ့်ဆီကိုရောက်မလာခဲ့ဘူး... သူ စံအိမ်တော်ကိုလာပြီး ဘာလာလုပ်တာလဲ..."
"သူက ဦးရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ချင်လို့တဲ့..."
"ဟင်..."
"သူ ကိုယ်ပိုင်လုပ်ငန်းထူထောင်တဲ့အခါ လုပ်ငန်းအတွေ့အကြံုရအောင်လို့ဆိုပြီး မေမေ့ကိုပြောနေတာ... အဲ့ဒါနဲ့ မေမေက သူ့ကို ဦးဆီကိုလိုက်သွားဆိုပြီးပြောနေတာ သူကလည်း လိုက်သွားမယ်လို့ပြောပြီး ဦးဆီရောက်မလာဘူးလား..."
"ဟင့်အင်း ပြီးတော့ ဘာတွေပြောသေးလဲ ချာတိတ်..."
သူ စိုးထိတ်စွာမေးလိုက်တော့ ချာတိတ်က စဉ်းစားရင်းကနေ ဖြည်းဖြည်းချင်း ပြောလာ၏။
"သူ မေမေ့ကိုမေးသေးတယ်... ဘာတဲ့ စာအိတ်ဆိုလားမသိဘူး မေမေ့ကိုဘီလူးလာပေးသေးလားတဲ့..."
"ဘီလူး..."
"ဟုတ်... အဲ့ဒီ့နေ့က စံအိမ်တော်ရှေ့မှာ သူ ဘီလူးနဲ့တွေ့ခဲ့တယ်တဲ့... ဘီလူးက မေမေ့ကိုစာလာပို့ပေးတာလို့သူ့ကိုပြောတယ်တဲ့... အဲ့ဒါကို သူကဘာစာလဲလို့မေးတော့ ဘီလူးက ဓာတ်ပုံတွေလို့ထင်တယ်လို့ပြောတယ်တဲ့... အဲ့ဒါ မေမေ့ဆီရောက်လားလို့ သူမေးနေတာ... သူက ဦးကုမ္ပဏီက ပရိဘောဂတွေရဲ့ဓာတ်ပုံတွေလို့ထင်နေတာဆိုပြီးပြောနေတာ..."
"သူက... ဟုတ်လား..."
"ဟုတ်တယ် ဦး... မေမေက သူ့ဆီမရောက်လို့ ကိုးဆီကိုလည်းရောက်လားလို့မေးတယ်... ကိုးဆီမရောက်ဘူးဆိုတော့ ဘယ်သူ့ဆီရောက်သွားမှန်းမသိဘူးဆိုပြီး သူကပြောနေတယ် ဦး..."
စိုင်းအိုက်မော် မင်း တော်တော်လေးအကြံပက်စက်တာပဲ... မင်းမို့လို့ ခညောင်းရှင်နဲ့ပေါင်းပြီး ဒီလိုလုပ်ရဲတယ်... အေး... မင်းတို့ရဲ့အကြံတွေကို ငါ ရအောင်ဖော်ပြမယ် ကြည့်နေ...
"ဦး... ဦးဆီကိုလည်းရောက်သေးလား..."
"နေဦး ကိုယ်စဉ်းစားလိုက်ဦးမယ် အဲ့ဒီ့နေ့က..."
သူ ချာတိတ်ရှေ့မှာမို့ ဟန်ဆောင်စဉ်းစားနေပြလိုက်လေသည်။
"ဪ ကုမ္ပဏီကို ဘီလူးရောက်လာတယ် ချာတိတ်ရဲ့... ဟုတ်တယ် အဲ့ဒီ့နေ့က ချာတိတ်က ချာတိတ်ရဲ့မိဘအိမ်ကို သွားနေတဲ့နေ့လေ... ကုမ္ပဏီမှာ ကိုယ့်ရဲ့အတွင်းရေးမှူး ကိုသက်က အဲ့ဒီ့စာအိတ်ကို ကိုယ့်ဆီလာပို့ပေးတာ... ကိုယ် အပေါ်ဆုံးကတစ်ပုံကိုပဲကြည့်လိုက်ပြီး အလုပ်မအားတာနဲ့ သိမ်းထားလိုက်တာ..."
"ဪ ဒါဆို အဲ့ဒီ့စာအိတ် ဦးဆီကိုရောက်တယ်ပေါ့..."
"အင်း ဟုတ်တယ်..."
"ဦးဆီရောက်တယ်ဆိုရင် ပြီးတာပါပဲ... ကုမ္ပဏီနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဆိုတော့ တခြားကိုရောက်သွားလို့မဖြစ်ဘူးလေ..."
"အင်း..."
"ဒါဆို မနက်ကျရင် ဦး မေမေ့ကိုပြောပြလိုက်ဦးနော်..."
"အင်း... ကိုယ်ပြောပြလိုက်မယ် ချာတိတ်..."
"ဟုတ်..."
စက္ကူပုံးထဲကဓာတ်ပုံအပိုင်းအစလေးတွေကိုကြည့်ကာ သူ သဘောကျစွာပြံုးလိုက်မိလေသည်။ ချာတိတ်ရဲ့သစ္စာတရားကို သူယုံနိုင်ပြီဖြစ်တဲ့အတွက် ကျန်တဲ့ပြဿနာအားလုံးကို သူဖြေရှင်းတော့မယ်။ အိုက်မော်... မင်းက မင်းကိုယ်မင်းတော်လှပြီအောက်မေ့နေတယ်ထင်တယ်... မင်း ဘယ်တုန်းကများ ငါ့အပေါ် နိုင်ခဲ့ဖူးလို့လဲ... အရင်ကရော အခုရော နောင်ရော မင်း ငါ့ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး စိုင်းအိုက်မော်...။
#######
ဆက်ရန် - အခန်း(၂၉)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Dove le storie prendono vita. Scoprilo ora