အခန်း(၅)

137 2 0
                                    

💜အချစ်ဦးမဟုတ်ပါ သို့သော်…💜
💜အခန်း(၅)💜

ရင်ထိုးလေးကိုကြည့်နေရင်းကနေရင်အခုန်မြန်လာတာကိုသူနစ်မျောစွာခံစားနေမိသည်။ဒီရင်ထိုးလေးသူ့လက်ထဲမှာရှိနေတာနဲ့တင်ဘဲသူ့ဘဝထဲကိုသူမရောက်လာသလိုလို။ဒီရင်ထိုးလေးကိုကြည့်လိုက်မိတိုင်းဘာတစ်ခုမှမသိရသေးတဲ့သူမအကြောင်းတွေကိုခန့်မှန်းရတာလည်းအမော။ဒီရင်ထိုးလေးကောက်ရပြီးကတည်းကစားမဝင်အိပ်မပျော်တာနှစ်ရက်ရှိပြီဆိုတာကိုဘယ်သူမှမသိ။ “တူတော်…” ဒွေးတော်ရဲ့အသံကြောင့်သူလန့်သွားကာလက်ထဲကရင်ထိုးလေးကသူ့ရင်ဘတ်ပေါ်သို့ကျသွားလေတော့သည်။ “အား…” ရင်ထိုးကရင်ဘတ်ပေါ်သို့ကျကာစူးသွားသဖြင့်နာသွားတာတောင်မှသူသဘောကျစွာပြံုးလိုက်မိလေသည်။မင်းကတကယ်ပဲကိုယ့်ရင်ကိုနာကျင်စေမယ့်သူများလားချာတိတ်ရာ။ “တူတော်ဘာဖြစ်တာလဲ…”
“ဗျာ… ဘာမှမဖြစ်ပါဘူးဒွေးတော်…” “ဒါဆိုလည်းမြန်မြန်လာခဲ့လေ…” “ဟုတ်ကဲ့…” သူအခန်းတံခါးကိုအမြန်ဖွင့်လိုက်ကာဒွေးတော်ကိုကြည့်လိုက်တော့ဒွေးတော်ရဲ့လက်ထဲမှာထမင်းနဲ့စားသောက်စရာတွေထည့်ထားသောရွှေလင်ဗန်းတစ်ချပ်။ “ထမင်းမစားဘူးဆို…” “ကျွန်တော်မဆာလို့ပါ…” ဒွေးတော်ရဲ့မျက်နှာမှာအလိုမကျသောအရိပ်တွေကိုတွေ့လိုက်ရသဖြင့်သူအခန်းထဲသို့လှည့်ဝင်လိုက်လေသည်။ဒွေးတော်ကလည်းနောက်ကနေလိုက်ဝင်လာ၏။ “စားနေကျအချိန်မှာဘာလို့ဗိုက်ကမဆာရတာလဲ… အခုတလောမင်းဘာတွေဖြစ်နေတာလဲဘုန်းရိပ်…” ခုတင်ဘေးကဆိုဖာထိုင်ခုံအမြင့်မှာဝင်ထိုင်လိုက်ကာသူဒွေးတော်ကိုခေါင်းရမ်းပြလိုက်လေသည်။ “ဟင့်အင်း… ကျွန်တော်ဘာမှမဖြစ်ပါဘူးဒွေးတော်…” “ဒီမှာထမင်းစားလိုက်ဦး…” မဆာပေမယ့်လည်းဒွေးတော်ကိုယ်တိုင်လာကျွေးတာဆိုတော့သူငြင်းလို့မဖြစ်တော့ပေ။ “ဟုတ်ကဲ့…” ထမင်းစားနေရင်းကနေသူဒွေးတော်ကိုအကဲခတ်လိုက်တော့ဒွေးတော်ကလည်းသူ့ကိုကြည့်ကာအကဲခတ်နေ၏။ “ဒွေးတော်… ထိမ်းမြားမယ့်ကိစ္စကဘယ်လိုဖြစ်တာလဲ…” “ဘယ်လိုမှမဖြစ်ဘူး… ခမည်းတော်ရဲ့ကျန်းမာရေးကြောင့်ခေတ္တဆိုင်းငံ့လိုက်တာ…” သူအသင့်အတင့်တုံးထားသောကြက်သားဟင်းဖတ်ကိုယူပြီးစားလိုက်ကာ “ဒါနဲ့မနေ့ကဦးရီးတော်စိုင်းမောက်အဲ့ဒီ့အိမ်ကိုသွားတယ်ဆို… ဘာစကားတွေပြောဖြစ်ခဲ့တာလဲဒွေးတော်…” ဒွေးတော်ကသောက်ရေဖလားထဲသို့ရေအနည်းငယ်ငှဲ့ထည့်ပေးလိုက်ကာသူ့ရှေ့ကပန်းကန်ပြားအသေးလေးပေါ်မှာတင်လိုက်ပြီး “ဘာမှမပြောဖြစ်ခဲ့ဘူး… ခမည်းတော်မူးလဲသွားတာနဲ့အကိုတော်လည်းချက်ချင်းပြန်လာခဲ့လိုက်ရတာ…” ထမင်းစားရင်းကနေသူခေါင်းငြိမ့်လိုက်ကာ “ဪ…” “အစကတော့ စံအိမ်တော်မှာပဲ တွေ့ဆုံပွဲလုပ်မလို့စီစဉ်ထားခဲ့တာ... အခုတော့ အခြေအနေအရ လူကြီးစုံရာနဲ့အဲ့ဒီ့မိန်းကလေးဆီကိုသွားကြရမှာ… စိတ်မပူပါနဲ့…” “ကျွန်တော်ကဘာကိုစိတ်ပူရမှာလဲဒွေးတော်ရဲ့…” ပါးစပ်ကသာအဲ့လိုပြောလိုက်တာစိတ်ထဲမှာတော့ဒီထိမ်းမြားမှုပျက်ပြယ်သွားရင်သိပ်ကောင်းမှာပဲလို့သူတွေးနေမိတာဖြစ်သည်။ သူ့ရင်ထဲမှာနေရာယူထားတာကလိပ်ပြာရင်ထိုးပိုင်ရှင်သူမတစ်ယောက်သာ။ စံအိမ်တော်မှာမလုပ်ဘူးဆိုတာက ခမည်းတော်နဲ့မယ်တော်တို့မပါလို့များလား။ “မသိပါဘူး… စိတ်ပူလို့များတူတော်ထမင်းစားမဝင်တာလားလို့လေ…” သူသဘောတကျရယ်လိုက်မိပေမယ့်လည်းဘာမှတော့ပြန်မပြောခဲ့မိပါ။ “ဒါဆိုလည်းထမင်းကိုကောင်းကောင်းစား… ဒွေးတော်လုပ်စရာရှိလို့သွားလိုက်ဦးမယ်…” “ဟုတ်ကဲ့ပါဒွေးတော်…” ဒွေးတော်အခန်းထဲကထွက်သွားတော့မှသူရင်ထိုးလေးကိုသေချာယူလိုက်ကာအံဆွဲထဲကရွှေသေတ္တာလေးထဲသို့သေသေချာချာလေးထည့်လိုက်လေသည်။ “မင်းနဲ့ထပ်ပြီးဆုံချင်သေးတယ်ချာတိတ်… ကိုယ်တို့တွေရေစက်ပါပါစေလို့ပဲကိုယ်ဆုတောင်းနေမိတော့တယ်…” ရင်ထိုးလေးကိုကြည့်ရင်းပြံုးနေတဲ့သူ့အပြံုးတွေရဲ့အဓိပ္ပာယ်ကိုသူကိုယ်တိုင်တောင်မှအဓိပ္ပာယ်ဖော်လို့မရခဲ့။အဲ့လောက်ထိတောင်မှကိုယ်ကရူးသွပ်နေခဲ့ရတာပါချာတိတ်ရာ။သူမနဲ့တွေ့တဲ့နေ့ကတည်းကဒိုင်ယာရီထဲမှာသူမအကြောင်းတွေသာရေးနေမိတော့သည်။အရင်ကခြောက်သွေ့နေတဲ့ဒိုင်ယာရီလေးတောင်မှသူမနဲ့တွေ့ပြီးမှစိုပြေလန်းဆန်းပြီးအသက်ဝင်လာသလိုလိုဖြစ်လာခဲ့၏။ ဟုတ်တယ်… သူမနဲ့ပတ်သက်ပြီးနာမည်လေးတောင်မှမသိခဲ့ရပဲနဲ့သူရူးသွပ်ခဲ့တာ။သူမအကြောင်းဘာဆိုဘာမှမသိဘဲသူမရုပ်ပုံလွှာလေးကိုမြင်ခဲ့မိရုံနဲ့သူမြတ်နိုးသွားခဲ့မိတာ။ဆိုင်သူပိုင်သူရှိမရှိကိုမစဉ်းစားဘဲနဲ့သူချစ်မိသွားခဲ့တာ။ဒါဟာအပြစ်ဆိုရင်တောင်မှဒီအပြစ်အတွက်သူကျေကျေနပ်နပ်ကြီးခံယူလိုက်ချင်တာ။ ဒါဟာ ကိုယ့်ရဲ့အချစ်ပဲ ချာတိတ်ရယ်။ ##### ကျောင်းဝန်းထဲမှာလူတွေစုံနေပေမယ့်လည်းတိတ်ဆိတ်နေသလိုလို။ကန်တင်းမှာဆိုပိုလို့တောင်မှတိတ်ဆိတ်နေ၏။ဘာလို့အဲ့လောက်တိတ်ဆိတ်နေရတာလဲ။ကိုးမရှိတဲ့ဒီတစ်ရက်လေးကိုဖြတ်သန်းဖို့အတွက်ဘာလို့အဲ့လောက်တောင်မှခက်ခဲနေရတာလဲ။ကိုးရယ်… တကယ်ပြောတာကိုးမရှိဘဲနဲ့ကိုယ်ဘယ်လိုမှအသက်ဆက်လို့ရမှာမဟုတ်ဘူး။ “ခညောင်း…” ရာဇာကခေါ်နေရင်းကနေသူ့အနားသို့ရောက်လာပြီးသူ့ဘေးမှာဝင်ထိုင်လိုက်လေသည်။ “ဘာဖြစ်နေတာလဲခညောင်း…” ခညောင်းရဲ့အကြည့်တွေကရာဇာ့ဆီသို့ရောက်သွားကာ “ကိုးရဲ့သူငယ်ချင်းတွေရော…” “ကိုးတို့အိမ်လိုက်သွားကြတယ်လေ…” “ကိုးတော်တော်လေးနေမကောင်းဖြစ်နေတာလားရာဇာ…” ရာဇာကခေါင်းရမ်းလိုက်ပြီး “ဟင့်အင်း… ဒီအတိုင်းရာသီတုပ်ကွေးပါကွာ… မင်းကြည့်ရတာလည်းသူ့မိဘတွေထက်တောင်မှပိုပြီးအစိုးရိမ်လွန်နေသလိုပဲ…” “စိုးရိမ်တာပေါ့ကွာ… ငါကိုးဆီကိုလိုက်သွားချင်တယ်ရာဇာ…” “ဟာ… ဘယ်ဖြစ်မလဲခညောင်းရ… သူကဆေးရုံမှာမဟုတ်ဘူးကွ အိမ်မှာ…နောက်ပြီးမင်းကသူ့ချစ်သူဆိုတာသူကသူ့အိမ်ကိုဖွင့်ပြောထားတာမဟုတ်ဘူး…” “ဟူး… ငါစိတ်ပူတယ်ကွာ…”
သက်ပြင်းချရင်းနဲ့ သူ ရင်မောစွာပြောလိုက်မိလေသည်။ “မင်းကလည်းတစ်ရက်တောင်မရှိသေးဘူးဖြစ်နေလိုက်တာ…” “မသိဘူးကွာ… ငါစိုးရိမ်နေတာပဲသိတယ်…” တကယ်ပဲသူ့ရင်ထဲမှာဘယ်လိုတွေခံစားနေရမှန်းမသိပူလောင်လွန်းလှသည်။ရာဇာပြောသလိုပဲတစ်ရက်မဟုတ်သေးဘူး…။လူကသာခုံမှာထိုင်နေတာစိတ်ကတော့ကိုးနောက်ကိုလိုက်သွားဖို့အတွက်ထိုင်မရထမရဖြစ်နေလေတော့သည်။  “တီ… တီ… တီ…” ရာဇာကသူ့ဖုန်းနံပါတ်ကိုကြည့်လိုက်ကာ “ခညောင်း… စိမ်းဆီကဖုန်း… ကိုးရဲ့သတင်းပြောမလို့ထင်တယ်…” “ဟင်… ဟုတ်လားငါ့ကိုပေးရာဇာ…” ပြောပြောဆိုဆိုသူရာဇာ့လက်ထဲကဖုန်းကိုယူလိုက်ကာ “ဟယ်လိုစိမ်း… ကိုးအခြေအနေဘယ်လိုလဲ… သက်သာရဲ့လား… ဆေးရောထိုးထားရလား… ဘာတွေအစားမှားလို့တဲ့လဲ… ဆေးရုံမပြဘူးလား…” သူ့မေးခွန်းတွေကိုနားထောင်နေရင်းကနေစိမ်းရင်ထဲမှာစိတ်အချဉ်ပေါက်သွားမိလေတော့သည်။ “ကင်း… ကိုး သက်သာပါတယ်… ဘာမှမပူပါနဲ့… ဒါပေမယ့်ဒီနေ့တစ်နေ့တော့ကောင်းကောင်းအနားယူရမယ်တဲ့… မနက်ဖြန်ဆိုရင်တော့ကျောင်းတက်နိုင်မှာပါ…” “တော်သေးတာပေါ့စိမ်းရယ်… ကျွန်တော့်မှာစိတ်ပူလွန်းလို့ရူးတော့မယ့်အတိုင်းပဲ…” သူ့စကားကိုနားထောင်ပြီးစိမ်းမျက်နှာကိုမဲ့လိုက်ပြီးမှမဲ့ပြံုးပြံုးလိုက်မိ၏။တစ်မနက်လေးမတွေ့ရတာနဲ့အဲ့လောက်တောင်အဖြစ်သည်းနေတာ။ “ဟုတ်ကဲ့… အခုတော့ဆေးသောက်ပြီးအိပ်နေပြီ… ကင်းစိတ်ပူနေမှာစိုးလို့စိမ်းဖုန်းဆက်လိုက်တာပါ…”
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စိမ်း…” “ရပါတယ်ကင်း… ဒါဆိုစိမ်းဖုန်းချလိုက်တော့မယ်…” “ဟုတ်ကဲ့…” စိမ်းဆီကဖုန်းဝင်လာပြီးတော့မှပဲခညောင်းလည်းနေရထိုင်ရသက်သာသွားတော့သည်။ “တော်ပါသေးတယ်ကိုးဘာမှမဖြစ်လို့…” “မင်းလည်းတဖြည်းဖြည်းပိုပြီးရူးလာသလိုပဲခညောင်း…ကိုးနဲ့ချစ်သူတွေမဖြစ်ခင်တုန်းကလည်းအသည်းအသန်ရူးတယ်… ချစ်သူတွေဖြစ်ပြီးတော့ပိုပြီးတောင်မှဆိုးလာပါလား…” “မင်းကလည်းငါကကိုးကိုငါ့အသက်ထက်ပိုချစ်တာကိုးကွ…” “အေးပါကွာ… ချစ်ပါ… ချစ်ပါ…” ခညောင်းရာဇာ့ဆီကရောက်လာတဲ့မျက်စောင်းကိုကြည့်ပြီးပြံုးပဲပြံုးနေမိတော့သည်။တစ်ရက်မပြောနဲ့နေ့တစ်ပိုင်းလောက်မတွေ့ရတာတောင်သူဒီလောက်ဖြစ်နေတာဆိုရင်သူကိုးနဲ့များဝေးသွားရင်သေသွားမလားဘဲ။အို… ငါဘာတွေတွေးနေတာလဲ။ကိုးနဲ့ငါနဲ့ဘာကိစ္စဝေးရမှာလဲ။ငါလည်းကိုးကိုသိပ်ချစ်သလိုကိုးလည်းငါ့ကိုအရမ်းချစ်တာပဲကိုဝေးသွားစရာလား။ဝေးရမယ့်အကြောင်းတွေးမိတာတောင်မှသူ့နှလုံးသားလေးကသိသာစွာနာကျင်သွားလေတော့သည်။ချစ်တယ်ကိုးရယ်…။
##### “အဟွတ်… အဟွတ်…” “သမီး… သက်သာရဲ့လား…” ကိုးမေမေ့ကိုခေါင်းပဲငြိမ့်ပြလိုက်မိသည်။အိပ်ရာပေါ်မှာလှဲနေရင်းကနေစောင်ကိုလည်းခေါင်းမြီးခြံုထားလိုက်၏။အခုချိန်မှာငိုချင်နေတာပဲဖြစ်သည်။၀မ်းနည်းတာထက်ပိုဆိုးတဲ့ခံစားချက်။နေမကောင်းဖြစ်တဲ့အခါအဲ့လိုပဲလား။ကိုကို့ကိုလည်းအရမ်းသတိရသည်။ကိုကို့ကိုတွေ့ချင်ပေမယ့်လည်းမတွေ့နိုင်ခဲ့။ကိုကိုကလည်းအိမ်ကိုလာလို့မရ။ကိုကိုကလာချင်ပေမယ့်ကိုးကမေမေတို့သိသွားမှာစိုးသဖြင့်မလာခိုင်းခဲ့တာဖြစ်သည်။လူကိုယ်တိုင်မလာပေမယ့်ဖုန်းတွေဆက်လိုက်မက်ဆေ့စ်တွေပို့လိုက်ဖြင့်။မက်ဆေ့စ်တွေကိုဖတ်နေမိတာဘယ်နှစ်ခါရှိနေပြီမှန်းလည်းမသိတော့။ဖတ်လိုက်မိတိုင်းလည်းကိုကို့ကိုသတိရသည်။နေမကောင်းဖြစ်တာကတစ်ရက်မကတော့။အစကတော့အဲ့လောက်ထိဖြစ်မယ်လို့မထင်ထားခဲ့မိ။တဖြည်းဖြည်းနဲ့သုံးရက်တောင်ရှိလာပြီ။အခုတော့အတော်လေးသက်သာနေပါပြီ။ “သမီး…ထပါဦးမေမေပြောစရာရှိလို့…” “သမီးအိပ်ချင်လို့ပါ…” “ခဏလေးပါသမီးရဲ့… ဘာလို့လဲသမီးမသက်သာလို့လား… ဒါဆိုရင်မေမေတို့ဆေးရုံသွားပြရအောင်လေ…” “ဟင့်အင်း… သမီးတကယ်သက်သာပါတယ်မေမေ…” ကိုးခန္ဓာကိုယ်ပေါ်ကစောင်ကိုခွာချလိုက်ပြီးထထိုင်လိုက်တော့မှမေမေကကိုးရဲ့လက်ဝါးနွေးနွေးကိုဆုပ်ကိုင်လာကာ “အင်း… အဖျားသွေးတော့မရှိတော့ပါဘူး… ကိုယ်ပူလည်းကျသွားပြီ… ဒီလိုဆိုရင်တော့လုံးဝပျောက်သွားပါပြီ…” ကိုးခေါင်းငြိမ့်ပြလိုက်တော့မေမေ့မျက်နှာကပြံုးနေလေသည်။ပြံုးနေရင်းကနေကိုးကိုသေချာစွာစေ့စေ့စပ်စပ်ကြည့်နေ၏။ “မေမေ့သမီးလေးကသိပ်ပြီးချစ်စရာကောင်းတာပဲ…” မေမေကအဲ့လိုပြောလာတော့လည်းကိုးမနေနိုင်စွာခေါင်းကိုငုံ့ထားလိုက်မိသည်။ဒါပေမယ့်ကိုးရဲ့စိတ်ထဲမှာခံစားနေရတာတစ်မျိုးပဲမပြောပြတတ်တဲ့ခံစားချက်မျိုး။ “မေမေကလည်း…” “မေမေတကယ်ပြောတာသမီးရဲ့…” “မေမေကိုးကိုဘာပြောစရာရှိလို့လဲ…” မေမေ့ဆီကသက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရလေသည်။ဒါပေမယ့်အဲ့ဒီ့သက်ပြင်းချသံကထူးဆန်းစွာပင်အဓိပ္ပာယ်တစ်မျိုးမျိုးကိုဖော်ဆောင်နေ၏။ “သမီး… မေမေတို့မိဘတွေလက်ထက်တုန်းကအရမ်းခင်မင်ရင်းနှီးခဲ့တဲ့မိသားစုတစ်စုရှိခဲ့တယ်…” “ဟုတ်ကဲ့…” “ဘယ်လောက်ရင်းနှီးလဲဆိုရင်တကယ့်မိသားစုတစ်ခုလိုပဲ…မေမေတို့ကသာမန်မျိုးရိုးဆိုပေမယ့်သူတို့ကတော့စော်ဘွားမျိုးရိုးတွေ… သိပ်ပြီးသိက္ခာတရားရှိသလိုသိပ်ပြီးလည်းမြင့်မြတ်တယ်လို့ခံယူထားတဲ့သူတွေပေါ့သမီးရယ်… နောက်ပြီးသိပ်ပြီးလည်းမျိုးရိုးဂုဏ်ကိုအလေးထားတဲ့လူမျိုးပဲပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတာကတော့မေမေတို့ထက်အဆပေါင်းများစွာသာတယ်သမီး…ဒါပေမယ့်ဘာမှမတော်စပ်တဲ့မိတ်ဆွေပဲသမီး… အဲ့ဒီ့အချိန်တွေတုန်းကအရမ်းကိုခင်မင်ရင်းနှီးခဲ့ကြတဲ့အတွက်မေမေတို့မိဘတွေကကတိတစ်ခုထားခဲ့ကြတယ်တဲ့…” “ဟုတ်ကဲ့မေမေ…” မေမေပြောမယ့်စကားကိုကိုးစိတ်ဝင်စားစွာဖြင့်ပင်နားထောင်နေခဲ့သည်။မေမေကကိုးဆီကနေအကြည့်တွေကိုလွှဲပြီးပြတင်းပေါက်ဆီသို့လှမ်းကြည့်လိုက်ကာ “ဘယ်လိုကတိထားခဲ့လဲဆိုတော့…” မေမေ့အကြည့်တွေကကိုးဆီသို့ပြန်ရောက်လာသဖြင့်ကိုးရင်ထဲမှာဘာလို့မှန်းမသိတုန်လှုပ်သွားမိလေသည်။ “သူတို့မိသားစုကမွေးဖွားလာတဲ့မြေးနဲ့မေမေတို့မိသားစုကမွေးဖွားလာတဲ့မြေးကိုလက်ဆက်ပေးဖို့အတွက်ပဲသမီး…” ကိုးမေမေပြောတာကိုသေချာနားမလည်ပေမယ့်ခေါင်းပဲငြိမ့်ပြလိုက်သည်။ “အခုသူတို့မှာမြေးဦးယောက်ျားလေးတစ်ယောက်ရှိနေပြီ… မေမေတို့ဘက်ကလည်းမေမေတို့သမီးတစ်ယောက်ယောက်နဲ့သဘောတူလက်ဆက်ပေးရမှာသမီး…” “ရှင်…” ကိုးအ့ံသြလွန်းသဖြင့်မေမေ့မျက်နှာကိုမော့ကြည့်လိုက်တော့မေမေ့မျက်နှာမှာထူးဆန်းသောအပြံုးတွေကိုတွေ့လိုက်ရလေသည်။ “ဟုတ်တယ်သမီး… တကယ်ဆိုရင်မြေးဦးချင်းပဲလက်ဆက်ပေးကြဖို့သဘောတူထားခဲ့ကြတာ… ဒါပေမယ့်မဏိထက်သမီးနဲ့ကပိုပြီးလိုက်ဖက်မယ်လို့နှစ်ဖက်မိသားစုအားလုံးကလက်ခံလိုက်ကြတဲ့အတွက်သမီးနဲ့လက်ဆက်ပေးဖို့မေမေတို့တွေဆုံးဖြတ်ခဲ့ကြတယ်…” “ဟင်မေမေ…” ရင်ထဲမှာဘယ်လိုခံစားလာရတယ်ဆိုတာကိုချက်ချင်းကြီးအဓိပ္ပာယ်ဖွင့်လို့မရခဲ့ပေမယ့်တဖြည်းဖြည်းနဲ့နားလည်လာမိလေသည်။နားလည်လာမိတာကတော့ကိုကို့နဲ့ဝေးရဖို့ပဲ။ “ဟုတ်တယ်သမီး… မနက်ဖြန်ဆိုရင်သူတို့မိသားစုတွေမေမေတို့ဆီကိုလာကြမယ်… အိမ်မှာနေ့လည်စာစားရင်းနဲ့သမီးတို့လူငယ်ချင်းကိုမိတ်ဆက်ပေးကြမယ်…လာပြီးစေ့စပ်တဲ့သဘောဆိုလည်းမမှားဘူးသမီး…” ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေကဘယ်လိုမှယုံကြည်လို့မရနိုင်ခဲ့ပေ။ “မေမေ… ဘာလို့သမီးနဲ့မှလဲ… မမနဲ့သဘောတူရမှာမဟုတ်ဘူးလား…” “မေမေပြောခဲ့ပြီးပြီပဲသမီးရယ်… သမီးနဲ့ပိုပြီးလိုက်ဖက်မယ်လို့မေမေတို့တွေသတ်မှတ်ခဲ့ပြီးပြီးပဲလေ…” “ကိုးကငယ်ပါသေးတယ်မေမေရယ်…” “သမီးမမကဘယ်တော့မှအိမ်ထောင်ပြုမှာမဟုတ်ဘူးသမီး…” မေမေပြောလာမယ့်စကားတွေကိုဆက်ပြီးနားထောင်ဖို့အတွက်ကိုးမှာအင်အားမရှိတော့ပေ။လွန်ခဲ့တဲ့သုံးရက်လောက်တုန်းကနေမကောင်းဖြစ်ခဲ့သလိုခံစားချက်ကိုပြန်ပြီးခံစားလာမိသလိုလို။ “အဲ့ဒါကြောင့်သမီးနဲ့လက်ဆက်ပေးရမှာ… အဲ့လိုပြောလိုက်လို့မေမေ့ကိုသမီးမုန်းမသွားနဲ့နော်…သူကသမီးအပေါ်မှာအနွံတာခံမယ့်လူမျိုးလို့သူ့ဦးရီးတော်ကပြောတယ်သမီး… နောက်ပြီးသမီးထက်အသက်ကိုးနှစ်ဆယ်နှစ်လောက်ကွာတယ်…” မသိချင်တော့ဘူး။ကိုးမေမေ့ဆီကဘာကိုမှမကြားချင်တော့ပေ။အခုရင်ထဲမှာနာကျင်နေတာကိုပဲကိုးသိတော့သည်။ကိုး ကိုကို့ကိုပဲချစ်တယ်။  “သမီးမနက်ဖြန်ဆိုသူနဲ့တွေ့ရတော့မှာပဲ... အဲ့ဒီ့တော့မှသမီးအကဲခတ်ပေါ့ဟုတ်ပြီလား…” “သမီးမနက်ဖြန်ကျောင်းသွားရမှာမေမေ…” “မနက်ဖြန်တစ်ရက်ကျောင်းဖျက်ရမယ်လေသမီးရဲ့… ဒီလောက်အရေးကြီးတဲ့ဧည့်သည်တွေလာမယ့်ဟာကို… နော်…” အရာရာမှာအားငယ်ကြောက်ရွံ့တတ်တဲ့သူမမေမေ့စကားတွေကိုခေါင်းခါနိုင်စွမ်းမရှိခဲ့ပါ။ ထုံးစံအတိုင်း ခေါင်းငြိမ့်ပြလိုက်တော့ မေမေက ကိုးရဲ့ပခုံးကို အသာလေးကိုင်ပြီး အခန်းထဲကထွက်သွားတော့၏။ အဲ့ဒီ့တော့မှ ကိုး စောင်ခေါင်းမြီခြံုကာငိုလိုက်မိတော့သည်။ သူဘယ်လိုလူပဲဖြစ်ဖြစ်ကိုးမလိုချင်ဘူး။ချစ်လည်းမချစ်နိုင်ဘူး။စိတ်လည်းမဝင်စားဘူး။ “ကိုး… ညီမလေး…” မမအသံကြားပေမယ့်လည်းကိုးပြန်မထူးမိသလိုငိုနေတာလည်းရပ်မသွားခဲ့ပေ။မမကအခန်းထဲကိုဝင်လာသည်ထင်၏။အနားသို့ရောက်လာတဲ့မမရဲ့ခြေသံကိုကိုးကြားလိုက်မိသည်။ထို့နောက်မမရဲ့လက်တစ်ဖက်ကကိုးရဲ့ပခုံးဆီသို့ရောက်လာခဲ့၏။ “ညီမလေးငိုနေတယ်…” ကိုးခေါင်းပေါ်ကစောင်ကိုခွာချလိုက်ကာမမကိုကြည့်လိုက်ပြီး “မမ… ကိုးဘယ်လိုလုပ်ရမလဲဟင်…” မမကသက်ပြင်းချလိုက်ပြီးကိုးရဲ့ပခုံးလေးကိုဆုပ်ကိုင်ရာကနေကိုးကိုမမရင်ခွင်ထဲမှာဖက်ထားလိုက်ပြီး “မမ… မမတောင်းပန်ပါတယ်ကလေးရယ်…” “ဘာလို့မမကတောင်းပန်ရတာလဲ…” “မေမေပြောတာတွေအားလုံးကိုမမကြားပါတယ်… တကယ်ဆိုရင်အဲ့ဒီ့လူကိုမမအိမ်ထောင်ပြုရမှာ… အခုတော့ညီမလေးနဲ့…” “သူတို့တွေအားလုံးသတ်မှတ်ခဲ့တာကကိုးနဲ့တဲ့မမရဲ့… ဒါပေမယ့်ကိုးမှာချစ်ရတဲ့လူရှိတယ်လေ ကိုးဘယ်လိုလုပ်ရမှာလဲ…မေမေ့စကားကိုလည်းကိုးမပယ်ရှားရဲဘူးမမ… မေမေ့စကားကိုမပယ်ရှားရင်လည်းကိုးကကိုကို့အပေါ်မှာသစ္စာမဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်ရပြီ...” “ကလေးရယ်… တကယ်ဆိုရင်မေမေတို့မေးခဲ့တဲ့အချိန်ကတည်းကကလေးမှာချစ်သူရှိနေခဲ့တယ်မို့လား… အဲ့ဒီ့အချိန်ကတည်းက ကလေးမေမေတို့ကိုဖွင့်ပြောခဲ့ရမှာ… မမအခုလိုပြောတာကလေးရဲ့အပြစ်လို့ပြောချင်တာမဟုတ်ဘူးနော်…” ကိုးနားလည်စွာဖြင့်ခေါင်းငြိမ့်ပြလိုက်မိ၏။ဟုတ်တယ်တကယ်ဆိုရင်မမပြောသလိုပဲမေမေတို့မေးခဲ့တဲ့အချိန်ကတည်းကကိုးမေမေတို့ကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့ရမှာ။အဲ့ဒါဆိုရင်အခုလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူး။ “ကိုးအမှားပါမမရယ်… ကိုးသတ္တိမရှိဘဲကြောက်ခဲ့လို့ပါ…” “မမဘယ်လိုကူညီပေးရမလဲဆိုတာစဉ်းစားပါဦးမယ်ကလေးရယ်…” ကိုးမမကိုဘာမှဆက်မပြောမိတော့။မျက်ရည်တွေသုတ်ရင်းကနေကိုကို့ကိုသတိရမိတော့မျက်ရည်တွေကပိုပြီးကျလာပြန်၏။သစ္စာမဲ့သူတစ်ယောက်ရဲ့မျက်ရည်တွေမို့လို့ကိုးကိုခွင့်မလွှတ်ပါနဲ့ကိုကိုရယ်။ မဏိကိုးကိုကြည့်ကာစိတ်မကောင်းစွာဖြင့်ပင်အခန်းထဲကနေထွက်လာလိုက်လေတော့သည်။မဏိဘယ်လိုလုပ်ပေးရင်ကိုးရဲ့မင်္ဂလာကိစ္စကိုရှောင်လွှဲလို့ရနိုင်မလဲ။တကယ်လို့သူမသာအိမ်ထောင်ပြုလိုက်ရင်ဒီကိစ္စကအဆင်ပြေသွားမှာပဲဖြစ်သည်။အိမ်ထောင်ပြုခြင်းကစိတ်ရှုပ်စရာတစ်ခုလို့သာသတ်မှတ်ထားတာမို့မဏိအိမ်ထောင်မပြုချင်ပေ။ဒါဆိုဘယ်လိုလုပ်ရမလဲ…။ ##### “သမီး… ကိုး…” “ရှင် မေမေ…” ဧည့်ခန်းမှာ ကိုးတို့မိသားစုကတော့ စုံလင်နေပြီဖြစ်ပေမယ့် တစ်ဖက်ကမိသားစုကတော့ ရောက်မလာသေးပေ။ ခေါင်းထဲမှာ နည်းနည်းရီဝေရီဝေဖြစ်နေသဖြင့် ရှူဆေးဘူးကိုလည်း လက်က ကိုင်ထားရသေး၏။ ပြန်ပြီးနေကောင်းသွားပြီထင်ပေမယ့်လည်း ဒီနေ့ရဲ့စေ့စပ်ပွဲကြောင့် နည်းမကောင်းပြန်ဖြစ်ချင်လာသလိုလိုပင်။ “သမီး ရရဲ့လား…” ခေါင်းထဲမှာရီဝေဝေဖြစ်နေသဖြင့် ကိုး ခေါင်းကိုပဲအသာလေးတစ်ချက်ငြိမ့်ပြလိုက်ကာ ရှူဆေးဘူးကို ဆက်ပြီးရှူနေလိုက်လေသည်။ ဖေဖေက နာရီကိုကြည့်လိုက် အိမ်ပေါက်ဝကိုကြည့်လိုက်ဖြင့် စိတ်လောနေသည့်ပုံပင်။ “လာတော့မှာပါ သမီး… ခဏလေးပဲစောင့်နေပေးနော်…” “ရပါတယ် ဖေဖေ ကိုး ဘာမှမဖြစ်ပါဘူး…” ဖေဖေက ကိုးအပေါ် အားနာနေမိသလိုပင်။ “တကယ်တော့ ကိုးနာရီလာမယ်လို့အသိပေးထားတာ… တစ်ခုခုများဖြစ်နေလို့လား…” မလာသေးတဲ့ သူတို့အတွက် ဖေဖေက စိုးရိမ်ပေးနေ၏။ ကိုးကတော့ သူတို့တွေလာလာ မလာလာ စိတ်မဝင်စားတော့ပေ။ ရင်ထဲက နာကျင်မှုက ဘယ်လိုအရာနဲ့မှ တိုင်းတာလို့မရ။ကိုကိုမသိသေးပေမယ့်လည်း ကိုယ့်ကိုယ်ကို သစ္စာဖောက်လို့ခံစားနေရတဲ့ခံစားချက်ကလည်း ငရဲကျနေသလိုပင်။ “ကိုမြတ်… ဖုန်းဆက်ကြည့်ပါဦးလား…” မေမေပြောတာကိုနားထောင်ကာ ဖေဖေက စားပွဲပေါ်တင်ထားတဲ့ ဟန်းဖုန်းကိုလှမ်းယူလိုက်ပြီး ဖုန်းထဲကနေ ဂဏန်းတစ်ချို့ကို နှိပ်နေတဲ့အသံကို မျက်လုံးမှိတ်ထားပေမယ့် ကိုး ကြားနေရ၏။ “ဟယ်လို…” “ကိုမြတ် ကျွန်တော်တို့လာနေပြီနော် ခဏလေးပဲစောင့်ပေးပါ… ကျွန်တော်တို့ လမ်းမှာကားပျက်နေလို့…” “ဟုတ်ပြီ ကိုစိုင်း… ကျွန်တော်လည်း မလာသေးတာနဲ့ စိုးရိမ်လို့ဖုန်းဆက်လိုက်တာပါ… ကိုစိုင်းတို့ ဘယ်နေရာရောက်နေပြီလဲ ကျွန်တော် ထွက်လာခဲ့ပေးရမလား…” “ရပါတယ် စိတ်မပူပါနဲ့ ကိုမြတ်… ကျွန်တော်တို့လာနေပါပြီ…” “ဟုတ်ပါပြီ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်…” “ကောင်းပါပြီ…” ဦးမြတ်အာကာ ဖုန်းချလိုက်ကာ ဒေါ်အိန္ဒြာထက်ကိုမော့ကြည့်လိုက်ပြီး “လမ်းမှာ ကားပျက်နေလို့တဲ့…” “ဟုတ်လား…” “ဝေါ့…” “ဟင် သမီး…” လည်ချောင်းထဲကနေ ပျို့တက်လာသဖြင့် ကိုး အန်ချလိုက်မိပေမယ့် ပါးစပ်ထဲကနေ ဘာမှ ထွက်မလာခဲ့ဘဲ လေတွေသာအန်လိုက်မိတော့သည်။ ကိုး ပါးစပ်ကို ပိတ်ထားလိုက်ကာ “မေမေ… ကိုး သန့်စင်ခန်းခဏသွားလိုက်ဦးမယ်…” “မေမေ လိုက်ခဲ့မယ် သမီး…” “ရတယ် မေမေ… ကိုး ဘာမှမဖြစ်ပါဘူး…” ကိုး မေမေ့ကို ပြောလိုက်ပြီး သန့်စင်ခန်းသို့ အမြန်ထွက်လာလိုက်မိလေသည်။ခေါင်းထဲမှာ ရီဝေဝေဖြစ်နေရုံတင်မဟုတ်တော့ဘဲ အန်ချင်စိတ်ပါပေါက်လာသဖြင့် ဘေစင်ထဲသို့ အန်ချလိုက်ပေမယ့်လည်း ဘာမှထွက်မလာခဲ့ပါ။ လက်တွေကိုဆေးလိုက်ကာ ရှူဆေးဘူးကို နှာခေါင်းမှာတေ့ထားလိုက်ပြီး ခပ်ပြင်းပြင်းရှူလိုက်တော့မှ နေရတာအဆင်ပြေသွားတော့သည်။ မှန်ထဲသို့ကြည့်လိုက်ကာ ကိုယ့်မျက်နှာကိုယ် သေချာသတိထားလိုက်မိတော့ အနည်းငယ်နီရဲနေ၏။ ညက ငိုထားတဲ့အရှိန်ကြောင့်လည်းပါသည်။ မှန်ထဲကိုကြည့်လိုက်တော့ ကိုကို့ရဲ့မျက်နှာက ပေါ်လာကာ ကိုးကို စိမ်းစိမ်းကားကားကြီး ကြည့်နေပြန်လေသည်။ “ခွင့်လွှတ်ပါ ကိုကိုရယ်… ကိုးလိုသစ္စာမရှိတဲ့မိန်းမကို ကိုကို တစ်သက်လုံးမုန်းလိုက်ပါတော့…” မျက်ရည်ကျလာချင်ပေမယ့်လည်းကိုး မနည်းထိန်းထားလိုက်ကာ အင့်ဆိုတဲ့အသံတစ်သံနဲ့တင် ငိုချင်စိတ်ကို ချိုးနှိမ်အဆုံးသတ်လိုက်ရသည်။ မှန်ထဲသို့ကြည့်ပြီး ကိုယ့်မျက်နှာကိုယ်မြင်လိုက်၊ ကိုကို့မျက်နှာကိုမြင်လိုက်နဲ့ ခေါင်းထဲမှာ ပိုပြီးမူးလာသလိုလိုပင်။ ခဏနေတော့ ခြံထဲသို့ဝင်လာတဲ့ကားသံကို ကိုး ကြားလိုက်ရသည်။ ခေါင်းကဆံပင်တွေကသပ်သပ်ရပ်ရပ်ဖြစ်နေပေမယ့်လည်း ထပ်ပြီး လက်နဲ့သပ်ချလိုက်ကာ သပ်သပ်ရပ်ရပ်ပိုဖြစ်သွားအောင် ပြန်ပြင်လိုက်ပြီးမှ သန့်စင်ခန်းထဲကနေ ထွက်လာလိုက်သည်။ အခန်းပေါက်ဝကိုရောက်တော့ ရုတ်တရက် ခေါင်းထဲမှာ ပိုပြီးမူးလာကာ လူကလည်း ယိုင်သွားလေသည်။ ဧည့်ခန်းနဲ့သန့်စင်ခန်းက မျက်နှာချင်းဆိုင်ဆိုတော့ ဧည့်ခန်းမှာထိုင်နေတဲ့လူတွေကို လှမ်းပြီးမြင်နေရလေသည်။ ကိုး မေမေ့ကိုမြင်ပြီးလှမ်းခေါ်လိုက်ပေမယ့် အသံကတော့ ထွက်မလာခဲ့ပါ။ “မေမေ…” ထိုင်နေတဲ့လူတွေက စကားတွေပြောကာ ရယ်မောနေကြ၏။ ကိုးရဲ့အသံကိုတော့ ဘယ်သူကမှ မကြား။ တစ်ခါမှမမြင်ဖူးခဲ့တဲ့ သူစိမ်းတွေရဲ့မျက်နှာတွေကလည်း ကိုးရဲ့အသံတွေကို ဆွံ့အသွားစေခဲ့သည်။ ရုတ်တရက် ကိုး ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ဘဲ ကိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံး အမှိုက်တစ်စလို ပေါ့ပါးသွားပြီး ဘေးသို့ယိုင်လဲသွားတဲ့အချိ်န်မှာ လူတစ်ယောက်က ကိုးရဲ့အနားသို့ရောက်လာကာ ကိုးရဲ့ပခုံးကိုဆွဲကိုင်လိုက်ပြီး “ချာတိတ်…” ဒါ ကိုး နောက်ဆုံးကြားလိုက်ရတဲ့အသံတစ်ခုပါ။ အဲ့ဒီ့နောက်မှာတော့ ကိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံး အဲ့ဒီ့လူရဲ့ရင်ခွင်ထဲသို့ ရောက်သွားပြီး ကိုး ဘာကိုမှမသိတော့ဘဲ မေ့လဲသွားတော့သည်။ပြေးလာကြတဲ့ လူတစ်ချို့ရဲ့အရိပ်တွေကို မျက်လုံးထဲမှာ ၀ိုးတဝါးမြင်ယောင်လိုက်ခြင်းက ကိုးရဲ့နောက်ဆုံးသတိရခြင်းတစ်ခုပဲဖြစ်ခဲ့သည်။

ဆက်ရန် - အခန်း(၆)
💜 အိပ်မက်ကြယ်

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Donde viven las historias. Descúbrelo ahora