အခန်း(၁၆)

93 2 0
                                    

### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၆)

ဘဝမှာ ဘယ်အရာကိုမှ ပိုင်ဆိုင်ချင်စိတ်မရှိခဲ့ဘူးဆိုတာ သူ ကျိန်ရဲသည်... ဒါပေမယ့် အဲ့ဒါဟာ ချာတိတ်နဲ့မတွေ့ရသေးခင်အချိန်လေးပဲ ဖြစ်လိမ့်မယ်... ချာတိတ်နဲ့တွေ့ပြီးနောက်မှာတော့ သူ ပိုင်ဆိုင်ချင်တဲ့အရာကို သူ သေချာသိလာခဲ့ပြီဖြစ်သည်။ အဲ့ဒါကတော့ သူ ချာတိတ်ကို ပိုင်ဆိုင်ချင်တယ်။ ချာတိတ်မချစ်မှန်းလည်းသူသိတယ်... ချာတိတ်ရှေ့ကိုရောက်တိုင်း ချာတိတ်ကိုချစ်တဲ့စိတ်နဲ့ ပိုင်ဆိုင်ချင်စိတ်ကို သူ ဘယ်တုန်းကမှ မမြိုသိပ်နိုင်ခဲ့ဘူး။
သူနဲ့ထိမ်းမြားဖို့အတွက် ချာတိတ်လက်ခံခဲ့တာကိုပဲ သူ ဝမ်းသာမဆုံးဖြစ်ခဲ့ရတာ။ သူ ချာတိတ်ကို အရမ်းချစ်တယ်... ရာဇဝင်ထဲကလူတွေပြောသလို ငုံထားမတတ်ချစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာထင်တယ်လို့တောင် သူ တွေးမိသည်။
"တီ... တီ... တီ..."
ဖုန်းသံကြောင့် သူ့အတွေးတွေ လွင့်ပြယ်သွားသဖြင့် သူ အလိုမကျဖြစ်သွားလေတော့သည်။ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ကိုသက်ရဲ့ဖုန်းဖြစ်နေ၏။ ချက်ချင်းပဲ သူ့မျက်နှာက ပြံုးယောင်သမ်းသွားကာ ဖုန်းကိုကိုင်လိုက်လေသည်။
"ဟယ်လို ကိုသက်..."
"ကျွန်တော် မေးလ်နဲ့ပို့ထားပြီသခင်လေး..."
"ဟုတ်လား..."
"ဟုတ်ကဲ့... အဲ့ဒါ မနေ့က သခင်လေးကြားခဲ့ရတဲ့ သီချင်းပဲ..."
သူ ကျေနပ်စွာနဲ့ ခေါင်းငြိမ့်လိုက်လေသည်။ သူ့ဘဝမှာ လိုအပ်ချက်ဆိုတာ မရှိခဲ့သဖြင့် လိုချင်တာကိုရတဲ့အချိန်က ခပ်ရှားရှားပင်။
"အင်း... အင်း... ငါ မေးလ်ထဲကနေ ဝင်ဒေါင်းလိုက်မယ်... အဲ့ဒီ့သီချင်းဆိုတာ သေချာတယ်နော်..."
"ဟုတ်ကဲ့ သေချာပါတယ် သခင်လေး..."
"အင်း ကျေးဇူးပဲ ကိုသက်... ဒါဆို ငါ ဖုန်းချလိုက်တော့မယ်..."
"ဟုတ်ကဲ့ပါ သခင်လေး..."
သူ ဖုန်းချလိုက်ကာ လက်တော့ပ်ကိုဖွင့်လိုက်ပြီး မေးလ်ထဲဝင်လိုက်လေသည်။ ကိုသက်ပို့ထားတဲ့မေးလ်ကိုကြည့်ကာ သူ သဘောကျစွာပြံုးလိုက်မိတော့သည်။
"ချာတိတ်..."
🎼🎼🎼
ချာတိတ်...××× ညဘက်နှိပ်စက်အိပ်လို့မရအောင် အရိပ်ကလေး...××× အိပ်မက်ထဲ အတင်းတိုးဝှေ့ကာ ချာတိတ်ကလေးရယ် မင်း ကိုယ့်အပေါ် နှိပ်စက်လွန်းတယ်ကွယ်...×××
ချာတိတ်...××× မင်းပြောစကား သကြားသီးလေးလိုချိုရဲ နူးည့ံတဲ့ နှလုံးသားထက်ဝယ် ချာတိတ်ကလေးရယ် မင်း ကိုယ့်အပေါ် စိုးမိုးလွန်းတယ်ကွယ်...×××
ချာတိတ်...××× ဒီဇိုင်းအဆန်းလေးဝတ်လို့ထားရင်အလှဆုံး...××× အားလုံးက ဝိုင်းငေးကြမယ် ချာတိတ်ကလေးရယ်...××× မင်းလေးအပေါ် စိတ်မချဘူးလေကွယ်... ×××
ချာတိတ်ကလေး သံယောဇဉ် ပေးထားခဲ့ပြီး မင်းလေးကိုယ့်အပေါ် အမျိုးမျိုးပြံုးပြတယ်...××× နှလုံးသားမှာ စူးနစ်ခဲ့ပြီကွယ်...×××
ချာတိတ်...××× ကြားထဲကနှောင့်ယှက်မှုတွေဖယ်ရှား...××× သိပ်လှတဲ့နေ့သစ်များမှာ ချာတိတ်ကလေးရယ်...××× မင်းနဲ့အတူ မြို့အနှ့ံလျှောက်လည်မယ်... ×××
🎼🎼🎼
သီချင်းနားထောင်ရင်းနဲ့ သူ့မျက်လုံးထဲမှာ ချာတိတ်ရဲ့မျက်နှာလေးကို မြင်ယောင်လိုက်မိလေသည်။ တစ်နေတော့ ကိုယ်နဲ့ချာတိတ် ဒီသီချင်းထဲကလို ဖြစ်လာနိုင်တယ်မို့လား ချာတိတ်။ ကိုယ်ကတော့ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ရောက်ရင်တောင် ကိုယ်က ချာတိတ်လက်လေးကိုဆုပ်ကိုင်ပြီး ထွက်သက်လေးတွေထွက်သွားမှာ။ အဲ့ဒါမှ ကိုယ်လည်း အသေဖြောင့်မှာ ချာတိတ်ရယ်...။
အခုလိုမျိုး သီချင်းနားထောင်ရတာကို သူမကြိုက်ပေမယ့် ဒီသီချင်းထဲက သီချင်းစာသားတွေကိုတော့ သူ သဘောကျသည်။ အဲ့ဒါလည်း သူ ချာတိတ်ကို ချစ်ခဲ့မိလို့နေမှာပါ...။
တိုးတိုးတိုးတိုးကြားနေရတဲ့ သီချင်းသံကြောင့် ဦးစိုင်းမောက်ရဲ့ခြေလှမ်းတွေက တန့်သွားလေတော့သည်။ ထို့နောက် သီးချင်သံကိုသေချာနားစွင့်လိုက်ရင်းနဲ့ မျက်မှောင်ကုတ်သွားတော့၏။ တံခါးအနားသို့ကပ်လိုက်ပြီး တံခါးကိုခေါက်လိုက်ကာ
"တူတော်... တူတော်..."
"ဦးရီးတော် အထဲဝင်ခဲ့ပါ ကျွန်တော်ရှိပါတယ်..."
ဦးစိုင်းမောက် အခန်းထဲဝင်လိုက်တော့ သီချင်းသံကိုမကြားရတော့ဘဲ လက်တော့ပ်ရှေ့မှာ ငုတ်တုတ်ထိုင်ကာ သူဝင်လာတဲ့တံခါးပေါက်ကိုကြည့်နေတဲ့ ဘုန်းရိပ်ကိုတွေ့လိုက်ရ၏။
"မအိပ်သေးဘူးလား..."
တံခါးပိတ်ပြီး နောက်သို့လှည့်လာကာ မေးနေတဲ့ ဦးရီးတော်ကို ဘုန်းရိပ် ခေါင်းရမ်းပြလိုက်ကာ
"မအိပ်သေးဘူး ဦးရီးတော်... စောနေသေးလို့ပါ..."
ကြည့်ရတာ သူနားထောင်နေတဲ့သီချင်းကို ဦးရီးတော်က ကြားသွားသည့်ပုံပင်။ ချက်ချင်းပဲ အခန်းထဲဝင်လာခဲ့တာဖြစ်သည်။
"မနက်ဖြန် ဟော်နန်းက အနွယ်တော်တွေလာကြလိမ့်မယ်... အားလုံးက ကြင်ယာတော်ကိုတွေ့ချင်နေကြတာ... အဲ့ဒါကြောင့် မင်း မနက်ဖြန် ဟိုမိန်းကလေးနဲ့အတူရှိနေမှဖြစ်မယ် တူတော်..."
ဦးရီးတော်ပြောနေတာတွေကို သူ အစကတည်းက သိခဲ့ပြီးသားဖြစ်သည့်အတွက် ခေါင်းပဲငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ပါ ဦးရီးတော်..."
ဦးရီးတော်က သူ့ရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး သူ့ရှေ့ကလက်တော့ပ်ကိုကြည့်လိုက်ကာ
"ခုနက သီချင်းသံလိုလိုကြားလိုက်ရသလိုပဲ..."
"ဟုတ်ပါတယ်..."
"ခမည်းတော်က ကျန်းမာရေးမကောင်းတာတောင် မင်းက သီချင်းနားထောင်နိုင်နေသေးတာလား ဘုန်းရိပ်..."
"ဟင်..."
ဦးရီးတော်မျက်နှာက ခက်ထန်တင်းမာနေတာကို သူ သတိထားလိုက်မိလေသည်။ ဦးရီးတော်မျက်နှာက ဘာလို့ အဲ့လောက်တောင်မှ ပျက်ယွင်းနေတယ်ဆိုတာကို သူ စဉ်းစားလို့မရပေ။ ဖိုးဖိုးလည်းသက်သာနေပါပြီ... အဲ့ဒါကို ဘာလို့...။
"ဘုန်းရိပ်... ဦးရီးတော်ပြောနေတာကိုကြားရဲ့လား..."
သူ ဦးရီးတော်ကို ခေါင်းငြိမ့်ပြလိုက်ရင်းနဲ့
"ဟုတ်ကဲ့... ကြားပါတယ် ဦးရီးတော်... ဒါပေမယ့် ဖိုးဖိုးက သက်သာနေပြီမဟုတ်ဘူးလား..."
"ဦးရီးတော် မင်းကို နားမလည်တော့ဘူး ဘုန်းရိပ်... မင်း အရမ်းပြောင်းလဲသွားတာပဲ... ဟုတ်တယ်... မင်း ကိုးအသင်္ချေနဲ့ ပတ်သက်ခဲ့ပြီးမှ တော်တော်လေးပြောင်းလဲသွားတာ..."
"ဗျာ..."
ဦးရီးတော်ပြောနေတာတွေကို သူ တကယ်ပဲ နားမလည်မိတော့ပေ။
"ကျွန်တော် ဘာတွေများပြောင်းလဲသွားလို့လဲ ဦးရီးတော်..."
ဦးရီးတော်က သူ့ကိုမကြည့်တော့ဘဲ သူ့အခန်းထဲမှာချိတ်ထားတဲ့ ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့ဓာတ်ပုံကိုလှမ်းကြည့်လိုက်လေသည်။
"အရင်ကဆို ခမည်းတော်တစ်ခုခုဖြစ်တာနဲ့ တခြားသူတွေထက် မင်းက အရင်သိခဲ့တယ်... အခုတော့ အားလုံးသိပြီးမှ မင်းသိတယ်ဆိုတော့ မင်းက ခမည်းတော်အပေါ် အရင်ကလောက် ချစ်ခင်တန်ဖိုးထားမှုတွေမရှိတော့လို့ပဲ တူတော်..."
ဦးရီးတော်က သူထင်တာတွေကိုသာပြောနေတာဖြစ်သည်။ သူ ခေါင်းကိုအသာရမ်းလိုက်ပြီး
"မဟုတ်ဘူး ဦးရီးတော်... ဦးရီးတော်အထင်လွဲနေတာပါ..."
"ဦးရီးတော်က ဘာကိုအထင်လွဲရမှာလဲ ဘုန်းရိပ်... မင်းက ဟိုမိန်းကလေးနဲ့တွေ့လိုက်ပြီဆို အရာအားလုံးကို မေ့သွားတတ်တဲ့သူ... အခုလည်း မင်းနားထောင်နေတဲ့သီချင်းက အဲဒီ့မိန်းကလေးနဲ့ ပတ်သက်နေတယ်မို့လား..."
"ဗျာ..."
ဦးရီးတော်က သူ့ခံစားချက်တွေကိုသိနေသလိုပြောလာသဖြင့် သူ ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားမိတော့သည်။
"အဲ့လိုပေါက်တတ်ကရသီချင်းမျိုး စံအိမ်တော်မှာမဖွင့်နဲ့ တူတော်..."
"ဟင်..."
ဦးရီးတော်ရဲ့ ရှေးရိုးစွဲမှုကြီးကို သူ ဘယ်လိုမှ နားမလည်နိုင်တော့ပေ။
"ဂီတဆိုတာ ပုံစံအမျိုးမျိုးရှိတာပဲ ဦးရီးတော်ရယ်... သူ့ဟာနဲ့သူတော့ အဓိပ္ပါယ်ရှိကြပါတယ်... ဦးရီးတော် အဲ့လိုမပြောပါနဲ့..."
သူ့အကြိုက်နဲ့ထပ်တူကျနေတဲ့သီချင်းကို ဦးရီးတော်အခုလိုပြောလာတာကိုတော့ သူ တကယ် အလိုမကျပါ။
"ဘာဖြစ်တယ် စဝ်ဘုန်းရိပ်ခေါင်... လူကြီးကဆုံးမတာကို အဲ့လိုမပြောနဲ့ ဟုတ်လား..."
သူ ဘာမှပြန်မပြောဘဲ ငြိမ်သက်ကာ ဦးရီးတော်ဆီကနေလည်း အကြည့်တွေကိုလွှဲလိုက်တော့သည်။ ဟုတ်တယ် သူ ချာတိတ်ကိုချစ်ခဲ့ပြီးမှ အရာအားလုံးကို ဆန့်ကျင်ဖို့ သတ္တိရှိလာခဲ့တာ... အဲ့ဒါ အချစ်ရဲ့စွမ်းအားလို့ပဲပြောရမလားတော့ သူလည်းမသိပါ။ ဒါပေမယ့် သူ ချာတိတ်ကို သူ့အသက်နဲ့ထပ်တူချစ်တယ်။ ချာတိတ် သူ့ကိုမချစ်မှန်းသိပေမယ့်လည်း သူ ချာတိတ်ကိုချစ်တယ်။ ချာတိတ်ကြောင့် သူ နာကျင်ရမယ်ဆိုရင်တောင်မှ သူ ချာတိတ်ကို ဘယ်တော့မှမုန်းသွားမှာမဟုတ်တော့လောက်အောင်ကို သူ ချစ်တယ်။
"အခုချိန်မှာ မင်း အစစအရာရာ သတိထားနေရမယ် တူတော်..."
ဦးရီးတော်ကပြောရင်းနဲ့ မတ်တပ်ရပ်လိုက်ကာ သူ့ကို ကျောခိုင်းလာလေသည်။
"အနွယ်တော်တွေကလည်း မင်းကိုပဲ စောင့်ကြည့်နေကြတယ်... အထူးသဖြင့် စိုင်းအိုက်မော်တို့ မိသားစုဝင်တွေပဲ..."
"အိုက်မော်..."
သူ အ့ံသြစွာ ရေရွတ်လိုက်တော့ ဦးရီးတော် ခေါင်းငြိမ့်လိုက်တာကို သူ နောက်ကနေ မြင်လိုက်ရလေသည်။
"ဟုတ်တယ်... အဲ့ဒါကြောင့် မင်း အစစအရာရာ ဂရုစိုက်ပါ ဘုန်းရိပ်... အသွားအလာ မနေအထိုင် အပေါင်းအဖော် အားလုံးပဲ..."
"ဟုတ်ကဲ့ပါ ဦးရီးတော်..."
"ဒါဆိုလည်း အိပ်တော့... ဦးရီးတော်လည်း သွားအိပ်တော့မယ်..."
"ဟုတ်ကဲ့..."
ဦးရီးတော် သူ့အခန်းထဲကထွက်သွားတော့ အခန်းထဲမှာ သူတစ်ယောက်ထဲသာ အတွေးပေါင်းများစွာဖြင့် ကျန်ခဲ့လေတော့သည်။
"အိုက်မော်... မင်း အသက်ရှင်နေသေးတာပဲ... ငါတို့တွေထပ်ဆုံကြတာပေါ့ကွာ..."
အိုက်မော်ဆိုတာ သူနဲ့ အသက်ချင်းရွယ်တူပင်ဖြစ်သော်လည်း သူ့ထက်လပိုင်းလောက်သာငယ်သော ညီဝမ်းကွဲတစ်ယောက်။ ငယ်ငယ်ကတည်းက ကျောင်းနေဖက်တွေလည်းဖြစ်ပြီး နိုင်ငံခြားကို ပညာတော်သင်သွားသင်တော့လည်း အတူတူပင်ဖြစ်သည်။ အိုက်မော်က အရမ်းစိတ်ဆတ်သလောက် သူကတော့ နားလည်သည်းခံပေးခဲ့သည်။ ဒါပေမယ့် အိုက်မော်ကတော့ သူ့အပေါ် နားလည်မှုမရှိတဲ့အပြင် သူ့ကိုလည်း လူကြားသူကြားမရှောင် လှောင်ပြောင်ကာ စော်ဘွားသခင်လေးဟု ခေါ်တတ်သူဖြစ်သည်။ ဆွေရိပ်မျိုးရိပ်မကင်းတဲ့သူတွေလည်းဖြစ်သဖြင့် သူ သည်းခံပေးခဲ့ပါတယ်။ အခုတော့ အိုက်မော် ပြောင်းလဲသွားပြီလား... မပြောင်းလဲသေးဘူးလားဆိုတာကို သူ မသိတော့ပေ။ မတွေ့ရတာနှစ်ပေါင်းများစွာကြာနေပြီပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ်ပါ အိုက်မော် ထပ်ပြီး ဒုက္ခမပေးဖို့ကိုပဲ သူမျှော်လင့်နေမိတော့သည်။ မဟုတ်ရင် အရင်ကရာဇဝင်ကြွေးတွေပါ ပါလာတော့မှာဖြစ်သည်။
#######
မထင်မှတ်ဘဲ ကိုကို့ရဲ့ဖုန်းအဝင်ကောလ်လေးတွေကိုကြည့်ကာ ကိုး ငိုချင်စိတ်ကို ဘယ်လိုမှ ထိန်းလို့မရခဲ့။ တစ်ချံုကွယ် တစ်ယုန်မေ့လုပ်တာမဟုတ်ပါဘူး ကိုကိုရယ်... ကိုးလုပ်နေတာတွေက ကိုကို့အတွက်ပဲမို့လို့ ကိုကို ခွင့်လွှတ်နိုင်မှာပါ...
"ဒေါက်... ဒေါက်..."
"ကလေး... ကလေး..."
မမရဲ့အသံကိုကြားလိုက်ရသဖြင့် ကိုး မျက်ရည်တွေကို အမြန်သုတ်လိုက်လေသည်။
"မမ... ကိုး တံခါးကို လော့မချထားဘူး ဝင်ခဲ့လေ..."
"အင်း... အင်း..."
မမက အခန်းထဲသို့ဝင်လာကာ ကိုးကိုကြည့်လိုက်ရင်းနဲ့ ကိုးရဲ့ဘေးမှာဝင်ထိုင်လိုက်လေသည်။ ထို့နောက် ကိုးကိုကြည့်ကာ ပြံုးလိုက်ပြီး
"ဪ... ဘာလိုလိုနဲ့ ငါ့ညီမလေးတောင် အိမ်ထောင်ပြုတော့မယ်..."
မမကပြံုးကာပြောနေပေမယ့်လည်း ကိုးကတော့ ဝမ်းနည်းနေမိသည်။
"ကလေး လက်ထပ်ပွဲမှာ မမ ကားတစ်စီးလက်ဖွဲ့မယ် ကလေး..."
"မပေးပါနဲ့ မမရယ်... ကိုး မမောင်းချင်ပါဘူး..."
မမက ကိုးရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ပြံုးလိုက်ကာ
"မဟုတ်ဘူးလေ ကလေးရဲ့... သူတို့ကလည်း သာမန်လူတွေမဟုတ်ဘူးဆိုတော့ သူတို့ကြားမှာ ကလေး မျက်နှာငယ်ရမှာ မမစိုးရိမ်လို့ပါ..."
"မမရယ်... မစိုးရိမ်ပါနဲ့... ဦးကပြောတယ် သူ ဘယ်သွားသွား ကိုးရဲ့လက်ကိုဆုပ်ကိုင်ပြီး နေရာတိုင်းကိုခေါ်သွားမှာတဲ့..."
ကိုးရဲ့စကားကြောင့် မမမျက်နှာက ပြံုးစိစိဖြစ်သွားလေသည်။
"အင်း... မမလည်း ပြောသာပြောရတာပါ... ဦးစဝ်ဘုန်းရိပ်ခေါင်က ကလေးအတွက် ဝယ်ချင်ရင်ဝယ်ပေးမှာပေါ့..."
ကိုး ပြံုးရင်းနဲ့ခေါင်းရမ်းလိုက်မိပေမယ့် ဘာမှတော့ ပြန်မပြောမိပါ။
"ကိုး သူ့ဆီကဘာမှမလိုချင်ပါဘူး မမရယ်..."
"ဘယ်လိုစကားတွေပြောနေတာလဲ ကလေးရယ်... နောက်ဆိုရင် ကလေးတို့က အတူတူနေကြရမယ့်လူတွေလေ..."
"ကိုး သိပါတယ်..."
"ကလေးကို မမ အဓိကပြောချင်တာကတော့ ကလေး ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ လက်ထပ်ပြီးရင် ခညောင်းရှင်နဲ့ လုံးဝမပတ်သက်ရတော့ဘူးနော်..."
ကိုး ခေါင်းကိုအသာငြိမ့်ပြလိုက်ရင်းနဲ့ မမမျက်နှာကိုကြည့်လိုက်ကာ
"ကိုး နားလည်ပါတယ် မမရယ်... ကိုးကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့လူတစ်ယောက်နဲ့ ကိုးပတ်သက်လို့ ဘယ်ဖြစ်တော့မလဲ... ကိုး ဦးကိုမချစ်ပေမယ့် ဦးရဲ့မိသားစုနဲ့ ကိုးရဲ့မိသားစုကို ဘယ်တော့မှ ဂုဏ်သိက္ခာကျအောင် မလုပ်ပါဘူး..."
မမက ကိုးကို သူမရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ကိုးရဲ့ဆံပင်လေးတွေကို အသာလေးပွတ်သပ်လိုက်ကာ
"ကလေးက လိမ်မာတယ်ဆိုတာ မမ သိပါတယ် ကလေးရယ်... ပြီးတော့ မမ တောင်းပန်ပါတယ်..."
မမ ဘာကိုတောင်းပန်ချင်တယ်ဆိုတာကို ကိုးသိသဖြင့် ဘာမှမပြောမိတော့ပေ။ ရပါတယ် မမရယ်... တကယ်တော့ ကိုးက ဦးနဲ့ဖူးစာပါခဲ့လို့ပဲနေမှာပါ... မမမှာ အပြစ်မရှိပါဘူး...။
"တီ... တီ... တီ..."
ဖုန်းဝင်လာတဲ့အသံကြောင့် မဏိ ဖုန်းကိုကြည့်လိုက်ကာ
"ကလေး... ခညောင်းရှင်ရဲ့ဖုန်း..."
"ကိုး မကိုင်ချင်ဘူး မမ..."
မမက ဖုန်းကိုလှမ်းယူလိုက်ကာ ကိုးလက်ထဲကိုထည့်လိုက်ပြီး
"ကိုင်လိုက်ပါ ကလေးရယ်... ကလေးက သူ့ကို ဘာအပြစ်မှမရှိဘဲနဲ့ လမ်းခွဲခဲ့တာဆိုတော့..."
မမ ဘာမှဆက်မပြောတာကို ကိုး နားလည်ပေမယ့် ခေါင်းရမ်းလိုက်လေသည်။
"ကိုးမှာအပြစ်ရှိမှန်း ကိုး သိပါတယ် မမရယ်... အဲ့ဒါကြောင့် ကိုး ကိုကိုနဲ့ရင်မဆိုင်ရဲတာ... ကိုကိုနဲ့ မျက်နှာချင်းဆိုင်ဖို့မပြောနဲ့ ကိုကို့အသံကိုတောင်မှ ကိုး ကြားဖို့မဝ့ံရဲဘူး..."
"ကလေးက မင်္ဂလာဆောင်တော့မှာဆိုတော့ သူ့အနေနဲ့ ပြောစရာစကားရှိလို့ထင်ပါတယ် ကလေးရယ်... ကလေးမကိုင်ချင်ရင်လည်း မမကိုင်လိုက်မယ် သူဘာပြောချင်လို့လဲမသိဘူး..."
ကိုး မမကို ခေါင်းငြိမ့်ပြလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ရောက်သွားလေသည်။
"ဟယ်လို..."
"ကိုး... အေ့..."
"ဟင်..."
မဏိ ဖုန်းထဲကနေကြားလိုက်ရတဲ့အသံကြောင့် အ့ံသြသွားကာ ကိုးကိုလှမ်းကြည့်လိုက်ပြီး
"ကလေး... ခညောင်းရှင် အရက်မူးနေတယ်ထင်တယ်..."
"ဟင်... ကိုကိုအရက်သောက်ထားတာလား မမ..."
ပြောလည်းပြော ကိုး မမအနားသို့အပြေးလေးရောက်သွားကာ ဖုန်းထဲက ကိုကို့အသံကို နားထောင်လိုက်လေသည်။
"ရက်စက်လိုက်တာ ကိုးရာ... ကိုယ်ကတော့ မင်းကို ဒီလောက်ချစ်ခဲ့ရတာ... မင်းကတော့ ကိုယ့်ကို ခွဲသွားရက်တယ်... အေ့... မင်း ကိုယ့်အပေါ် သစ္စာမရှိဘူး..."
"ကင်း... ကင်း စိတ်ထိန်းဦးလေ ကင်းရယ်..."
"ဟင်..."
ဒါ စိမ်းရဲ့အသံပဲ... စိမ်းက ကိုကိုနဲ့အတူရှိနေတာလား...
"ကိုယ် မင်းကိုအရမ်းချစ်တယ် ကိုယ့်ကိုထားမသွားပါနဲ့ကွာ..."
"အို... ကင်း... ကင်း စိမ်းကိုလွှတ်ပါ ကင်းရယ်..."
"တီ..."
ကိုးနဲ့မမ နားထောင်နေတုန်းမှာပဲ ဖုန်းကကျသွားလေတော့သည်။
ဟင်... ဘုရား... ဘုရား... ကိုကိုနဲ့စိမ်းတို့...
"ကလေး... စိတ်ကိုစုထားနော်... တောက်... ခညောင်းရှင် မင်းက မထင်ထားရလောက်အောင်ကို စိတ်ဓာတ်အောက်တန်းကျတာပဲ... တော်သေးတာပေါ့... တော်ကြာ ကလေးနဲ့အိမ်ထောင်ကျပြီးမှ အခုလိုတွေသာဖြစ်လာမယ်ဆိုရင်... ဘုရား ဘုရား... မတွေးရဲစရာပဲ..."
မမက ရင်ဘတ်လေးကိုဖိကာ ဘုရားတပြီးပြောလာသဖြင့် ကိုး မျက်ရည်တွေ အဆက်မပြတ်ကျလာတော့သည်။ ကိုကိုရယ်... ကိုကို့ကိုရက်စက်လိုက်တာလို့ ကိုးမပြောရက်ပါဘူး... တကယ်ဆိုရင် ကိုးကအရင် ကိုကို့ကို သစ္စာဖောက်ခဲ့တာ... ကိုကို့မှာအပြစ်မရှိပါဘူး။ အခုတော့ တကယ်ပဲ အားလုံးပြီးသွားပြီပေါ့... ကိုကို့မှာလည်း ကိုကိုချစ်ရတဲ့ ကိုးရဲ့သူငယ်ချင်း စိမ်း ရှိသလို ကိုးမှာလည်း ကိုးကိုသိပ်ချစ်တဲ့ ဦးရှိနေပြီပဲလေ...။
#######
ဖုန်းကိုချလိုက်ပြီး စိမ်း ကျေနပ်စွာပြံုးလိုက်လေသည်။ မှတ်ပြီလား ကိုး... နင့်ကြောင့် ကင်း ခံစားရသလိုမျိုး နင်လည်း ခုတော့ ပြန်ခံစားနေရပြီမို့လား... ကောင်းတယ် ငါ နင့်ကို သိပ်မုန်းတယ်...
"ဆောရီးပါ စိမ်းရယ် ငါနောက်ကျသွားတယ်... အရေးပေါ်ကိစ္စလေးပေါ်လာတာနဲ့ စိမ်းကို ဖုန်းဆက်လိုက်တာ..."
အသံနဲ့အတူ ရာဇာက စိမ်းတို့ထိုင်နေတဲ့ စားပွဲသို့ ရောက်လာလေသည်။
"ရပါတယ် ရာဇာရယ်... စိမ်းရောက်တော့ ကင်းက မူးပြီးလဲနေပြီ... အဲ့ဒါနဲ့ စိမ်းလည်း တခြားလူတွေမမြင်အောင် ကွယ်ပြီးထိုင်ပေးနေတာပါ..."
"စိမ်းကြောင့်သာမဟုတ်ရင် ခညောင်းကို တခြားလူတွေတွေ့ပြီး ခညောင်းရဲ့ နာမည်လည်းပျက်ရမှာ... ကျေးဇူးတင်ပါတယ် စိမ်းရယ်..."
"သူငယ်ချင်းတွေပဲဟာကို ရပါတယ်ဟာ..."
စိမ်းကလည်း ကိုယ့်အကြံနဲ့ကိုယ်ဖြစ်သဖြင့် ရပါတယ် လို့သာ ပြောနေမိသည်။ ဘာပဲပြောပြော ကိုးရဲ့စိုးရိမ်သံကြားရတာ စိမ်းရဲ့လုပ်ရပ် အောင်မြင်သွားတယ်လို့ ပြောလို့ရတယ်။
"အေးဟာ ဒီရက်ပိုင်း ခညောင်း အရက်တွေအရမ်းသောက်တာပဲ... အသည်းကွဲတဲ့ဒဏ်က တော်တော်လေးကို ခံစားရခက်တဲ့ဝေဒနာပဲထင်တယ်..."
"ကင်း သနားပါတယ်ဟာ..."
"ဟုတ်တယ် ဒါတောင် ဒီကောင်က အမှတ်မရှိဘဲ ကိုးရဲ့လက်ထပ်ပွဲကို သွားဦးမှာတဲ့လေ..."
"အေ့... ချစ်တယ် ကိုးရယ်..."
သူတို့တွေစကားပြောနေတာကို ခညောင်းက မူးပြီးထအော်လာသဖြင့် စိမ်း ခညောင်းကို ဂရုဏာသက်စွာ ကြည့်လိုက်မိသည်။
"ကင်းရယ်..."
"မနက်ဖြန် သူ ရိုက်ကွင်းရှိသေးတယ်... အဲ့ဒါကို အရက်တွေသောက်နေတာ... ခညောင်း ထ ပြန်ရအောင်..."
"ဟင်... အေ့... ဘာလဲ ရာဇာ..."
ခုံပေါ်မှာ မှောက်နေရင်းကနေ လူးလွန့်လာပြီး ပြောလိုက်သဖြင့် ရာဇာ ခညောင်းရဲ့လက်ကိုုဆွဲလိုက်ကာ
"ခညောင်း... ညဉ့်နက်နေပြီ... မင်းမေမေစိုးရိမ်နေလိမ့်မယ်..."
"အင်... ဟင့်အင်း ငါ ကိုးဆီပဲသွားမှာ... အေ့... ကိုး ဘာလို့ ဟိုလူနဲ့လက်ထပ်မယ်ဆိုတာကို ကိုးရဲ့ပါးစပ်ကနေ ပြောမှာကိုပဲ ငါကြားချင်တယ်... အေ့... ငါ ကိုးကိုသွားတွေ့မယ်..."
"ခညောင်း... လာပါကွာ... သွားရအောင်... စိမ်း ခညောင်းဘယ်လောက်တောင်သောက်ထားတာလဲ..."
"စိမ်း ရှင်းလိုက်ပြီ ရာဇာ... ဝန်ထမ်းတွေ ကင်းကိုမြင်သွားမှာစိုးတာနဲ့ စိမ်း ကွယ်ပေးနေတာ..."
"ဟုတ်လား... ကျေးဇူးပါ စိမ်းရယ်... ဒါဆို ငါ ခညောင်းကိုခေါ်သွားတော့မယ်နော်..."
"အင်း... နင်ရရဲ့လား... ငါလည်းလိုက်ခဲ့မယ်လေ..."
ရာဇာက ခညောင်းရဲ့လက်ကို သူ့ပခုံးမှာချိတ်လိုက်ရင်းနဲ့ လက်တစ်ဖက်ကလည်း ခါးကနေဖက်ပြီးထိန်းလိုက်ရင်းကနေ စိမ်းကိုကြည့်လိုက်ပြီး
"ရပါတယ်ဟာ... ငါ့ကားကို ဒီဆိုင်မှာထားခဲ့လိုက်ပြီး ငါ ခညောင်းရဲ့ကားနဲ့ပဲ ပြန်လိုက်တော့မယ်... ငါ့ကားကျန်ခဲ့တာကိစ္စမရှိဘူး ခညောင်းရဲ့ကားကျန်ခဲ့လို့ တခြားသူတွေသိရင် ပြဿနာတက်မှာ..."
"အင်း... အဲ့ဒါတော့ ဟုတ်တယ်..."
"ဒါဆို ငါတို့သွားပြီနော် စိမ်း..."
"အေး... အေး ကားကိုလည်း ဂရုစိုက်မောင်းသွားဦး..."
"အင်း..."
ကင်းကိုတွဲရင်းနဲ့ ဆိုင်ထဲကထွက်သွားတဲ့ ရာဇာနဲ့ ကင်းတို့ကိုကြည့်ကာ စိမ်း မသိမသာလေး သက်ပြင်းချလိုက်မိလေသည်။ ကင်းရယ်... တကယ်ဆိုရင် ကင်း ကိုးကိုမချစ်ခဲ့သင့်ဘူး... ကင်း စိမ်းကိုသာချစ်ခဲ့မယ်ဆိုရင် အခုလိုတွေခံစားနေရမှာမဟုတ်ဘူး... အခုတော့ ကင်း နာကျင်နေရသလို စိမ်းလည်းနာကျင်နေရပြီ... ဟိုမိန်းမကတော့ ပျော်ရွှင်နေလောက်ပြီပေါ့... ဟွန်း ကိုး နင် ဝဋ်မလည်ပါစေနဲ့လို့ပဲ ငါ ဆုတောင်းလိုက်တယ်ဟာ...။
#######
ဆက်ရန် - အခန်း(၁၇)
Eain Mat Kyal

အချစ်ဦးမဟုတ်ပါ သို့​သော် (Completed)Donde viven las historias. Descúbrelo ahora