### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၃၄)
👨👩👧👦 ဇာတ်သိမ်း 👨👩👧👦"ဆုတောင်းပွဲလုပ်ရမယ် ဟုတ်လား ဖိုးဖိုး..."
"ဟုတ်တယ် မြေး... အခုစံအိမ်တော်မှာ ဆုတောင်းပွဲလုပ်ဖို့အတွက် ပုရောဟိတ်ကြီးက မြေးတော်ကို စောင့်နေတယ်..."
သူ ခုတင်ပေါ်မှာအိပ်ပျော်နေတဲ့ချာတိတ်ကိုကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။ ဆုတောင်းပွဲဆိုတဲ့အရာက သူ ယုံကြည်ခဲ့တဲ့အရာမှမဟုတ်တာ။ ပိုပြီးမယုံကြည်ချင်တာကတော့ ပုရောဟိတ်ကြီးရဲ့စကားတွေမှန်လာမှာကို သူ ကြောက်တယ်။
"ဘာတွေ တွေဝေနေတာလဲ မြေးတော်ရယ်... ပြောတော့ မြေးတော်က မဟာဒေဝီကို မြတ်နိုးတယ်ဆို... မဟာဒေဝီအတွက် မြေးတော်ရဲ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် မတွန့်ဆုတ်ဘူးဆို..."
"ယုံကြည်မှုတွေ လမ်းလွဲသွားမှာ မြေး ကြောက်တယ် ဖိုးဖိုး... အခုလို ဆုတောင်းပွဲလုပ်တယ်ဆိုတာကိုက ပုရောဟိတ်ကြီးရဲ့စကားမှန်တယ်ဆိုတာကို သက်သေပြသလိုဖြစ်နေတာပဲလေ... မြေး မယုံကြည်ဘူး..."
"ခေါင်းမမာစမ်းပါနဲ့ တူတော်ရယ်... ပုရောဟိတ်ကြီးရဲ့စကားက ဘယ်တုန်းကမှားခဲ့ဖူးလို့လဲ... တူတော့်ကို မွေးဖွားခဲ့တုန်းကလည်း ပုရောဟိတ်ကြီးစကားအတိုင်းပဲဖြစ်ခဲ့တာလေ..."
သူ သက်ပြင်းချလိုက်ပြီး ဦးရီးတော်ကို ကျောခိုင်းလိုက်၏။
"အဲ့ဒါတွေက ပြီးခဲ့ပါပြီ ဦးရီးတော်..."
"ပြီးခဲ့ပေမယ့် မှားခဲ့တာမှမဟုတ်တာ တူတော်ရယ်... မဟာဒေဝီအတွက် တစ်ခါလောက် ယုံကြည်ပေးလို့မရဘူးလား..."
"မြေးတော်... ဖိုးဖိုးတို့ ဘယ်သူ့ကိုမှ အဆုံးရှုံးမခံချင်ဘူး... မြေးတော်ကိုရော... မဟာဒေဝီကိုရော ပြီးတော့ မြစ်တော်နှစ်ယောက်ကိုရောပဲ..."
သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားမိလေသည်။ ချာတိတ်အတွက်... ရင်သွေးလေးနှစ်ယောက်ဖြစ်တဲ့ ဘုန်းရိပ်အသင်္ချေနဲ့ အသင်္ချေဘုန်းရိပ်တို့အတွက် သူ မယုံကြည်ခဲ့တဲ့အရာတစ်ခုကို ယုံကြည်ရတော့မယ်။
"မြေးတော်... အချိန်တွေမဆွဲပါနဲ့... မဟာဒေဝီ ဒီနေ့မီးဖွားနိုင်မှဖြစ်မယ်... မဟုတ်ရင် ပိုပြီးခက်ခဲသွားမှာ..."
"ကောင်းပါပြီ ဖိုးဖိုး... မြေး ဆုတောင်းပွဲလုပ်ပါ့မယ်..."
ဖိုးဖိုးနဲ့ဦးရီးတော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြံုးလိုက်ကြလေသည်။
"ဒါဆို အခုပဲသွားလိုက်ရအောင်..."
"ဟုတ်ကဲ့..."
သူ အိပ်ပျော်နေတဲ့ ချာတိတ်ရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ကာ ဖွဖွလေးနမ်းလိုက်ပြီး
"ချာတိတ် ဘာမှမဖြစ်ရဘူးနော်... ကိုယ်တို့တွေရဲ့ကတိအတိုင်း ကိုယ်တို့တွေ ဘယ်တော့မှ မခွဲဘူးနော် ချာတိတ်..."
သူတို့ ဆေးရုံထဲကထွက်သွားကြတော့ ချာတိတ်ရဲ့ဘေးမှာ မယ်တော်နဲ့ဒွေးတော်ရယ်... ချာတိတ်ရဲ့အမေ ဒေါ်အိန္ဒြာထက်တို့သာ ကျန်ခဲ့တော့၏။
#######
"အမုန်းတွေကိုချေဖျက်နိုင်တဲ့ ဆုတောင်းမှုကသာ မဟာဒေဝီအတွက် ကလေးမီးဖွားရလွယ်မှာ..."
ဝတ်ဖြူစင်ကြယ်ဝတ်ထားကာ ပုတီးတစ်ကုံးကို လက်မှာကိုင်ထားတဲ့ ပုရောဟိတ်ကြီးက ဆုတောင်းပွဲအတွက်ပြင်ဆင်ထားတဲ့ စားပွဲရှည်ကြီးရဲ့ရှေ့မှာထိုင်ကာ ပြောနေလေသည်။
"စဝ်ဘုန်းရိပ်ခေါင်..."
ဘုန်းရိပ် လက်အုပ်ချီထားရင်းကနေ ပုရောဟိတ်ကြီးကို မော့ကြည့်လိုက်လေသည်။
"ကျွန်တော် နားထောင်နေပါတယ် ပုရောဟိတ်ကြီး..."
ပုရောဟိတ်ကြီးရဲ့ ခန့်ညားတဲ့သွင်ပြင်က လူအများကို ယုံကြည်ကိုးစားစေလေသည်။ ပုရောဟိတ်ကြီးဆိုပေမယ့်လည်း ဆွေမျိုးမကင်းသူတစ်ယောက်ဖြစ်သလို အမြဲတမ်း တရားအားထုတ်နေသူတစ်ဦးပါ။ ဟော်နန်းမှာသာ အနေများပြီး အနွယ်တော်တွေကြားထဲကိုတောင်မှ မထွက်တဲ့သူတစ်ယောက်... လောကီကိစ္စတွေမှာလည်း ဝင်မပါဘဲ တရားသာအားထုတ်နေလေ့ရှိသူဖြစ်သည်။ အခုလည်း သူ့အတွက် ဟော်နန်းကနေ စံအိမ်တော်အထိတောင် ရောက်လာခဲ့တာဖြစ်သည်။
"အဲ့ဒီ့အတွက် ကူညီရမယ့်လူတစ်ယောက်က မဟာဒေဝီနဲ့ မွေးနံတူသူပဲဖြစ်ရမယ်... မဟာဒေဝီက တနင်္လာသမီးဆိုရင် ကူညီမယ့်သူကလည်း တနင်္လာပဲဖြစ်ရမှာ... နောက်ပြီး အဲ့ဒီ့လူက ရင်းနှီးကျွမ်းဝင်တဲ့သူဖြစ်သလို မြေးလေးမုန်းနေတဲ့လူတွေထဲက တစ်ယောက်လည်းဖြစ်ရမယ်..."
"ဟင်..."
သူ အ့ံသြသွားသလို ခညောင်းရှင်ရဲ့မျက်နှာကိုလည်း မြင်ယောင်လိုက်မိလေသည်။ ခညောင်းရှင်က ချာတိတ်နဲ့မွေးနံတူသလို သူအမုန်းဆုံးလူတစ်ယောက်လည်း ဖြစ်သည်။ သူ့ဆီက အကူအညီတောင်းဖို့က ဖြစ်နိုင်တဲ့အရာမှမဟုတ်တာ။
"မြေးတော်မှာ အဲ့လိုလူမျိုးရှိတယ်ဆိုတာ ဘဘ သိပါတယ်ကွယ်... လူရယ်လို့ဖြစ်လာရင် အချစ် အမုန်းတွေနဲ့ ကင်းကြတာမှမဟုတ်ဘဲ..."
"မှန်ပါတယ် ပုရောဟိတ်ကြီး... ဒါပေမယ့် ကျွန်တော်က အဲ့ဒီ့လူအပေါ်မှာ အမုန်းတွေတင်မဟုတ်ဘဲ နာကြည်းချက်တွေပါ ရှိနေတာပါ..."
"အဲ့ဒါဆိုရင် ပိုပြီးအဆင်ပြေတယ် မြေးတော်... အဲ့ဒီ့လူကို အခုခေါ်လိုက်ပါ..."
"ဗျာ... ကျွန်တော်..."
"မဟာဒေဝီ မီးဖွားနိုင်ရေးက အဓိကမဟုတ်လား... ဘယ်လိုနာကြည်းချက်တွေပဲရှိခဲ့ရှိခဲ့ ရင်းနှီးခဲ့တဲ့လူတွေဖြစ်ခဲ့ဖူးတာပဲ..."
သူ့နားထဲမှာ ချာတိတ်ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးကြားယောင်လာမိတော့သည်။ ဘာအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ကိုးရဲ့ဗိုက်ထဲက သားလေးကိုရော သမီးလေးကိုရော ဦး မစွန့်လွှတ်ရဘူးနော်... ကိုး သေရင်သေသွားပါစေ ကိုးရဲ့ကလေးနှစ်ယောက်လုံး အသက်ရှင်ရမယ်နော်... ဦး...။ ချာတိတ်ရဲ့စကားတွေက သူ့နားထဲမှာ ပဲ့တင်ထပ်နေတော့သည်။
"မြေးလေး... အချိန်တွေမဆွဲစေချင်ဘူးကွယ်..."
"ဟုတ်ကဲ့... ကျွန်တော် အခုပဲ ဖုန်းဆက်ခေါ်လိုက်ပါ့မယ် ပုရောဟိတ်ကြီး..."
သူ ပုရောဟိတ်ကြီးရှေ့ကနေ အခန်းအပြင်ဘက်သို့ ထွက်လာလိုက်လေသည်။ အထဲကိုမဆိုင်သူမဝင်ရဆိုသည့်အတွက် ဖိုးဖိုးနဲ့ ဦးရီးတော်က အပြင်မှာကျန်ခဲ့ကြ၏။ သူလည်း ထွက်လာရော ဖိုးဖိုးတို့ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာကာ
"မြေးတော်... ပုရောဟိတ်ကြီးက ဘာပြောလဲ..."
"ကျွန်တော် ခညောင်းရှင်ကို ဖုန်းဆက်မှဖြစ်မယ်..."
"ကုမ္ပဏီမှာ ပင်တိုင်မော်ဒယ်လုပ်ခဲ့တယ်ဆိုတဲ့ လူငယ်လေးလား..."
"ဟုတ်ပါတယ် ဖိုးဖိုး... ဒါပေမယ့် ကျွန်တော် သူနဲ့မပတ်သက်ချင်ဘူး... သူနဲ့ကျွန်တော့်ကြားထဲမှာဖြစ်ခဲ့တဲ့ပြဿနာတွေက သာမန်ပြဿနာမှမဟုတ်ခဲ့တာ... သူရော ကျွန်တော်ရောရဲ့ နာကြည်းချက်တွေက တစ်ယောက်အပေါ်မှာမှ လျော့ကြမှာမဟုတ်ဘူး..."
ဖိုးဖိုးရဲ့ တုန်ချိနေတဲ့လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ရောက်လာသဖြင့် သူ ဖိုးဖိုးရဲ့လက်ချောင်းလေးတွေကို ငေးကြည့်လိုက်မိ၏။
"မြေးတော်ရယ်... သူကလည်း မဟာဒေဝီအပေါ်ကို မေတ္တာရှိခဲ့သူတစ်ယောက်ဖြစ်ခဲ့တော့ မဟာဒေဝီ့ကို ကူညီချင်နေမှာပါ... မြေးတော်သာ သူ့ကို ဖုန်းတစ်ချက်ခေါ်လိုက်ပါ သူ့ဘက်က မငြင်းဘူးဆိုတာကို ဖိုးဖိုးယုံကြည်တယ်..."
သူ ဖိုးဖိုးရဲ့မျက်နှာကို သေချာကြည့်လိုက်တော့ ခညောင်းရှင်ကိုယုံကြည်တဲ့ ဖိုးဖိုးရဲ့အကြည့်တွေကို တွေ့လိုက်ရလေသည်။
"ဟုတ်ပါတယ် တူတော်... တကယ်တော့ ခညောင်းရှင်က အရင်လိုမျိုး ကုမ္ပဏီရဲ့ပင်တိုင်မော်ဒယ်အဖြစ် အလုပ်လုပ်ချင်နေတာပါ..."
"ဟင်..."
"ဟုတ်တယ် တူတော်... အဲ့ဒီ့အကြောင်းလည်း ဦးရီးတော်ကို ပြောပြပြီးသွားပါပြီ... နောက်ပြီးတော့ သူက တူတော့်ကိုလည်း တောင်းပန်ချင်နေတာတဲ့..."
ဦးရီးတော်ရဲ့စကားကြောင့် သူ အ့ံသြနေမိ၏။ ခညောင်းရှင်က အခုလိုစကားမျိုးတွေ ပြောလာလိမ့်မယ်လို့ သူ တကယ်မထင်ထားခဲ့ပါ။ သူ ဖုန်းကိုထုတ်လိုက်ကာ ခညောင်းရှင်ကို ဆက်လိုက်လေသည်။
"တီ..."
ဖုန်း တစ်ခါပဲဝင်သွားလိုက်တာနဲ့ ခညောင်း ဖုန်းကိုချက်ချင်းကိုင်လိုက်လေသည်။ နောက်ပြီး သူ့မျက်နှာမှာလည်း အပြံုးတွေနဲ့ပါ။
"ဟယ်လို ကိုစဝ်ဘုန်းရိပ်ခေါင်..."
"ခညောင်းရှင်... ငါ မင်းဆီက အကူအညီတစ်ခုလောက် တောင်းချင်တယ်..."
"ဟုတ်ကဲ့ ပြောပါ..."
"ချာတိတ်အတွက် ငါ ဆုတောင်းပွဲလုပ်နေတာ... ဒါပေမယ့် ပုရောဟိတ်ကြီးကပြောတယ်... ချာတိတ်နဲ့မွေးနံတူတဲ့လူတစ်ယောက်လည်းဖြစ်သလို ငါနာကြည်းမုန်းတီးတဲ့ လူတစ်ယောက်လည်း ဖြစ်ရမယ်တဲ့... အဲ့ဒီ့လူနဲ့အတူ ဆုတောင်းပွဲလုပ်မှ ချာတိတ်နဲ့ ရင်သွေးနှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို ကယ်တင်နိုင်မှာ... အဲ့ဒါကြောင့် ငါ မင်းရဲ့အကူအညီလိုလို့ပါ... ဘယ်လိုလဲ မင်း ကူညီနိုင်မလား..."
"ကျွန်တော် ကျေကျေနပ်နပ်နဲ့ လက်ခံပါတယ် ကိုစဝ်ဘုန်းရိပ်ခေါင်..."
"ကောင်းပြီလေ... ဒါဆို စံအိမ်တော်ကို အခလြာခဲ့ပေးပါ..."
"ဟုတ်ကဲ့... ကျွန်တော် အခု လာခဲ့ပါ့မယ်... နောက်ပြီးတော့ ကျွန်တော် ကိုစဝ်ဘုန်းရိပ်ခေါင်ကို တောင်းပန်ပါတယ်..."
"အဲ့ဒါတွေ နောက်မှပြောတာပေါ့... အခုလောလောဆယ် ချာတိတ်ရဲ့အသက်ကိုကယ်ဖို့က ပိုပြီးအရေးကြီးတယ်..."
"ဟုတ်ကဲ့..."
ခညောင်း ဖုန်းချလိုက်ပြီး အိမ်ထဲကနေ ထွက်လာလိုက်တော့သည်။ ကိုး ဘေးကင်းပါစေ...။
#######
☀🌧❄ သုံးနှစ်ခန့်ကြာပြီးနောက်... ☀🌧❄
"လာပါဦး ဖွားဖွားကြီးဆီကို လာပါဦး မြေးတို့ရေ..."
"ဖွားဖွား..."
"ဖွားဖွား..."
တောက်တောက် တောက်တောက်နဲ့ပြေးလာကြတဲ့ မြေးနှစ်ယောက်ကို ဒေါ်နန်းဆက်ဧကရီ ထွေးပွေ့ထားလိုက်ကာ
"ဖွားဖွားကြီးကို မလွမ်းဘူးမလား..."
"လွမ်းတာပေါ့ ဖွားဖွားကြီးရဲ့... ကိုကိုကသာ ဖွားဖွားကြီးကိုမလွမ်းတာ..."
မြေးမလေး အသင်္ချေဘုန်းရိပ်ရဲ့စကားကြောင့် ဒေါ်နန်းဆက်ဧကရီ မြေးလေးဖြစ်သူ ဘုန်းရိပ်အသင်္ချေရဲ့မျက်နှာကိုကြည့်လိုက်ကာ
"ညီမလေးအသင်ပြောတာ ဟုတ်လား မြေး ရိပ်..."
"ဟုတ်ပါဘူး ဖွားဖွားရဲ့... အသင်က ဖွားဖွားကို လျှောက်ပြောနေတာ... ရိပ် လည်း ဖွားဖွားကို တွေ့ချင်နေတာ..."
"ဟုတ်ပါပြီ... မြေးတို့အတွက် ဖွားဖွား မုန့်တွေဝယ်လာတယ်... ဖိုးဖိုးရဲ့ ကားပေါ်မှာပါတယ်နော်..."
"ဟာ ပျော်လိုက်တာ..."
ဂါဝန်နီနီရဲရဲလေးကိုဝတ်ကာ လက်ခုပ်တီးပြီးပြောနေတဲ့ မြေးမလေး အသင်ကိုကြည့်ပြီး ဒေါ်နန်းဆက်ဧကရီ ကျေနပ်စွာပြံုးလိုက်မိလေသည်။ မြေးမလေးက သူ့အမေနဲ့ တစ်ပုံစံထဲပဲဖြစ်သည်။ မျက်မှန်တပ်ရတာကအစ တူနေလေ၏။
"မယ်တော်..."
"မေမေ..."
ဒေါ်နန်းဆက်ဧကရီ မြေးနှစ်ယောက်ရဲ့လက်ကိုဆွဲကာ မတ်တပ်ရပ်လိုက်ပြီး သားနဲ့ချွေးမကို ကြည့်လိုက်လေသည်။
"နေကောင်းကြရဲ့လား..."
"ဟုတ်ကဲ့ ကောင်းပါတယ် မေမေ..."
"ဘယ်လိုလုပ်ပြီးရောက်လာတာလဲ မယ်တော်..."
မြေးနှစ်ယောက်က အဖေနဲ့အမေဖြစ်သူဆီကို ပြေးသွားကာ ကြည့်လိုက်ပြီး ဒေါ်နန်းဆက်ဧကရီ ပြံုးလိုက်ကာ
"သားတော်တို့မိသားစုအတွက် မိသားစုဓာတ်ပုံရိုက်ပေးရအောင်လို့ မယ်တော်တို့တွေ ရောက်လာတာလေ... အိုက်မော် ရိုက်ပေးမှာ..."
"ဟင် အိုက်မော်..."
အိမ်ထဲသို့ မရဲတရဲဝင်လာတဲ့အိုက်မော်ကိုကြည့်ပြီး ဘုန်းရိပ် အားနာမိသွားလေသည်။ ထို့နောက် သားနဲ့သမီးတို့ကိုကြည့်လိုက်ကာ
"သားနဲ့သမီး... သူက ဖေဖေ့ရဲ့ညီ ဦးဦးစိုင်းအိုက်မော်လို့ခေါ်တယ်... သားနဲ့သမီးတို့ရဲ့ဦးလေးနော် မှတ်ထားကြ..."
"ဦးဦး..."
သူ့ဆီသို့ပြေးလာကြတဲ့ တူနဲ့တူမကို အိုက်မော်ကြည့်ရင်းနဲ့ မျက်ရည်ဝဲလာလေတော့သည်။
"လာပါဦး တူ၊ တူမလေးတို့ရယ်..."
တူနဲ့တူမကို သူ အားရပါးရဖက်လိုက်ကာ အစ်ကိုတော်ကိုလည်း မျက်ရည်ဝဲသောအကြည့်တွေဖြင့် ကြည့်နေမိလေသည်။ အစ်ကိုတော်နဲ့ မရီးတော်ကတော့ သူ့အပေါ် ခွင့်လွှတ်နားလည်သောအကြည့်တွေဖြင့် ကြည့်လာကြ၏။
"အေးကွယ်... ဒါဆို ခြံထဲမှာ ဓာတ်ပုံသွားရိုက်ကြမယ်လေ..."
"ဟုတ်ကဲ့..."
စံအိမ်တော်ကနေခွဲထွက်ပြီး သူတို့မိသားစု တစ်အိမ်ခွဲ၍နေခဲ့သည်မှာ ဒီအမြွာလေးတွေ ငယ်ငယ်ကတည်းကပဲဖြစ်သည်။ ဒါပေမယ့် စံအိမ်တော်နဲ့လည်းမဝေးတော့ အဆင်ပြေနေ၏။ ခြံကကျယ်ကာ မြက်ခင်းစိမ်းစိမ်းနဲ့ သစ်ပင်ပန်းမန်တွေ ဝန်းရံနေသော ခြံဝိုင်းလေးတစ်ခု။ သူတို့တွေ နည်းနည်းမြင့်နေတဲ့တောင်ကုန်းလေးပေါ်သို့ တက်လိုက်ကြတော့ အိုက်မော်ကလည်း နောက်ကနေပါလာခဲ့၏။
"အဲ့ဒီ့နေရာလေးမှာရိုက်တာ ပိုပြီးလှမယ်ထင်တယ်နော် အိုက်မော်..."
"ဟုတ်ကဲ့ ဒွေးတော်..."
ကျွန်ထိုင်ခုံကြီးပေါ်မှာ ဦးနဲ့ကိုးတို့ထိုင်လိုက်ကြပြီး သားလေးကိုတော့ ဦးရဲ့ပေါင်ပေါ်မှာထိုင်စေကာ သမီးလေးကိုတော့ ကိုးရဲ့ပေါင်ပေါ်မှာ ထိုင်စေပြီး မိသားစုဓာတ်ပုံကိုရိုက်လိုက်ကြလေတော့သည်။ ဒီဓာတ်ပုံတွေက မကြာခင်အချိန်မှာပဲ ဧည့်ခန်းထဲသို့ ရောက်လာကြတော့၏။ ဘုန်းရိပ် ကိုးရဲ့ပခုံးလေးကို ဖက်ထားလိုက်ပြီး ဧည့်ခန်းထဲမှာ မှန်ဘောင်နဲ့သေချာစွာ ချိတ်ဆွဲထားတဲ့ မိသားစုဓာတ်ပုံကြီးကို အားရကျေနပ်စွာ ကြည့်နေမိတော့သည်။
"သခင်လေးနဲ့သခင်မလေး ဧည့်သည်တွေရောက်နေပါတယ်..."
"ဧည့်သည်..."
"ဟုတ်ကဲ့... သခင်မလေးရဲ့သူငယ်ချင်းတွေလို့ပြောပါတယ်... ရုပ်ရှင်မင်းသား ခညောင်းရှင်နဲ့ သစ်ရွက်စိမ်း တို့ပါ..."
"ဟင်... စိမ်း..."
ဧည့်ခန်းထဲသို့ ဝင်လာကြတဲ့ ခညောင်းနဲ့စိမ်းတို့ကို သူတို့တွေ ငေးကြည့်နေမိကြလေတော့သည်။ ခညောင်းနဲ့စိမ်းတို့ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားရင်းနဲ့ သူတို့နှစ်ယောက်ကို ပြံုးပြလိုက်လေသည်။
"ကိုး..."
"စိမ်း..."
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာဖက်ထားရင်းဖြင့် အလွမ်းသယ်နေကြတာကိုကြည့်ပြီး ဘုန်းရိပ်နဲ့ခညောင်းတို့ ပြံုးလိုက်ကြ၏။
"ကိုးရယ်... နင်ကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို အရမ်းလှလာတာပဲဟာ..."
ကိုး စိမ်းရဲ့လက်ကိုဆုပ်ကိုင်ထားပြီး စိမ်းရဲ့မျက်နှာကိုကြည့်ရင်းဖြင့်
"စိမ်းရယ် နင်လည်း အရမ်းလှလာတာပါဟာ..."
"ကဲ ထိုင်ကြပါဦး... မင်းတို့ ဘာစားကြဦးမလဲ..."
"ဘာမှမစားတော့ပါဘူး ကိုစဝ်ဘုန်းရိပ်ခေါင်..."
ကိုးနဲ့စိမ်းက တစ်ယောက်လက်တစ်ယောက်တွဲကာ ထိုင်လိုက်တော့ ဘုန်းရိပ်နဲ့ ခညောင်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြံုးလိုက်ကာ ထိုင်လိုက်ကြလေသည်။
"ဒါနဲ့ စိမ်းတို့တွေ ဘယ်လိုလုပ်ပြီးရောက်လာကြတာလဲ..."
ခညောင်း ဖိတ်စာလေးတစ်စောင်ကို စားပွဲပေါ်တင်လိုက်ကာ
"ကျွန်တော်နဲ့စိမ်းတို့ရဲ့လက်ထပ်ပွဲကို လာခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ် ကိုစဝ်ဘုန်းရိပ်ခေါင်..."
ခညောင်းရဲ့စကားကြောင့် ကိုးအ့ံသြပြီး စိမ်းရဲ့မျက်နှာကို ဝမ်းသာစွာကြည့်လိုက်တော့ စိမ်းက ဝင်းပသောမျက်နှာလေးဖြင့် ခေါင်းငြိမ့်ပြလာလေသည်။
"ဝမ်းသာလိုက်တာ စိမ်းရယ်..."
"ကျေးဇူးပါ ကိုး..."
"လာရမှာပေါ့... ကျွန်တော်နဲ့ချာတိတ် မရောက်ရောက်အောင် လာခဲ့ပါ့မယ် ခညောင်းရှင်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုစဝ်ဘုန်းရိပ်ခေါင်..."
"ဒါနဲ့ နန်းမဟာမြိုင်ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေရဲ့လား ခညောင်းရှင်... ကျွန်တော်က ကုမ္ပဏီကို သိပ်မရောက်ဖြစ်တော့ သေသေချာချာမသိလို့ပါ... လိုအပ်ချက်လေးတွေရှိရင်လည်း ပြောပေးပါ... မင်းက နန်းမဟာမြိုင်ကုမ္ပဏီရဲ့ ပင်တိုင်သရုပ်ဆောင်ဆိုတော့ သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်လာရင် ပြောပါ..."
"ဟုတ်ကဲ့... ရပါတယ် ကျွန်တော် အဆင်ပြေပါတယ် ကိုစဝ်ဘုန်းရိပ်ခေါင် ကျေးဇူးလည်းတင်ပါတယ်..."
"ရပါတယ် အချင်းချင်းတွေပဲ..."
ခညောင်းရဲ့အကြည့်တွေက ဧည့်ခန်းနံရံမှာချိတ်ထားတဲ့ မိသားစုဓာတ်ပုံဆီသို့ ရောက်သွားကာ
"သမီးလေးအသင်က ကိုးနဲ့အရမ်းတူတာပဲနော်... အမေတူသမီးလေးပဲ..."
"ဟုတ်တယ် ကင်းရဲ့... သမီးလေးနဲ့ကိုးက အကြိုက်ချင်းလည်း တူကြတယ်..."
"ဟုတ်လား ဒါဆို သမီးလေးကြီးလာရင် စာအုပ်လေးတွေလက်ဆောင်ဝယ်ပေးရမှာပေါ့..."
"ငါ့သူငယ်ချင်းနဲ့အကြိုက်တူတယ်ဆိုတော့ သမီးလေးက အနီရောင်ခရေဇီပဲဖြစ်မယ်... အနီးရောင်ပစ္စည်းလေးတွေ လက်ဆောင်ဝယ်ပေးဦးမှပါ..."
အားလုံးက ပျော်ပျော်ရွှင်ရွှင်ပြောနေကြပေမယ့် ဘုန်းရိပ်ရဲ့အကြည့်တွေကတော့ ပျော်နေတဲ့ကိုးကိုကြည့်ကာ တစ်မျိုးကြီးခံစားမိသွားလေသည်။
"ဒါနဲ့ စိမ်းတို့နေ့လည်စာစားသွားကြပါလား..."
"မစားတော့ဘူး ကိုးရဲ့... ကိုယ်တို့ ဖိတ်စာတွေလိုက်ဖိတ်ရဦးမှာ..."
"ဟုတ်လား... အင်းပါ အဲ့ဒါဆိုလည်း သဘောပါ..."
"အဲ့ဒါဆို ကိုယ်တို့ သွားတော့မယ်လေ..."
"အင်း သွားတော့လေ... မင်းတို့လည်း လုပ်စရာရှိသေးတယ်မို့လား..."
"ဟုတ်ကဲ့ ကိုစဝ်ဘုန်းရိပ်ခေါင်..."
ဘုန်းရိပ်ရဲ့စိတ်ထဲမှာ သူတို့နှစ်ယောက်ကို မြန်မြန်ပြန်စေချင်နေပြီဖြစ်သည်။ ပြန်ခါနီးမှာ သစ်ရွက်စိမ်းက ချာတိတ်အနားသို့ကပ်ကာ ဘာပြောသွားမှန်းမသိပေ။ ချာတိတ်က ပြံုးစိစိနဲ့ကျန်ခဲ့လေတော့သည်။ သူ လက်ပိုက်ထားရင်းကနေ ချာတိတ်ကို မမှိတ်မသုန်ကြည့်လိုက်တော့ ချာတိတ်က သူ့အနားသို့ရောက်လာကာ သူ့လက်ကို ချိတ်တွဲလိုက်ပြီး
"ဘာလို့ ကိုးကို အဲ့လိုကြည့်နေတာလဲ ဦးရဲ့..."
"ချာတိတ် တော်တော်ပျော်နေလို့ပါ..."
"ပျော်တာပေါ့ ဦးရဲ့... ကိုး သူငယ်ချင်းတွေနဲ့မတွေ့တာ ကြာနေပြီကို..."
"သူငယ်ချင်းနဲ့တွေ့ရတာတစ်ခုထဲကြောင့်ဟုတ်လို့လား..."
သူ့စကားကြောင့် ကိုးက လက်ခုပ်တီးကာ အားရပါးရရယ်နေလေတော့သည်။
"ချာတိတ်နော် ဘာရယ်တာလဲ..."
ချာတိတ်က သူ့ကိုပြန်မဖြေဘဲ ခေါင်းရမ်းကာ ရယ်ပဲရယ်နေ၏။
"နေပါဦး သစ်ရွက်စိမ်းက တိုးတိုး တိုးတိုးနဲ့ ချာတိတ်ကို ဘာတွေပြောသွားတာလဲ..."
"ဟင့်အင်း... ဘာမှမပြောပါဘူး..."
သူ လက်ပိုက်ထားရင်းကနေ ချာတိတ်ကိုဆွဲဖက်လိုက်ကာ
"မပြောရင် မလွှတ်ပေးဘူးနော် ချာတိတ်..."
"ဘာမှမပြောပါဘူးဆို ဦးကလည်း..."
ကိုး မပြောတော့ ဦးက ကိုးကို ပိုပြီးတင်းကြပ်စွာ ဖက်လာတော့၏။
"ဟာ... ဦးနော်..."
"အဲ့ဒါဆို ပြောလေ... မပြောရင် ကိုယ် တကယ်မလွှတ်ပေးဘူးနော်..."
"ဟုတ်ပါပြီ ကိုး ပြောပြပါ့မယ်... လွှတ်ပေးနော်..."
"နည်းနည်းတော့ လျှော့ပေးလိုက်မယ်..."
ဦးက ကိုးကို လုံးဝမလွှတ်ပေးသေးဘဲ အသာလေးဖက်ထားကာ ပြောလိုက်လေသည်။
"ကိုးမှာ ကလေးနှစ်ယောက်ရှိနေတာတောင်မှ ဦးက ကိုးကို သဝန်တိုနေတယ်တဲ့..."
"ကိုယ့်မိန်းမကိုယ် သဝန်တိုတာ ဘာဖြစ်လဲ... ခညောင်းရှင်ပြောတဲ့စကားကိုပဲကြည့်လေ... ချာတိတ်ရဲ့ဝါသနာနဲ့အကြိုက်ကို သူကပဲ ပိုပြီးသိနေသလိုလိုပြောနေတာ ဘယ်လောက်တောင်မှ ကြားရဆိုးသလဲ..."
"ဦး တကယ်သဝန်တိုနေတာပဲကို..."
"ချာတိတ်နော် ကိုယ့်ကို မစနဲ့... ကိုယ်က ချာတိတ်ကို ဒီအိမ်ရိပ်တောင် အနင်းခံချင်တောင်မဟုတ်ဘူး... သူနဲ့သစ်ရွက်စိမ်း လက်ထပ်တော့မယ်ဆိုလို့သာ ငြိမ်နေတာ... ပြီးတော့ သူ့ကျေးဇူးတွေလည်း မကင်းလို့... မဟုတ်ရင် လုံးဝအဝင်မခံဘူး..."
"ကိုးသိပါတယ် ဦးရယ်... ဦးက သဝန်တိုနေတော့ ကိုးက ရယ်ချင်သွားလို့ပါ..."
"ကလေးတွေဘယ်နှစ်ယောက်ပဲရရ ကိုယ်က ချာတိတ်ကို အမြဲတမ်း သဝန်တိုနေမှာ... ကိုယ့်အချစ်ကိုတော့ ချာတိတ် မလှောင်ပါနဲ့..."
ဦးရဲ့စကားကြောင့် ကိုး စိတ်မကောင်းဖြစ်သွားကာ ဦးရဲ့မျက်နှာကို မော့ကြည့်လိုက်တော့ ဦးကလည်း ကိုးရဲ့မျက်နှာကို ကြည့်နေလေသည်။
"ကိုး ဦးရဲ့အချစ်ကို လှောင်တာမဟုတ်ပါဘူး ဦးရယ်... ကိုး တောင်းပန်ပါတယ်..."
ဦးက ကိုးရဲ့နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်ကာ
"ရပါတယ် ချာတိတ်ရာ... ကိုယ်က ချာတိတ်ကို သဝန်ပဲတိုတာပါ မယုံတာမဟုတ်ပါဘူး... ကိုယ် ချာတိတ်ကို သဝန်တိုတယ်ဆိုတာလည်း အရမ်းချစ်လို့ပါကွာ..."
ကိုး နူးည့ံတဲ့ ဦးနဲ့အနမ်းတွေအောက်မှာ မျက်လုံးကိုအသာမှိတ်ထားရင်းကနေ
"ကိုးက ဦးကို သဝန်မတိုဘဲ အရမ်းချစ်တာပါ... ဦးရယ်..."
"ကိုယ်သိပါတယ်... အဲ့ဒါကြောင့်လည်း ကိုယ် ချာတိတ်အပေါ် သဝန်တိုခဲ့တာပေါ့... ကိုယ်က အသက်ရှိနေသရွေ့ သဝန်တိုမှုမကင်းတဲ့အချစ်တွေနဲ့ပဲ ချစ်သွားမှာမို့ ချာတိတ် မငြိုငြင်ရဘူးနော်..."
"ဟင့်အင်း... ကိုး အသက်ရှိနေသရွေ့ ဦးအပေါ် ဘယ်တော့မှ မငြိုငြင်ပါဘူး..."
"အရမ်းချစ်တယ်..."
ဟိုးအရင်ကတည်းက အရမ်းချစ်တယ်ဆိုတဲ့ ဦးရဲ့စကားလေးတစ်ခွန်းအောက်မှာ ကိုးက အမြဲတမ်းလုံခြံုနွေးထွေးခဲ့ရတာပါ... အဲ့ဒီ့အတွက် ဦးကို အရမ်းကျေးဇူးတင်တယ်... နောက်ပြီး အရမ်းလည်းချစ်တယ်... ဦးက ကိုးရဲ့ အချစ်ဦးမဟုတ်ပါ... သို့သော် ဦးက ကိုးရဲ့အချစ်ဆုံးပါပဲ ဦးရယ်...။လူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာရှိပါတယ်... ဒါပေမယ့် တကယ်တမ်း တစ်ချိန်ချိန်မှာ အိမ်ထောင်ပြုတဲ့အခါမှာတော့ အချစ်ဦးက ကိုယ့်ရဲ့အိမ်ထောင်ဖက် ဖြစ်ချင်မှဖြစ်မှာပါ... ဒါပေမယ့် အချစ်ဦးမဟုတ်ပေမယ့်လည်း ကိုယ့်တစ်ဘဝလုံးကို လုံခြံုနွေးထွေးမှုပေးနိုင်တဲ့ အချစ်ဆုံးလူတစ်ယောက် ဖြစ်ခွင့်ရကြတာတော့ အမှန်ပဲဆိုတာ အားလုံးလက်ခံမယ်လို့ မျှော်လင့်စွာဖြင့်...။
👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦👨👩👧👦
Eain Mat Kyal
DU LIEST GERADE
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romantik💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...