### အချစ်ဦးမဟုတ်ပါသို့သော် ###
အခန်း(၁၈)မင်္ဂလာပွဲက ဘယ်လိုပြီးလို့ ပြီးသွားမှန်းတောင်မှ ကိုးမသိတော့ပေ။ မိသားစုဓာတ်ပုံတွေရိုက်နေတာလည်းသိပေမယ့် ဘယ်လိုရိုက်ပြီးသွားမှန်းမသိခဲ့။ ကိုးရဲ့မျက်လုံးထဲမှာ နာကျင်နေတဲ့ ကိုကို့မျက်ဝန်းတွေ... ကြေကွဲနေတဲ့ ကိုကို့အသံတွေ... ကိုကို့ရင်ထဲက အက်ကွဲနေတဲ့ နှလုံးသားကိုတောင်မှ ကိုး မြင်လိုက်ရသလိုလိုပင်။
"ချာတိတ် သွားရအောင်လေ..."
"ရှင်... ဪ ဟုတ်ကဲ့ ဦး..."
ဦးက ကိုးရဲ့လက်ကိုဆွဲကိုင်လာသဖြင့် ကိုး ဦးကို ပြံုးပြလိုက်မိလေသည်။ ဦးက ကိုးရဲ့လက်ကိုကိုင်ပြီး ခန်းမထဲကနေ အတူထွက်လာခဲ့ကြသည်။ အမှန်အတိုင်းပြောရရင် ဦးရဲ့ကားပေါ်ရောက်တဲ့အထိတောင်မှ ကိုး စိတ်နဲ့လူနဲ့မကပ်သေးပေ။ ဦးရဲ့ကား မောင်းထွက်သွားတာနဲ့အတူ ကိုးရဲ့အတွေးတွေကလည်း လိုက်ပါလာခဲ့သည်။ မျက်လုံးထဲကပုံရိပ်တွေက လမ်းဘေးကသစ်ပင်လေးတွေဖြစ်နေပေမယ့်လည်း ရင်ထဲကပုံရိပ်လေးတွေကတော့ ကိုကို့ရဲ့ပုံရိပ်လေးတွေပဲဖြစ်နေခဲ့သည်။
ချာတိတ်စိတ်ထဲမှာ လန်းဆန်းသွားအောင်လို့ သူ ရေကန်လေးတစ်ကန်နားမှာ ကားကိုရပ်လိုက်လေသည်။ သူ ကားရပ်လိုက်တာကိုလည်း ချာတိတ်က သိသည့်ပုံမပေါ်ပေ။ ကားထဲကနေ အပြင်ကိုငေးကြည့်နေ၏။ သူ သူမရဲ့ပခုံးလေးကို အသာဆုပ်ကိုင်လိုက်ကာ
"ချာတိတ် ငိုချင်ရင်ငိုချလိုက်ပါ..."
ချာတိတ်ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာပြီး သူမြတ်နိုးခဲ့ရတဲ့အပြံုးနဲ့အတူ သူ့ကို ခေါင်းရမ်းပြလာလေသည်။
"ကိုး ဘာလို့ငိုရမှာလဲ ဦးရယ်... ဒီနေ့က ကိုးတို့ရဲ့မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့လေ..."
"တကယ်ဆိုရင် ကိုယ်မှားခဲ့တာတွေပါ ချာတိတ်ရယ်..."
"ဘာဆိုင်လို့လဲ ဦးရယ်... ဦးမမှားပါဘူး... ကိုးမပြတ်သားခဲ့လို့ အခုလိုမျိုးတွေဖြစ်လာခဲ့ရတာ..."
"ချာတိတ်ရယ်... ကိုယ်သာ ချာတိတ်ကိုမချစ်ခဲ့မိရင် ချာတိတ်လည်း အခုလိုမျိုးတွေ ခံစားရမှာမဟုတ်ဘူး..."
"မပြောပါနဲ့တော့ ဦး... ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီပဲ... ကိုးတို့တွေ ပြန်ကြရအောင်နော်... မေမေတို့လည်း ပြန်ရောက်လောက်ပြီထင်တယ်..."
"ချာတိတ်မျက်နှာမကောင်းလို့... ကိုယ်က ချာတိတ် ခေါင်းထဲမှာ ကြည်သွားအောင်လို့ လေကောင်းလေသန့်ရှူရအောင်လို့ပါ... ချာတိတ် အောက်ကိုဆင်းဦးမလား..."
"ဟင့်အင်း အခု ကိုး လေကောင်းလေသန့်ရှူလိုက်ရလို့ စိတ်ထဲမှာ ကြည်သွားပါပြီ.. ကိုး ဦးကိုကျေးဇူးတင်ပါတယ်..."
"ရပါတယ် ချာတိတ်ရယ်... အခု ကိုယ်တို့က ဇနီးမောင်နှံတွေဖြစ်သွားကြပြီပဲ... နောက်ပြီးတော့ ကိုယ်က ချာတိတ်ကို အမြဲတမ်းပျော်စေချင်တဲ့သူပါ..."
"ကိုး နားလည်ပါပြီ ဦး... ကိုး အမှန်အတိုင်းပြောရရင် ဦးရဲ့နောက်ကို လိုက်နေတယ်ဆိုတာ ဦးကိုအားကိုးလို့ဆိုတာတော့ ဦး ယုံကြည်ပေးပါ..."
"ကိုယ် ယုံပါတယ်... ချာတိတ်ပြောသမျှစကားတိုင်းမှာ မုသားတွေမပါဘူးဆိုတာ ကိုယ်ယုံတယ် ချာတိတ်..."
"ကိုးတို့ ပြန်ရအောင်နော်..."
"အင်း..."
ဘုန်းရိပ် ကားမှန်တွေကို ပြန်တင်လိုက်ကာ ကားကိုမောင်းလိုက်တော့သည်။ အခုမှပဲ ဒီနေ့ရဲ့မင်္ဂလာပွဲလေးက ကျက်သရေပေါင်းများစွာဖြင့် ခညောင်းသွားရပြီလို့ သူ ထင်လိုက်မိတော့သည်။
#######
သုံးယောက်လုံးရဲ့မျက်နှာတွေက ထူးဆန်းနေတယ်ဆိုတာ အိုက်မော်စိတ်ထဲမှာ အလိုလိုနေရင်းသိနေမိသည်။ အကိုတော်ရဲ့မျက်နှာက ကြင်ယာတော်အတွက်စိတ်ပူနေပေမယ့်လည်း ကြင်ယာတော်နဲ့ ဟိုကောင်လေးရဲ့မျက်နှာကတော့ ခံစားချက်တစ်ခုကို တူညီစွာ ခံစားနေရသည့်ပုံပင်။
"ကျွီ..."
ကားရပ်သွားတဲ့အသံကြောင့် သူတို့အားလုံး ခေါင်းထောင်သွားကြလေသည်။ ဒေါ်နန်းဆက်ဧကရီ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး သားတော်နဲ့ ချွေးမတော်တို့ဝင်လာမယ့် တံခါးပေါက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ဒေါ်နန်းခမ်းမာလာက မီးဖိုဆောင်ထဲသို့ ဝင်သွားလေသည်။
"ထိုင်နေပါ နန်းဆက်ရယ်... သားတော်တို့ ဝင်လာပါလိမ့်မယ်..."
ဒေါ်နန်းဆက်ဧကရီက ဦးစိုင်းလုံခန့် ပြောတာကိုကြားပေမယ့် ဘာမှပြန်မပြောဘဲ အိမ်ပေါက်ဝကိုပဲ လှမ်းကြည့်နေလေသည်။
"မယ်တော်..."
"ဟော လာပါပြီ..."
"သားတော်..."
အနားသို့ရောက်လာကြတဲ့ သားတော်နဲ့ချွေးမတော်ရဲ့လက်ဝါးတွေကို ဒေါ်နန်းဆက်ဧကရီ တစ်ဖက်ဆီ ဆုပ်ကိုင်လိုက်လေသည်။
"ခမည်းခမက်တို့ကိုရော သားတော်တို့ ကန်တော့ခဲ့ရဲ့လား..."
"ဟုတ်ကဲ့ ကန်တော့ပြီးပါပြီ ခမည်းတော်..."
"ထိုင်ကြလေကွယ်..."
"ဟုတ်ကဲ့..."
သူ ချာတိတ်ရဲ့လက်ဝါးလေးကို အသာဆုပ်ကိုင်လိုက်ပြီး မယ်တော့်ဘေးက ခုံမှာထိုင်စေလိုက်သည်။ သူက ချာတိတ်ရဲ့ဘေးမှာ ထိုင်လိုက်၏။
"ဒါနဲ့ ချွေးမတော်ရဲ့မျက်နှာလည်း မကောင်းပါလား..."
"ရှင်... ဟို ကိုး မေမေတို့နဲ့ခွဲနေမှာဆိုတော့ စိတ်မကောင်းဖြစ်လို့ ငိုခဲ့တာပါ မေမေ..."
"အို သမီးကလည်း... သမီးသွားချင်တဲ့အချိန်တိုင်း သားတော်ကို လိုက်ပို့ခိုင်းလို့ရတာပဲကို..."
ကိုးရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာသဖြင့် သူ နားလည်စွာ ပြံုးပြလိုက်မိလေသည်။
"ဒီမှာ တူတော်တို့အတွက် ဒွေးတော် အအေးဖျော်ခဲ့တယ်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်လေး..."
"ဒေါ်လေး..."
ဒေါ်နန်းခမ်းမာလာ အအေးပန်းကန်တွေကို စားပွဲပေါ်ချပေးနေရင်းကနေ တန့်သွားကာ ဒေါ်လေးဆိုတဲ့ အခေါ်အဝေါ်ကို နှုတ်ကနေရေရွတ်လိုက်ပြီး တူတော့်မျက်နှာကိုမော့ကြည့်လိုက်တော့ တူတော်က ခေါင်းပဲငြိမ့်ပြနေသဖြင့် သူမ ဘာမှမပြောတော့ဘဲ ကိုးအသင်္ချေကို ပြံုးပြလိုက်လေသည်။
"ဦး... ကိုးတို့ ဖေဖေနဲ့မေမေကို ကန်တော့ရအောင်လေ..."
"ဪ... ဟုတ်သားပဲ..."
ဦးစိုင်းလုံခန့်နဲ့ ဒေါ်နန်းဆက်ဧကရီတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကာ ပြံုးလိုက်ကြလေသည်။ ဦးရီးတော် ဒွေးတော်တွေရဲ့မျက်နှာကလည်း ဘုန်းရိပ်နဲ့ကိုးတို့ ကန်တော့နေကြတာကိုကြည့်ကာ အပြံုးတွေဝေနေကြ၏။ မပြံုးနိုင်သူကတော့ အိုက်မော်တစ်ယောက်သာ... သူ့မျက်လုံးထဲမှာ မင်္ဂလာပွဲကနေ မျက်နှာပျက်ပျက်နဲ့ထွက်သွားတဲ့ ဟိုကောင်လေးရဲ့မျက်နှာကိုပဲ မြင်ယောင်နေမိ၏။ သူနဲ့ ကြင်ယာတော် တစ်ခုခုတော့ ပတ်သက်နေလိမ့်မယ်။ ဘယ်လိုများပတ်သက်လဲဆိုတာ သိချင်လိုက်တာ...။
"ခမည်းတော်နဲ့ မယ်တော်သာရှိနေရင် သိပ်ကောင်းမှာပဲ အစ်မတော်ဖုရားရယ်..."
ဒေါ်နန်းခမ်းမာလာက ထိုင်နေရင်းကနေ ဘုန်းရိပ်တို့ ကန်တော့နေတာကိုကြည့်ပြီး ပြောလိုက်လေသည်။
"ဟုတ်တာပေါ့ မာလာရယ်..."
"ခမည်းတော်ရဲ့ကျန်းမာရေးအခြေအနေကောင်းရင် စံအိမ်တော်ကို လာခဲ့မယ်လို့ ခမည်းတော်က အမှာတော်ပါးလိုက်တယ် ညီမတော်..."
"ဟုတ်ကဲ့ အကိုတော်... ခမည်းတော်ရဲ့ကျန်းမာရေး အမြန်ဆုံးကောင်းဖို့ကိုပဲ နန်းဆက်တို့ဆုတောင်းရတော့မယ်..."
"ကဲ... သားတော်တို့လည်း နားကြတော့လေ..."
"ဟုတ်ကဲ့ပါ ခမည်းတော်..."
"အကိုတော်ရဲ့ထိမ်းမြားမှုအတွက် ဂုဏ်ယူပါတယ်..."
ဘုန်းရိပ် မတ်တပ်ရပ်လိုက်ရင်းနဲ့ အိုက်မော်ကိုလှည့်ကြည့်လိုက်ကာ
"ကျေးဇူးပဲ အိုက်မော်..."
"အခုတော့လည်း ဒီညီအစ်ကိုနှစ်ယောက်က တည့်နေပြန်ရော..."
ဦးရီးတော် စိုင်းမောက်က သူတို့ကိုကြည့်ကာ ကျေနပ်သလိုပြံုးရင်းနဲ့ ပြောနေလေသည်။ ဦးစိုင်းလုံခန့်နဲ့ဒေါ်နန်းဆက်ဧကရီ တို့လည်း ပြံုးနေကြလေသည်။
"ကျွန်တော်က အကိုတော်နဲ့ပေါင်းသင်းတတ်ပါတယ် ဦးရီးတော်ရဲ့... အကိုတော်ကသာ အတိတ်ကအကြောင်းတွေကို မေ့မရနိုင်ဘဲ..."
"အိုက်မော်... မင်း ပြန်တော့မှာမို့လား... ပြန်တော့လေ..."
ကိုစိုင်းအိုက်မော်ရဲ့စကားမဆုံးသေးခင် ဦးက ဝင်ပြောလိုက်သဖြင့် ကိုစိုင်းအိုက်မော်က မျက်နှာပျက်သွားလေသည်။ ဦးနဲ့ သူနဲ့ ဘာတွေဖြစ်ခဲ့ကြလို့လဲ ကိုးသိချင်လိုက်တာ...
"ကိုး... လာ ကိုယ်တို့အပေါ်တက်ရအောင်..."
ကိုး ခေါင်းငြိမ့်ပြလိုက်တော့ ဦးက ကိုးရဲ့လက်ကို အသာဆုပ်ကိုင်လာလေသည်။ ဦးရဲ့မိဘတွေအပါအဝင် ဦးရဲ့ဆွေမျိုးတွေမျက်နှာမှာတော့ အပြံုးကိုယ်စီဖြင့်...
"အကိုတော်..."
လှေကားနားရောက်ခါနီးမှ အိုက်မော်က အနားသို့ရောက်လာလေသည်။
"ဘာလဲ..."
"ကျွန်တော်သိချင်တာလေး တစ်ခုရှိလို့ပါ..."
"မင်း ဘာသိချင်တာလဲ..."
အိုက်မော်က အနားသို့ရောက်လာပြီးမှ ခမည်းတော်နဲ့မယ်တော်တို့ရဲ့မျက်နှာကို လှည့်ကြည့်လိုက်လေသည်။ ပြီးတော့မှ သူ့ဘက်ပြန်လှည့်လာပြီး
"မင်္ဂလာပွဲမှာတွေ့ခဲ့ရတဲ့လူက ဘယ်သူလဲ..."
နှစ်ယောက်ထဲသာကြားနိုင်သော သူ့ရဲ့ခပ်တိုးတိုးအသံကြောင့် သူ စဉ်းစားလိုက်ကာ
"ဘယ်သူလဲ..."
"ကျွန်တော်က အကိုတော့်ကို မေးနေတာပါ... အကိုတော်ရယ် ကြင်ယာတော်ရယ် အဲ့ဒီ့ကောင်လေးရယ် အတူတူထိုင်နေကြတာ... နောက်ပြီး အဲ့ဒီ့ကောင်လေးရဲ့အကြည့်တွေက ကြင်ယာတော်ဆီမှာပဲရှိနေတယ်..."
"ဟင်..."
ဘုန်းရိပ် အ့ံသြပြီး မျက်မှောင်ကုတ်လိုက်မိလေသည်။ ချာတိတ်ရဲ့မျက်နှာကိုကြည့်လိုက်တော့ အိုက်မော် ဘာပြောနေတယ်ဆိုတာကို စိတ်ဝင်တစား နားထောင်နေ၏။ ဒါပေမယ့် ကြားသည့်ပုံတော့မပေါ်ပေ။
"သူက ကြင်ယာတော်ရဲ့သူငယ်ချင်း..."
အိုက်မော်ရဲ့အကြည့်တွေက မယုံကြည်သလိုဖြင့် ငြိမ်သက်သွား၏။
"ဟုတ်လား..."
"မင်းသိချင်တာ ဒါပဲမို့လား... ငါ သွားတော့မယ်..."
"ဟုတ်ပါပြီ... ကျွန်တော် ကျန်တာ နောက်မှပဲ မေးတော့မယ်လေ..."
"အိုက်မော်..."
"ဗျာ ဦးရီးတော်..."
"ပြန်ရအောင်လေ..."
"သြော်... ဟုတ်ကဲ့..."
အိုက်မော်က သူ့အနားကထွက်သွားကာ ဦးရီးတော်နဲ့အတူ ဧည့်ခန်းထဲကနေ ထွက်သွားတော့မှ သူ ချာတိတ်နဲ့အတူ အိမ်ပေါ်ကိုတက်လာလိုက်သည်။
"ဦး..."
"အင်း ပြောလေ ချာတိတ်..."
"ကိုစိုင်းအိုက်မော်က ဦးကို ဘာပြောတာလဲ..."
ချာတိတ် တစ်ခုခုများ ကြားသွားတာလား... သူ စိုးရိမ်စိတ်နဲ့ ချာတိတ်ရဲ့မျက်နှာကို ကြည့်လိုက်တော့ ချာတိတ်က ဘာမှမသိဘဲ သူ့မျက်နှာကိုသာ ကြည့်နေလေသည်။
"ဘာမှမဟုတ်ပါဘူး ချာတိတ်ရဲ့... အလုပ်နဲ့ပတ်သက်တာမေးတာပါ..."
"ဪ..."
"ဘာဖြစ်လို့လဲ ချာတိတ်..."
"သူ့ပုံစံက တစ်မျိုးပဲနော် ဦး..."
ချာတိတ်လည်း သူနဲ့အိုက်မော်တို့ရဲ့ဆက်ဆံပုံအဆင်မပြေတာကိုကြည့်ပြီး သိချင်နေသည့်ပုံပင်။ ဒါပေမယ့်လည်း အတိတ်အကြောင်းတွေကို သူ ချာတိတ်ကို မသိစေချင်ပေ။
"သူက အဲ့လိုပဲချာတိတ်ရဲ့... ကိုယ်နဲ့သိပ်ပြီးမတည့်ဘူး..."
"ဪ... ဟုတ်တယ် ကိုယ်တို့က ငယ်ငယ်ကတည်းက ရန်ဖက်တွေလေ..."
"ဟင်..."
ချာတိတ်က သူ့မျက်နှာကိုအ့ံတကြီးကြည့်လာသဖြင့် သူ ပြံုးရင်းနဲ့ခေါင်းရမ်းလိုက်ပြီး သူ့အခန်းရှေ့ရောက်တော့ အခန်းတံခါးကိုဖွင့်လိုက်လေသည်။
"ဒါ ကိုယ်တို့အခန်း..."
ကိုး အခန်းကိုကြည့်လိုက်ကာ အ့ံသြသွားတော့သည်။ ခမ်းနားလိုက်တာ... တံခါးကအစကျွန်းသားတွေချည်းပဲဖြစ်သည်။ အထဲက ခုတင်ကလည်း ကျွန်းခုတင်။ ခုတင်ကနှစ်ယောက်မကအိပ်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။ ခုတင်ဘေးမှာ မီးအိမ်စားပွဲလေးနဲ့... အခန်းကို မိုးပြာရောင်ခြယ်ထားသဖြင့် မျက်လုံးထဲမှာ ကြည်လင်အေးချမ်းသွားရတော့။ လေးဆင့်ကျွန်းဗီရိုကြီးကလည်း ခန့်ညားလှပစွာနေရာယူထားပြီး ခုတင်ပေါ်မှာအိပ်ရင်းနဲ့ ရုပ်ရှင်ကြည့်လို့ရအောင်လည်း ဖလက်ပြားတစ်ခုကို တပ်ထားပေးလေသည်။ ဦးရဲ့အခန်းကကိုးရဲ့အခန်းထက်လည်းကျယ်သည်။ ရေချိုးခန်းနဲ့အိမ်သာကလည်း တွဲလျက်ပဲထင်မိ၏။
"ချာတိတ် သဘောကျရဲ့လား..."
ကိုး ငေးနေရင်းနဲ့ ခေါင်းငြိမ့်ပြလိုက်လေသည်။
"လာလေ..."
ကိုး ခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲကို ဦးနဲ့အတူဝင်လိုက်လေသည်။ ဦးကခုတင်ပေါ်မှာထိုင်လိုက်ကာ ကိုးကိုလှည့်ကြည့်လာပြီး
"လာထိုင်လေ ချာတိတ်..."
ရုတ်တရက် ကိုး တွန့်ဆုတ်သွားမိကာ ဦးကိုကြည့်နေမိ၏။
"ချာတိတ် ပင်ပန်းနေပြီမို့လား... လာနားလေ..."
"ဟို... ကိုး..."
ကိုး ဘာပြန်ပြောရမှန်းမသိဖြစ်နေချိန်မှာပဲ ဦးရဲ့မျက်နှာက တစ်ခုခုတွေးမိသွားသလို တည်ကြည်သွားပြီး ခုတင်ပေါ်မှာ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး
"တကယ်လို့ ချာတိတ် ကိုယ်နဲ့အတူ တစ်ခန်းထဲမနေချင်ဘူးဆိုရင် ကိုယ် ချာတိတ်အတွက် တစ်ခြားအခန်းတစ်ခန်း စီစဉ်ပေးပါ့မယ်..."
ပြောလည်းပြော ဦးက အခန်းထဲကထွက်သွားဖို့ပြင်လိုက်ရာ ကိုး ဦးရဲ့အနားကို အပြေးလေးရောက်သွားပြီး ဦးရဲ့လက်ကို သူမလက်နှစ်ဖက်နဲ့ ဆွဲထားလိုက်ကာ
"ရပါတယ်... ကိုး ဦးနဲ့ပဲအတူနေမှာပါ..."
ဘုန်းရိပ် သဘောကျစွာ ပြံုးလိုက်ပြီး ချာတိတ်ကိုကြည့်လိုက်တော့ ချာတိတ်က ခေါင်းငုံ့သွားလေသည်။
"ကိုးနဲ့ဦးက အကြင်လင်မယားတွေဖြစ်သွားပြီပဲ... ကိုး ဦးနဲ့ပဲအတူနေမှာပါ ဦးရယ်..."
"အင်းပါ... အဲ့ဒါဆိုလည်း ချာတိတ်သဘောပါပဲ... တကယ်လို့ ချာတိတ်က ကိုယ်နဲ့အတူမနေချင်ဘူးဆိုလည်းပြောပါ... ကိုယ်စီစဉ်ပေးပါ့မယ်..."
ကိုး ဦးကိုဘာမှပြန်မပြောဘဲ ခေါင်းပဲငြိမ့်ပြလိုက်၏။
"ဒါဆို ချာတိတ် နားတော့လေ..."
"ဟုတ်... ကိုး ရေချိုးချင်တယ် ဦး..."
"ရေချိုးခန်းနဲ့အိမ်သာက ဟိုမှာချာတိတ်..."
ကိုး ဦးလက်ညှိုးညွှန်ပြတဲ့နေရာကိုကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဘီဒိုရဲ့အနောက်မှာ စာကြည့်ခန်းရှိတယ်..."
ကိုး ဘီဒိုကိုကြည့်ကာအ့ံသြသွားလေသည်။
"ဘီဒို..."
"အင်း... ဟုတ်တယ်... အဲ့ဒါ ကိုယ့်ရဲ့လျှို့ဝှက်အခန်း... ဘီဒိုထဲကနေဝင်ရမှာ... ဘီဒိုထဲမှာ ဝင်လို့ရတဲ့ တံခါးပေါက်ရှိတယ်လေ..."
"ဪ..."
ကိုး အ့ံသြတကြီးရေရွတ်လိုက်မိတော့ ဦးက ပြံုးနေ၏။
"ပြီးရင် ကိုယ်လိုက်ပြမယ်နော်... အခုတော့ ချာတိတ် ရေအရင်ချိုးလိုက်ဦး... ဘီဒိုထဲမှာ ချာတိတ်အဝတ်အစားတွေရော ကိုယ့်အဝတ်အစားတွေရော အကုန်ရှိတယ်..."
"ဟုတ်..."
"အဲ့ဒါဆို ရေသွားချိုးတော့..."
"ဟုတ်..."
"ရေကိုမြန်မြန်ချိုးနော်ချာတိတ်... အအေးမိနေဦးမယ်... တကယ်လို့ ချာတိတ်ရေချိုးပြီးသွားရင် ကိုယ့်ကိုဖုန်းဆက်လိုက်နော်... ကိုယ် အခန်းအပြင်မှာစောင့်နေမယ်..."
"ဟင်..."
"ကိုယ် သွားပြီ..."
အခန်းထဲကနေထွက်သွားကာ တံခါးပိတ်သွားတဲ့ ဦးရဲ့ကျောပြင်ကိုကြည့်နေရင်းနဲ့ ကိုး အားနာစွာကျန်ခဲ့တော့သည်။ ဦးက ကိုးအပေါ်မှာ အရမ်းချစ်ပါတယ်... ကိုး မထင်မှတ်ထားလောက်အောင်... ကိုး မမျှော်လင့်ထားလောက်အောင်... ကိုးမယုံကြည်နိုင်လောက်အောင်ကို ကိုးအပေါ် ချစ်ခင်နားလည်ညှာတာတဲ့လူတစ်ယောက်ပါ... ဒါဆို ကိုကိုကရော... အို... ငါ ဘာတွေတွေးနေတာလဲ... ငါနဲ့ကိုကိုက ဘာမှမှမပတ်သက်တော့တာ... ငါဘာလို့တွေးနေရတာလဲ... ကိုးအသင်္ချေ နင် ဦးကိုမချစ်လည်း ဦးအပေါ်မှာသစ္စာရှိရမယ့်လူတစ်ယောက်နော်...
#######
"ကိုးရဲ့မင်္ဂလာပွဲကို ငါသွားခဲ့တာ မှားပြီကွာ..."
"မင်းကိုငါ တားခဲ့ပါတယ် ခညောင်းရာ..."
"တောက်..."
စိမ်းနဲ့မဒီကတော့ ဘာမှမပြောဘဲ ခညောင်းနဲ့ရာဇာ့ကိုကြည့်နေလေသည်။
"ငါ မယုံဘူး..."
"ဘာကိုလဲ..."
ကင်းက သစ်သားဘောင်ကို လက်နှစ်ဖက်နဲ့ထောက်ထားရင်းကနေ အောက်ကငါးကန်လေးကို ငုံ့ကြည့်နေလေသည်။
"ငါ့ရှေ့မှာတင် ဦးစဝ်ဘုန်းရိပ်ခေါင်ကို ချစ်တယ်လို့ပြောခဲ့တဲ့စကားကို ငါမယုံဘူး..."
ကင်းရဲ့စကားကြောင့် စိမ်းအ့ံသြသွားပေမယ့် မဒီကတော့ ငြိမ်သက်နေမိလေသည်။ ကိုးရဲ့စိတ်ကို သူမအသိဆုံးပင်။ ဒါပေမယ့် စိမ်းကတော့ ကိုးရဲ့စိတ်ကို ဘယ်တုန်းကမှ သိခဲ့သူမဟုတ်။
"ကိုးကတကယ်ပဲ အဲ့လိုပြောခဲ့တာလား..."
"ဟုတ်တယ် ရာဇာ..."
ရာဇာက ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ခညောင်းအနားသို့ကပ်သွားကာ ခညောင်းလက်နှစ်ဖက်နဲ့ထောက်ထားတဲ့ သစ်သားဘောင်ကို ကျောမှီလိုက်ကာ
"ကိုး အဲ့လောက်ထိတောင်မှ ပြောင်းလဲသွားတာလား... ငါ လုံးဝမထင်ထားဘူး... ငါ ထင်ခဲ့တာက မင်းဖြစ်ချင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ကိုးက သူ့ရဲ့ဘဝကို စွန့်လွှတ်ခဲ့တယ်လို့ ငါထင်ခဲ့တာ..."
ခညောင်း ခေါင်းကိုဖြည်းဖြည်းချင်းရမ်းလိုက်ကာ မိန်းမတစ်ယောက်ကြောင့် ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ခတ်လိုက်မိလေသည်။
"မဟုတ်ဘူး... ငါ အနုပညာကိုဘယ်လောက်ပဲ ရူးသွပ်ရူးသွပ် ကိုးနဲ့ယှဉ်ပြီးရွေးရမယ်ဆိုရင် ငါ အနုပညာကိုစွန့်လွှတ်နိုင်တယ်... ဒါပေမယ့် ကိုးကိုတော့ ငါ မစွန့်လွှတ်နိုင်ဘူး..."
မဒီ ကင်းရဲ့မျက်နှာကို နားလည်စွာကြည့်နေမိလေသည်။ ကင်း ကိုးကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သူမတို့လည်းသိပါတယ်... အဲ့ဒီ့လိုပဲ ကိုးလည်း ကင်းကို ဘယ်လောက်ထိချစ်တယ်ဆိုတာ သူမတို့အသိဆုံးပါပဲ...။
"ငါ ကိုးကိုချစ်တယ်..."
"ခညောင်းရာ... မင်း လက်လျှော့လိုက်ပါတော့ကွာ... အခုဆို ကိုးက ဟိုလူနဲ့မင်္ဂလာဆောင်ပြီးသွားပြီပဲ..."
"ရာဇာ... မင်းက ငါ့သူငယ်ချင်းမို့လား..."
"ဟုတ်တယ်လေ ခညောင်းရဲ့... မင်းကလည်း..."
"အဲဒါဆို တကယ်လို့ ငါနဲ့အဲ့ဒီ့လူ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် မင်း ငါ့ဘက်ကပါမယ်မို့လား..."
"ဒါပေါ့ကွ... မင်းက ငါ့သူငယ်ချင်းပဲ... ငါ မင်းဘက်က အမြဲရှိတယ် ခညောင်း..."
"ငါ့လုပ်ရပ်တွေ မှားနေခဲ့မယ်ဆိုရင်ရော..."
စိမ်းနဲ့မဒီ သူတို့နှစ်ယောက်ရဲ့မျက်နှာကိုကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေမိတော့သည်။
"မင်းဘက်က ဘယ်လောက်ပဲမှားနေပါစေ ငါ မင်းဘက်မှာရှိနေမှာ ခညောင်း..."
ခညောင်း ရာဇာ့ပခုံးကို အားရစွာ ဆုပ်ကိုင်လိုက်ပြီး
"ဟုတ်တယ် ရာဇာ... မင်း ငါ့ဘက်မှာအမြဲတမ်းရှိနေမှဖြစ်မယ်..."
"ကင်း... ဘာမှမလုပ်ပါနဲ့တော့... ကိုးလည်း သူ့ဘဝနဲ့သူဖြစ်နေပါပြီ..."
မဒီက စိုးရိမ်တကြီးဝင်ပြောလိုက်တော့ ခညောင်းရဲ့အကြည့်တွေက မဒီ့ဆီသို့ရောက်သွားကာ
"မဒီက မဒီ့သူငယ်ချင်းထိခိုက်မှာစိုးလို့လား..."
မဒီ ဝန်ခံသည့်သဘောဖြင့် ငြိမ်သက်ကာ စိမ်းရဲ့မျက်နှာကိုကြည့်လိုက်တော့ စိမ်းက ကင်းရဲ့မျက်နှာကိုသာ ကြည့်နေလေသည်။
"ကိုးက ကျွန်တော်ချစ်ရတဲ့မိန်းကလေးပါဗျာ... ကိုးကိုထိခိုက်အောင် ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး..."
"ကျေးဇူးပြုပြီး ကိုးနဲ့ဦးစဝ်ဘုန်းရိပ်ခေါင်တို့ ကြားထဲကိုဝင်မရှုပ်ပါနဲ့ ကင်း... သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ခက်ခက်ခဲခဲနဲ့ လက်ထပ်ထားကြတဲ့သူတွေပါ..."
မဒီ့စကားကြောင့် ခညောင်းမျက်မှောင်ကြုတ်သွားကာ
"ခက်ခက်ခဲခဲ... ဟုတ်လား မဒီ... အဲဒါ ဘာအဓိပ္ပါယ်လဲ..."
"ဟင်... ဟို... မဒီပြောချင်တာက ကိုးက ဦးစဝ်ဘုန်းရိပ်ခေါင်ကို အသက်ကြီးမှန်းသိသလို ဦးစဝ်ဘုန်းရိပ်ခေါင်ကလည်း ကိုးကို အသက်ငယ်မှန်းသိရဲ့နဲ့ လက်ထပ်လိုက်ကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အသက်အရွယ်ကွာခြားနေတာကို ပြောချင်တာပါ..."
ခညောင်း ခေါင်းကိုရမ်းလိုက်ကာ
"မဟုတ်ဘူး... မဒီ..."
မဒီ လျှင်လျှင်မြန်မြန်ပင် နာရီကိုကြည့်လိုက်ကာ
"ငါးနာရီတောင်ထိုးပြီပဲ... စိမ်း ငါပြန်တော့မယ်လေ... မေမေက ငါနဲ့သွားစရာရှိလို့တဲ့..."
"ဟုတ်လား... အင်း သွားလေ..."
"အင်း... Bye..."
မဒီ စကားတွေထပ်ပြီးမလွန်ခင် အမြန်ပြန်ထွက်သွားတော့၏။
"မဒီ့ကိုကြည့်ရတာ ထူးဆန်းသလိုပဲ..."
"မင်းလည်း အဲ့ဒီလိုခံစားမိတယ်မို့လား ရာဇာ..."
"အင်း... ဟုတ်တယ် ခညောင်း..."
စိမ်းစိတ်ထဲမှာလည်း ကင်းနဲ့ရာဇာတို့လို ခံစားနေမိလေသည်။
"စိမ်း..."
"ဟင်... ကင်း ပြောလေ..."
"မဒီ့ကိုကြည့်ရတာ ထူးဆန်းနေတယ်... အဲ့ဒါကြောင့် စိမ်း မဒီ့ကို စောင့်ကြည့်ပေးလို့ရမလား..."
စိမ်း ခေါင်းငြိမ့်ပြလိုက်တော့ ကင်းက တစ်ခုခုကိုတွေးတောသလို ငြိမ်သက်သွားပြီး ချက်ချင်းပဲ ပြန်လှုပ်ရှားလာကာ
"ပြီးတော့ ကိုးနဲ့လည်း အဆက်အသွယ်မပြတ်နေပေးပါ... တကယ်လို့ တစ်ခုခုထူးခြားတာရှိရင် ကျွန်တော့်ကိုပြောပြပေးပါ..."
"တစ်ခုခုထူးခြားတာ ဟုတ်လား ကင်း..."
စိမ်းရဲ့အမေးကြောင့် ခညောင်း ခေါင်းငြိမ့်လိုက်ကာ
"အင်း... ထူးခြားတာဆိုတာက ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ပတ်သက်တာလည်းပါတယ်... တကယ်လို့ သူ့ကြောင့် ကိုး မပျော်ဘူးဆိုရင် ကျွန်တော့်ကိုပြောပေးပါ..."
"ဟုတ်..."
"ကျွန်တော်က ဦးစဝ်ဘုန်းရိပ်ခေါင်နဲ့ နေ့တိုင်းလိုလို တွေ့နေရတာဆိုတော့ သူ့ရဲ့အရိပ်အခြေကို ခန့်မှန်းလို့ရပါတယ်... သူ့ကြောင့် ကိုး မပျော်ဘူးဆိုတာ သိရတဲ့တစ်နေ့ ကျွန်တော် သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး..."
ကင်းရဲ့မပြတ်သားတဲ့စိတ်ဓာတ်ကို စိမ်း အ့ံသြနေမိလေသည်။ ကင်းက ကိုးကို စိတ်ပြတ်နိုင်မှာမဟုတ်ဘူး။ ဒီလိုတွေဖြစ်လာတာကလည်း ကင်းရဲ့ကြီးမားတဲ့အချစ်ကြောင့်ပဲ။ ကိုးကလည်း ကင်းကိုချစ်ခဲ့တဲ့သူဆိုတော့ ကင်းက လက်မလွှတ်ချင်ခဲ့တာကို စိမ်း နားလည်သည်။ အဲ့ဒါတွေကြောင့်ပဲ ကင်း အခုလိုတွေဖြစ်နေခဲ့တာပေါ့... ဟူး... ကိုး အိမ်ထောင်ကျသွားတာတောင်မှ ငါ ကင်းရဲ့အချစ်ကို မရနိုင်ဘူးလား... ငါလည်း ကင်းကိုချစ်တာပဲလေ... ဘာလို့... ဘာလို့ ကင်းရဲ့အချစ်ကို မရနိုင်ရတာလဲ... 😥😥😥
#######
ဆက်ရန် - အခန်း(၁၉)
Eain Mat Kyal
YOU ARE READING
အချစ်ဦးမဟုတ်ပါ သို့သော် (Completed)
Romance💜 အချစ်ဦးမဟုတ်ပါ သို့သော်...💜 လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် အချစ်ဦးတိုင်းကတော့ ကိုယ့်ဘဝရဲ့လက်တွဲဖော် ဖြစ်ခဲ့ကြမှာမဟုတ်ပါဘူး။ ဒီဝတ္ထုလေးမှာဆိုရင် အမိန့်တွေကြားမှာ ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့ရပြီး ဟော်နန်းဆိုသော ...